ဇွဲကပင်ဆံတော်ရှင်စေတီတော်
ဇွဲကပင်ဆံတော်ရှင်စေတီတော် | |
---|---|
အချက်အလက်များ | |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | မြန်မာနိုင်ငံ |
ဇွဲကပင် ဆံတော်ရှင် စေတီတော် သည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင်ပေါ်တွင် တည်ရှိသော တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည်။ ဇွဲကပင်တောင်သည် ဘားအံမြို့၏ တောင်ဘက် (၇)မိုင်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် (၂၃၇၂)ပေ မြင့်ပြီး၊ တောင်နှင့်မြောက် မိုင်(၂၀)ခန့်မျှ သွယ်တန်းရှည်လျားသည်။[၁]
ဝေါဟာရရင်းမြစ်
[ပြင်ဆင်ရန်]ဇွဲကပင်တောင်အား ရှေးအခါက အမည်အမျိုးမျိုးဖြင့် ခေါ်တွင်ခဲ့ကြသည်။ လုဒ္ဓယောဓမင်း တောကစားထွက်စဉ် လှံတော်ပျောက်ခဲ့သောကြောင့် ကရင်ဘာသာဖြင့် "ဇွဲကပင်" ဟုလည်းကောင်း၊ ရှေးအခါက နိုင်ငံရပ်ခြားမှလာသော လှေ၊ သင်္ဘောတို့ ထိုတောင်၏ အထွဋ်၌ ကပ်ချည်တွဲထားတတ်သောကြောင့် တလိုင်းကရင်မျိုးများက "ဒိုကရွယ်ကဗန်း" ဟုလည်းကောင်း၊ ဤတောင်တွင် ညောင်ချဉ်ပင်များ ပေါများသောကြောင့် မွန်လူမျိုးတို့က ညောင်ချဉ်ပင်တောင် "ဇဝယ်ကဗန်" ဟုလည်းကောင်း၊ ခေါ်တွင်ခဲ့ကြသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဇွဲကပင်တောင် ဆံတော်ရှင် စေတီတော်သမိုင်းသည် ကျိုက်ထီးရိုးစေတီ၊ ဇင်းကျိုက်တောင်စေတီနှင့် မုလအိစေတီတို့၏ သမိုင်းကြောင်းနှင့် ခေတ်ပြိုင်ဖြစ်သည်။ ဇွဲကပင်တောင်ခြေရှိ ပအာဝနမြိုကတော်ကို တည်ထောင်စိုးစံခဲ့သော "လုဒ္ဓယောဓ ရာဇာ" ကရင်မင်းသည် သုဓမ္မဝတီ သထုံပြည်ကို အုပ်ချုပ် မင်းလုပ်တော်မူသော တိဿဓမ္မသီဟရာဇာမင်း၊ ပိုင်တရောဒုံကိုအုပ်ချုပ်သော စောပညာ၊ အိန္ဒရာဇာမင်းတို့နှင့် ထီးပြိုင် နန်းပြိုင်ပြုကာ "ပေအာဝနနေပြည်တော်" ကို စိုးစံ အုပ်ချုပ်ခဲ့သည်။
ထိုမင်းလက်ထက် သုဓမ္မဝတီမြို့သို့ မြတ်စွာဘုရားသခင် ရဟန္တာ(၅၀၀)နှင့်တကွ ကြွတော်မူလာစဉ် မြတ်စွာဘုရား ထံတော်မှ ရရှိခဲ့သော ဆံတော် (၆)ဆူအနက် ဆံတော်မြတ်တစ်ဆူကို သီဟကုမာရ ရသေ့သည် မိမိသီတင်းသုံးတော်မူနေသော ဗန္ဓဝဂီရိတောင်ထိပ် အစွန်းတွင် စေတီတည်၍ ဋ္ဌာပနာသွင်းတော်မူပြီး စေတီတော်အား "ဗန္ဓဝဂီရိ ဇွဲကပင်စေတီ" ဟု ဘွဲ့တော် သမုတ်ခဲ့လေသည်။ အချိန်ကား မဟာသက္ကရာဇ် (၁၁၃) ခုနှစ် ဖြစ်သည်။
ဘုရားရှင်၏ ဆံတော် (၆)ဆူအား ကျိုက်ထီးရိုးစေတီတော်တွင် (၃)ဆူ၊ ဇင်းကျိုက်တောင်စေတီတွင် (၁)ဆူ၊ ကေလာသတောင်စေတီတွင် (၁)ဆူနှင့် ဇွဲကပင်တောင်စေတီတွင် (၁)ဆူ ဌာပနာပြု ပူဇော်ခဲ့သည်ဟု သိရသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မင်းရာဇာ(မြစ်ကြီးနား) (၁၅ ဖေဖော်ဝါရီ ၂၀၁၈)။ မြန်မာနိူင်ငံတွင် အကြီးဆုံး ဇွဲကပင်ကေဘယ်လ်ကားစီမံကိန်း ၅၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး။ ၂၂ ဇွန် ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
ဤ မြန်မာနိုင်ငံရှိ အဆောက်အဦများနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |