ကယားပြည်နယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကယားပြည်နယ်
Flag of Kayah State.svg
မြို့တော် လွိုင်ကော်မြို့
ဧရိယာ ၁၁,၇၃၁.၅ km²
လူဦးရေ ၂၇၂,၇၃၀[၁]
လူမျိုးများ ကယားကရင်ပဒေါင်းကယန်းဗမာရှမ်းပအိုဝ်းဂေါ်ရခါး
ဘာသာတရားများ ဗုဒ္ဓခရစ်ယာန်
MyanmarKayah.png

ကယားပြည်နယ် (ယခင်အမည် ကရင်နီပြည်နယ်) သည် မြန်မာနိုင်ငံပြည်နယ် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် တည်ရှိသည်။ မြောက်ဖက်တွင် ရှမ်းပြည်နယ်၊ အရှေ့ဖက်တွင် ထိုင်းနိုင်ငံနှင့် တောင်ဖက်တွင် ကရင်ပြည်နယ်တို့ ဝန်းရံလျက်ရှိသည်။ မြို့တော်မှာ လွိုင်ကော်မြို့ဖြစ်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေမှာ ၂၇၂,၇၃၀ ဖြစ်သည်။[၁] ကယားပြည်နယ်တွင် ကရင်နီလူမျိုးဟု ခေါ်ဝေါ်သော ကယားလူမျိုး အများစု နေထိုင်ကြသည်။

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

ကယားပြည်နယ်‌

ကန္တရဝတီဟု ခေါ်ဆိုကြသော ကယားပြည်နယ်‌သည် ၄,၅၂၉.၅၆ စတုရန်းမိုင် (၁၁,၇၃၁.၅ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းပြီး[၂] ပြည်နယ် ၇ ခုတွင် ဧရိယာအားဖြင့် အငယ်ဆုံးလည်းဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၈° ၀' နှင့် ၁၉° ၅၅' ကြား ၊ အရှေ့လောင်ဂျီတွဒ် ၉၄° ၄၀' နှင့် ၉၇° ၉၃' ကြားတွင် တည်ရှိသည်။ လူနေကျဲပါးသော တောင်ပေါ်ဒေသဖြစ်သည်။ ရှမ်းပြည်နယ်ကရင်ပြည်နယ်ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်လျှက်ရှိသည်။ မြန်မာနိုင်ငံ၏ အဓိက လျှစ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်သော လောပိတ ရေအားလျှပ်စစ်စက်ရုံ (၁) နှင့် (၂) တည်ရှိသည်။

ရာသီဥတု[ပြင်ဆင်ရန်]

ကုန်းမြှင့်ဒေသများတွင် ခြောက်သွေ့သော ရာသီဥတုနှင့် မြေပြန့်ဒေသများတွင် မုတ်သုံရာသီ တို့ကို ရရှိသည်။ဆောင်းရာသီ၏ ပျှမ်းမျှအပူချိန်မှာ ကုန်းမြှင့်ဒေသများတွင် ၄၀ဒီဂရီဖာရင်ဟိုက် ၊ မြေပြန့်ဒေသများတွင် ၆၂.၆ဒီဂရီဖာရင်ဟိုက် ရှိပြီး အပူဆုံးဖြစ်သည့် မေလတွင် ပျှမ်းမျှအပူချိန်မှာ ၇၇.၄ဒီဂရီဖာရင်ဟိုက်ရှိသည်။ ပျှမ်းမျှမိုးရေချိန်မှာ ၃၈.၄၃လက်မဖြစ်သည်။[၃]

သမိုင်းအကြောင်း[ပြင်ဆင်ရန်]

ကယားပြည်နယ်သည် ရှေးမြန်မာမင်းများ အဆက်ဆက်ကတည်းက လူမျိုးနွယ်များ နေထိုင်ခဲ့သော ပြည်နယ်တစ်နယ်ဖြစ်သည်။ မြန်မာဘုရင် မင်းတုန်းမင်းနှင့် သီပေါမင်းတို့ ခေတ်ကာလအတွင်း ကရင်နီပြည်နယ်ကန္ဒရဝတီဘောလခဲကြယ်ဖိုးကြီး (နန်းမယ်ခုံ)နှင့်နောင်ပုလဲ (ကြယ်ဖိုးကလေး)နယ်တို့တွင် နယ်မြေအလိုက် နယ်ရှင် စော်ဘွားများက အုပ်ချုပ်ခဲ့သည်။ နယ်ရှင်စော်ဘွား များ၏ ရုံးသုံးစာပေမှာ မြန်မာစာဖြစ်၍ (သစ်မခုတ်ရ/ဝါးမခုတ်ရ)စသည့် တားမြစ်စာများ ထုတ်ပြန် ရာ၌ မန္တလေးမင်းနေပြည်တော်တွင် ထုတ်ပြန်သည့်အတိုင်း ကျွန်းသာပေါ်၌ စာလုံးကိုထွင်း၍ ထုတ်ပြန်သည်ကို တွေ့ရှိရသည်။ ၁၈၈၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဗြိတိသျှစစ်တပ်က အရှေ့ကရင်နီပြည်နယ် မြို့တော်စောလုံကို သိမ်းပိုက်ပြီးနောက် စော်ဘွားစဝ်လဝီအား ကန္ဒရဝတီ မြို့စားအဖြစ် ပြောင်းလဲ၍ အသိအမှတ်ပြုခဲ့သည်။ ထို့အပြင် မြို့စားများ၏ ဆန္ဒသဘောအတိုင်း မဟုတ်ဘဲ (ဘာနဒ်)စာချွန်တော် အမိန့်ပါစာများအရသာ အုပ်ချုပ်စေခဲ့သည်။ ထိုဘာနဒ် စာချွန်တော်အမိန့်များကို (၁၈၉၀)ပြည့်နှစ်၊ ဇွန်လ(၄)ရက်နေ့တွင် ကန္ဒရဝတီမြို့စား စပ်လဝီထံ သို့လည်းကောင်း၊ (၁၈၉၁)ခုနှစ်၊ဇွန်လ(၁၈)ရက်နေ့တွင် ဘောလခဲမြို့စားဖဘန်ထံသို့ လည်းကောင်း ထုတ်ပြန်ပေးအပ်ပြီး တောင်ကြီးမြို့၌ ရုံးစိုက်သော ရှမ်းပြည်နယ်မင်းကြီး၏ လက်အောက်တွင် အုပ်ချုပ်မှုကို ထားရှိ၍ လွိုင်ကော်မြို့နယ်၌ ရုံးစိုက်သည့် လက်ထောက် နိုင်ငံရေးအရာရှိ(Assistant Political Officer) နောင်အခါ နယ်ခြားဝန်ထောက်(Assistant Resident)၏ သဘောတူညီမှုဖြင့် မြို့စားများက ဆောင်ရွက်နိုင်သည်။

ကန္ဒရဝတီ၊ ဘောလခဲနှင့် ကြယ်ဖိုးကြီးနယ် မြေများဟု ဗြိတိသျှအစိုးရ လက်ထက်က သတ်မှတ်ခဲ့သော ကရင်နီပြည်နယ်များသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကရင်နီပြည်နယ် အမည်နှင့်ပင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပြည်နယ်တစ်ခုအဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အရ လူထု ဆန္ဒဖြင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် တရားဝင် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။[၂]

၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၌ ကယားပြည်နယ်အတွင်းရှိ နယ်ရှင်စော်ဘွားများ အာဏာစွန့်လွှတ်ပြီးသည့်အခါ အထွေထွေအုပ်ချုပ်ရေးကို ကယားပြည်နယ် အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ ၂ ပိုင်းခွဲခြားကာ ပြုပြင်ဖွဲ့စည်းခဲ့သည်။ ပြည်နယ်အရှေ့ပိုင်းတွင် လွိုင်ကော်နှင့် ရွာသစ်မြို့နယ်များပါဝင်ပြီး အနောက်ပိုင်းတွင် ဘောလခဲမြို့နယ်၊ ကြယ်ဖိုးကြီးနယ်နှင့် ဖားဆောင်းမြို့နယ် တို့ပါဝင်သည်။ ၁၉၆၂ ခုနှစ် ဒီဇင်ဘာလတွင် အုပ်ချုပ်ရေးမူသစ်အရ ကယားပြည်နယ်ကို လွိုင်ကော်ခရိုင်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး လွိုင်ကော်နယ်ပိုင်နယ်၊ ရှားတောနယ်ပိုင်နယ်နှင့် ဖားဆောင်းနယ်ပိုင်နယ်ဟူ၍ ခွဲခြားသတ်မှတ်ခဲ့သည်။ ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ တော်လှန်ရေး ကောင်စီကာလ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြန်လည် သတ်မှတ်ချက်အရ ကယားပြည်နယ်ကို ခရိုင်ခွဲ ၂ ခု၊ မြို့နယ် ၆ ခုနှင့် မြို့နယ်ခွဲ ၇ ခုတို့ဖြင့် ပြုပြင်ဖွဲ့စည်းခဲ့သည်။ ခရိုင်ခွဲ ၂ ခုမှာ လွိုင်ကော်ခရိုင်ခွဲနှင့် ဖားဆောင်းခရိုင်ခွဲတို့ ဖြစ်ပြီး မြို့နယ်ခွဲ ၇ ခုမှာ လွိုင်ကော်၊ ထီးစဲခါး၊ နန်းမယ်ခုံ၊ ကေကော၊ မော်ချီး၊ ရွာသစ်၊ မယ်စတယ် တို့ဖြစ်သည်။[၂]

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ခေတ်ကာလတွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၁၉၇၂ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့စွဲပါ စာအမှတ်၊ ၁၀၅/၇/ စိတ် ၁-အရ မယ်စဲ့နန်မြို့နယ်အစား ဘောလခဲမြို့နယ်ဟု ပြောင်းလဲ သတ်မှတ်ခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် ပြည်နယ်/တိုင်းများအလိုက် မြို့နယ်စုများ သတ်မှတ်ဖွဲ့စည်းရာတွင် ကယားပြည်နယ်ရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲနှင့် ဖားဆောင်းမြို့နယ် ၆ မြို့နယ်တို့ကို လွိုင်ကော်မြို့နယ်စု အဖြစ် သတ်မှတ်ဖွဲ့စည်းပေးခဲ့သည်။ လွိုင်ကော်မြို့နယ်စုကို ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် လွိုင်ကော်ခရိုင်နှင့် ဘောလခဲခရိုင်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဘောလခဲခရိုင်ကို ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်နှင့် ရွာသစ်မြို့နယ်ခွဲပါဝင်လျက် ဧရိယာ အကျယ်အဝန်း အားဖြင့် ၁၉၉၄.၇၆ စတုရန်းမိုင် ၁၂၇၆၆၅၃ ဧကဖြင့် သတ်မှတ်ပေးခဲ့သည်။[၂]

လူမျိုး[ပြင်ဆင်ရန်]

ကယားပြည်နယ်တွင် ကယားတိုင်းရင်းသားမျိုးနွယ်စုများဖြစ်သော ကယားကယန်း(ပဒေါင်)၊ ကယန်း(လထ)၊ ကယောယင်းဘော်ယင်းတလဲဂေခိုဂေဘား၊ ကယားမိုနု (မနုမနော) အပြင် ဗမာ၊ ရှမ်း၊ ကရင် စသည့် လူမျိုးစုများလည်း နေထိုင်ကြသည်။[၂]

ကယားလူမျိုးများ
ကယားလူမျိုးများ

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

အိမ်ထောင်စုတွင် ကြီးစဉ်ငယ်လိုက် ရိုသေလေးစားပြီး ဖခင်ကို ရိုသေ၍ ဩဇာခံယူသည့် နည်းတူ ရပ်ရွာတွင်လည်း သက်ရွယ်ကြီးသူ ကျေးရွာလူကြီးတို့၏ ဩဇာကို နာခံတတ်သည်။ ရပ်ရွာတွင်လည်း လူထုမှ လေးစားသော ကျေးရွာသက်ကြီးရွယ်အိုများက စီမံခန့်ခွဲ အုပ်ချုပ်မှုကို လိုက်နာသည်။ ယခုအခါတွင် ပြည်နယ်ဦးစီးအဖွဲ့နှင့် ကျေးရွာမြို့နယ် အဆင့်ဆင့် လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မီတီများ ထားရှိသည်။ ဓလေ့ထုံးတမ်းများအရ လိုက်နာကြသည်။

ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သူများ[ပြင်ဆင်ရန်]

ကယားပြည်နယ်အား ၁၉၁၀ ခုနှစ်မှ ယနေ့အထိ အုပ်ချုပ်ခဲ့သူများမှာ အောက်ပါအတိုင်းဖြစ်သည်။[၄]

ပါလီမန်အုပ်ချုပ်ရေးကာလ
  1. စဝ်ခွန်လီ (ကန္ဒရဝတီနယ်) - ၁၉၁၀ မှ ၁၉၃၀ ထိ
  2. ကရင်နီပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးစဝ်ဝဏ္ဏ - ၁၉၄၈ မှ ၁၉၅၂ ထိ
  3. မဟာသရေစည်သူ ဦးစိန် (ပါလီမန်အတွင်းဝန်) - ၁၉၄၈ မှ ၁၉၆၀ ထိ
  4. စဝ်ငယ်ဒူး (ဘောလခဲနယ်) - ၁၉၅၂ မှ ၁၉၆၂ ထိ
  5. ကယားပြည်နယ်ကောင်စီနှင့်ဝန်ကြီး ဦးစဝ်ဝဏ္ဏ - ၁၉၅၆ မှ ၁၉၆၀ ထိ
  6. ကယားပြည်နယ်ဦးစီးအဖွဲ့ သီရိပျံချီ ဦးအေမြလေး - ၁၉၆၂ မှ ၁၉၇၄ ထိ
  7. ကယားပြည်နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌ ဦးကျော်ဒင် - ၁၉၇၄ မှ ၁၉၈၈ ထိ
ပြည်နယ်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့အုပ်ချုပ်ရေးကာလ
  1. ဗိုလ်မှူးချုပ် မောင်ကြည် - ၁၉၈၈ မှ ၁၆.၄.၁၉၉၆ ထိ
ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအုပ်ချုပ်ရေးကာလ
  1. ဗိုလ်မှူးချုပ် ကျော်ဝင်း - ၂၃.၄.၁၉၉၆ မှ ၁၆.၄.၁၉၉၈ ထိ
  2. ဗိုလ်မှူးကြီး လှသောင်းမြင့် - ၁၉.၄.၁၉၉၈ မှ ၁၇.၁၂.၁၉၉၈ ထိ
  3. ဗိုလ်မှူးချုပ် မြင့်သိန်း - ၁၇.၁၂.၁၉၉၈ မှ ၂၃.၈.၁၉၉၉ ထိ
  4. ဗိုလ်မှူးချုပ် ညွှန့်လှိုင် - ၂၃.၈.၁၉၉၉ မှ ၁၄.၆.၂၀၀၂ ထိ
  5. ဗိုလ်မှူးကြီး သိန်းဆွေ - ၁၅.၆.၂၀၀၂ မှ ၃၀.၉.၂၀၀၃ ထိ
  6. ဗိုလ်မှူးကြီး မြင့်ဦး - ၁.၁၀.၂၀၀၃ မှ ၁၃. ၉. ၂၀၀၄ ထိ
  7. ဗိုလ်မှူးချုပ် လှမြင့်ရွှေ - ၈.၅.၂၀၀၅ မှ ၁၈.၈.၂၀၀၆ ထိ
  8. ဗိုလ်မှူးချုပ် ညွှန့်တင် - ၁၈.၈.၂၀၀၆ မှ ၂၂.၆.၂၀၀၈ ထိ
  9. ဗိုလ်မှူးချုပ် ဝင်းမြင့် - ၂၃.၆.၂၀၀၈ မှ ၃၀.၃. ၂၀၁၁ ထိ
ပြည်နယ်အစိုးရအဖွဲ့ အုပ်ချုပ်ရေးကာလ
  1. ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး - ၃၁.၃.၂၀၁၁ မှ ၃၀.၃. ၂၀၁၆ ထိ
  2. ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို - ၃၁.၃.၂၀၁၆ မှ ယနေ့ ထိ

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ[ပြင်ဆင်ရန်]

ကယားပြည်နယ်တွင် ခရိုင်(၂)ခု ရှိသည်။

  1. လွိုင်ကော်ခရိုင်
  2. ဘော်လခဲခရိုင်

မြို့နယ်ပေါင်း (၇)မြို့နယ် ရှိသည်။ လိွုင်ကော်ခရိုင်တွင်-

ဘော်လခဲခရိုင်တွင်-

မြို့ပေါင်း (၈)မြို့၊ ရပ်ကွက် (၃၁)ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၄) အုပ်စု နှင့် ရွာပေါင်း( ၅၁၀) ရှိသည်။ [၅]

စိတ်ဝင်စားဖွယ်နေရာများ[ပြင်ဆင်ရန်]

[၆]

စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့[ပြင်ဆင်ရန်]

ကိုးကွယ်မှု[ပြင်ဆင်ရန်]

ဗုဒ္ဓဘာသာ ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူများနှင့် ခရစ်ယာန်ဘာသာ(Catholic)ဝင်များ ရှိကြသည်။ ဗုဒ္ဓဘာသာဝင်တို့အိမ်များတွင် ဘုရားဆင်းတုရုပ်ပွားတော်များ ထားရှိ ကိုးကွယ်သည်။ နတ်စင်ကို ရွာအပြင်တွင် ထားလေ့ရှိပြီး နတ်ရုပ်မရှိဘဲ နတ်စင်သာရှိကြသည်။ ခရစ်ယာန်ဘုရားကျောင်းများလည်း ရှိသည်။ မိမိကိုးကွယ်သော ဘာသာကို အထူးလေးစားကြသည်။ မည်သည့်ဘာသာဝင်ဖြစ်စေ စုန်းနတ် ကဝေ မှော်ပညာ စသည်တို့ကို ယုံကြည်ကြသည်။

ဘာသာစကား၊စာပေ[ပြင်ဆင်ရန်]

လူမျိုးနွယ်အလိုက် မိမိပိုင်ဘာသာစကားများ ရှိသော်လည်း အနည်းငယ်မျှသာ ကွဲလွဲသည်။ ရှမ်းဘာသာ စကားကိုမူ အများအားဖြင့် နားလည်လေကြသည်။ ကိုယ်ပိုင်စာပေ မရှိပေ။ အချို့လူမျိုးနွယ်တို့တွင် ရောမအက္ခရာဖြင့် တီထွင်ထားသော စာပေရှိသော်လည်း အသုံးနည်းသည်။ မြန်မာအက္ခရာဖြင့် ကယားစာပေတီထွင်ပြီး ပြန့်ပွားရန် ဆောင်ရွက်လျှက် ရှိသည်။

ဝတ်စားဆင်ယင်မှု[ပြင်ဆင်ရန်]

ကယားအမျိုးသားတို့က ဖျင်ကြမ်းဘောင်းဘီတို/ရှည် ခပ်ပွပွ အပေါ်အင်္ကျီခပ်ကြမ်းကြမ်းဝတ်သည်။ အမျိုးသမီးတို့က ခေါင်းပေါင်းအနီ/အနက် ပေါင်း၏။ ကိုယ်တွင် ရင်စည်းဖုံး သင်တိုင်းဝတ်ဆင်ပြီး အပေါ်မှ ခြုံထည်ရှည်နှင့် ခါးစည်းကြိုးအနီ ချည်နှောင်ပြီး ရှေ့သို့ချထားလေ့ရှိသည်။

ဂေခို၊ ဂေဘား အမျိုးသားတို့က ဖျင်စဘောင်းဘီတိုနှင့် အင်္ကျီဖြူ ရင်ခွဲ ဝတ်ဆင်သည်။ အမျိုးသမီးတို့ကမူ ဂျပ်ခုတ်ထမီ နှင့် အင်္ကျီများကို ဝတ်ဆင်သည်။

ပဒေါင်(ခေါ်)ကယန်း အမျိုးသားတို့မှာ ဘောင်းဘီပွနှင့် အပေါ်အင်္ကျီ ဝတ်ဆင်ပြီး အမျိုးသမီးများက အတွင်းခံအင်္ကျီ လက်စက ရင်ညွန့်အထိ ဟိုက်ခွဲထားပြီး ပေါင်လည်ထိ ရှည်သော သင်တိုင်း ဖြစ်သည်။ အပေါ်မှ တိုက်ပုံအင်္ကျီအနက်ကို ထပ်ဝတ်ဆင်သည်။

ပရဲကေယာအမျိုးသားများက အင်္ကျီ လက်တို အဖြူခံပေါ်တွင် အနီစင်း စိပ်စိပ်နှင့် ဘောင်းဘီတို အနီခံအစင်း ဒူးဆစ်သာသာထိ ဝတ်ဆင်သည်။ အမျိုးသမီးတို့ကမူ အင်္ကျီ အဖြူခံအနီစင်း လက်စက အမြိတ်နှင့်ဝတ်၍ ထမီကို အနက်ခံ အနီကန့်လန့်စင်း ဒူးဆစ်သာသာထိ ဝတ်ဆင်သည်။

ကယားပြည်နယ်အား သီရိမင်္ဂလာတောင်ပေါ်မှမြင်ရပုံ
ကယားပြည်နယ်အား သီရိမင်္ဂလာတောင်ပေါ်မှမြင်ရပုံ

ယင်းဘော် အမျိုးသားများက ဘောင်းဘီတို နှင့် အင်္ကျီလက်စက ဝတ်၍ အမျိုးသမီးတို့က ထမီအနက်တို့ကို ဒူးဆစ်အထိ ဝတ်ဆင်ပြီး အင်္ကျီမှာ လက်စကလည်ဟိုက် ဖြစ်၏။ အတွင်းတွင် သင်တိုင်းတစကို လည်ပင်းနှင့် ပခုံးသိုင်း၍ ခါးပတ်ကြိုးတစ်ခုနှင့် ရစ်ပတ်ထားသည်။ အပေါ်မှ ခြုံသင်တိုင်း လွှမ်းသည်။ [၇] ယင်းတလဲ အမျိုးသားများမှာ ဘောင်းဘီအဖြူ အနီစကွပ်သော အင်္ကျီအဖြူဝတ်၍ အမျိုးသမီးက အဖြူရောင်အင်္ကျီ၊ အနီရောင်ကွက်ကျား ထမီဝတ်ဆင်သည်။(မှတ်ချက်။ ။အမျိုးသားများမှာ အများဖြင့် ခေါင်းပေါင်း ပေါင်းထားလေ့ရှိပြီး အမျိုးသမီးများကလည်း ငွေပြားပုတီးစေ့၊ ပန်းစည်းကြိုးတို့ကို လည်တွင် ဝတ်ဆင်လေ့ရှိကြသည်။ အပျိုအအိုခွဲသော ဝတ်ဆင်မှု ဒေသအလိုက် ကွဲပြားမှုရှိသည်။)

ဇယိမ်ခေါ် ခေါင်းတို အမျိုးသားမှာ ရင်ခွဲအပေါ်အင်္ကျီနှင့် ဘောင်းဘီတို ကျပ်ကို ဝတ်ဆင်၍ အမျိုးသမီးများက ခေါင်းစွပ်ကို ကိုယ်ပွအင်္ကျီ ဂျပ်ခုတ်ထမီ ဝတ်ပြီး ကျားမအားလုံး တိရစ္ဆာန်အစွယ်များ၊ သစ်သားပုတီးများကို လည်ဆွဲ၊ နားဝတ်များ အဖြစ် ဝတ်ဆင်လေ့ ရှိသည်။

ရိုးရာယဉ်ကျေးမှု[ပြင်ဆင်ရန်]

စုပေါင်းဆောင်ရွက်တတ်သော အလေ့အထရှိသည်။ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရပ်ရွာစည်ပင်ရေး တို့ကို ပူးပေါင်းဝိုင်းဝန်း လုပ်ဆောင်တတ်သည့် အလေ့ရှိသည်။ လူမှုရေးနှင့် ပတ်သက်၍ ရှင်ပြုခြင်း၊ ထိမ်းမြားခြင်း၊ အိမ်သစ်တက်ခြင်း စသည့် မင်္ဂလာပွဲများရှိ၍ ရပ်ရွာမှ ဝိုင်းဝန်း လုပ်ဆောင်ကြသည်။ ရပ်ရွာစည်ပင်ရေးအတွက် နတ်ဆိုးများ တောထုတ်သည့် အလေ့ရှိသည်။ ဘာသာရေးနှင့်ပတ်သက်သော ပွဲများအဖြစ် တံခွန်တိုင်ပွဲတော်၊ ကောက်ညှင်းထုပ်ပွဲတော်၊ လိပ်ပြာခေါ်ပွဲများကို ကျင်းပ၍ ရွာသူရွာသားများက စုပေါင်းလုပ်ဆောင်လေ့ရှိသည်။ ပရောဂဆရာ နတ်ထိန်းများ၊ ဗိန္ဓောဆရာများမှာ ဩဇာရှိသူများ ဖြစ်ကြသည်။

တွင်းထွက်များ[ပြင်ဆင်ရန်]

စီးပွားဖြစ်ထုတ်လုပ်နိုင်သော စကျင်ကျောက်များနှင့် ဘော်သတ္တုများ ထွက်ရှိသည်။

ဒေသထွက်ကုန်များ[ပြင်ဆင်ရန်]

အဓိက စီးပွားရေးလုပ်ငန်းမှာ သစ်ထုတ်လုပ်ငန်းဖြစ်ရာ ကယားလူမျိုးတို့သည် များသောအားဖြင့် သစ်ထုတ်လုပ်ရေး၊ သစ်တောထွက်ပစ္စည်းများဖြစ်သော ရှား၊ ချိပ်၊ သစ်စေး စသည့်ပစ္စည်းများထုတ်လုပ်ရေးတို့ဖြင့် အသက်မွေး ဝမ်းကျောင်းကြသူများဖြစ်သည်။ ပြည်နယ်၏ အနောက်ပိုင်းဒေသ၌ မြေပြန့်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင် စားသောက်ကြသည်။ တူးမြောင်းတို့ဖြင့် ရေသွယ်ယူကာ စိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်းတို့ကိုလည်း ပြုလုပ်ကြသည်။ ငွေတောင်နယ်၌ ရက်လုပ်သော ငွေတောင်လွယ်အိတ်တို့မှာ ထင်ပေါ်လှသည်။ ကယားတို့မှာ မိမိတို့ ဝတ်ဆင်ရန် ဝတ်စုံကို မိမိတို့ဖာသာ ရက်လုပ်ကြသူများဖြစ်သည်။ ကယားပြည်နယ်၏ ထူးခြားသော အထိမ်းအမှတ် ပစ္စည်းဖြစ်သည့် ဖားစည်ခေါ် ကြေးနက်စည်ကြီး များကိုလည်း ငွေတောင်နယ်တွင် သွန်းလုပ်ခဲ့ကြသည်။ ယခုအခါတွင် နိုးကြားလာပြီဖြစ်သော ကယားပြည်နယ်အမျိုးသားများသည် နိုင်ငံတော်၏ အခန်းကဏ္ဍအသီးသီး ဝင်ရောက်အမှုထမ်းလျက်ရှိသည်။ အလှအပ အနုအယဉ်ကို အဆန်းအကြယ်တို့ဖြင့် တန်ဆာဆင်ကာ ဖေါ်ပြသော ရှေးမြန်မာ ပျို့ကဗျာအချို့တို့တွင် ကယားပြည်နယ် ငွေတောင်နယ်ကို အခြေခံထား၍ ဇာတ်ကွက်ဆင်ထားသည်ကို တွေ့ရပေသည်။ ရှေးအခါက ငွေတောင်နယ်ဒေသမှာ ယွန်းထိုးခြင်း၊ မှန်စီရွှေချ၊ ရွှေဇဝါရေးခြင်း၊ သစ်စေးသားရိုးကိုင်းခြင်းစသော အနုပညာ လက်မှုပညာများ ထွန်းကားခဲ့သည်။ ကယားအမျိုးသား၊ အမျိုးသမီးတို့မှာ ခေတ်နှင့် ရင်ပေါင်တန်းလိုက်နိုင်ရန် အထူးလုံးပန်း ကြိုးစားလျက်ရှိခဲ့ရာ လူမျိုး၏ ပင်ရင်းယဉ်ကျေးမှုပေါ်တွင် အခြေတည်ကာ အရေးကြီးသော ယဉ်ကျေးမှုအချက်အလက်များ ဖြစ်သည့် ဝတ်စားဆင်ယင်မှု၊ ကိုးကွယ်ယုံကြည်မှု၊ စာပေတို့ကို ခေတ်မှီအောင် ပြုပြင်ပြောင်းလဲလျက်ရှိကြသည်။

အောက်ပါဇယားမှာ မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင် ထုတ်ပြန်ကြေငြားထားသော ကယားပြည်နယ် ဖွံ့ဖြိုးမှုဆိုင်ရာများအား ဖော်ပြထားခြင်းဖြစ်သည်။

စဉ် အကြောင်းအရာ ရေတွက်ပုံ အရေအတွက်
စိုက်ပျိုးမြေဧရိယာ ဧက ၁၇၇, ၉၁၂
ဆည်တမံ ခု ၃၂
မြစ်ရေတင်လုပ်ငန်း ခု
ကြိုးဝိုင်းတော စတုရန်းမိုင် ၂၇၀
ကြိုးပြင်ကာကွယ်တော စတုရန်းမိုင် ၂၁၈၀.၇၂
ရထားလမ်း မိုင် ၁၀၁.၉၂
ကားလမ်း မိုင် ၅၈၁
ပေ ၁၈၀အထက် တံထား စင်း
စာတိုက်စခန်း ခု ၁၄
၁၀ ကြေးနန်းရုံး ရုံး ၁၁
၁၁ တယ်လီဖုန်းရုံး ရုံး ၁၂
၁၂ မိုက္ကရိုဝေ့ဗ်စခန်း ခု
၁၃ အခြေခံပညာကျောင်း ကျောင်း ၃၉၁
၁၄ တက္ကသိုလ်၊ ကောလိပ် ခု
၁၅ ဆေးရုံ/ကျန်းမာရေးဌာန ရုံ/ဌာန ၅၃

[၈][၉][၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၄၇။ 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ကယားပြည်နယ် ဒေသန္တရအချက်အလက်များ။ ကယားပြည်နယ် အစိုးရအဖွဲ့။ ၉ မေ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. MODiNS [ Myanmar Online Information ]
  4. ခေတ်အဆက်ဆက် ကယားပြည်နယ်ကို အုပ်ချုပ်ခဲ့သူများ။ ကယားပြည်နယ် အစိုးရအဖွဲ့။ ၉ မေ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  5. နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
  6. D.P.S. MYANMAR GUIDE MAP. 2000.
  7. လွိုင်ကော်မြို့ - ကန္ဒာရ၀တီ: လွိုင်ကော်မြို့ပုံများ
  8. Myanmar.com
  9. မြန်မာ့စွယ်စုံကျမ်း
  10. * မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်