နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
State Peace and Development Council
နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ
Flag of the Myanmar Armed Forces.svg
တပ်မတော် တံဆိပ်
အတိုကောက် SPDC
ယခင်အဖွဲ့အစည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့
ဆက်ခံသည့် အဖွဲ့အစည်း အစိုးရ တင်မြှောက်
ဖွဲ့စည်းခြင်း ၁၈ စက်တင်ဘာ ၁၉၈၈
ပြိုကွဲချိန် ၃၀ မတ် ၂၀၁၁
အမျိုးအစား စစ်တပ်
ဌာနချုပ် ရန်ကုန်
တည်နေရာ
ဥက္ကဋ္ဌ
သန်းရွှေ
ဒုတိယ ဥက္ကဋ္ဌ
မောင်အေး
နှီးနွယ်အဖွဲ့အစည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
Politics and government of Burma.

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (အတိုကောက် SPDC သို့မဟုတ် မြန်မာဘာသာဖြင့် န အ ဖ) သည် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် မြန်မာ စစ်အစိုးရ၏ တရားဝင်အမည်ဖြစ်သည်။ နအဖ သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး ကောင်စီ (နဝတ) ( SLORC) ဟု မူလအစက သိရှိထားခဲ့သည်။ နဝတ သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) (BSPP) ၏ အခန်းကဏ္ဍကို အစားထိုးပြောင်းလဲထားပြီး၊ အပေါ်ယံကသာ အဓိကပြောင်းထားခြင်းဖြစ်သည်။ ၁၉၉၇ တွင် နဝတ ကို ဖျက်သိမ်းပြီး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) (SPDC)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

နအဖ တွင် ဌာနကြီးများနှင့် ဒေသဆိုင်ရာစစ်တိုင်းကြီးများ၏ တပ်မှူးကြီးများ ပါဝင်ကြသည်။ စစ်အာဏာပိုင်အဖွဲ့၏ အဖွဲ့ဝင် ၁၁ ဦးသည် အစိုးရဝန်ကြီးများအဖွဲ့ထက် အာဏာကိုပို၍ သုံးနိုင်ခွင့်ရှိသည်။ စစ်အာဏာပိုင်အဖွဲ့၏ အချို့သောအဖွဲ့ဝင်များသည် ဝန်ကြီးများအဖွဲ့၏ ဝန်ကြီးရာထူးများကိုလည်းယူထားသည်။ အများ၏ထင်မြင်ယူဆချက်တွင် စစ်တိုင်းမှုးများသည် ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် များများစားစားရရှိခြင်းကို ပျော်ရွှင်နှစ်သက်ကြသည်။ အစိုးရသည်တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်သော မဆလ ၏ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စံနစ်မှ နောက်ဆုတ်ထားသော်လည်း၊ လူ့အခွင့်အရေးချိုးဖေါက်မှု စွပ်စွဲချက်များ အများအပြားရှိ နေသည်။ အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ပစ်ပယ်ထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည်။

သမိုင်း[ပြင်ဆင်ရန်]

နဝတ ကို ဗိုလ်ချုပ်ကြီးစောမောင် (နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး အထိ ကိုယ့်ကိုကိုယ်ရာထူးတင်ခဲ့ပြီး၊ ၁၉၉၇ ဇူလိုင်လတွင်ကွယ်လွန်) ဦးစီးသည့် မြန်မာ့လက်နက်ကိုင်တပ်များ “ရှစ်လေးလုံးထကြွမှု ”ကိုနှိမ်နင်းပြီး အာဏာသိမ်းယူခဲ့သည့် ၁၉၈၈ စက်တင်ဘာလ ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ အာဏာသိမ်းယူခဲ့သည့်နေ့တွင် နဝတ သည် အမိန့်အမှတ် ၁/၁၉၈၈ ဖြင့် တပ်မတော်မှအာဏာလွှဲပြောင်းရယူခြင်း နှင့် နဝတအဖွဲ့ ဖွဲ့စည်းကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ အမိန့်အမှတ် ၂/၁၉၈၈ ဖြင့် နဝတ သည် ၁၉၇၄ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ[၁] အောက်တွင် တည်ရှိကြသော “နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများ” အားလုံးကို ဖျက်သိမ်းပစ်သည်။ ပြည်သူ့လွှတ်တော် (၁၉၇၄ အခြေခံဥပဒေအောက်ရှိ ဥပဒေပြုအဖွဲ့)၊ ဝန်ကြီးများကောင်စီ (ဝန်ကြီးများအဖွဲ့)၊ ပြည်သူ့တရားသူကြီးများကောင်စီ (တရားစီရင်ရေးအဖွဲ့)၊ ပြည်သူ့ ဥပဒေအကျိုးဆောင်များကောင်စီ (ရှေ့နေချုပ်ရုံး)၊ ပြည်သူ့စာရင်းစစ်များကောင်စီ (စာရင်းစစ်ချုပ်ရုံး)၊ ထိုနည်းတူစွာ ပြည်နယ်နှင့်တိုင်း၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့ကောင်စီများ ကို ဖျက်သိမ်းပစ်သည်။

နဝတ သည် ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလပါတီ)တွင် ဒုဝန်ကြီးများ၏အလုပ်တာဝန်များအစားထိုးခြင်း ကိုလည်း ရပ်ဆိုင်းသည့်အမိန့် ထုတ်ပြန်ခဲ့သည်။ (၁၉၇၄ မြန်မာ့အခြေခံဥပဒေတွင် “ဝန်ကြီးများကောင်စီ” သည် ဝန်ကြီးများအဖွဲ့အဖြစ်ဆောင်ရွက်သော်လည်း ဒုဝန်ကြီးများကို ဝန်ကြီးများ ကောင်စီ၏ တရားဝင်အစိတ်အပိုင်းအဖြစ် မထားရှိခဲ့သည့်အတွက် နဝတ သည် တိကျသေချာစေရန် ယခင် မဆလ အစိုးရအတွင်းရှိ ဒုဝန်ကြီးများကို ဝန်ကြီးများနှင့်အတူထားရှိပြီး ရပ်ဆိုင်းခဲ့သည်။) အာဏာ သိမ်းသည့်နေ့တွင် ထုတ်ပြန်ခဲ့သည့် နဝတ ၏အမိန့်များကို ၁၉၈၈ စက်တင်ဘာ ၁၉ ရက်ထုတ် လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာ တွင်တွေ့မြင်နိုင်သည်။ နဝတ ၏ပထမဦးဆုံးဥက္ကဋ္ဌသည် ဗိုလ်ချုပ်ကြီးစောမောင် ဖြစ်ပြီး၊ နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး ဖြစ်လာပြီး ဝန်ကြီးချုပ်လည်းဖြစ်သည်။ သူသည် ၁၉၉၂ ဧပြီလ ၂၃ ရက်နေ့တွင် ရာထူးမှဖယ်ရှားခံရပြီး၊ ထိုစဉ်ကဗိုလ်ချုပ်ကြီး နောက်ပိုင်းတွင်ဗိုလ်ချုပ်မှူးကြီး ဖြစ်လာသည့် [သန်းရွှေ၊ (ဗိုလ်ချုပ်မှူးကြီး)|သန်းရွှေ] မှ နဝတဥက္ကဋ္ဌ နှင့် ဝန်ကြီးချုပ်ရာထူးများကို လွှဲပြောင်းရယူသွားသည်။ ၁၉၉၇ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နဝတ ကို ဖျက်သိမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီ အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ အများအားဖြင့် သို့မဟုတ် အားလုံးမဟုတ်သော စစ်အစိုးရ၏အဖွဲ့ဝင် အများစုသည် ဖျက်သိမ်းလိုက်သည့် နဝတအဖွဲ့ ထဲမှ အဖွဲ့ဝင်များပင်ဖြစ်သည်။

ဥက္ကဋ္ဌများ[ပြင်ဆင်ရန်]

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကောင်စီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၈၈ -၁၉၉၇)

  • ဗိုလ်ချုပ်မှူးကြီးစောမောင် ( ၁၈ စက်တင်ဘာ ၁၉၈၈ – ၂၃ ဧပြီ ၁၉၉၂ )
  • ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ( ၂၃ ဧပြီ ၁၉၉၂ – ၁၅ နိုဝင်ဘာ ၁၉၉၇ )

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၉၇ မှစတင်သည်)

  • ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ( ၁၅ နိုဝင်ဘာ ၁၉၇၇ - ယခု အချိန်ထိ )

လက်ရှိအဖွဲ့ဝင်များ[ပြင်ဆင်ရန်]

အစီအစဉ်အတိုင်းမှာ-

  • ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၊ နအဖဥက္ကဋ္ဌ ၊ ကာကွယ်ရေးဦးစီးချုပ်
  • ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ၊ နအဖဒုတိယဥက္ကဋ္ဌ ၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် ကြည်းတပ်
  • ဗိုလ်ချုပ်ကြီးသူရရွှေမန်း ၊ ကြည်း၊ ရေ၊ လေပူးတွဲစစ်ဦးစီးချုပ်
  • ဗိုလ်ချုပ်ကြီးသိန်းစိန် ၊ ဝန်ကြီးချုပ်
  • ဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး၊ နအဖ၏အတွင်းရေးမှူး ၁ ၊ စစ်ထောက်ချုပ်
  • ဗိုလ်ချုပ်အုန်းမြင့် ၊ အဖွဲ့မှူး အထူးစစ်ဆင်ရေးအဖွဲ့ ၁ (ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း)
  • ဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ၊ အဖွဲ့မှူး အထူးစစ်ဆင်ရေးအဖွဲ့ ၂ ( ရှမ်းပြည်နယ် ၊ ကယားပြည်နယ် )
  • ဒုတိယဗိုလ်ချုပ်ကြီးကိုကို ၊ အဖွဲ့မှူး အထူးစစ်ဆင်ရေးအဖွဲ့ ၃ ( ပဲခူးတိုင်း၊ ဧရာဝတီတိုင်း)
  • ဒုတိယဗိုလ်ချုပ်ကြီးသာအေး ၊ အဖွဲ့မှူး အထူးစစ်ဆင်ရေးအဖွဲ့ ၄ (ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ တနင်္သာရီတိုင်း )
  • ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ ၊ အဖွဲ့မှူး အထူးစစ်ဆင်ရေးအဖွဲ့ ၅ ( ရန်ကုန်တိုင်း )
  • ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော် ၊ အဖွဲ့မှူး အထူးစစ်ဆင်ရေးအဖွဲ့ ၆ (မကွေးတိုင်း၊ ရခိုင်ပြည်နယ်)
  • ဗိုလ်ချုပ်လှဌေးဝင်း၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်
  • ဒုတိယဗိုလ်ချုပ်ကြီးတင်အေး ၊ စစ်လက်နက်ပစ္စည်းအရာရှိချုပ်
  • ဒုတိယဗိုလ်ချုပ်ကြီးသူရမြင့်အောင် ၊ စစ်ရေးချုပ်

လူ့အခွင့်အရေးချိုးဖောက်မှုများ[ပြင်ဆင်ရန်]

ကုလသမဂ္ဂအဖွဲ့များ၊ အင်္ဂလန်နိုင်ငံ မြန်မာ့အရေးဆောင်ရွက်သူများ၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ နှင့် အခြားသောအဖွဲ့များ၏ အစီရင်ခံစာများတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ချိုးဖောက်မှုများကို အသေးစိတ်ဖေါ်ပြထားသည်တို့မှာ -

  • လူသတ်မှု နှင့် မတရားသေဒဏ်စီရင်ခြင်းများ
  • ညှဉ်းပန်းနှိပ်စက်မှု နှင့် မုဒိမ်းကျင့်မှုများ
  • ကလေးစစ်သားများစုဆောင်းမှု
  • အတင်းအကြပ်နေရာရွှေ့ပြောင်းမှုများ
  • အတင်းအကြပ်အလုပ်ခိုင်းစေမှုများ
  • နိုင်ငံရေးအကျဉ်းချထားမှုများ

လူသတ်မှု[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် အဆိုးဝါးဆုံးသောဖြစ်ရပ်များထဲမှတစ်ခုသည် စစ်တပ်အုပ်ချုပ်ရေးကိုအဆုံးသတ်စေရန် အတွက် သန်းပေါင်းများစွာသောမြန်မာလူမျိုးများ တစ်နိုင်ငံလုံးတွင် ချီတက်တောင်းဆိုခဲ့သည့် ၁၉၈၈ ဩဂုတ်လ ထကြွမှုကာလ၌ ဖြစ်ပွားခဲ့သည်။ စစ်သားများသည် ရာနှင့်ချီသော ကန့်ကွက်ဆန္ဒ ပြသူများကို ပစ်ခတ်ခဲ့ပြီး၊ ရက်သတ္တပတ်အနည်းငယ်အတွင်း ခန့်မှန်းခြေ လူ ၃၀၀၀ သေဆုံးခဲ့သည်။ ၂၀၀၇ ဩဂုတ် နှင့် စက်တင်ဘာ ဆန္ဒပြပွဲများအတွင်း အနည်းဆုံး ကန့်ကွက်ဆန္ဒပြသူ ၁၈၄ ဦးသည် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး၊ လူအများအပြား နှိပ်စက် ညှဉ်းပန်း ခံခဲ့ရသည်။ စစ်တပ်သည် လူနည်းစု လူမျိုးနွယ်စုများအပေါ် ရက်စက်လူမဆန်သော စစ်ရေး ထိုးနှက်ချက်များ ဆက်တိုက်ပြုလုပ်နေပြီး၊ အပြည်ပြည်ဆိုင်ရာလူသားများဥပဒေကို ချိုးဖောက်သည့် ယုတ်မာရက်စက်မှုများ ကျူးလွန်နေကြသည်။

ကလေးစစ်သားများစုဆောင်းခြင်း[ပြင်ဆင်ရန်]

နအဖသည် ကလေးများ- အချို့အသက် ၁၀ နှစ်အရွယ်-အား ၎င်း၏စစ်တပ်၊ တပ်မတော်တွင် အမှုထမ်း ရန်အတွက် အတင်းအကြပ်လိုက်လံစုဆောင်းနေသည့်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် အစီရင်ခံထားကြသည်။ လတ်တလောမြန်မာစစ်တပ်ထဲတွင်ကလေးစစ်သားမည်မျှရှိသည်ကိုခန့် မှန်းရန်ခက်ခဲသည်။ သို့သော်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၊ ကလေးစစ်သားများကမ္ဘာ့အစီရင်ခံစာ ၂၀၀၈ နှင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့၏အဆိုအရ ထောင်ဂဏန်း နီးပါး ရှိသည်။

ကလေးစစ်သားများစုဆောင်းနေခြင်းအတွက် အကြောင်းပြချက်များထဲမှတစ်ခုမှာ တစ်နိုင်ငံလုံးကို ပိတ်ဆို့ ထိမ်းချုပ်ထားနိုင်မည့် စစ်တပ်ဖြစ်ရန် စစ်သား ပို၍ များများလိုအပ်သောကြောင့်ဖြစ်သည်။ တစ်သီးတစ်ခြား နှင့် အခွင့်ထူးခံသည့် မြန်မာစစ်ခေါင်းဆောင်များအပေါ် မြန်မာအများစု၏မနှစ်မြို့ဖွယ် ခံစားနေရမှုများကို ပြသည့်အနေဖြင့် စစ်တပ်ထဲမဝင်ကြသည့်အတွက်ကြောင့် စစ်တပ်သည် တစ်ခါတစ်ရံ တွင်ကလေးစစ်သား အတင်းအကြပ်စုဆောင်းခြင်းဘက်သို့ လွှဲပြောင်းလုပ်ဆောင်ရသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် ကလေးစစ်သားများစုဆောင်းခြင်း နှင့် အသုံးပြုခြင်းကို တားဆီးသည့် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများကို ချိုးဖောက်သည့်အတွက် လေးကြိမ်ဆက်တိုက် အစီရင်ခံစာများတွင် နအဖ ကို နာမည်ထည့်သွင်းခဲ့သည်။

  • ကလေးများ နှင့် လက်နက်ကိုင် ပဋိပက္ခ ၊ အတွင်းရေးမှူးချုပ်၏အစီရင်ခံစာ၊ ၂၆ အောက်တိုဘာ ၂၀၀၆ UN Doc. A/61/529 S2006/826
  • မြန်မာနိုင်ငံ ကလေးသူငယ်များနှင့် လက်နက်ကိုင်များ ပဋိပက္ခအပေါ် လုံခြုံရေးကောင်စီသို့တင်ပြသည့် အတွင်းရေးမှူးချုပ်၏အစီရင်ခံစာ၊ ၁၆ နိုဝင်ဘာ ၂၀၀၇ ၊ UN Doc. S/2007/666.
  • လုံခြုံရေးကောင်စီသို့တင်ပြသည့် ကလေးသူငယ်များနှင့်လက်နက်ကိုင်များပဋိပက္ခအပေါ် အတွင်းရေးမှူး ချုပ်၏အစီရင်ခံစာ၊ ၂၁ ဒီဇင်ဘာ ၂၀၀၇ ၊ UN Doc. A/62/609-S/2007/757.
  • မြန်မာနိုင်ငံကလေးသူငယ်များနှင့်လက်နက်ကိုင်များပဋိပက္ခအပေါ် အတွင်းရေးမှူးချုပ်၏အစီရင်ခံစာ ၁ ဇွန် ၂၀၀၉ UN Doc. S/2009/278.

အတင်းအကြပ်ပြောင်းရွှေ့ခြင်း[ပြင်ဆင်ရန်]

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံထားသည်မှာ ၂၀၀၈ မေ နာဂစ်မုန်တိုင်းပြီးချိန်မှစ၍ မြန်မာအာဏာပိုင်များသည် ထောင်နှင့်ချီမဟုတ်သော်လည်း ရာနှင့်ချီသောနေရာမဲ့လူများကို ကျောင်းများ၊ ဘုန်းကြီးကျောင်းများ နှင့် အများပိုင်အဆောက်အအုံများမှ ဖယ်ရှားခဲ့ပြီး၊ ထိုသူတို့ကို ဧရာဝတီမြစ်ဝကျွန်းပေါ် ရှိ ပျက်စီးနေသည့် ၎င်းတို့၏ရွာများသို့ပြန်ရန် တိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဆန္ဒခံယူပွဲကို ရက်ရွှေ့ဆိုင်းပေးရန် နှင့် လူသားချင်းစာနာထောက်ထားမှုကယ်ဆယ်ရေး အပေါ် ၎င်းတို့၏အရင်းအမြစ်များ ချိန်ဆရန် တို့အတွက် မေတ္တာရပ်ခံတောင်းဆိုခဲ့သော်လည်း၊ အာဏာပိုင်များသည် အခြေခံဥပဒေအသစ် ဆန္ဒခံယူပွဲ မဲရုံလုပ်ရန်အတွက် အချို့သော အများပိုင်အဆောက်အအုံများ နှင့် ကျောင်းများကို ရှင်းလင်းထားခဲ့သည်။ ထိုစဉ်အခါ၌ နအဖသည် ယခင်မြို့တော်ရန်ကုန်အနီးတစ်ဝိုက်ရှိ ဒါဇင်ပေါင်းများစွာရှိသော အစိုးရလုပ်ကိုင်နေသည့် ကယ်ဆယ်ရေးရွက်ဖျင်တဲများမှ ဒုက္ခသည်များအား နှင်ထုတ်ခဲ့ကြပြီး၊ ၎င်းတို့ကြုံတွေ့နေရသည့်အခက်အခဲတို့ကို အလေးမမူတော့ပဲ မိမိတို့အိမ်သို့ ပြန်ကြရန် အမိန့်ပေးခဲ့သည်။

အတင်းအကြပ်နှင်ထုတ်ခြင်းသည် အရေးပေါ်ကယ်ဆယ်ရေးကာလ ပြီးဆုံးသွားသည်နှင့် နိုင်ငံခြားအကူအညီမလိုပဲ လေဘေးသင့်လူအများသည် ၎င်းတို့၏ဘဝများကို ၎င်းတို့ပြန်လည်တည်ဆောက်နိုင်ပြီ ဆိုသည်များကို ပြသရန် အစိုးရ၏ကြိုးပမ်းအားထုတ်မှုတစ်ပိုင်းဖြစ်သည်။ နာဂစ်မုန်တိုင်းကြောင့် အိုးအိမ်မဲ့ဖြစ်ရသူများသည် အပြည်ပြည်ဆိုင်ရာဥပဒေအောက်တွင် နိုင်ငံအတွင်းရွှေ့ပြောင်းရသူများဟု နားလည်သိရှိထားသည်။ နိုင်ငံအတွင်းရွှေ့ပြောင်းရခြင်းအပေါ် ကုလသမဂ္ဂလမ်းညွှန်စည်းမျဉ်းများ အောက်တွင် မြန်မာအစိုးရသည် နိုင်ငံအတွင်းရွှေ့ပြောင်းရသူများ မိမိတို့၏အိမ်သို့ ပြန်ရန် သို့မဟုတ် နေထိုင်နေကျနေရာများသို့ပြန်ရန် သို့မဟုတ် နိုင်ငံ၏အခြားသောနေရာတွင် ဆန္ဒအလျှောက် အခြေချနေထိုင်ရန် တို့အတွက် စိတ်ချလက်ချနှင့်သိက္ခာရှိရှိ ဆန္ဒအလျှောက်ဖြစ်စေရမည့် အခွင့်အရေးကို သေချာမှုဖြစ်စေရမည်။

အတင်းအကြပ်ခိုင်းစေမှုများ[ပြင်ဆင်ရန်]

အဆိုးရွားဆုံး အတင်းအကြပ်ခိုင်းစေမှုအချို့ကို မြန်မာအရှေ့တောင်အရပ်မှ အစီရင်ခံခဲ့သည်။ ထိုနေရာတွင် ဒေါ်လာဘီလီယံနှင့်ချီသော ဓါတ်ငွေ့ပိုက်လိုင်းကို အမေရိကန် ယူနိုကယ် (UNOCAL) နှင့် ပြင်သစ် တိုတယ် (TOTAL) ရေနံကုမ္ပဏီများ ပူးပေါင်းအဖွဲ့နှင့် မြန်မာအစိုးရတို့ တည်ဆောက်ခဲ့ကြသည်။ အတင်းအကြပ်ခိုင်းစေမှုကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးစီမံကိန်းများတွင်လည်း သုံးစွဲခဲ့သည်။ ၁၉၉၇ မတ်လ တွင် ဥရောပသမဂ္ဂသည် အတင်းအကြပ်အလုပ်ခိုင်းစေမှု နှင့် အခြားသောချိုးဖောက်မှုများ ကြီးထွားလာသည့်အတွက်ကြောင့် မြန်မာနိုင်ငံအား ပေးထားသည့် ကုန်သွယ်ရေးအထူးအခွင့်အရေးကို ရုတ်သိမ်းသွားခဲ့သည်။

နိုင်ငံရေးအကျဉ်းချထားမှု[ပြင်ဆင်ရန်]

၂၀၀၇ ဩဂုတ်လတွင် အကြီးအကျယ်ဆန္ဒပြမှုများ မစတင်ခဲ့မှီအချိန်၌ အာဏာပိုင်များသည် နိုင်ငံရေးအပေါ်အခြေပြု၍ အစိုးရနှင့်ဆန့်ကျင်သူ နာမည်ကြီးများကို ဖမ်းဆီးခဲ့ပြီး၊ ထိုသူတို့အနက်မှ များစွာသောသူများကို လများစော၍ အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။ ၂၅-၂၉ စက်တင်ဘာ ဖြိုခွဲနှိမ်နင်းမှုမတိုင်မှီ ဆန္ဒပြပွဲများစီစဉ်သည်နှင့်တစ်ပြိုင်နက်တည်း အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏အဖွဲ့ဝင်များကို ပိုမိုဖမ်းဆီးခဲ့ပြီး၊ ယင်းကိစ္စကို ဖြိုခွင်းနှိမ်နင်းမှုမတိုင်မှီ ကြိုတင်ရှင်းလင်းခြင်းလုပ်ရပ်အဖြစ် လူအများက ရှုမြင်ခဲ့ကြသည်။ ဖြိုခွဲနှိမ်နင်းမှုကာလအတွင်းမှာပင် လူစုလူဝေး စုရုံးမှုများ ဖြစ်ပွားခဲ့ပြီး အာဏာပိုင်များသည် ၂၀၀၇ တစ်လျှောက်လုံး ဆန္ဒပြသူများနှင့်ထောက်ခံသူများကို ဆက်တိုက် လိုက်လံဖမ်းဆီးခဲ့သည်။ ၃၀၀၀ နှင့် ၄၀၀၀အကြား ကလေးသူငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ထိန်းသိမ်းထားခဲ့ပြီး၊ ထိုသူတို့အနက်မှ ၇၀၀ သည် နှစ်ကုန်အထိ ဆက်လက်ထိန်းသိမ်းခံထားရသည်ဟု ယုံကြည်ရသည်။ အနည်းဆုံးလူ ၂၀ သည် အပြည်ပြည်ဆိုင်ရာမျှတမှုခုံရုံးစံချိန်စံညွှန်းများနှင့် မကိုက်ညီသည့် အကြမ်းဖက်မှုနှိမ်နင်းရေးဥပဒေဖြင့် တရားစွဲဆိုပြီး စီရင်ချက်ချခဲ့သည်။ ထိန်းသိမ်းခံရသူများနှင့် ကာကွယ်ပေးသူများသည် တရားဥပဒေဆိုင်ရာအခွင့်အရေးများကို ငြင်းပယ်ခြင်းခံခဲ့ရသည်။ [၂]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
  2. မြန်မာပြည်