ကုန်းဘောင်ခေတ်
| တတိယမြန်မာနိုင်ငံတော် ကုန်းဘောင်အင်ပါယာ | |
|---|---|
![]() ကုန်းဘောင်အင်ပါယာ အထွတ်အထိပ်ရောက်စဉ်က နယ်နိမိတ်ပြမြေပုံ (၁၈၂၄) | |
| မြို့တော် | ရတနာသိင်္ခ (၁၇၅၂–၁၇၆၀) စစ်ကိုင်းမြို့ (၁၇၆၀–၁၇၆၅) အင်းဝမြို့ (၁၇၆၅–၁၇၈၃၊ ၁၈၂၁–၁၈၄၂) အမရပူရမြို့ (၁၇၈၃–၁၈၂၁၊ ၁၈၄၂–၁၈၅၉) ရတနာပုံ မန္တလေး (၁၈၅၉–၁၈၈၅) |
| ကိုးကွယ်မှု | ထေရဝါဒဗုဒ္ဓဘာသာ (နိုင်ငံတော်ဘာသာ) အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်မှု |
| အစိုးရ | သက်ဦးဆံပိုင်အကြွင်းမဲ့ဘုရင်စနစ် |
| ငွေကြေး | ဒင်္ဂါးမသွန်းလုပ်မီ: ရွှေ၊ ငွေ၊ ခဲ၊ ကြေးနီ (အလေးချိန်စနစ်) ၁၈၅၂ နောက်ပိုင်း: ဒေါင်းဒင်္ဂါးကျပ်ငွေ |
ကုန်းဘောင်ခေတ်သည် မြန်မာနိုင်ငံသမိုင်းတွင် မြန်မာတို့၏ နောက်ဆုံးမင်းဆက်ဖြစ်ပြီး၊ ယနေ့ခေတ် မြန်မာနိုင်ငံ နယ်နမိတ်နှင့် ပတ်ဝန်းကျင်ဒေသများကို နှစ်ပေါင်း ၁၃၀ ကျော်တိုင်တိုင် အုပ်ချုပ်စိုးမိုးကာ အချုပ်အခြာအာဏာကို ထိန်းချုပ်နိုင်ခဲ့သော ခေတ်ဖြစ်သည်။ကုန်းဘောင်အင်ပါယာသည် အစောပိုင်းကာလတွင် ယိုးဒယားနိုင်ငံ၊ ချင်အင်ပါယာ (တရုတ်) တို့နှင့် ဖြစ်ပွားသော စစ်ပွဲများတွင် အောင်နိုင်ခဲ့သော်လည်း ကိုလိုနီအင်ပါယာများ၏ ရေရှည်ရည်မှန်းချက်နှင့် ဗျူဟာများကို ကောင်းစွာ အကဲမဖြတ်နိုင်ခဲ့မှုကြောင့် ဗြိတိန်တို့နှင့် စစ်သုံးကြိမ်တိုင် ဖြစ်ပွားကာ နောက်ဆုံးတွင် ဗြိတိသျှနေမဝင်အင်ပါယာ၏ ပြည်နယ်အဖြစ် အိန္ဒိယနိုင်ငံအတွင်းသို့ တိုင်းပြည်သမိုင်းတစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ် သွတ်သွင်းခြင်း ခံခဲ့ရလေသည်။
ကုန်းဘောင်အင်ပါယာ၏ အထွတ်အထိပ်ရောက်ချိန် တိုးချဲ့စစ်ဆင်ရေးများအတွင်း အနောက်ဘက် အာသံ၊ မဏိပူရနှင့် ရခိုင်ကမ်းမြောင်ဒေသများမှသည် အရှေ့ဘက် ယိုးဒယား (ထိုင်းနိုင်ငံ) အထိလည်းကောင်း၊ မြောက်ဘက် တရုတ်ပြည်နယ်စပ် လွယ်လင်တောင်တန်းမှသည် တောင်ဘက် ကရင်နီနှင့် တနင်္သာရီကမ်းရိုးတန်းအထိလည်းကောင်း ကျယ်ပြန့်သော နယ်နမိတ်ကို အုပ်ချုပ်စိုးမိုးနိုင်ခဲ့သဖြင့် အရှေ့တောင်အာရှကုန်းတွင်းပိုင်းတွင် ဒုတိယမြောက် အကြီးမားဆုံးသော လက်နက်အင်ပါယာအဖြစ် သမိုင်းတွင်ခဲ့သည်။[၁] ကုန်းဘောင်အင်ပါယာ၏ ထူးခြားချက်မှာ ကမ္ဘာ့အင်အားကြီး တရုတ်မန်ချူးတို့၏ ကျူးကျော်စစ်ကြီး (၄) ကြိမ်တိုင်တိုင်ကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ခြင်း၊ ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော်နှင့် ကိုယ်ပိုင်အက္ခရာစာပေ၊ ဓမ္မသတ်ဥပဒေများကို ခိုင်ခိုင်မာမာ ပြန်လည်မွမ်းမံ အခြေချပေးနိုင်ခဲ့ခြင်းနှင့် အရှေ့တောင်အာရှ ဒေသတွင်း ပထဝီနိုင်ငံရေး ဗျူဟာကို ပြောင်းလဲစေခဲ့ခြင်းတို့ပင် ဖြစ်သည်။
ထူထောင်ခြင်း
[ပြင်ဆင်ရန်]၁၈ ရာစုအလယ်ပိုင်းတွင် အထက်မြန်မာပြည် အင်းဝနေပြည်တော်ကို ဗဟိုပြုသည့် ညောင်ရမ်းမင်းဆက် (တောင်ငူမင်းဆက်နှောင်းပိုင်း)၏ နှောင်းပိုင်းဘုရင်များသည် အုပ်ချုပ်ရေးညံ့ဖျင်းခြင်း၊ ကသည်းမြင်းသည်များနှင့် တရုတ်ဓားပြများ၏ ကျူးကျော်ဝင်ရောက်လုယက်ခြင်းတို့ကို မကာကွယ်နိုင်ခြင်းတို့ကြောင့် အာဏာစက်အလွန်ယိုင်နဲ့နေခဲ့သည်။[၁] ဤအခြေအနေတွင် မြန်မာပြည်တောင်ပိုင်းရှိ မွန်လူမျိုးများသည် တော်လှန်ပုန်ကန်ကာ ၁၇၄၀ ပြည့်နှစ်တွင် ပဲခူး၌ ဟံသာဝတီနေပြည်တော်သစ် (တတိယ ဟံသာဝတီခေတ်) ကို တည်ထောင်ခဲ့ကြသည်။[၂] ဟံသာဝတီမွန်တပ်မတော်သည် တဖြည်းဖြည်း မြောက်ဘက်သို့ ဆန်တက်တိုက်ခိုက်ခဲ့ရာ ၁၇၅၂ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် အင်းဝမြို့တော်ကြီးကို သိမ်းပိုက်နိုင်ခဲ့ပြီး ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်းဖြစ်သော ဟံသာဝတီရောက်မင်းကို ဖမ်းဆီးကာ ညောင်ရမ်းမင်းဆက်ကို အဆုံးသတ်ခဲ့သည်။[၃]
အင်းဝကျဆုံးပြီးနောက် မွန်ဗိုလ်မှူး ဥပရာဇာသည် စစ်ဗျူဟာအရ အမှားအယွင်းပြုကာ မှူးမတ်အချို့နှင့် မွန်တပ်သားအနည်းငယ်ကိုသာ အင်းဝတွင် စောင့်ကြပ်စေခဲ့ပြီး ကျန်ရှိသော ဒေသခံရွာသူကြီးများကို ဟံသာဝတီသို့ သစ္စာခံရန် အမိန့်ထုတ်ပြန်ခဲ့သည်။[၂] ထိုစဉ် အင်းဝမြောက်ဘက် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ မုဆိုးဖိုရွာ၏ ရွာသူကြီးဖြစ်သော ဦးအောင်ဇေယျ သည် မွန်တို့၏ သစ္စာခံရန် တောင်းဆိုမှုကို ပြတ်သားစွာ ငြင်းပယ်ခဲ့သည်။[၄]
ဦးအောင်ဇေယျသည် မိမိ၏ ရွာသူရွာသားများနှင့် ပတ်ဝန်းကျင် ကျေးရွာပေါင်း (၄၆) ရွာမှ လူအင်အားများကို စည်းရုံးကာ မုဆိုးဖိုရွာတွင် သစ်တုံးခံတပ် အခိုင်အမာဆောက်လုပ်ပြီး မွန်တို့၏ ကျူးကျော်မှုကို ခုခံရန် ပြင်ဆင်ခဲ့သည်။ ၎င်းသည် မိမိကိုယ်ကို ဘုန်းလက်ရုံးနှင့် ပြည့်စုံသော "အလောင်းမင်းတရား" ဟု ဘွဲ့အမည်ခံယူကာ ဧကရာဇ်မင်းအဖြစ် ကြေညာခဲ့ပြီး ကုန်းဘောင်ကုန်းမြေကို အစွဲပြုကာ ကုန်းဘောင်မင်းဆက် (သက္ကရာဇ် ၁၁၁၄ ခုနှစ်၊ ခရစ်နှစ် ၁၇၅၂ ခုနှစ်) ကို စတင်တည်ထောင်ခဲ့သည်။[၅]
မြန်မာတို့၏ ဘိုးဘေးများနှင့် အလောင်းမင်းတရား ဦးအောင်ဇေယျတို့သည် စစ်ပရိယာယ်နှင့် စစ်မဟာဗျူဟာမြောက် ထောင်ချောက်ဆင်ခြင်း၊ ပြောက်ကျားစစ်ဆင်ခြင်း အတတ်ပညာတို့တွင် အလွန်ကြွယ်ဝပြောင်မြောက်လှသည်။ မုဆိုးဖိုခံတပ်သို့ လာရောက်တိုက်ခိုက်သော ဟံသာဝတီမွန်တပ်များကို တောတောင်ရေမြေ သဘာဝအတားအဆီးများကို အသုံးချကာ ခြုံခိုတိုက်ခိုက်ခြင်း၊ ရန်သူ့ထောက်ထောက်လှမ်းရေးနှင့် ရိက္ခာလမ်းကြောင်းများကို ကြိုတင်ဖြတ်တောက်ခြင်းစသည့် စစ်ပရိယာယ်များဖြင့် အကြိမ်ကြိမ် အပြတ်အသတ် ခြေမှုန်းပြခဲ့သည်။ ဤကဲ့သို့ စစ်ရေးခေါင်းဆောင်မှု စွမ်းရည်ထက်မြက်ပုံကြောင့် ပတ်ဝန်းကျင်မှ မြန်မာလူမျိုးခေါင်းဆောင်များနှင့် တပ်သားများ ၎င်း၏အောက်သို့ အလုံးအရင်းဖြင့် ဝင်ရောက်ခိုလှုံလာကြသည်။[၄]
၁၇၅၃ ခုနှစ်၊ ဒီဇင်ဘာလတွင် အလောင်းမင်းတရားသည် ဟံသာဝတီတပ်များ၏ ခံစစ်ကြောင်း အားနည်းချက်ကို စူးစမ်းကာ လျှပ်တပြက် စစ်ဆင်ရေးဖြင့် မွန်တို့လက်အောက်သို့ ကျရောက်နေသော အင်းဝမြို့တော်ဟောင်းကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။[၁] ၁၇၅၄ ခုနှစ်တွင် မွန်တို့က အင်းဝကို ပြန်လည်ရရှိရန် ကုန်းရေနှစ်ဖက်ညှပ်၍ အင်အားအလုံးအရင်းဖြင့် ဆန်တက်တိုက်ခိုက်ခဲ့သော်လည်း အလောင်းမင်းတရားနှင့် ၎င်း၏သားတော်များဖြစ်ကြသည့် နောင်တော်ကြီး၊ ဆင်ဖြူရှင်တို့က ရန်သူ့တပ်ဦးကို ထိန်းချုပ်ကာ အပြန်အလှန် စိတ္တဗေဒစစ်ဆင်ရေးနှင့် ထိုးစစ်ဆင်မှုများဖြင့် အောင်မြင်စွာ တွန်းလှန်ခြေမှုန်းနိုင်ခဲ့သဖြင့် အထက်မြန်မာပြည်တစ်ခုလုံးကို ကုန်းဘောင်မင်းဆက်အောက်သို့ အပိုင်သိမ်းသွင်းနိုင်ခဲ့သည်။[၅]
အထက်မြန်မာပြည်တွင် အခြေခိုင်ပြီးနောက် အလောင်းမင်းတရားသည် "ခံစစ်မှ ထိုးစစ်" သို့ ကူးပြောင်းသည့် စစ်ဗျူဟာအတိုင်း အောက်မြန်မာပြည်သို့ စစ်မျက်နှာဖွင့်ခဲ့ပြီး ပြည်မြို့နှင့် ဟင်္သာတတို့ကို လျင်မြန်စွာ စီးနင်းသိမ်းပိုက်ခဲ့သည်။ ၁၇၅၅ ခုနှစ်တွင် ဒဂုံမြို့ကို ဗျူဟာမြောက် တိုက်ခိုက်သိမ်းပိုက်ကာ "ရန်ကုန်" (ရန်ငြိမ်းရာမြေ) ဟု အမည်ပြောင်းလဲခဲ့သည်။[၂] ထို့နောက် ပြင်သစ်တို့ နောက်ကွယ်မှ လက်နက်ကူညီနေသည့် မွန်တို့၏ အချက်အချာ ပင်လယ်ထွက်ပေါက် သံလျင်ခံတပ်ကို တိုက်ရိုက်မတိုက်ဘဲ ၁၄ လကြာ စိတ်ရှည်စွာ ဝိုင်းရံပိတ်ဆို့ကာ ရိက္ခာဖြတ်တောက်သည့် တိုက်ကွက်ကို သုံးခဲ့ပြီး ၁၇၅၆ ခုနှစ်တွင် "ရဲထွန်းတပ်" အသေခံရဲမက်များဖြင့် တက်ရောက်သိမ်းပိုက်ခဲ့သည်။ နောက်ဆုံးတွင် မွန်တို့၏ ဗဟိုချက်မဖြစ်သော ပဲခူးဟံသာဝတီ မြို့တော်ကြီးကို ဝိုင်းရံကာ စစ်ရေးနှင့် နိုင်ငံရေးပရိယာယ်များကို အကွက်ကျကျ ပေါင်းစပ်လျက် ၁၇၅၇ ခုနှစ်၊ မေလတွင် အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။[၄]
မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျသည် သာမန်အရပ်သားဘဝမှထကာ တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ဖြစ်နေမှုကို စစ်ရေး၊ နိုင်ငံရေး မဟာဗျူဟာမြောက် စည်းလုံးသိမ်းသွင်းခဲ့ပြီး ရွှေဘို၏ သမိုင်းဝင်အမည် (၅) မျိုးဖြစ်သော မုဆိုးဖို၊ ကုန်းဘောင်၊ ရန်ကြီးအောင်၊ အယုဇ္ဈပူရ၊ ရတနာသိင်္ဃ အနက် မူလကုန်းမြေမြင့်ကို အစွဲပြုကာ "ကုန်းဘောင်မင်းဆက်" ကို ထူထောင်ခဲ့သည်။ ဤမင်းဆက်သည် မြန်မာ့သမိုင်းတွင် အင်အားအကြီးဆုံးနှင့် နယ်မြေအကျယ်ပြန့်ဆုံး စစ်အင်ပါယာတစ်ခုဖြစ်သည့် "တတိယမြန်မာနိုင်ငံတော်" အဖြစ် ပေါ်ထွန်းလာခဲ့ပြီး၊ ၁၈၈၅ ခုနှစ် သီပေါမင်းလက်ထက် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအထိ နှစ်ပေါင်း ၁၃၃ နှစ်တိုင်တိုင် မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင်အဖြစ် အုပ်ချုပ်စိုးမိုးနိုင်ခဲ့သည်။[၁]
မင်းဆက်များ
[ပြင်ဆင်ရန်]
ကုန်းဘောင်ခေတ်တွင် အုပ်ချုပ် မင်းပြုခဲ့သော မင်းဆက် (၁၁) ဆက်ရှိသည်။ ယင်းတို့မှာ −
- အလောင်းမင်းတရား (သို့) ဦးအောင်ဇေယျ (၁၇၅၂ – ၁၇၆၀)
- နောင်တော်ကြီးမင်း (သို့) ဒီပဲယင်းမင်း (၁၇၆ဝ– ၁၇၆၃)
- မြေဒူးမင်း (သို့) ဆင်ဖြူရှင်မင်း (၁၇၆၃ – ၁၇၇၆)
- စဉ့်ကူးမင်း (၁၇၇၆ – ၅ ဖေဖော်ဝါရီ ၁၇၈၂)
- ဖောင်းကားစား မောင်မောင် (၅ – ၁၁ ဖေဖော်ဝါရီ ၁၇၈၂)
- ဘိုးတော်ဘုရား (သို့) ဗဒုံမင်း (၁၇၈၂ – ၁၈၁၉)
- ဘကြီးတော်(စစ်ကိုင်းမင်း) (၁၈၁၉ – ၁၈၃၇)
- သာယာဝတီမင်း (၁၈၃၇ – ၁၈၄၆)
- ပုဂံမင်း (၁၈၄၆ – ၁၈၅၃)
- မင်းတုန်းမင်း (၁၈၅၃ – ၁၈၇၈)
- သီပေါမင်း (၁၈၇၈ – ၁၈၈၅)
အတိုကောက်အားဖြင့် "လောင်း၊ နောင်၊ ဆင်၊ စဉ့်၊ မောင်၊ ဘိုး၊ ဘ၊ သာ၊ ပု၊ မင်း၊ သီ" ဟူ၍ မှတ်သားကြသည်။ ကဗျာအားဖြင့် "လောင်း၊ နောင်၊ ဆင်၊ စ၊ မင်းမောင်လှ၊ ဘိုး၊ ဘ၊ သာယာဝတီ၊ ပုဂံ၊ မင်းတုန်း၊ သီပေါဆုံး ပေါင်းရုံးဆယ့်တစ်လီ" ဟူ၍ဖြစ်သည်။
ကုန်းဘောင်မင်းဆက်
[ပြင်ဆင်ရန်]ဖြစ်ပေါ်လာပုံ
[ပြင်ဆင်ရန်]ခရစ်နှစ် ၁၇၅၂ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင် ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်းဖြစ်သော မဟာဓမ္မရာဇာဓိပတိ ခရစ်နှစ် (၁၇၃၃–၁၇၅၂) နှင့် မိဖုရားတို့ ဟံသာဝတီသို့ ပါတော်မူပြီးနောက် မြန်မာတစ်နိုင်ငံလုံးသည် အစုအစည်းမဲ့သော အခြေအနေသို့ ရောက်ရှိခဲ့တော့သည်။ သို့ကလို အဘက်ဘက်မှ ယိုယွင်းပျက်စီးပြိုလဲနေသော နိုင်ငံတော်ကြီးကို တတိယအကြိမ်မြောက် တစ်လုံးတစ်စည်းတည်း ဖြစ်အောင် ပြန်လည်စုစည်းတည်ထောင်နိုင်ခဲ့သူမှာ မုဆိုးဖို (ရွှေဘို) မှ ရွာသူကြီး ဦးအောင်ဇေယျ (ခေါ်) အလောင်းမင်းတရားကြီး ဖြစ်သည်။ ပုဂံခေတ်တွင် အနော်ရထာမင်းမြတ်သည် ပထမဦးစွာ မြန်မာနိုင်ငံတော်ကို စည်းရုံးနိုင်ခဲ့သည့်အပြင် အိမ်နီးချင်းနိုင်ငံများကိုပါ သိမ်းသွင်းခဲ့၍ အရှေ့တောင်အာရှတွင် မြန်မာ့အာဏာစက်သည် ကျယ်ပြန့်ခဲ့သည်။ အလားတူပင် ဒုတိယအကြိမ်တွင် ဘုရင့်နောင်မင်းတရားကြီးနှင့် တတိယအကြိမ်တွင် အလောင်းမင်းတရားတို့သည်လည်း ပထမအကြိမ် အနော်ရထာမင်းမြတ်ကဲ့သို့ပင် နိုင်ငံတော်ကြီးကို ပြန်လည်စည်းရုံးနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံတော်၏ အာဏာစက်ကိုလည်း ကျယ်ပြန့်အောင် ပြုလုပ်နိုင်ခဲ့ကြသည်။
အင်းဝနေပြည်တော် မပျက်မီကပင် မုဆိုးဖိုရွာတွင် ဦးအောင်ဇေယျသည် ရွာ၏ အကြီးအကဲပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။ ဦးအောင်ဇေယျသည် ပုဂံမင်းမျိုး၊ မိုးညင်းမင်းတရားအနွယ်ဝင် မုဆိုးဖိုရွာသားဖြစ်ပြီး သူ၏ ဆွေမျိုးစုတွင် အကြီးအကဲ ဩဇာအာဏာရှိသူ ဖြစ်သည်။ သတင်းထင်ပေါ်ခဲ့၍ အင်းဝပျက်ပြီးသောအခါ ၁၇၅၂ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် မုဆိုးဖိုမြို့သူကြီး ဦးအောင်ဇေယျထံသို့ မွန်အင်အားစုများ လာရောက်၍ သစ္စာပေးကြသည်။ တစ်နေ့တည်းမှာပင် ကွေ့မင်းဂုဏ္ဏအိန်အဖွဲ့ကလည်း လာရောက်သစ္စာပေးသည်။ ယင်းသို့ သစ္စာပေးသည်ကို ဥပါယ်တံမျဉ်ဖြင့် ငြင်းပယ်၍ ခရစ်နှစ် ၁၇၅၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့တွင် မြို့သူကြီး ဦးအောင်ဇေယျသည် "အလောင်းမင်းတရား" ဘွဲ့ဖြင့် ကုန်းဘောင်မင်းဆက်၏ ပထမဆုံးဘုရင်အဖြစ် ခံယူခဲ့လေသည်။ ထိုသို့ဖြင့် ကုန်းဘောင်မင်းဆက်ကို မြန်မာသက္ကရာဇ် ၁၁၁၄ ခုနှစ်တွင် တည်ထောင်သည်ကို အမှတ်ရလွယ်ကူစေရန် "ဥဩအော်မြည် ကုန်းဘောင်တည်" ဟူ၍ မှတ်သားထားခဲ့ကြလေသည်။
ဘာကြောင့်ခေါ်
[ပြင်ဆင်ရန်]ကုန်းဘောင်မင်းဆက်တွင် မင်းပေါင်း (၁၁) ဆက် ရှိသည်။ ဒေဝဒဟ၊ ကောလိယ၊ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ ပင်းယ၊ အဝ (အင်းဝ) တိုင်အောင် သာကီနွယ်ရိုး သတိုးအဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်းဆယ်ဆက်မြောက်မင်းဖြစ်သော ဟံသာဝတီပါမင်းတရားကြီးလက်ထက် ရတနာပူရ အင်းဝနေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက် ပြတ်သွားပေရာ သင်္ဘော၊ လှေ၊ ဖောင်ကြီးနှင့် ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ် ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီး ဖွားမြင်ရာဌာနကိုပင် ဗေဒင်ကျမ်းအရ ဓာတ်မြတ်ဓာတ်ထူးဖြစ်သော ဂဗ္ဘေ ဓာတ်ရိုက်၍ "ကုန်းဘောင်" မြို့တော်ဟု သမုတ်လေသည်။
ဦးမောင်မောင်တင် (K.S.M. A.T.M) ပြုစုသော 'ရွှေနန်းသုံး ဝေါဟာရအဘိဓာန်' တွင် 'ကုန်းဘောင်မြို့' ခေါ်ဝေါ်ခြင်းအကြောင်းကား မုဆိုးဖိုမြို့အရှေ့ဘက် အလောင်းစည်သူမင်း တည်ထားခဲ့သော ကုန်းဘောင်ရိုး၊ တောင်မြောက်တန်းလျက်ရှိသော ကုန်းဘောင်ရိုးကိုစွဲ၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်ဟု ဖော်ပြပါရှိသည်။ ကုန်းဘောင်ပြည်ကြီးဟူ၍လည်း ကျော်စောထင်ရှားခဲ့သည်။ အလောင်းမင်းတရားကြီးမှသည် သီပေါမင်းတိုင်အောင် ဤကုန်းဘောင်မင်း ဦးအောင်ဇေယျမှ စတင်ပေါက်ဖွားခဲ့ခြင်းဖြစ်၍ 'ကုန်းဘောင်ဆယ့်တစ်ဆက်' ဟူ၍ သုံးနှုန်းလေ့ရှိကြသည်။ ကုန်းဘောင်ဟု ခေါ်ခြင်း၏ အခြားအကြောင်းမှာ အလောင်းမင်းတရားကြီး၏ ဘိုးတော်ဘီတော်အနွယ်ကား မဟာသမ္မတမင်းမှစ၍ အာဒိစ္စဝံသအထိ အနွယ်လာ သာကီဝင်မင်းတို့၏ အဆက်အနွယ်တော် ဖြစ်ပေသည်။ ထိုမင်းဆက်ကို ဟံသာဝတီမင်းက ဖျက်ဆီးပြန်လေသောကြောင့် သကျနန်းရိုး သတိုးအနွယ်တော် ပျက်လေသည်။ ဟံသာဝတီမွန်မင်းတို့ကား ရေနှင့်တူ၏။ ထိုရေကို ဖြတ်သန်းလွှမ်းမိုး၍ အလောင်းမင်းတရားကြီး၏ ရွှေဘုန်းတော်ဖြင့် အထက်က သကျနန်းရိုး သတိုးအနွယ်တော်ကို ပြန်လည်ဆက်စပ်ပြန်သည်ဖြစ်၍ အလောင်းမင်းတရားကြီးကား 'ကုန်းဘောင်' နှင့် တူသဖြင့် မင်းတရားကြီး၏ သားတော်အစဉ် မြေးတော်အဆက်ကို 'ကုန်းဘောင်မင်းဆက်' ဟု နောင်အခါ ထင်ရှားလာသည်။
ကုန်းဘောင်မင်းဆက် လင်္ကာ
[ပြင်ဆင်ရန်]ကုန်းဘောင်မင်းဆက်မှာ အလောင်းမင်းတရားကြီး နန်းတက်သော သက္ကရာဇ် ၁၁၁၄ ခု (ခရစ်နှစ် ၁၇၅၂ ခုနှစ်) မှ ကုန်းဘောင်မင်းဆက် (၁၁) ဆက်မြောက်ဖြစ်သော သီပေါမင်းတရား အင်္ဂလိပ်လက်သို့ ပါတော်မူသော သက္ကရာဇ် ၁၂၄၇ ခု (ခရစ်နှစ် ၁၈၈၅ ခု) အထိ နှစ်ပေါင်း (၁၃၃) နှစ်ကာလကို ကုန်းဘောင်ခေတ် ဟူ၍ ပိုင်းခြားသတ်မှတ်ခဲ့ကြသည်။
ကုန်းဘောင်မင်းဆက်တို့၏ နန်းတက်နှစ်နှင့် နန်းသက်ကို နောင်လာနောက်သားတို့ အလွယ်တကူ မှတ်မိစေရန် ရည်ရွယ်၍ လင်္ကာဖြင့် မှတ်တမ်းတင်ထားလေသည်။
- အ-အာ-အောင်လား၊ လောင်းဘုရား၊ ရွှေဘိုရှစ်နှစ်ထား (၁၁၁၄ ခုနှစ်တွင် အလောင်းမင်းတရား ဦးအောင်ဇေယျသည် နန်းတက်၍ ရွှေဘိုတွင် ၈ နှစ် နန်းစံသည်)
- အိမ်-အား-ကျားခေါ်၊ သားနောင်တော်၊ သုံးနှစ်ရွှေဘိုပျော် (၁၁၂၂ ခုနှစ်တွင် သားဖြစ်သူ နောင်တော်ကြီးမင်း နန်းတက်၍ ရွှေဘိုတွင် ၃ နှစ် နန်းစံသည်)
- ဦး-အောင်-ချီ-မူ၊ ညီဆင်ဖြူ၊ ဆယ့်သုံးရွှေဘိုအင်းဝယူ (၁၁၂၅ ခုနှစ်တွင် ညီတော်ဆင်ဖြူရှင် ရွှေဘိုနှင့် အင်းဝတစ်လှည့်စီ ၁၃ နှစ် နန်းစံသည်)
- အုံ-အူ-စား-ရူး၊ သားစဉ့်ကူး၊ ငါးနှစ် အင်းဝမြူး (၁၁၃၈ ခုနှစ်တွင် သားတော် စဉ့်ကူးမင်း အင်းဝတွင် ၅ နှစ် နန်းစံသည်)
- အိမ်-ဦး၊ လှော်-ဆား၊ နောင်တော်သား ရက်မောင်မောင် အင်းဝထား (၁၁၄၃ ခုနှစ်တွင် နောင်တော်ကြီးမင်း၏ သားဖြစ်သူ ဖောင်းကားစားမောင်မောင် အင်းဝတွင် ၇ ရက် နန်းစံသည်)
- လောင်းဘုရားသား ဘိုးတော်ကား ထိုနှစ်တောင်မြို့သွား (သုံးဆယ့်ရှစ်နှစ်) ထား (၁၁၄၃ ခုနှစ်တွင် အလောင်းဘုရား၏ သားတော် ဘိုးတော်မင်းသည် တောင်မြို့ (အမရပူရ) တွင် ၃၈ နှစ် နန်းစံသည်)
- အုံး-အား-ရေး-အီး၊ မြေးဘကြီး၊ ဆယ့်ရှစ်အင်းဝမှီး (၁၁၈၁ ခုနှစ်တွင် မြေးတော် ဘကြီးတော်မင်းသည် အင်းဝတွင် ၁၈ နှစ် နန်းစံသည်)
- အောင့်-အီး-ဟီ-ဟောင် ညီကုန်းဘောင်၊ ကိုးနှစ်မြို့ရှောင် (၁၁၉၉ ခုနှစ်တွင် ညီတော် သာယာဝတီမင်းသည် တောင်မြို့ (အမရပူရ) တွင် ၉ နှစ် နန်းစံသည်)
- အခေါင်နားရန်၊ သားပုဂံ၊ ခြောက်နှစ်တောင်မြို့ခံ (၁၂၀၈ ခုနှစ်တွင် သားတော် ပုဂံမင်းသည် တောင်မြို့ (အမရပူရ) တွင် ၆ နှစ် နန်းစံသည်)
- အင်း-ကံ-အားလုံး၊ ညီမင်းတုန်း (ဆ-ဝီ) မန်းမြို့ကုန်း (၁၂MT၄ ခုနှစ်တွင် ညီတော် မင်းတုန်းမင်းသည် မန္တလေးတွင် ၂၆ နှစ် နန်းစံသည်)
- အုတ်-ကုန်း-လူနှော၊ သားသီပေါ ခုနစ်မန်းမြို့ပျော် (၁၂၄၀ ပြည့်နှစ်တွင် သားတော် သီပေါမင်း မန္တလေးမြို့တွင် ၇ နှစ် နန်းစံသည်)
- အင်း-ကော-လိပ်-တက်၊ မန်းမြို့ပျက်၊ နန်းသက်ကုန်ခဲ့ပြီ (၁၂၄၇ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။)
ကုန်းဘောင်မင်းဆက်တွင် မင်း (၁၁) ပါးရှိသည်။ ယင်းမင်းတို့၏ အမည်နှင့် အုပ်စိုးခဲ့သော ကာလများကို အောက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် နယ်ချဲ့၏ လက်အောက်သို့ ထိုကုန်းဘောင်မင်းများအနက် မင်းသုံးပါးလက်ထက်တွင် တစ်စတစ်စနှင့် တစ်နိုင်ငံလုံး ကျရောက်ခဲ့ခြင်း ဖြစ်သည်။ (၇) ဆက်မြောက် စစ်ကိုင်းမင်း (ဘကြီးတော်) လက်ထက်တွင် ရခိုင်နှင့် တနင်္သာရီတို့ ကျရောက်ခဲ့ပြီး၊ (၉) ဆက်မြောက် ပုဂံမင်းလက်ထက်တွင် မြန်မာနိုင်ငံအောက်ပိုင်း တစ်ဝက်ကျရောက်ခဲ့ပြန်သည်။ (၁၁) ဆက်မြောက် သီပေါမင်းလက်ထက်တွင်မူ တစ်နိုင်ငံလုံး ကျရောက်ခဲ့တော့သည်။ ပုဂံခေတ် မင်းခွေးချေးလက်ထက်တွင် တရုတ်က မြန်မာနိုင်ငံကို ဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့ရာ ပုသိန်မြို့အထိ ဆုတ်ခွာပြေးခဲ့ရသဖြင့် မင်းခွေးချေးကို 'တရုတ်ပြေးမင်း' ဟု ခေါ်ခဲ့သည်။ အင်းဝခေတ် မဟာဓမ္မရာဇာဓိပတိမင်းလက်ထက်တွင် မွန်တို့၏ လက်အောက်သို့ ကျရောက်ခဲ့သဖြင့် ထိုမင်းကို 'ဟံသာဝတီရောက်မင်း' ဟု ခေါ်ခြင်း ဖြစ်သည်။
ပုဂံခေတ် တရုတ်ပြေးမင်းလက်ထက်တွင် မြန်မာနိုင်ငံတော်အထက်ပိုင်းသာလျှင် တရုတ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့သည်။ အင်းဝခေတ် ဟံသာဝတီရောက်မင်းလက်ထက်တွင်မူ တိုင်းရင်းသားအချင်းချင်းဖြစ်သော မွန်တို့၏ လက်အောက်သို့ ကျရောက်ခဲ့ခြင်းသာဖြစ်သည်။ ကုန်းဘောင်ခေတ် သီပေါမင်းလက်ထက်တွင် အင်္ဂလိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ခြင်းမှာ ယခင် ကုန်းဘောင်မင်းနှစ်ပါး (စစ်ကိုင်းမင်းနှင့် ပုဂံမင်း) လက်ထက်တွင် ကျရောက်ခဲ့ပြီးဖြစ်သော မြန်မာနိုင်ငံ သုံးပုံနှစ်ပုံမှ လက်ကျန်တစ်ပုံပါ ပါသွားပြီး တစ်ပြည်လုံးအနေအထားနှင့် ကျရောက်ခဲ့ခြင်း ဖြစ်သည်။
အမည်ငါးမျိုး
[ပြင်ဆင်ရန်]ကုန်းဘောင်မင်းဆက် စတင်ရာ ရွှေဘိုမြို့ကို 'ငါးမည်ရပြည်ရွှေဘို' ဟု ခေါ်ဝေါ်ကြသည်။ ၎င်းငါးမည်မှာ (၁) ရန်ကြီးအောင်၊ (၂) ကုန်းဘောင်၊ (၃) ရွှေဘို၊ (၄) မုဆိုးဖို၊ (၅) ရတနာသိင်္ဃ ဟူ၍ ဖြစ်သည်။ မုဆိုးဖိုတွင် အလောင်းမင်းတရား မင်းအဖြစ်သို့ ရောက်ရှိပြီး ၁၁၁၅ ခုနှစ်တွင် မြို့နန်းတည်သောအခါတွင်မှ ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရွှေဘို၊ ရတနာသိင်္ဃ ဟူသော ကျန်လေးမည်သည် 'မုဆိုးဖို' ဟူသော ပင်စည်ပင်ရင်းမှ ဝေဆာ၍ ဖြာထွက်ခဲ့သော အကိုင်းအခက်များသာ ဖြစ်ကြသည်။ သို့ဖြစ်၍ ကုန်းဘောင်မင်းဆက်ကို မုဆိုးဆက်ဟုလည်း ခေါ်သည်။ ပင်ရင်းမူလဖြစ်သော 'မုဆိုးဖို' အကြောင်းကို 'ကုန်းဘောင်မင်းဆက် မဟာရာဇဝင်ကြီး' ပထမတွဲ စာမျက်နှာ (၆၇) တွင်- "ဘေးလောင်းတော် နရပတိစည်သူမင်းတရားကြီး တိုင်းခွင်လှည့်လည်တော်မူသောအခါ ဤအရပ်သို့ရောက်လျှင် ငပိုအမည်ရှိသော မုဆိုးအား ပိုမြေနယ်နိမိတ် အပိုင်းအခြား ပေးအပ်၍ ဗောင်းဝန်းတိုက်အရပ်တွင် ဗောင်းဝန်းတော်ကိုထားသည်" ဟုရှိသည်။ ထို့ကြောင့် မုဆိုးဖိုသည် ပုဂံနရပတိစည်သူမင်း (ဒုတိယစည်သူ) ၏ လက်ထက်မှစ၍ ပေါ်ထွန်းလာသည်ဟု ဆိုရမည်။
ဦးကုလား၏ 'မဟာရာဇဝင်တော်ကြီး' ပထမတွဲ စာမျက်နှာ (၂၆၉) တွင်မူ- "နန်းစဉ်စာရင်းချုပ်ကြီးတွင် စစ်မက်ရေးရာ ပေါ်ပေါက်လာပါက စစ်သားစုဆောင်းပေးရသော အင်အားသတ်မှတ်ချက်အလိုက် သုံးသိန်းပြုမြို့မှသည် နှစ်ကျိပ်ပြုမြို့အထိ စာရင်းတွင် နှစ်ရာပြုမြို့ (၁၃) မြို့တွင် မုဆိုးဖိုမြို့ ပါဝင်လျက်ရှိသည်" ကို တွေ့ရှိရလေသည်။
မည်သို့ပင်ဆိုစေ မုဆိုးဖိုအမည်သည် ရွှေဘိုမြို့၏ မူလအမည် ဖြစ်သည်။ ပုဂံခေတ်ကျောက်စာများတွင် မုဆိုးဖို ဟူ၍ တွေ့ရှိရသည်။ အချို့ကျောက်စာများတွင် မုဆိုးပို ဟူ၍လည်း တွေ့ရသေးသည်။ မုဆိုးငပိုအား မြေနယ်နိမိတ် အပိုင်းအခြား ပေးအပ်ရာမှ မုဆိုးငပိုကို အစွဲပြု၍ မုဆိုးပိုမှ မုဆိုးဖို ဖြစ်လာသည်ဟု ဆိုသည်။
အင်္ဂလိပ်သံအမတ် ကပ်ပတိန် ဂျော့ဘေကာ၏ ရတနာသိင်္ဃခရီးသွားမှတ်တမ်း၌ "မုဆိုးဖိုကား အလောင်းမင်းတရားကြီး စိုးစံသော နေပြည်တော် ဖြစ်သည်။ အုတ်မြေသားတို့ဖြင့် လုပ်သော မြို့ရိုးဝိုင်းရံထားသည့် နန်းမြို့ဖြစ်သည်။ မြို့ရိုးသည် (၁၂) ပေထုရှိပြီး ပေ (၂၀) မြင့်၏။ မြေမြို့ရိုးတစ်ဖက်စီ၌ အလျားသည် အလှမ်း တာတစ်ထောင်ရှိမည်ဟု ကျွန်ုပ် ခန့်မှန်းမိသည်။ စတုဂံတံတိုင်းခတ် နန်းမြို့ဖြစ်သည်။ နန်းမြို့တွင်း၌ အိမ်ထောင်စု လေးထောင်ခန့် ရှိသည်။ မြစ်ရိုးမှ အတွင်းဘက် (၁၂) မိုင်အကွာ ညီညာသော မြေပြင်တွင် တည်ထားသော နန်းမြို့ဖြစ်သည်။ သို့သော် သဲမြေ၊ ဆားမြေ အလွန်ပေါသည်။ နေရာအနှံ့အပြား၌ မြေမည်းများကို တွေ့ရ၏။ ယင်းမြေမည်းကို ကျိုချက်လိုက်ပါက ဆားများစွာ ထွက်သည်။ အနီးအနားဒေသများမှ အနည်းငယ် လုပ်အားစိုက်ထုတ်လိုက်ရုံမျှနှင့် ယမ်းစိမ်းအမျိုးကောင်းရသည်။ လူများများ၏ လုပ်အားကိုသုံးလျှင် ယမ်းစိမ်း အမြောက်အမြား ရနိုင်သည်" ဟူ၍ ဖော်ပြထားသည်။
"ရတနာသိင်္ဃ" ဟူ၍ မှည့်ခေါ်ရခြင်းအကြောင်းမှာ ရတနာများစုဝေးရာ ဆုံရာဖြစ်သောကြောင့်ပင် ဖြစ်သည်။ မဟာအတုလယသဓမ္မရာဇာဂုရုဆရာတော်ကြီး၏ နန်းစဉ်ပုစ္ဆာအဖြေတွင် "သိင်္ဃ ဆိုသည် ဆုံသည့်ရပ်" ဟု ဖြေဆိုခဲ့၏။ မြို့တော်တည်ပြီး နှစ်ပေါင်း (၇၉) နှစ်အကြာ စစ်ကိုင်းမင်း (ဘကြီးတော်) လက်ထက် သီရိမဟာနန္ဒသင်္ကြန်မတ်ကြီး ရေးသားပြုစုသော 'သာသနာဝံသစာတမ်း' အရ 'သိင်္ဃ' ဟူသော ပါဠိဘာသာဖြင့် (လျင်သော) အနက်ကို ဟောသဖြင့် ထိုမင်း၏ စည်းစိမ်သည် (မရှည်) စသည်ဖြင့် သိင်္ဃဟု မသင့်၊ သိခင်ဖြစ်သင့်ကြောင်း စောဒကတက်ခဲ့၏။ မည်သို့ဆိုစေ သိင်္ဃကို စတုတ္ထအက္ခရာ (ဃ) ဖြင့် ရေးသားခြင်းသာလျှင် သမိုင်းကြောင်းအရ အမှန်အကန်ဆုံးဖြစ်သည်။
'ရန်ကြီးအောင်မြို့' ဟု ခေါ်ဝေါ်ခြင်းအကြောင်းမှာ အေဒီ ၁၇၅၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့မှစ၍ အလောင်းမင်းတရားကြီး မင်းဧကရာဇ်အဖြစ် ယူတော်မူကာ ရန်သူအပေါင်းအား အောင်မြင်ရာဖြစ်သောကြောင့် ဆိုသည်။ 'ရွှေဘိုမြို့' ဟု ခေါ်ဝေါ်ခြင်းမှာ မုဆိုးဖိုအမည်ကို ကဏ္ဍသုခဖြစ်စေရန် ရွှေဖို၊ ရွှေပို ဟူ၍ တင်စားခေါ်ဆိုရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အထက်ဖော်ပြပါ မြို့အမည်ငါးမျိုးမှာ ထင်ရှားသော်လည်း လူသိနည်းသော အမည်တစ်မျိုးလည်း ရှိသေးသည်။ ယင်းမှာ ပါဠိဘာသာအားဖြင့် မှည့်ခေါ်ထားသော 'အယုဇ္ဈပူရ' ဖြစ်သည်။ အလောင်းမင်းတရားကြီး ထုတ်ပြန်ခဲ့သော အမိန့်တော်များတွင် 'အယုဇ္ဈပူရမည်သော ရတနာသိင်္ဃ ကုန်းဘောင်ရွှေပြည်ကြီး' ဟူ၍ အမြဲသုံးစွဲသည်။ ကုန်းဘောင်မင်းဆက် မဟာရာဇဝင်တော်ကြီးနှင့် မင်းတုန်းမင်းတရားကြီး ရေးထိုးခဲ့သော ကျောက်စာများတွင် အယုဇ္ဈပူရ ဟူသော အသုံးအနှုန်းကို တွေ့နိုင်သည်။ အယုဇ္ဈပူရ၏ အဓိပ္ပာယ်မှာ "စစ်ထိုးခြင်းငှာ မတတ်ကောင်းသောပြည်" ဟူ၍ ဖြစ်သည်။
ကုန်းဘောင်မင်းဆက်သည် မြန်မာသမိုင်း၌ နောက်ဆုံးမင်းဆက်ဖြစ်၍လည်းကောင်း၊ မင်းဆက်မများဘဲ မှတ်သားရန် လွယ်ကူ၍လည်းကောင်း ယခုတိုင် မြန်မာတိုင်းလိုပင် လက်ချိုးရေတွက် ပြသနိုင်သည်။ ကုန်းဘောင်မင်းဆက် (၁၁) ဆက်ကို အလွယ်တကူ ရေတွက်ရန် အောက်ပါတေးထပ်ကို ရေးဖွဲ့ထားလေသည်။
ကုန်းဘောင်မင်းဆက်တေးထပ်
[ပြင်ဆင်ရန်]- ဦးအောင်ဇေယျအမှူး မြောက်ထူးတစ်ယောက်တင်မူ၊
- (ဦးလောက်) ပ ဘုရင်တစ်ဆူ၊
- ဆင်ဖြူရှင်စခန်း၊
- စဉ့်ကူးမင်းကောင်းစားမီ၊
- ဖောင်းကားညီလုတဲ့ ရွှေနန်း၊
- ဦးဝိုင်းပ ပထမခေါင်ပျော်၊
- မြနောင်တော်ရေဖျန်း အမရဆောင်ပေါ် ဗွေကြငှန်းမှာလ၊ ရွှေစာတမ်းဖွဲ့ပြန်၊
- ကုန်းဘောင်ပျော်နေလိုဝင်း၊
- ရွှေမင်းသားမြတ်ပုဂံ ချမ်းအေးဖို့ ပန်းမွှေးပန်၊
- မန္တလေးစံ တောင်လက်ရုံးရယ်နှင့် မင်းတုန်းမင်း၊
- သီပေါအရှင် ထီးနန်းနှင့်ပလ္လင် ဆယ့်တစ်ဆက်အုပ်စိုးတင့် မုဆိုးဘုရင်စခန်းမို့လေး။
ကုန်းဘောင်မင်းဆက်တစ်ခုလုံးကို ခြုံ၍ကြည့်လိုက်လျှင် ဝမ်းသာစရာ၊ အားရစရာအချက်များလည်း ပါဝင်သည်။ ကုန်းဘောင်မင်းဆက်၌ မင်း (၁၁) ပါးရှိရာ ထိုမင်းများတွင် စွမ်းရည်သတ္တိ၊ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော မင်းကောင်းမင်းမြတ် ပါဝင်သလို မင်းသာမန်၊ မင်းညံ့များလည်း ပါဝင်သည်။ ကုန်းဘောင်မင်းဆက်၌ ထင်ရှား၍ မြန်မာတို့ ဂုဏ်ယူဝင့်ကြွားလောက်သော မင်းများမှာ အလောင်းမင်းတရားကြီး၊ ဆင်ဖြူရှင်၊ ဗဒုံမင်း (ဘိုးတော်ဘုရား) နှင့် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးတို့ ဖြစ်ကြသည်။ ကုန်းဘောင်ခေတ်တွင် မြန်မာနိုင်ငံကို အကျယ်ဆုံးအထိ တိုးချဲ့စည်းရုံးနိုင်ခဲ့သည်။ သာသနာရေးကို အထူးဂရုစိုက်၍ ပြုစုခဲ့ကြသည်။ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြသည့်အပြင် သားကြီးငါးကြီး စားသောက်မှု၊ အရက်သေစာ သောက်စားမှုတို့ကို တားမြစ်ခဲ့သည်။
ယင်းခေတ်တွင် ရဟန်းပညာရှိ၊ လူပညာရှိနှင့် စာဆိုတော်များ အများအပြား ပေါ်ထွန်းခဲ့သည်။ မဇ္ဈိမဒေသမှ ယူဆောင်လာသော ဆေးကျမ်း၊ ဓာတ်ကျမ်းများကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ မြင်ကွန်းတောင်ပေါ်ကျောင်းဆရာတော် ဓမ္မဝိလာသ၊ တွင်းသွင်းတိုက်ဝန် မဟာစည်သူဘွဲ့ခံ ဦးထွန်းညို၊ ရှင်တေဇောသာရ၊ အတွင်းဝန် ဝဏ္ဏဓမ္မကျော်ထင်၊ ခေမာစာရမထေရ်၊ အမတ်ရာဇဗလ၊ ကျုံးဝန်ဘုမ္မဇေယျသင်္ကြန်၊ အမတ်လက်ဝဲဘိနန္သူ၊ ကင်းဝန်မင်းကြီး၊ ယောအတွင်းဝန် အစရှိသော ဓမ္မသတ်ဆရာကြီးများ၊ ကျမ်းပြုပုဂ္ဂိုလ်ကြီးများ ပေါ်ထွန်းခဲ့သည်။ ဦးတိုး၊ ကျည်းကန်ရှင်ကြီး၊ ဝက်မစွတ်နဝဒေး၊ မင်းကြီးကတော် ခင်ဆုံ၊ စာဆိုတော်ဦးမင်း၊ ဖိုးသူတော်ဦးမင်း၊ အနောက်နန်းမတော် မမြလေး၊ လှိုင်ထိပ်ခေါင်တင် အစရှိသော စာဆိုတော်များ၊ ဦးကြင်ဥ၊ ဦးပုည အစရှိသော ပြဇာတ်ရေးဆရာများ ပေါ်ထွန်းခဲ့သည်။ ကုန်းဘောင်ခေတ်တွင် တေးထပ်၊ လေးဆစ်သဖြန်၊ ဘောလယ်၊ ယိုးဒယား၊ ပတ်ပျိုး၊ သီချင်းကြီးများ စသည်တို့ မြန်မာစာပေတွင် သစ်ဆန်းပေါ်ထွက်လာသည်။
ကုန်းဘောင်ခေတ် ဂီတစာဆိုတော်များအနက် မင်းလက်ဝဲနော်ရထာဘွဲ့ခံ ဦးနေ၊ ဦးလွန်းပြေ၊ စာဆိုတော် ဦးမြတ်လှ၊ အမတ်မင်းသိင်္ခရ၊ စာဆိုတော် မယ်လုပ်၊ ဇေယျပတေ့အမတ်၊ ရွှေလိုက်စာရေး ဦးမင်းအောင်၊ ငယ်တိုးအတွင်းဝန် ဦးကျီစိုး၊ မြဝတီမင်းကြီး ဦးစ၊ ပခန်းမင်းသားကြီး၊ သံတော်ဆင့် ဦးအောင်ပန်း၊ မင်းသားမောင်ကုတ်တေး၊ ဆိုင်းဆရာကြီး ဦးယား၊ စာဆိုဦးတရုတ်၊ မြင်စိုင်းမင်းသား၊ မြစ်ဝိုင်းမင်းသမီး၊ ပြင်စည်မင်းသား၊ သာယာဝတီဦးဝိုင်း၊ ဦးကျောက်ခဲ၊ ဆောမြို့စား မင်းဦးစီး၊ စုံနံ့သာမြိုင်ဦးကြော့၊ စာရေးတော်ကြီး ဦးမောင်ကလေး၊ တဘက်ဆွဲရွာစား ဦးမြတ်ရစ်၊ မောင်မောင်ဘ၊ မောင်မောင်ဘေ၊ ဆရာမွှန်းကြီး၊ တောင်သမန်လယ်စား ဦးဖေငယ်၊ ဒေဝဣန္ဒာ မောင်မောင်ကြီး၊ ဦးတေနောင်၊ ကန်နီစစ်ကဲ မင်းထင်ရာဇာ၊ မင်းကျော်ရာဇာ၊ နားခံတော်ဝေါကြီးမှူးဦးချုံ၊ စင်တော်ကြီးမင်းသား ဦးသာပြော စသည်တို့မှာ ထင်ရှားလေသည်။ ကုန်းဘောင်ခေတ်၏ ပညာရေးနှင့် စပ်လျဉ်း၍ မြန်မာစာပေသာမက ပြင်သစ်စာပေ၊ အင်္ဂလိပ်စာပေများကိုလည်း လေ့လာလိုက်စားကြသည်။ မန္တလေးမြို့တွင် အင်္ဂလိပ်စာသင်ကျောင်းပင် ပေါ်ပေါက်ခဲ့သည်။
ကုန်းဘောင်ခေတ်တွင် စစ်မှုထမ်းများကို ဘောင်းဘီများ ဝတ်ဆင်စေ၍ အီတလီလူမျိုး၊ ပြင်သစ်လူမျိုးဆရာများနှင့် ကြပ်မတ်သင်ကြားစေသည်။ ရှေးအခါက မင်းမှုထမ်းကိစ္စအတွက် ခြေလျင်တော်၊ လှေလျင်တော်များကိုသာ အသုံးပြုသော်လည်း ၁၂၃၅ ခု (၁၈၇၃ ခုနှစ်) မှစ၍ ကြေးနန်းရုံတော်များ ပေါ်လာသည်။ မင်းတုန်းမင်းလက်ထက်၌ စက်မှုလက်မှုလုပ်ငန်းများကို သင်ကြားရန် နိုင်ငံရပ်ခြားသို့ ပညာတော်သင်များ စေလွှတ်သည်။ နေပြည်တော်တွင် ရက်ကန်းရုံတော်ကြီး၊ ဆန်ကြိတ်ရုံများ၊ လက်နက်လုပ်စက်ရုံ၊ လွှစက်ရုံ၊ သကြားစက်ရုံ၊ ဖန်ချက်ရုံ၊ မဲနယ်စက်ရုံ၊ ဒင်္ဂါးစက်ရုံ စသည်ဖြင့် စက်မှုလက်မှုရုံပေါင်း (၅၀) ကျော်တို့ကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ထို့အပြင် မန္တလေးရတနာပုံ နန်းမြို့အတွင်း၌ စာပုံနှိပ်စက်မှ ရိုက်နှိပ်ထုတ်ဝေသော 'ရတနာပုံနေပြည်တော်သတင်းစာ' အမည်ဖြင့် သတင်းစာပင် ပေါ်ပေါက်နေလေပြီ။
ကုန်းဘောင်ခေတ်တွင် ယဉ်ကျေးမှုဘက်၌လည်း တိုးတက်လာသည်ကို တွေ့ရသည်။ ယဉ်ကျေးမှုဟုဆိုရာ၌ အလှအပကို ဖန်တီးသမျှ ပညာရပ်များသာမက လူတို့၏ အတွင်းစိတ်ကို လှပစေရန် ပြုပြင်ဖန်တီးပေးသော ကိုးကွယ်ယုံကြည်မှုများလည်း အကျုံးဝင်လေသည်။ ကုန်းဘောင်ခေတ်တွင် အရေးပါသော ဘာသာကြီးသုံးခုမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာတို့ ဖြစ်ကြသည်။ ဗုဒ္ဓသာသနာသည် မင်းနှင့်ပြည်သူအများစု ကိုးကွယ်သောဘာသာဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာမှာ အင်အားအကောင်းဆုံး ဖြစ်သည်။ သို့သော် ဂါထာမန္တရား၊ လက်ဖွဲ့၊ အင်းအိုင်၊ ခါးလှည့်၊ ယတြာ အစရှိသော မဟာယာနဗုဒ္ဓဘာသာ အလေ့အထများကိုလည်း လက်ခံလျက်ရှိကြောင်း တွေ့ရ၏။ ဗုဒ္ဓဘာသာတွင် အတင်ဂိုဏ်းနှင့် အရုံဂိုဏ်း ကွဲပြားမှုသည် ညောင်ရမ်းခေတ်မှ စတင်ပြီး ကုန်းဘောင်ခေတ်အထိ ရှိနေခဲ့၏။ သင်္ကန်းကို ပခုံးတစ်ဖက်မှာ တင်ရုံလိုသော ရဟန်းသံဃာများက အတင်ဂိုဏ်းတွင် ပါဝင်ပြီး သင်္ကန်းကို လုံလုံခြုံခြုံရုံပြီးသွားမှသာလျှင် ဝိနည်းတော်နှင့် ညီသည်ဟု ယူဆသော ရဟန်းများက အရုံဂိုဏ်းဝင်များ ဖြစ်ကြ၏။ ညောင်ရမ်းခေတ်ဘုရင်များက ၎င်းပြဿနာများကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ နောင်တော်ကြီးမင်း လက်ထက်တွင်လည်း အတင်ဂိုဏ်းကိုပင် အသိအမှတ်ပြုခဲ့၏။ ဆင်ဖြူရှင်မင်း မှာလည်း စစ်မက်များ တိုက်ခိုက်နေရသဖြင့် ၎င်းပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေ။ စဉ့်ကူးမင်းလက်ထက်တွင် ဂိုဏ်းနှစ်ခုမှ ပုဂ္ဂိုလ်များကို အချေအတင် ပြောဆိုစေခဲ့သော်လည်း ဘုရင်က ပြတ်ပြတ်သားသား အဆုံးအဖြတ် မပေးနိုင်ခဲ့ပေ။ ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက်တွင် နှစ်ဖက်ပုဂ္ဂိုလ်များ အချေအတင် ပြောဆိုစေသောအခါ အရုံဂိုဏ်းက ပိုင်နိုင်စွာ ပြောဆိုနိုင်သဖြင့် အရုံဂိုဏ်းကို မှန်ကန်သောဂိုဏ်းအဖြစ် အသိအမှတ်ပြုခဲ့၏။ ဗဒုံမင်းသည် ပြတ်သား၍ အတွေးအခေါ်အယူအဆ ကောင်းသူဖြစ်သည်။ ၎င်းလက်ထက်မှာပင် သာသနာပိုင် ရာထူးပေါ်ပေါက်ခဲ့သည်။ မင်းတုန်းမင်းသည် ၎င်းလက်ထက်တွင် ဗုဒ္ဓသာသနာကို တည်တံ့ခိုင်မြဲသန့်ရှင်းစေရန် ရည်ရွယ်သောအားဖြင့် ပဉ္စမသင်္ဂါယနာ တင်ခဲ့၏။
ခရစ်ယာန်သာသနာသည် ပေါ်တူဂီများနှင့်အတူ (၁၅) ရာစုမှစ၍ ရောက်ရှိလာခဲ့သည်ဟု ယူဆရန်ရှိသည်။ ပေါ်တူဂီတို့သည် လက်နက်အသစ်များ ကိုင်တွယ်တတ်သဖြင့် ဘုရင်တို့က မြှောက်စားခဲ့ကြ၏။ တောင်ငူခေတ်တွင် ရိုမန်ကက်သလစ် သာသနာဝင်ဂိုဏ်းမှ သာသနာပြုများ အောက်မြန်မာနိုင်ငံသို့ ရောက်လာခဲ့ကြ၏။ ၎င်းတို့မှာ သိပ္ပံပညာ၊ ဆေးပညာ ကျွမ်းကျင်သူများ ဖြစ်သောကြောင့် သာသနာပြုရာတွင် အခွင့်သာကြလေသည်။ ညောင်ရမ်းခေတ်တွင် ငဇင်ကာ အုပ်ချုပ်နေသော သံလျင်ကို သိမ်းပိုက်ပြီးနောက် ခရစ်ယာန်ဘာသာဝင်များကို စစ်ကိုင်းခရိုင်၊ ချောင်းဦး၊ ဒီပဲယင်းမြို့၊ မုံရွာ၊ အမြင့်၊ နဘက် စသည့် ရွာ (၁၆) ရွာတွင် နေရာချထားပေးခဲ့ကာ မိမိတို့အစုနှင့် နေထိုင်ကြပြီး သာသနာပြုပုဂ္ဂိုလ်များလည်း မကြာခဏ ရောက်ကြ၏။ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ကျမ်းစာလေ့လာခွင့်များ ရရှိခဲ့ကြ၏။
ကုန်းဘောင်ခေတ်ဦးပိုင်း ဟံသာဝတီကို အလောင်းမင်းတရား အောင်မြင်သောအချိန်တွင် မွန်တို့ဘက်မှ ပါဝင်ကူညီခဲ့သော ပြင်သစ်များကို အထက်မြန်မာနိုင်ငံ နဘက်၊ ချောင်းဦး စသောရွာများ အပါအဝင် (၁၂) ရွာ၌ နေရာချပေးခဲ့၏။ သာသနာပြုပုဂ္ဂိုလ်များက လက်တင်ဘာသာ သင်ကြားပေးပြီး ပညာထူးချွန်သူများကို ရောမသို့ ပညာသင်ရန် စေလွှတ်ခဲ့လေသည်။ ၁၈၁၃ ခုနှစ်တွင် နှစ်ခြင်းဂိုဏ်းမှ ဆရာယုဒသန် (ဒေါက်တာဂျပ်ဆင်) ရောက်လာပြီး သာသနာပြုလုပ်ငန်း စတင်ခဲ့၏။ ၎င်းကိုယ်တိုင် မြန်မာစာပေကို လေ့လာ၍ 'မြန်မာ-အင်္ဂလိပ် အဘိဓာန်' ကို ပြုစုခဲ့၏။ ၎င်းဂိုဏ်းမှ သာသနာပြုပုဂ္ဂိုလ်များသည် အိမ်ထောင်ပြုခွင့်ရှိသဖြင့် ဇနီးပါလာသောကြောင့် သာသနာပြုလုပ်ငန်း ပိုမိုအောင်မြင်သည်ဟု ဆိုနိုင်ပေသည်။ ဇနီးများက မပြည့်စုံသော ကလေးသူငယ်များကို ကျွေးမွေးပြုစု၍ ပညာပေးခြင်းစသော လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လေ့ရှိကြ၏။ အောက်မြန်မာနိုင်ငံတွင် သာသနာပြုကျောင်းများ စတင်ဖွင့်လှစ်လာခဲ့ပြီး မင်းတုန်းမင်းလက်ထက်တွင် အင်္ဂလိကန်ဂိုဏ်းမှ သာသနာပြု ဒေါက်တာမတ် (ဆရာမှတ်ကြီး) ကို မန္တလေးသို့ ခေါ်ယူ၍ မြေနေရာနှင့် ငွေကြေးထောက်ပံ့ခဲ့၏။ သာသနာပြုခွင့်၊ ကျောင်းဖွင့်ခွင့်ပေး၏။ အဓိကရည်ရွယ်ချက်မှာ သားတော်များကို အင်္ဂလိပ်စာ သင်ကြားနိုင်ရေးပင် ဖြစ်သည်။
အစ္စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာထက် စော၍ မြန်မာနိုင်ငံသို့ ရောက်ရှိသည်ဟု ဆိုနိုင်သည်။ ပုဂံကျောက်စာအချို့တွင် 'ပန်သေး'၊ 'ပသည်' ဟု ရေးသားထားသဖြင့် ပုဂံခေတ်ကပင် အစ္စလာမ်ဘာသာဝင်များ ရှိလိမ့်မည်ဟု ဆိုနိုင်လေသည်။ ကုန်းဘောင်ခေတ် ရောက်သောအခါ မွတ်စလင်အများအပြား ရှိနေလေပြီ။ မဏိပူရမှလာသော မွတ်စလင်များကို 'ကသည်းမွတ်စလင်' ဟု ခေါ်ပြီး မြန်မာမွတ်စလင်များကို 'ဇေရ်ဘာဒီ' ဟု ခေါ်လေ့ရှိသည်။ စစ်မှုရေးရာနှင့် ကုန်သွယ်မှုတွင် ထူးချွန်သူများ ဖြစ်၏။ ကသည်းမြင်းအစုသည် လွန်စွာထင်ရှားသော မြင်းမှုထမ်းများ ဖြစ်လေသည်။ အလောင်းမင်းတရားလက်ထက်မှစ၍ မွတ်စလင်များ တိုးတက်လာရာ ဘိုးတော်ဘုရားလက်ထက်တွင် မွတ်စလင်စစ်မှုထမ်းများကို ညောင်ရမ်း၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပင်းတလဲ၊ တဘက်ဆွဲ၊ မြေဒူး၊ ဒီပဲယင်း စသော ဒေသများ၌ နေမြေ၊ စားမြေပေးသည့်အပြင် အခွန်လွတ်ခွင့်လည်း ပေးခဲ့၏။ မွတ်စလင်တို့၏ ကုလားပျိုသေနတ်အစုမှာ ထင်ရှား၍ ဘုရင်၏ ယုံကြည်မှုခံယူရသူများဖြစ်သောကြောင့် နန်းတော်စောင့်တပ်၊ ကိုယ်ရံတော်တပ်များအဖြစ် အမှုထမ်းခဲ့ကြရ၏။ ၎င်းတို့အတွက် ဗလီဆောက်လုပ်ရာတွင် ဘုရင်ကိုယ်တိုင် ရွှေပန္နက်စိုက်ပေးခဲ့ကြောင်း သိရပေသည်။ ဘိုးတော်ဘုရားလက်ထက်တွင် အိန္ဒိယသို့ သတင်းထောက်လှမ်းရန် စေလွှတ်ခံရသူများမှာလည်း မွတ်စလင်များပင် ဖြစ်ကြပြီး အထင်ရှားဆုံးမှာ ဦးရွှေတုတ် ဖြစ်၏။
မင်းတုန်းမင်းလက်ထက်တွင် ကြွယ်ဝသော မွတ်စလင်များကို ဘုရင်က သူဌေးဘွဲ့ ပေးအပ်ခဲ့၏။ ဘုရင်က သင်္ဘောဝယ်ယူအသုံးပြုသောအခါတွင် ဘုရင့်သင်္ဘောကပ္ပိတိန်အဖြစ် အမှုထမ်းသော ဦးမြနှင့် လက်နက်ရုံကြီးကြပ်သူ ဦးပွင့်တို့မှာ မွတ်စလင်များပင် ဖြစ်သည်။ အထက်ပါ ဘာသာကြီးသုံးခုအပြင် ရှေးအခါကစ၍ အမြစ်တွယ်လာခဲ့သော နတ်နဂါးကိုးကွယ်မှုနှင့် ဗြဟ္မဏအယူဝါဒများလည်း ကုန်းဘောင်ခေတ်တွင် ဆက်လက်ရှင်သန်လျက်ပင် ရှိပေသည်။
ကုန်းဘောင်ခေတ်တွင် ဘာသာယုံကြည်ကိုးကွယ်မှုများ တိုးတက်ထွန်းကားခဲ့သလို ရုပ်ပိုင်းဆိုင်ရာ ဗိသုကာ၊ ပန်းချီ၊ ပန်းပု အစရှိသည့် အနုပညာရပ်များ နယ်ပယ်၌လည်း ထွန်းကားခဲ့သည်ကို တွေ့ရလေသည်။ ဗိသုကာပညာရပ်နှင့် နှီးနွယ်နေသော ပန်းရန်၊ ပန်းတော့၊ ပန်းပွတ်၊ ပန်းပု၊ ပန်းချီ ပညာရပ်များ များစွာတိုးတက်ထွန်းကားလာခဲ့သည်။
ကုန်းဘောင်ခေတ်ပန်းချီပညာနှင့် ပတ်သက်၍ ရွှေရေးပန်းချီ၊ ယွန်းထိုးပန်းချီ၊ ဆေးရေးပန်းချီ ဟူ၍ သုံးမျိုးသုံးစား ခွဲခြားနိုင်လေသည်။ ယွန်းထိုးပန်းချီမှာ ပုဂံခေတ်မှ ခေတ်စားခဲ့သော ပညာရပ်ဖြစ်သည်။ ယွန်းထည်ပေါ်တွင် ကညစ်ဖြင့် ရေးခြစ်ပြီး ဆေးရောင်သွင်းသော အတတ်ပညာဖြစ်၏။ ကုန်းဘောင်ခေတ်တွင် လူသုံးပစ္စည်းအဖြစ် ယွန်းထည်များကို ကျယ်ပြန့်စွာ သုံးစွဲခဲ့ကြသည်။
အဆင့်အတန်းအမြင့်ဆုံး ပင်မပန်းချီပညာရပ်မှာ ဆေးရေးပန်းချီ ဖြစ်သည်။ ၎င်းပညာသည် ကမ္ဘာသုံးပန်းချီပညာဖြစ်ပြီး ပုဂံခေတ်မှစ၍ အဆင့်အတန်းမြင့်ခဲ့လေသည်။ မြန်မာ့ဆေးရေးပန်းချီသည် 'ကနုတ်' (ကြာခွေ၊ ကြာလိပ်၊ ကြာရိုး၊ ကြာစွယ်၊ ကြာရွက်၊ ကြာဖူး စသည်တို့ပုံကို အခွေအလိပ်များအဖြစ် ရေးဆွဲခြင်းဖြစ်ပြီး ခြူးပန်းခြူးနွယ်ဟူ၍လည်း သိရှိကြ၏။)၊ 'နရီ' (မိန်းမရုပ် ရေးဆွဲခြင်းကို ဆိုလိုသော်လည်း နောက်ပိုင်းတွင် လူရုပ်အမျိုးမျိုး ရေးဆွဲခြင်း ပါဝင်လာ၏။)၊ 'ကပီ' (မျောက်ရုပ်ဟု အဓိပ္ပာယ်ရှိသော်လည်း ဘီလူး၊ ဂဠုန်၊ နဂါး စသော အရုပ်များကို ကနုတ်ပန်းများနှင့် ရောနှောရေးဆွဲခြင်း ဖြစ်သည်။)၊ 'ဂဇာ' (ဆင်၊ မြင်းစသော တိရစ္ဆာန်များကို ကနုတ်ပန်းစသော အဆင်တန်ဆာမပါဘဲ ရိုးရိုးရေးဆွဲခြင်း ဖြစ်သည်။) ဟူ၍ အခွဲများရှိသည်။
ကုန်းဘောင်ခေတ်ဦး ပန်းချီလက်ရာများတွင် အနီးအဝေး၊ အလင်းအမှောင် မှန်ကန်မှုမရှိ၊ ဆေးရောင်အမျိုးအစားလည်း နည်းပါးသော်လည်း ခေတ်နှောင်းပိုင်းတွင် အဆင့်အတန်း မြင့်မားလာပြီး အနီးအဝေး၊ အလင်းအမှောင်၊ ဆေးရောင်များ ကောင်းမွန်လာသည်ကို တွေ့ရလေသည်။ ကုန်းဘောင်ခေတ်တွင် ဆေးရေးပန်းချီအမှုထမ်းများကို ပန်းချီတော်အဖြစ် ခန့်ထား၍ အဆောက်အအုံများအပြင် မိဖုရား၊ သားတော်၊ သမီးတော်များ ဗဟုသုတပွားများစေရေးအတွက် လေ့လာကြည့်ရှုမှတ်သားရန် ငါးရာ့ငါးဆယ် နိပါတ်ရုပ်စုံများ၊ နန်းဓလေ့မှတ်တမ်းများကို ပုရပိုက်ဖြူများတွင် ဆေးရောင်စုံဖြင့် ရေးဆွဲစေခဲ့သည်။
ကုန်းဘောင်ခေတ် မြန်မာ့ပန်းချီ၏ ထူးခြားချက်မှာ အမြင်မှန်ရေးဆွဲနည်း (Perspective) ဖြစ်၏။ သက်ရှိ၊ သက်မဲ့အရာဝတ်ထုများ ရေးဆွဲရာတွင် အိမ်နံရံစသည်တို့ကို ဖောက်ထွင်းမြင်ရပုံ ရေးဆွဲခြင်းပင် ဖြစ်သည်။ အသုံးပြုသောဆေးများမှာ အနီရောင်အတွက် ဟင်္သပြဒါး၊ အဝါအတွက် ဆေးဒန်း၊ အပြာအတွက် ဒုတ္ထာနှင့် မဲနယ်၊ အနက်အတွက် ကျပ်ခိုး၊ အဖြူအတွက် မြေဖြူနှင့်ထုံး တို့ဖြစ်သည်။ အစိမ်းရောင်ရရှိရန် ဆေးဒန်းနှင့် ဟင်္သပြဒါးရော၍သော်လည်းကောင်း၊ သစ်ရွက်ရည်ကိုသော်လည်းကောင်း သုံးလေ့ရှိ၏။ ၎င်းပင်ရင်းဆေးရောင်များကို ရောစပ်ပြီး ပုစွန်ဆီ၊ ဂဠုန်အန်ဖတ် (အညိုပုတ်) စသော အရောင်များရအောင် လုပ်ဆောင်လေ့ရှိကြ၏။ ဆီဆေးဖြင့် ရေးဆွဲရာတွင် ဆေးကို ပိုက်ဆံဆီနှင့် ရောနှောပြီး ရေဆေးဖြင့် ရေးဆွဲသည့်အခါ တမာစေးနှင့် ရောလေ့ရှိ၏။ ပုံကြမ်းရေးဆွဲရန် မီးသွေးတောင့်ငယ်များ ရရှိရေးအတွက် သင့်လျော်သောအရွယ် ထင်းချောင်းငယ်များကို မီးဖုတ်ယူကြရ၏။ စုတ်တံကို နွား၏နားအတွင်းမှ အမွေးနုများဖြင့် ပြုလုပ်ကြပေသည်။
ကုန်းဘောင်ခေတ်တွင် ကြေးထည်ဖြင့် ပြုလုပ်သော ပန်းတဉ်းလုပ်ငန်း၊ ကျောက်ဆစ်ပညာဖြစ်သော ပန်းတမော့လုပ်ငန်း၊ မှန်စီရွှေချလုပ်ငန်း၊ ပန်းပုလုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း၊ ပိုးထည်လုပ်ငန်း၊ ရွှေချည်ထိုးလုပ်ငန်း၊ မျက်ပါးခတ်လုပ်ငန်းများလည်း ထွန်းကားခဲ့လေသည်။ ကုန်းဘောင်ခေတ်အတွင်း အခွန်တော်များစွာ ရစေသောလုပ်ငန်းမှာ မျက်ပါးခတ်လုပ်ငန်း ဖြစ်သည်။ ရွှေကို ပါးလွှာအောင်ခတ်၍ ရွှေဆိုင်းများလုပ်သော လုပ်ငန်းဖြစ်လေသည်။
ဤအကြောင်းအရာများကား မြန်မာတို့ ခေတ်ကိုအမီလိုက်လာပုံ၊ တိုးတက်လာပုံကို ပြသသဖြင့် ဂုဏ်ယူဖွယ်ရာများ ဖြစ်တော့သည်။ ကုန်းဘောင်ခေတ်တွင် ဝမ်းနည်းစရာ အဖြစ်အပျက်များကား နောင်တော်ကို ညီတော်များက ပုန်ကန်ခြင်း၊ ခမည်းတော်၊ ဘထွေးတော်များကို သားတော်၊ တူတော်များက ပုန်ကန်ခြင်းများနှင့် နန်းတော်ထဲတွင် သူဘက်ငါ့ဘက်ဟူ၍ တကွဲကွဲအပြားပြား ဖြစ်နေကြခြင်းများ ဖြစ်သည်။
ကုန်းဘောင်မင်းများသည် မြို့တော်များ မကြာခဏ ရွှေ့ပြောင်းခဲ့သည်။ သို့ရာတွင် ရန်ကုန်မြို့ကဲ့သို့ ပင်လယ်ဆိပ်ကမ်းတွင် မြို့တော်မပြုလုပ်ခဲ့သဖြင့် ကမ္ဘာတွင် ထွန်းကားနေသော စက်မှုလက်မှု တိုးတက်မှုများနှင့် တိုက်ရိုက်အဆက်အသွယ် မရရှိခဲ့ပေ။ ထိုသို့မရရှိခဲ့ခြင်းပင်လျှင် မြန်မာနိုင်ငံ လွတ်လပ်ရေးဆုံးရှုံးရခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်ဟု သမိုင်းဆရာတို့က ဆိုကြသည်။ မည်သို့ဆိုစေကာမူ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် မြန်မာ့မြေပေါ်၌ အင်္ဂလိပ်နှင့် ပြင်သစ်တို့ အပြိုင်အဆိုင် ဖြစ်နေကြသည်။ မြန်မာဘုရင်က ပြင်သစ်တို့အား အထူးအခွင့်အရေးများပေးပြီးလျှင် မဟာမိတ်စာချုပ်များ၊ စီးပွားရေးစာချုပ်များ ချုပ်ဆိုသည်ကို အင်္ဂလိပ်တို့က အထူးမခံမရပ် ဖြစ်ကြသည်။ မြန်မာနိုင်ငံအထက်ပိုင်းကို ပြင်သစ်တို့ သိမ်းပိုက်ခြင်း သို့မဟုတ် ဩဇာလွှမ်းမိုးခြင်းများ ပြုလုပ်မည်ကို စိုးရိမ်မကင်းဖြစ်ကြသဖြင့် အင်္ဂလိပ်တို့က မြန်မာနိုင်ငံအထက်ပိုင်းကို ပြင်သစ်တို့ထက် အလျင်အမြန် လက်ဦးမှုရရှိအောင် သိမ်းယူလိုက်ကြခြင်း ဖြစ်သည်။
ဤသို့ဖြင့် အနောက်လက်နက်နိုင်ငံကြီးများ စားခွက်လုမှုကြောင့် မြန်မာနိုင်ငံသည် ထီးသုဉ်း၊ နန်းသုဉ်း၊ မင်းသုဉ်းပြီးနောက် တစ်မျိုးသားလုံး ကျွန်ဘဝသို့ ရောက်ကာ မြန်မာဘုရင် သီပေါမင်းတရားသည် အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ပါတော်မူခဲ့ရပေသည်။ ထိုအချိန်မှစ၍ မြန်မာ့သမိုင်း၌ မြန်မာနိုင်ငံတော်ကြီးကို တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင် ထူထောင်ခဲ့သော အလောင်းမင်းတရားကြီး၏ ကုန်းဘောင်မင်းဆက်သည် (၁၁) ဆက်မြောက် သီပေါမင်းလက်ထက်တွင် စုံးစုံးမြုပ်ကာ မြန်မာ့အချုပ်အခြာအာဏာ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ရပေသည်။
ကုန်းဘောင်မင်း ၁၁-ဆက် အကျဉ်း
[ပြင်ဆင်ရန်]အလောင်းမင်းတရား
[ပြင်ဆင်ရန်](၁) ရွှေချက်သိုစေတီဒါယကာ အလောင်းမင်းတရားကြီးဟူသော ဘွဲ့တံဆိပ် နာမံတော်နှင့် ၁၁၁၄ ခုနှစ်တွင် နန်းတက်သည်။ နန်းစည်းစိမ် ၈ နှစ်စံ၊ အိမ်နိမ့် ၃၈ နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၆ နှစ်၌ နတ်ရွာစံတော်မူသည်။ (အချို့ကား အိမ်နိမ့် ၃၇ နှစ်)
နောင်တော်ကြီးမင်း
[ပြင်ဆင်ရန်](၂) အလောင်းမင်းတရားကြီး၏ သားတော်ကြီး စစ်ကိုင်းမင်း (နောင်တော်ကြီးမင်း ဟုလည်းခေါ်)၊ မဟာနန္ဒကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီး သိရီပဝရဓမ္မရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၂၂ ခုနှစ်တွင် နန်းတက်၍ နန်းစည်းစိမ် ၃ နှစ်စံ၊ အိမ်နိမ့် ၂၆ နှစ်စံ၊ နံတော် အင်္ဂါသား၊ သက်တော် ၂၉ နှစ်၌ နတ်ရွာစံသည်။ ငယ်အမည်မှာ မောင်လောက် ဖြစ်သည်။ ၎င်းလက်ထက်တွင် အလောင်းမင်းတရား၏ ရဲဘက်တော်ဟောင်း မင်းခေါင်နော်ရထာ၏ ပုန်ကန်မှုနှင့် ဘထွေးတော် တောင်ငူဘုရင်ခံ မင်းရဲသိင်္ခသူတို့၏ ပုန်ကန်မှုကဲ့သို့သော ပုန်ကန်မှုများကို အောင်မြင်စွာ နှိမ်နင်းနိုင်သည်။ ထူးခြားမှုအနေဖြင့် ပုန်ကန်သူများအား သေဒဏ်မပေးဘဲ နေမြဲစားမြဲအတိုင်းသာ စားစေသဖြင့် စိတ်နှလုံးကြီးမြတ်သော မင်းအဖြစ် နှောင်းဆရာတို့ သတ်မှတ်ထားသည်။
ဆင်ဖြူရှင်မင်း
[ပြင်ဆင်ရန်](၃) ညီတော် ဆင်ဖြူရှင်ခေါ် နိဗ္ဗာန်ဆိပ်ဦးစေတီတော် ဒါယကာ၊ တတိယအကြိမ် အင်းဝမြို့တည် ဆင်ဖြူရှင်မင်းတရား၊ သီရိပဝရ သုဓမ္မ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၂၅ ခုနှစ်၌ နန်းတက်၍ နန်းစည်းစိမ် ၁၃ နှစ်၊ အိမ်နိမ့် ၂၇ နှစ်၊ နံတော် တနင်္ဂနွေသား၊ သက်တော် ၄၀ နှစ်၌ နတ်ရွာစံသည်။ (အချို့ကား နန်းစည်းစိမ် ၁၂ နှစ် ဟူသေး၏။) အလောင်းမင်းတရားကြီး၏ ဒုတိယသားတော်၊ ငယ်မည် ဦးရွ ဖြစ်သည်။ အခြားလူသိများသည့် အမည်မှာ မြေဒူးမင်း ဖြစ်သည်။
စဉ့်ကူးမင်း
[ပြင်ဆင်ရန်](၄) သားတော် စဉ့်ကူးမင်း၊ မိုးထိကျောင်းဒါယကာ၊ ၁၁၃၈ ခုနှစ်တွင် နန်းတက်၍ နန်းစည်းစိမ် ၅ နှစ်စံ (အချို့မူတွင် ၆ နှစ်)၊ အိမ်နိမ့် ၂၀ နှစ်စံ၊ နံတော် တနင်္လာသား၊ သက်တော် ၂၆ နှစ်၌ နတ်ရွာစံသည်။ ဆင်ဖြူရှင်မင်းတရား၏ ဒုတိယသားတော်၊ ငယ်မည် မောင်ရဲလှ ဖြစ်သည်။
ဖောင်းကားစား မောင်မောင်
[ပြင်ဆင်ရန်](၅) ဖောင်းကားမင်း၊ ၁၁၄၃ ခုနှစ်တွင် နန်းတက်၍ နန်းစည်းစိမ် ၇ ရက်မျှသာ စံရသည်။ အိမ်နိမ့် ၁၈ နှစ်စံ၊ နံတော် ကြာသပတေးသား၊ သက်တော် ၁၈ နှစ်၌ ကံတော်ကုန်သည်။ နောင်တော်ကြီးဘုရား၏ သားတော်၊ ငယ်မည် မောင်မောင် ဖြစ်သည်။ ဖောင်းကားစား မောင်မောင် ဟု လူသိများသည်။
ဗဒုံမင်း
[ပြင်ဆင်ရန်](၆) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်း (ခေါ်) ဆင်ဖြူများရှင်မင်းတရားကြီး (ခေါ်) ဘိုးတော်ဘုရား (ခေါ်) အောင်မြေလောကစေတီဒါယကာ၊ အမရပူရ ပထမမြို့တည်နန်းတည် မင်းတရားကြီး သိရီပဝရဝိဇယာနန္တ ယသတြိ ဘဝနာဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၄၃ ခုနှစ်တွင် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၃၈ နှစ်၊ အိမ်နိမ့် ၃၈ နှစ်စံ၊ နံတော် တနင်္လာသား၊ သက်တော် ၇၅၌ ကံတော်ကုန်သည်။ အလောင်းမင်းတရားကြီး၏ ဆဋ္ဌမမြောက်သားတော်၊ ငယ်မည် ဦးဝိုင်းဟူ၏။ ၎င်းလက်ထက်တွင် အောက်ပြည်အရပ်မှ မွန်တို့ သူပုန်ထသဖြင့် နှိမ်နင်းရသေးသည်ဟု ဆိုသည်။
ဘကြီးတော်
[ပြင်ဆင်ရန်](၇) ဘကြီးတော်မင်း (ဖန်နန်းရှင်)၊ မှန်နန်းရှင်ဘုရားခေါ် မဟာဝိဇယရံသီ စေတီဒါယကာ၊ စတုတ္ထအကြိမ် အင်းဝမြို့တည်နန်းတည်မင်းတရားကြီး သိရီ တြိဘဝနာဒိတျ ပဝရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာဘွဲ့ တံဆိပ်တော်ဖြင့် ၁၁၈၁ ခုနှစ်တွင် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၁၈ နှစ် (၁၉ နှစ်ဟုလည်း မူကွဲရှိသည်။)၊ အိမ်နိမ့်စံ ၃၄ နှစ်၊ နံတော် သောကြာသား၊ သက်တော် ၆၁ ၌ နတ်ရွာစံသည်။ ငယ်မည် မောင်စိန် ဖြစ်သည်။ မှတ်ချက်။ ။ နန်းကျပြီးနောက် ၈ နှစ်ကြာမှ နတ်ရွာစံသည် ဟူ၏။
သာယာဝတီမင်း
[ပြင်ဆင်ရန်](၈) ညီတော် သာယာဝတီမင်း၊ ကုန်းဘောင်မင်းဟုလည်းကောင်း၊ ရွှေဘိုမင်းဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။ လောကမဏိစူဠစေတီ ဒါယကာ၊ အမရပူရ ဒုတိယမြို့တည်နန်းတည်မင်းတရားကြီး သိရီပဝရာဒိတျ လောကာဓိပတိ ဝိဇယမဟာဓမ္မရာဇာဓိရာဇာ ဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁运行၉ ခုနှစ်တွင် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၉ နှစ်စံ၊ အိမ်နိမ့် ၅၀ နှစ်စံ၊ နံတော် ဗုဒ္ဓဟူးသား၊ သက်တော် ၅၉ နှစ်၌ ကံတော်ကုန်သည်။ ဘကြီးတော်စစ်ကိုင်းမင်း၏ ညီတော်၊ ငယ်မည် မောင်ခင်ဟူ၏။
ပုဂံမင်း
[ပြင်ဆင်ရန်](၉) သားတော် ပုဂံမင်း ခေါ် မဟာလောကရံသီစေတီ ဒါယကာ၊ သိရီသုဓမ္မ တိလောကပဝရ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၂၀၈ ခုနှစ်တွင် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၆ နှစ်စံ၊ အိမ်နိမ့် ၃၅ နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၁ နှစ်၌ နတ်ရွာစံသည်။ သာယာဝတီမင်း၏ သားတော်၊ ငယ်မည် မောင်ထောင်၊ ပုဂံမြို့စားဟူ၏။
မင်းတုန်းမင်း
[ပြင်ဆင်ရန်](၁၀) ပုဂံမင်း၏ ညီတော် မင်းတုန်းမင်း ခေါ် မဟာလောကမာရဇိန်စေတီဒါယကာ၊ မန္တလေးရတနာပုံ မြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတရားကြီး သိရီပဝရ ဝိဇယာနန္တ ယသပဏ္ဍိတ တြိဘာဝနာဓိတျာဓိပတိ မဟာဓမ္မ ရာဇာဓိရာဇာ ဘွဲ့တံဆိပ်တော်ဖြင့် ၁၂၁၄ ခုနှစ်တွင် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၂၆ နှစ်၊ အိမ်နိမ့်စံ ၃၈ နှစ်၊ နံတော် အင်္ဂါသား၊ သက်တော် ၆၄ နှစ်၌ နတ်ရွာစံသည်။ ငယ်မည် မောင်လွင်ဟူ၏။
သီပေါမင်း
[ပြင်ဆင်ရန်](၁၁) သားတော် သီပေါမင်း၊ မာန်အောင်ရတနာစေတီ ဒါယိကာ၊ မန္တလေးရတနာပုံ ဒုတိယနန်းစံ၊ သိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၂၄၀ ပြည့်နှစ်၌ နန်းတက်စံမြန်း၍ နန်းစည်းစိမ် ၇ နှစ်၊ နံတော် စနေသား၊ ငယ်မည် မောင်ရေစက် ဖြစ်လေသည်။ ၁၂၄၇ ခုနှစ်တွင် ဗြိတိသျှကိုလိုနီနယ်ချဲ့တို့က မင်းနှစ်ပါးအား ဖမ်းဆီးခေါ်ဆောင်လျက် မိမိတို့ တိုင်းပြည်ကြီးကို သိမ်းပိုက်ကြီးစိုးကာ မြန်မာလူမျိုးတို့အား ကျွန်သပေါက်ဘဝ ထားခဲ့ကြလေတော့သည်။
သုံးသပ်ချက်
[ပြင်ဆင်ရန်]ကုန်းဘောင်မင်းဆက်သည် မြန်မာနိုင်ငံကို နောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြန်မာမင်းဆက်ဖြစ်သည်။ စတင်ထူထောင်သူ အလောင်းမင်းတရား မှသည် နောက်ဆုံး သီပေါမင်း အထိ မင်းဆက် ၁၁ ဆက်တိတိ ရှိသည်။ ထိုမင်းဆက်၏ အစောပိုင်းမင်းများလက်ထက်တွင် ကာလရှည်ကြာရှိခဲ့သည့် မွန်-မြန်မာဆက်ဆံရေး ပြိုလဲကာ မွန်လူမျိုးတို့မှာလည်း လူမျိုးကြီးအဖြစ်မှ ကျဆင်းသွားသည်။ နောက်ပိုင်းမင်းဆက်များသည် တိုင်းပြည်တိုးတက်ရေးအတွက် များစွာအားထုတ်ဆောင်ရွက်ခြင်း မရှိဘဲ ထီးနန်းစည်းစိမ်တည်မြဲရေး၊ ရယူပိုင်ဆိုင်ရေး အစရှိသည့် နန်းတွင်းအရေးတော်ပုံများနှင့်သာ လုံးပန်းနေရသည်။
သို့သော် ဘာသာရေးတွင် ထင်ရှားသည့် မင်းနှစ်ပါးရှိပြီး ၎င်းတို့မှာ ဘိုးတော်ဘုရား နှင့် မင်းတုန်းမင်း တို့ ဖြစ်ကြသည်။ ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီး တည်ဆောက်ရန် ကြိုးပမ်းမှုနှင့် သာသနာရေးဆိုင်ရာ အငြင်းအခုန် ပြဿနာများကို ဖြေရှင်းရန် အားထုတ်မှုတို့ဖြင့် သမိုင်းတွင်သကဲ့သို့၊ မင်းတုန်းမင်းအနေဖြင့်လည်း ပဉ္စမသင်္ဂါယနာတင်ခြင်းနှင့် ထိုမှတစ်ဆင့် ပိဋကတ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ပြီး ပူဇော်ခြင်းတို့ဖြင့် ကျော်ကြားရသည်။ ထိုမင်းဆက်သည် အခြားမြန်မာမင်းဆက်များနည်းတူ ကုန်းတွင်းပိတ်သဘာဝကြောင့် ပင်လယ်ထွက်ပေါက်ရသည့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့သကဲ့သို့၊ ပဒေသရာဇ်ပီသစွာပင် ထီးနန်းတည်မြဲရေးကိုသာ အဓိကထားခဲ့သောကြောင့် ကျူးကျော်လာသည့် အင်္ဂလိပ်တို့ရန်ကို တွန်းလှန်ကာကွယ်ရန်အတွက် ခေတ်မီပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အချိန်နှောင်းခဲ့သဖြင့် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တွင် ရန်သူနယ်ချဲ့အင်္ဂလိပ်တို့၏ အပြီးတိုင်သိမ်းပိုက်ခြင်းကို ခံခဲ့ရလေသည်။
ကုန်းဘောင်အိမ်တော်အကြီးအကဲများ
[ပြင်ဆင်ရန်]သီပေါမင်းမြတ် နတ်ရွာစံပြီး၍ အရှင်နန်းမတော်စုဖုရားလတ် မြန်မာပြည်သို့ ပြန်လည်ကြွရောက်လာခဲ့ရာတွင် ကုန်းဘောင်အိမ်တော်အကြီးအကဲများသည် ဘုရင်စနစ်ချုပ်ငြိမ်းသည့်တိုင် ကျန်ရှိနေသေးရာ သမီးတော် အရှင်ထိပ်စုမြတ်ဖုရားလတ်မှစပြီး ရေတွက်ထားသည်။
လူဦးရေနှင့် လူမျိုးများ
[ပြင်ဆင်ရန်]ကုန်းဘောင်ခေတ် မြန်မာနိုင်ငံတော်၏ လူဦးရေသည် မင်းဆက်တစ်လျှောက် အတက်အကျရှိခဲ့ပြီး အင်ပါယာအထွတ်အထိပ် ရောက်ရှိချိန်တွင် ခန့်မှန်းခြေ လူဦးရေ (၂) သန်းမှ (၄) သန်းခွဲဝန်းကျင်အထိ ရှိခဲ့သည်ဟု သမိုင်းပညာရှင်များက ခန့်မှန်းကြသည်[၁]။ ဘိုးတော်ဘုရား (ဗဒုံမင်း) လက်ထက်တွင် နိုင်ငံတော်အတွင်း လူဦးရေနှင့် အခွန်အတုတ် ကောက်ခံနိုင်မှု အခြေအနေကို သိရှိနိုင်ရန် စစ်တမ်း များ (၁၇၈၃ နှင့် ၁၈၀၂ စစ်တမ်းများ) ကို ပထမဆုံးအကြိမ် အကြီးအကျယ် ကောက်ခံခဲ့သည်[၆]။
နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော လူမျိုးများမှာ ဧရာဝတီမြစ်ဝှမ်းနှင့် မြေပြန့်ဒေသများတွင် ဗမာလူမျိုးများ အများစု နေထိုင်ကြပြီး၊ အောက်မြန်မာပြည်တွင် မွန်လူမျိုး၊ ရခိုင်ဒေသတွင် ရခိုင်လူမျိုး၊ ကုန်းမြင့်နှင့် တောင်တန်းဒေသများတွင် ရှမ်း၊ ကရင်၊ ကချင်၊ ချင်း၊ ကယားနှင့် ပအိုဝ်း အစရှိသည့် တိုင်းရင်းသားလူမျိုးများ ကိုယ်ပိုင်ပဒေသရာဇ်စနစ်များဖြင့် ပျံ့နှံ့နေထိုင်ကြသည်။ကုန်းဘောင်အင်ပါယာ ချဲ့ထွင်စဉ် စစ်ပွဲများ (မဏိပူရ၊ ယိုးဒယား၊ မွန်ဒေသ) မှ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည့် သုံ့ပန်းအနွယ်ဝင်များ ဖြစ်ကြသော ကသည်းလူမျိုး (မဏိပူရသား)၊ ယိုးဒယားလူမျိုး (ထိုင်း) နှင့် မွန်လူမျိုးများသည် နေပြည်တော်ဝန်းကျင်တွင် အခြေချနေထိုင်ရင်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ပျော်ဝင်ခဲ့ကြသည်။တရုတ်ပြည် (ယူနန်) မှ ဝင်ရောက်လာသည့် တရုတ်နွယ်ဖွားများ၊ အိန္ဒိယမြေမှ ကုန်သည်များနှင့် မူဆလင်ကပြားများ (ပသီလူမျိုး)၊ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး အောက်ပြည်မှ တက်လာသည့် ဘင်္ဂါလီများနှင့် ဥရောပတိုက်သား သံတမန်/နည်းပညာရှင်များလည်း မြို့ကြီးများတွင် အခြေစိုက်နေထိုင်ခဲ့ကြသည်။
ယဉ်ကျေးမှု
[ပြင်ဆင်ရန်]ကုန်းဘောင်ခေတ်သည် မြန်မာ့သမိုင်းတွင် စာပေ၊ အနုပညာ၊ ဗိသုကာနှင့် လူမှုရေးယဉ်ကျေးမှုများ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည့် ရွှေခေတ်တစ်ခု ဖြစ်သည်။ မင်းညီမင်းသားများနှင့် အထက်တန်းလွှာများသာမက ရိုးရာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းစနစ် ကြောင့် သာမန်အရပ်သားများကြားတွင်ပါ စာတတ်မြောက်မှုနှုန်း အလွန်မြင့်မားခဲ့သည်[၁]။
အလံတော်နှင့် ဒေါင်းအမှတ်တံဆိပ် စတင်ပေါ်ပေါက်လာပုံ
[ပြင်ဆင်ရန်]မြန်မာ့ရိုးရာ အစဉ်အလာအရ မြန်မာမင်းဆက်များကို "သူရိယဝံသ" (နေမင်း၏အနွယ်စု) ဟု တင်စားခေါ်ဝေါ်လေ့ရှိကြပြီး နေမင်း၏ ပြယုဂ်အဖြစ် ဒေါင်းရုပ် (ဥဒေါင်းငှက်) ကို အမြတ်တနိုး သုံးစွဲခဲ့ကြသည်။[၇] ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့သည့် အလောင်းမင်းတရား (ဦးအောင်ဇေယျ) လက်ထက် (၁၇၅၂–၁၇၆၀) ကတည်းက နိုင်ငံတော်အဆင့် အမိန့်ပြန်တမ်းများနှင့် နန်းတွင်းသုံး တံဆိပ်တုံးကြီးများတွင် အမြီးစွင့်နေသည့် "ကန္နားစွင့် ကူးဒေါင်းပုံ" ကို တရားဝင် စတင်ခတ်နှိပ် အသုံးပြုခဲ့သည်။[၈]
ကုန်းဘောင်ခေတ်နှောင်းပိုင်း မင်းတုန်းမင်းတရားကြီး လက်ထက် (၁၈၅၃–၁၈၇၈) တွင် အနောက်တိုင်းနိုင်ငံများနှင့် သံတမန်ရေးအရ ကူးလူးဆက်ဆံမှု ပိုမိုများပြားလာသောအခါ မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတော်အလံ ကို တရားဝင် ပြဋ္ဌာန်းခဲ့သည်။ ၎င်းအလံမှာ အလျားစတုရန်းပုံစံ "အဖြူရောင်နောက်ခံပေါ်တွင် အမွေးအတောင် ဖြန့်ရစ်နေသည့် ကူးဒေါင်းရုပ်" ကို အလယ်ဗဟို၌ ထည့်သွင်းထားသည့် အလံတော်ဖြစ်သည်။[၉]
ထို့ပြင် မင်းတုန်းမင်းသည် ရတနာပုံနေပြည်တော် (မန္တလေး) တွင် ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့ပြီး ၁၈၅၃ ခုနှစ်မှစ၍ ခေတ်မီရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးများကို သွန်းလုပ်စေခဲ့သည်။ ၎င်းဒင်္ဂါးများ၏ ဗဟိုချက်တွင် နေမင်းအနွယ်စု၏ ပြယုဂ်ဖြစ်သော ဒေါင်းရုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့သဖြင့် အဆိုပါဒင်္ဂါးများကို ပြည်သူများက "ဒေါင်းဒင်္ဂါး" ဟု လူသိများလာခဲ့ပြီး၊ ဒေါင်းရုပ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် အချုပ်အခြာအာဏာကို ကိုယ်စားပြုသည့် တရားဝင် အမှတ်တံဆိပ် ဖြစ်လာခဲ့သည်။[၁၀]
ဤအဖြူရောင်နောက်ခံနှင့် ကူးဒေါင်းရုပ်ပါဝင်သော နိုင်ငံတော်အလံနှင့် ဒေါင်းအမှတ်တံဆိပ်ကို ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်း လက်ထက်အထိ တော်ဝင်အလံတော်အဖြစ်လည်းကောင်း၊ စစ်သင်္ဘောများနှင့် ဆိပ်ကမ်းခံတပ်များတွင်လည်းကောင်း လွှင့်ထူအသုံးပြုခဲ့ကြသည်။ ၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး ကုန်းဘောင်အင်ပါယာ ကျရှုံးသွားချိန်တွင် ဗြိတိသျှတို့သည် ဤဒေါင်းအလံတော်ကို ဖြုတ်ချခဲ့သော်လည်း၊ ကုန်းဘောင်ခေတ်က စတင်ခဲ့သည့် "ဒေါင်းရုပ်" သည် မြန်မာ(ဗမာ)လူမျိုးတို့၏ နှလုံးသားထဲတွင် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေး အမှတ်အသားအဖြစ် ယနေ့တိုင် ခိုင်မာစွာ ကိန်းအောင်းကျန်ရစ်ခဲ့သည်။[၁]
စာပေအနုပညာ
[ပြင်ဆင်ရန်]စာပေလောကတွင် ရတု၊ ရကန်၊ အိုင်ချင်း၊ အဲချင်း၊ ပျို့နှင့် လူးတားများအပြင် "ပြဇာတ်စာပေ" များပါ ထွန်းကားလာခဲ့သည်။ ဝန်ကြီးပဒေသရာဇာ (ညောင်ရမ်းခေတ်နှောင်းမှ ကုန်းဘောင်ခေတ်ဦး)၊ အတွင်းဝန် ဦးတိုး (ရာမရကန် စာဆို)၊ လူဦးမင်း၊ စာဆိုတော် ဦးပုည (စလေဦးပုည)၊ ကန်ဒီမင်းကျောင်းဆရာတော်နှင့် အမျိုးသမီးစာဆိုတော်များ ဖြစ်ကြသည့် လှိုင်ထိပ်ခေါင်တင်၊ မမြကလေး တို့သည် ခေတ်ပြိုင်ထင်ရှားခဲ့ကြသည်။ဆင်ဖြူရှင်မင်းလက်ထက် အယုဒ္ဓယ (ယိုးဒယား) ကို အောင်နိုင်ခဲ့ပြီးနောက် ယိုးဒယားတော်ဝင်ဇာတ်သဘင်၊ အကအလှနှင့် အတီးအမှုတ်များ (ဥပမာ - ရာမယဏဇာတ်တော်ကြီးနှင့် အီနောင်ဇာတ်တော်) သည် မြန်မာ့နန်းတွင်းယဉ်ကျေးမှုအဖြစ်သို့ ပုံသဏ္ဌာန်ပြောင်းလဲ ကူးစက်ထွန်းကားခဲ့သည်[၁၁]။
ဗိသုကာနှင့် ပန်းချီပန်းပု
[ပြင်ဆင်ရန်]ကုန်းဘောင်ခေတ် ဗိသုကာလက်ရာများသည် ဘာသာရေးအဆောက်အအုံများနှင့် တော်ဝင်နန်းတော်များတွင် အလွန်တရာ ခန့်ညားထည်ဝါခဲ့သည်။ ကျွန်းသစ်များကို အခြေခံ၍ မွမ်းမံထားသော ဘုန်းကြီးကျောင်းများနှင့် နန်းဆောင်များ၊ ပြာသာဒ်အဆင့်ဆင့်နှင့် ဘုရားကျောင်းကန်ဆောင်များ ပေါ်ထွန်းခဲ့သည်။ (ဥပမာ - မန္တလေး ရွှေနန်းတော်ကျောင်း နှင့် အမရပူရ ဦးပိန်တံတား)။မင်းတုန်းမင်းလက်ထက် ရတနာပုံခေတ်သို့ ရောက်သောအခါ ဗြိတိန်၊ ပြင်သစ်၊ အီတလီ စသည့် ဥရောပဗိသုကာပညာရှင်များ၏ အကူအညီဖြင့် အနောက်တိုင်းပုံစံ အဆောက်အအုံများ (ဥပမာ - မြင်းကွန်းမင်းသားစံခဲ့သည့် မြေနန်းပြာသာဒ်၊ ဒင်္ဂါးစက်ရုံများ) ကိုပါ ရောနှောဆောက်လုပ်လာခဲ့ကြသည်။ဘုရားလိုဏ်ဂူများနှင့် သိမ်တော်များတွင် တရုတ်နှင့် အနောက်တိုင်း ပန်းချီစနစ်များ အနည်းငယ်လွှမ်းမိုးထားသည့်၊ သဘာဝကျသော လူနေမှုစရိုက်များကို ဖော်ပြသည့် ကုန်းဘောင်ခေတ်ဦး/ခေတ်လယ် နံရံဆေးရေးပန်းချီလက်ရာများ (ဥပမာ - စစ်ကိုင်း တလိုင်းမြေဘုရား၊ အမရပူရ ကျောက်တော်ကြီးဘုရား နံရံပန်းချီများ) သည် ယနေ့တိုင် လေ့လာစရာအဖြစ် ကျန်ရှိနေပါသေးသည်။
ကုန်းဘောင်မင်းဆက် တေးထပ်
[ပြင်ဆင်ရန်]ဦးအောင်ဇေယျ၁ အမှူးမြောက်
ထူးတစ်ယောက် တင်မှု
(ဦးလောက်)၂ ပ ဘုရင်တစ်ဆူ
ဆင်ဖြူရှင်၃ စခန်း
စဉ့်ကူးမင်း၄ ကောင်းစားမီ
ဖောင်းကားညီ၅ လုတဲ့ ရွှေနန်း
ဦးဝိုင်း၆ ပ၊ ပထမခေါင်ပျော်
မြနောင်တော်၇ ရေဖျန်း
အမရဆောင်ပေါ် ဗွေကြငှန်းမှာ လ
ရွှေစာတမ်း ဖွဲ့ပြန်
ကုန်းဘောင်ပျော်၈ နေလိုဝင်း
ရွှေဘိုမင်းသား မြတ်ပုဂံ၉
ချမ်းအေးဖို့ ပန်းမွှေးပန်
မန္တလေးစံ တောင်လက်ရုံးရယ်နှင့်
မင်းတုန်းမင်း၁၀
သီပေါအရှင်၁၁
ထီးနှင့်ပလ္လင်
ဆယ့်တစ်ဆက် အုပ်စိုးတင်
မုဆိုးဘုရင် စခန်းမို့လေး။
အုပ်ချုပ်ရေးဌာနများ
[ပြင်ဆင်ရန်]
နိုင်ငံ၏ပိုင်နက် ကျယ်ဝန်းလာနှင့်အတူ အုပ်ချုပ်မှုချောမွေ့စေရန် ဌာနများ ဖွဲ့စည်းထားရှိရာ လွှတ်ရုံးငါးရပ်ဟူ၍ ထင်ရှားသည်။[၁၂] ၎င်းတို့မှာ −
- လွှတ်တော်
- ဗြဲတိုက်
- အရှေ့ရုံး
- အနောက်ရုံး
- တရားရုံး ဟူ၍ ဖြစ်သည်။
သီပေါမင်း နန်းကျသည်အထိ ဤလွှတ်ရုံးငါးရပ်ဖြင့် နိုင်ငံကို စီမံအုပ်ချုပ်ခဲ့သည်။
လွှတ်တော်
[ပြင်ဆင်ရန်]ဥပုသ်နေ့မှအပ ကျန်နေ့များတွင် တနေ့နှစ်ကြိမ် လွှတ်တော်ဝင်ရသည်။ တက်ရောက်ရသည့် အရာရှိကြီးများမှာ −
- ဝန်ကြီး
- ဝန်ထောက်
- စာရေးတော်ကြီး
- မြင်းစုဝန်ကြီး
- မြင်းစာရေးကြီး
- အသည်ဝန်
- အသည်စာရေး
- မြေတိုင် အမတ်
- နားခံတော်
- အမိန့်တော်ရ
- အမိန့်တော်ရေး
- အမှာတော်ရေး
- အသုံးစာရေး
- အဝေးရောက်
- မြန်မာသံခံ
- ရှမ်းသံခံ
- ယွန်းသံခံ
- ကသည်းစာပြန်
- တရုတ်စာပြန်
- သစ္စာတော်ရေး
- ပြော့နေရာချ သွေးသောက်ကြီး
- လွှတ်စောင့် သွေးသောက်ကြီး
- လက်နက်တိုက်ဝန်
- လက်နက်တိုက်စိုး
- ကသောင်းမြောင်တိုက်စိုး
- ကသောင်းမြောင်တိုက်စာရေး
- လက်ဆောင်ယူတိုက်စိုး
- လက်ဆောင်ယူတိုက်စာရေး တို့ ဖြစ်ကြသည်။

အတွင်းဝန် နှင့် အတွင်းဝန်ကတော် (ခရစ်နှစ် ၁၇၉၂)
ဗြဲတိုက်
[ပြင်ဆင်ရန်]လွှတ်တော်မှ ပြန်ကြားသည့်စာတို့ကို သက်ဆိုင်ရာသို့ ဆက်သွင်းရန် တာဝန်ရှိသည်။ လွှတ်တော်နှင့် ရုံးတက်ချိန် အတူပင် ဖြစ်သည်။ ဗြဲတိုက်ဝင်ရသည့် အရာရှိများမှာ −
- အတွင်းဝန်
- သံတော်ဆင့်
- ဗြဲတိုက်သံဆင့်
- စာရေးတော်
- သံတိုက်စိုး
- သံတိုက်စာရေး တို့ ဖြစ်ကြသည်။

ရှေ့ရုံး
[ပြင်ဆင်ရန်]မြို့ဝန်က ရုံးထိုင်ကာ ရာဇဝတ်မှုများကို စစ်ဆေးသည်။ ရုံးထိုင်သည့် အရာရှိများမှာ −
- မြို့ဝန်
- ထောင်မှူး
- ရွှေပြည်စိုး
- ထောင်စချီ
- တံခါးဗိုလ်
- အပြင် မြို့ကြီးတံခါးဗိုလ် တို့ ဖြစ်ကြသည်။
နောက်ရုံး
[ပြင်ဆင်ရန်]မောင်းမမိဿံများနှင့်ပတ်သက်သည့် ကိစ္စရပ်များကို စီမံအုပ်ချုပ်သည့်ရုံး ဖြစ်သည်။ ပါဝင်ရသည့် အရာရှိများမှာ −
- အနောက်ဝန်
- အနောက်ဝန်စာရေး
- ကတော်စာရေး
- နောက်ရုံးစာရေးတော် တို့ ဖြစ်ကြသည်။[၁၃]
တရားရုံး
[ပြင်ဆင်ရန်]တရားမမှုများကို မျက်နှာစုံညီ ခေါ်ယူဖြေရှင်းသည့်ရုံး ဖြစ်သည်။ ပါဝင်ရသည့် အရာရှိတို့မှာ −
- တရားသူကြီး
- တရားနာခံ
- တရားစာရေး
- အမိန့်တော်ရ
- ကွမ်းဘိုးထိန်း တို့ ဖြစ်ကြသည်။


နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး
[ပြင်ဆင်ရန်]ကုန်းဘောင်ခေတ် နိုင်ငံခြား ကူးသန်းရောင်းဝယ်ရေး ခရီး မည်မျှ ပေါက်ရောက်ခဲ့သည်ကို ဆန်းစစ်လျှင် ထိုခေတ်၏ စီးပွားရေးနှင့် ကုန်သွယ်မှု အခြေအနေကို ရှင်းလင်းစွာ နားလည်နိုင်စရာ အကြောင်း ရှိလေသည်။ ၁၇၈၃ ခုနှစ်တွင် ရန်ကုန်သို့ ရောက်ရှိလာသော အင်္ဂလိပ်လူမျိုး တစ်ဦးက ကုန်းဘောင်ခေတ်၏ ကူးသန်းရောင်းဝယ်ရေးသည် ကျယ်ပြန့်ရှုပ်ထွေးခြင်း မရှိဟု မှတ်ချက်ချခဲ့သည်။ ထိုသို့ ဆိုရခြင်းမှာ ဤဒေသတွင် အရင်းအနှီး ငွေကြေးအနည်းငယ်မျှဖြင့်ပင် အရောင်းအဝယ် ပြုလုပ်ပါက အမြတ်အစွန်း အဆမတန် ရရှိရန် လွယ်ကူသည်ကို ၎င်းက ဧကန်သိရှိနေသောကြောင့် ဖြစ်လေသည်။[၁၄]
နီကိုဘား ကျွန်းနှင့် ပဲခူး ကုန်သွယ်မှု လမ်းကြောင်း
[ပြင်ဆင်ရန်]ထိုခေတ်က စီးပွားရှာသူ ကုန်သည်များအကြား ပြောစမှတ်ပြုကြသည်မှာ မည်သူမဆို အိန္ဒိယရှိ ကိုရိုမန်ဒယ် ကမ်းခြေ (Coromandel Coast) ၌ ရွက်သင်္ဘောငယ် တစ်စင်းကို ဝယ်ယူနိုင်သည့် အခြေအနေရှိလျှင် ထိုသင်္ဘော၌ ဆေးရွက်အနည်းငယ်၊ ချည်ထည်နှင့် အိမ်သုံးသံထည် အချို့ကို တင်ဆောင်၍ နီကိုဘားကျွန်း (Nicobar Islands) သို့ သွားရောက်နိုင်သည်။ ထို့နောက် ထိုကုန်ပစ္စည်းများကို နဂဘာရီကျွန်းထွက် အုန်းသီးများနှင့် လဲလှယ်ကာ သင်္ဘောအပြည့်တင်၍ ပဲခူးဒေသ (ရန်ကုန်ဆိပ်ကမ်းကို ဆိုလိုသည်) သို့ ယူဆောင်လာနိုင်သည်။ ၎င်းနောက် ရန်ကုန်တွင် မြန်မာ့ကျွန်းသစ်များနှင့် တဖန်ပြန်လည်လဲလှယ်၍ ထိုကျွန်းသစ်များကို ကိုရိုမန်ဒယ်ကမ်းခြေ သို့မဟုတ် ဘင်္ဂလား (Calcutta) သို့ သယ်ဆောင်ရောင်းချပါက၊ ကုန်သည်များအဖို့ အမြတ်အစွန်း ကြီးစွာ ရရှိနိုင်သည်ဟု အပြောအဆို ရှိခဲ့လေသည်။[၁၄]
ကျွန်းသစ် ကုန်သွယ်မှုနှင့် သင်္ဘောတည်ဆောက်ရေး လုပ်ငန်း
[ပြင်ဆင်ရန်]မြန်မာ့ကျွန်းသစ်သည် စင်စစ်အားဖြင့် နိုင်ငံခြားသား ကုန်သည်များ လွန်စွာ တပ်မက်လိုလားကြသော အဓိက ကုန်ပစ္စည်းပင် ဖြစ်လေသည်။ အများအားဖြင့် ကျွန်းသစ်ကို နိုင်ငံခြားသို့ ရောင်းချရာ၌ သင်္ဘောဆောက်လုပ်ရန်အတွက် ရည်ရွယ်သည်ဖြစ်ရာ ကျွန်းသစ်များကို တစ်ဆင့်သယ်ယူ တင်ပို့နေခြင်းဖြင့် ကုန်ကျမည့် စရိတ်စကများကို သက်သာစေရန် ကျွန်းသစ်ထွက်ရှိရာ မြန်မာ့ပင်လယ်ကမ်းခြေ၌ပင် သင်္ဘောများကို တိုက်ရိုက်ဆောက်လုပ်ရန် ကြိုးစားကြမည်မှာ မလွဲပေ။ ကျွန်းသစ်ကို မိမိတို့နိုင်ငံသို့ သယ်ယူပို့ဆောင်၍ သင်္ဘောဆောက်လုပ်ရသည့် စရိတ်နှင့် မြန်မာ့ပင်လယ်ကမ်းခြေ (ရန်ကုန်ဆိပ်ကမ်း) ၌ပင် အပြီးသတ်ဆောက်လုပ်သည့် စရိတ်ကို နှိုင်းယှဉ်ကြည့်လျှင် မြန်မာ့ကမ်းခြေ၌ ဆောက်လုပ်ခြင်းက ကုန်ကျစရိတ် လွန်စွာ သက်သာနေသည့်အတွက် နိုင်ငံခြားသား သင်္ဘောတည်ဆောက်သူများကို ဆွဲဆောင်နေသကဲ့သို့ ဖြစ်သည်။[၁၅]
ရန်ကုန်ဆိပ်ကမ်းတွင် သင်္ဘောတစ်စင်း ဆောက်လုပ်၍ အစုံအလင် တပ်ဆင်ပြီးနောက် ရေချရန် အသင့်ရှိသောအခါ သင်္ဘောတစ်စင်း၏ ကုန်ကျစရိတ်သည် သင်္ဘောတင်ဆံ့မှု ကုန်တန်ချိန် (Tonnage) တစ်တန်လျှင် စတာလင်ပေါင် ၁၂ မှ ၁၃ အထိသာ ဖြစ်လေသည်။ တစ်ဖက်တွင် ကလကတ္တား၌ ဆောက်လုပ်လျှင် ကုန်ကျငွေသည် တစ်တန်လျှင် ပေါင် ၁၆ မှ ၁၇ အထိရှိပြီး၊ ဘုံဘေ (Mumbai) တွင် ဆောက်လုပ်ပါက ပေါင် ၁၉ မှ ၂၀ အထိ ကုန်ကျသည်။ သို့သော် မြန်မာဆိပ်ကမ်းတွင် သင်္ဘောဆောက်လုပ်ရာ၌ အခက်အခဲအချို့ ရှိခဲ့သည်။ ထိုအခက်အခဲများမှာ ပထမတွင် ရန်ကုန်၌ လုပ်ငန်းကို ကျွမ်းကျင်စွာ ကြီးကြပ်ကွပ်ကဲမည့် အတတ်ပညာရှင် လိုအပ်ခြင်းဖြစ်ပြီး၊ ဒုတိယတွင် မြန်မာ့ကမ်းခြေသို့ ရောက်ရှိလာသော ကုန်သည်များနှင့် သင်္ဘောများကို လွတ်လပ်စွာ ဆိုက်ကပ်ခွင့် ပေးထားသည်ဟု မြန်မာဘုရင်က အမိန့်ထုတ်ပြန်ထားသော်လည်း၊ ရန်ကုန်ရှိ မြန်မာမင်းမှုထမ်းတို့က ကောက်ခံစည်းကြပ်သော အခွန်အတုတ်နှင့် ကန့်သတ်ချက်များမှာ များပြားရှုပ်ထွေးနေခြင်း ဖြစ်လေသည်။[၁၆]
ဆိပ်ကမ်း စစ်ဆေးရေးနှင့် အခွန်ကောက်ခံမှုစနစ်
[ပြင်ဆင်ရန်]ရန်ကုန်ဆိပ်ကမ်းတွင် နိုင်ငံခြားသင်္ဘော ကျောက်ချပြီးသည်နှင့် တပြိုင်နက် သင်္ဘော၌ ပါရှိသော သင်္ဘောသားဦးရေ၊ ပစ်ခတ်ကာကွယ်ရန် ယူဆောင်လာသည့် လက်နက်ခဲယမ်းများ၊ ကုန်ထုပ်ပစ္စည်း မည်မျှ ပါဝင်ကြောင်းတို့ကို ဆိပ်ကမ်းအရာရှိများထံ အစီရင်ခံရသည်။ သင်္ဘောပါ ပစ္စည်းများကို စစ်ဆေးပြီးသောအခါ အားလုံးကို ရကောက် (အကောက်ဂိုဒေါင်) ကုန်လှောင်ရုံအတွင်းသို့ ပို့ဆောင်ရသည်။ ထိုကိစ္စများ ပြီးစီးသောအခါ ဝတ္တရားအရ ရန်ကုန်မြို့ဝန် ဖြစ်သူက သင်္ဘောပေါ်သို့ တက်ရောက်စစ်ဆေးသည်။ မြို့ဝန် ကြွရောက်ကြည့်ရှုပြီးသည့်နောက် ပေးဆပ်နေကြ ထုံးစံအတိုင်း လက်ဆောင်ပစ္စည်းများဖြစ်သည့် ကြွေပန်းကန်များ၊ သကြားနှင့် လက်ဖက်ခြောက် သေတ္တာများကို တံစိုးလက်ဆောင်အဖြစ် ပေးအပ်ရသည်။[၁၆]
ထိုနောက်မှသာ ကုန်ရောင်းဝယ်ရေးကို စတင်ခွင့်ပြုလေတော့သည်။ ကုန်ပစ္စည်းများကို အရောင်းအဝယ် မပြုလုပ်မီ စစ်ဆေးကြည့်ရှု၍ အခွန်တော်ကောက်ခံရန် ကုန်ထုတ်များကို ဖွင့်လှစ်ပြသရသည်။ အကောက်ခွန်အဖြစ် ဘုရင်မင်းမြတ်အတွက် ၁၀ ရာခိုင်နှုန်း ကောက်ခံ၍ အကောက်စာရေးများ၊ ကုန်ရုံစောင့်များနှင့် တံဆိပ်တော်ခပ်နှိပ်သူ အရာရှိတို့က ၂.၅ ရာခိုင်နှုန်းကို အစုခွဲ၍ ယူကြသည်။ မင်းတုန်းမင်း လက်ထက် (၁၈၅၃ ခုနှစ်) မတိုင်မီကာလက အရာရှိအရာခံများအား လစာ မှန်မှန်ပေးသောစနစ် မရှိခဲ့သဖြင့် မြန်မာဆိပ်ကမ်းအရာရှိ အချို့တို့သည် ပစ္စည်းအမျိုးမျိုးကို တံစိုးလက်ဆောင်အဖြစ် ယူလိုကြသည်မှာ သဘာဝပင် ဖြစ်လေသည်။[၁၁] တစ်ဦး၏ ထုံးတမ်းစဉ်လာကို တစ်ဦးက နားလည်မှု နည်းပါးသောကြောင့် ပေါ်ပေါက်ခဲ့သော အထင်လွဲမှုများမှအပ၊ ဆိပ်ကမ်းဥပဒေများသည် နိုင်ငံခြားကုန်သည်များအဖို့ ခြုံငုံကြည့်လျှင် ကျေနပ်လောက်ဖွယ် ရှိလေသည်။ သို့သော် မကြာခဏ အခက်အခဲ ပေါ်ပေါက်တတ်ခြင်းမှာမူ အတွေ့အကြုံနည်းပါးသော မာလိန်မှူးများနှင့် ကုန်သည်များသည် သင်္ဘောဆိပ်ရှိ လူလိမ်လူကောက် ပွဲစားများနှင့် ဆက်သွယ်မိ၍ မိမိတို့ကုန်ပစ္စည်းများကို ရောင်းချရာ၌ ဖြစ်ပွားလေ့ရှိသည်။[၁၄]

အဓိက ထွက်ကုန်များနှင့် ပိတ်ပင်မှု ကန့်သတ်ချက်များ
[ပြင်ဆင်ရန်]မျက်မှောက်ခေတ် မြန်မာနိုင်ငံတွင် လုံးဝအားကိုးအားထား ပြုနေရသော "ဆန်" သည် ကုန်းဘောင်ခေတ်ဦးကာလတွင် လွန်စွာ ဈေးပေါသည့် ကုန်ပစ္စည်း ဖြစ်လေသည်။ ဥပမာအားဖြင့် ခေတ်နှောင်းပိုင်းတွင် ဆန်ဈေးသည် တစ်တန်လျှင် ကျပ် ၆၀၀ ခန့် ရှိတတ်သော်လည်း ထိုခေတ်အခါကသော် တစ်တန်လျှင် ၁၄ ကျပ်မျှသာ ရှိလေသည်။ သို့ရာတွင် ထိုခေတ်ကသော် ဆန်ကို ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအတွက် ပြည်တွင်းသုံးအဖြစ်သာ အဓိက စိုက်ပျိုးစေပြီး၊ မတ်မတ်စောက်စောက် ကပ်ဘေးမကြုံစေရန် နိုင်ငံခြားသို့ ဆန်တင်ပို့ခြင်းကို ဥပဒေဖြင့် တားမြစ်ထားလေသည်။[၁၇]
ကျွန်းသစ်အပြင် ရန်ကုန်ဆိပ်ကမ်းမှ အဓိက တင်ပို့သော ကုန်းဘောင်ခေတ်ထွက် ကုန်ပစ္စည်းများမှာ ရေနံချောင်းမှ ထွက်ရှိသော ရေနံချေးဖြစ်ပြီး တစ်တန်လျှင် ၃၀ ကျပ်ခန့် ပေးရသည်။ ရှားစေးကိုလည်း တစ်နှစ်လျှင် ပိဿာ ၄၀၀,၀၀၀ မက တင်ပို့ရလေသည်။ ထို့ပြင် ဖာလာစေ့ကိုလည်း တင်ပို့ရောင်းချပြီး တခါတရံ ဆင်စွယ်နှင့် ငွေသားများကို ဆိပ်ကမ်းမှ ခိုးထုတ်လေ့ ရှိကြသည်။ ၎င်းအပြင် ငါးမန်းတောင်၊ ငှက်သိုက်၊ ချိပ်၊ ထန်းလျက်၊ ခဲ၊ သံဖြူ၊ ပယင်း၊ မဲနယ်၊ ပုရပိုက်၊ စက္ကူနက်နှင့် ထီးများကိုလည်း နိုင်ငံခြားသို့ ရောင်းချခဲ့ကြသည်။[၁၇]
မြန်မာနိုင်ငံထွက် အဖိုးတန် ကျောက်မျက်ရတနာများကို နိုင်ငံခြားသား ကုန်သည်များက အထူးသဖြင့် တပ်မက်ကြလေသည်။ ပတ္တမြားနှင့် ကျောက်စိမ်းကို လွန်စွာ လိုလားကြသော်လည်း ဘုရင်က ကူးသန်းရောင်းဝယ်ခြင်း မပြုရ၊ နန်းတော်ကသာ ကွပ်ကဲရမည်ဟု တားမြစ်ပိတ်ပင်ထားသည်။[၁၁]
တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး
[ပြင်ဆင်ရန်]နိုင်ငံခြားသား ကုန်သည်များ (အထူးသဖြင့် အင်္ဂလိပ်လူမျိုးများ) လိုလားသော အခြားထွက်ကုန်တစ်ခုမှာ ဝါဂွမ်း ဖြစ်လေသည်။ ဗြိတိန်နိုင်ငံရှိ လန်ကက်ရှားယား (Lancashire) ဒေသတွင် ထူထောင်ဖွင့်လှစ်ထားသော ချည်စက်ရုံကြီးများကလည်း မြန်မာ့ဝါဂွမ်းကို လွန်စွာ လိုလားကြသည်။ သို့သော် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ထွက်ရှိသမျှသော ဝါဂွမ်းအများစုကို ဗန်းမော် လမ်းကြောင်းမှတစ်ဆင့် တရုတ်ကုန်သည်များကသာ အကုန်အစင် ဝယ်ယူကြလေသည်။[၁၈]
အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံက တရုတ်တို့ထံမှ ပိုးရိုင်း၊ ပိုးထည်၊ ကတ္တီပါ၊ ရွှေချည်ထိုးအထည်များ၊ ရွှေချည်၊ ရွှေဆိုင်း၊ ကော်ဇော၊ ဆေး၊ ကြေးနီ၊ ရောင်စုံစက္ကူ၊ သစ်သီးခြောက်၊ လက်ဖက်ရည်အိုး၊ သံထည်နှင့် ကစားစရာ အရုပ်များကို ပြန်လည်ဝယ်ယူ တင်သွင်းကြလေသည်။[၁၈]
ပြင်သစ်–မြန်မာ ဆက်ဆံရေး
[ပြင်ဆင်ရန်]သီပေါမင်းတရားဟောင်းလက်ထက်တွင် ပြင်သစ်နိုင်ငံသို့ သံတမန်မစ်ရှင်အဖွဲ့ စေလွှတ်ခဲ့သည့် ကာလသည် အမေရိကန်နှင့် ဥရောပနိုင်ငံကြီးများမှတစ်ပါး ကျန်ရှိသော ကမ္ဘာ့နိုင်ငံမှန်သမျှကို ဥရောပတိုက်သားတို့က နယ်ချဲ့စားကျက်ဒေသအဖြစ် ရှုမြင်ပြီး နယ်ချဲ့ဝါဒ အထွန်းကားဆုံးအချိန်နှင့် တိုက်ဆိုင်နေခဲ့သည်[၁၉]။ ထိုစဉ်က ပြင်သစ်တို့သည် နိုင်ငံချဲ့ထွင်ရန် လွန်စွာစိတ်ထက်သန်လျက် ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ဥရောပတိုက်တွင် တတိယမြောက် နပိုလီယံ (Napoleon III) ၏ စစ်ရေး၊ နိုင်ငံရေးဆောင်ရွက်ချက်များသည် မျှော်မှန်းသလောက် အောင်မြင်မှုမရှိခဲ့သဖြင့် အာရှဘက်သို့ မျက်နှာမူကာ အာရှနိုင်ငံများကို သိမ်းပိုက်နယ်ချဲ့ခြင်းဖြင့် ပြင်သစ်တို့၏ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်နိုင်လိမ့်မည်ဟု ယူဆခဲ့ကြသောကြောင့် ဖြစ်နိုင်သည်။ ထိုခေတ်က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျူးလ် ဖေရီ (Jules Ferry) ၏ နယ်ချဲ့လမ်းစဉ်အရ ပြင်သစ်တို့သည် အင်ဒိုချိုင်းနား (အထူးသဖြင့် ဗီယက်နမ်) အရေးတွင် စွက်ဖက်ခဲ့ပြီးဖြစ်ရာ၊ အကယ်၍ မြန်မာနိုင်ငံတွင်ပါ စွက်ဖက်နိုင်ခွင့်ရလာပါက လက်လွှတ်ခံမည်မဟုတ်သည်မှာ သဘာဝကျလှပေသည်[၂၀]။
ပြင်သစ်နှင့် မြန်မာတို့၏ ဆက်ဆံရေး လွန်စွာရင်းနှီးလာပါက အရှေ့တောင်အာရှဒေသတွင်း အရေးအခင်းများ ပိုမိုရှုပ်ထွေးလာမည်ကို ဗြိတိသျှတို့က ကြိုတင်ကောင်းစွာ သိမြင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် မူလကတည်းက အထက်မြောက်ပိုင်းနှင့် အောက်ပိုင်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဗြိတိသျှတို့တွင် အထူးအခွင့်အရေးများရှိကြောင်း ဥရောပနိုင်ငံကြီးများကို သတိပေးတားမြစ်ထားခဲ့သည်။ အကျိုးဆက်အားဖြင့် ဗြိတိသျှတို့သည် မြန်မာနိုင်ငံတစ်ခုလုံးကို လက်ဝါးကြီးအုပ်ရန် ဆုံးဖြတ်ပြီးဖြစ်ရာ ကုန်းဘောင်မြန်မာနိုင်ငံသည်လည်း ဗြိတိသျှအင်ပါယာအတွင်းသို့ ကျရောက်ရန် နီးကပ်လျက်ရှိနေပြီဖြစ်သည်။
ထိုသို့သော အခြေအနေတွင် ပြင်သစ်တို့သည် ဗြိတိသျှတို့ကို အတိအလင်း ဆန့်ကျင်တိုက်ခိုက်ခြင်း မပြုနိုင်ခဲ့ပေ။ ဝန်ကြီး ဂျူးလ် ဖေရီသည် မြန်မာမစ်ရှင်အဖွဲ့၏ လိုလားချက်နှင့် ပြင်သစ်တို့က မည်ရွေ့မည်မျှအထိ ဝင်ရောက်စွက်ဖက်ကူညီနိုင်မည်ဟူသော အချက်များကို လျှို့ဝှက်ထားခဲ့သည်။ ဗြိတိသျှတို့က အဖန်တလဲလဲ အတင်းအကြပ် မေးမြန်းလာသည့်အခါကျမှ ဖေရီသည် မြန်မာတို့က ပြင်သစ်နှင့် စာချုပ်ချုပ်ဆိုရန် လိုလားကြောင်းကို ဖွင့်ဟဝန်ခံခဲ့သည်။ ၁၈၈၅ ခုနှစ်ဦးတွင် ဖေရီသည် ဗြိတိသျှသံအမတ်အား ပြင်သစ်–မြန်မာစာချုပ် အကယ်ပင်ချုပ်ဆိုပြီးခဲ့ကြောင်း၊ သို့ရာတွင် အဆိုပါစာချုပ်သည် ကူးသန်းရောင်းဝယ်ရေးစာချုပ် သက်သက်မျှသာဖြစ်၍ နိုင်ငံရေးနှင့် စစ်ရေးကိစ္စများ လုံးဝမပါဝင်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်[၂၁]။ သို့သော်လည်း ထိုစာချုပ်နှင့်အတူ မြန်မာတို့ထံသို့ လျှို့ဝှက်သဝဏ်လွှာတစ်စောင် ပါးလိုက်သေးသည်။ ထိုစာ၌ အကယ်၍ အင်ဒိုချိုင်းနား (တွန်ကင်နယ်) ရှိ ပြင်သစ်စစ်အရာရှိများက ဖြစ်နိုင်မည်ဟု ယူဆပါက မြန်မာတို့ထံသို့ တုံကင်းနယ် (Tonkin) မှတစ်ဆင့် လက်နက်ခဲယမ်းမီးကျောက်များ သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပါရှိလေသည်[၂၀]။
မြန်မာထီးနန်းသည် ပြင်သစ်တို့၏ ရေရေရာရာမရှိလှသော အဆိုပါကတိစကားကို အားကိုးအားထားကြီး ပြုမိခဲ့သည်။ ပြင်သစ်တို့သည် ထိုအချိန်က မြန်မာနိုင်ငံအတွင်းသို့ ခဲယမ်းမီးကျောက် သွင်းပေးရန် အကယ်ပင် ရည်ရွယ်ကောင်း ရည်ရွယ်ခဲ့လိမ့်မည် ဖြစ်သော်လည်း လက်တွေ့တွင်မူ တစ်ကြိမ်တခါမျှ မသွင်းဖြစ်ခဲ့ချေ။ ပြင်သစ်–မြန်မာစာချုပ် ချုပ်ဆိုပြီးသည်နှင့်တစ်ပြိုင်နက် ပြင်သစ်တို့၏ ကူညီမှုသည် အားကိုးလောက်ဖွယ်မရှိကြောင်း ထင်ရှားလာခဲ့သည်။ ပြင်သစ်တို့အနေဖြင့် လက်နက်အားကိုးဖြင့် နယ်ချဲ့သည့်လုပ်ငန်းသည် ဘဏ္ဍာရေးအရ စရိတ်စကကြီးလွန်းပြီး နိုင်ငံရေးအရလည်း မတတ်နိုင်တော့သဖြင့် ၁၈၈၅ ခုနှစ် မတ်လတွင် ဝန်ကြီး ဂျူးလ် ဖေရီသည် ရာထူးမှ လျှောကျသွားခဲ့လေတော့သည်[၂၁]။
ထိုအချိန်၌ပင် ဗြိတိသျှပိုင် ဘုံဘေဘားမား သစ်ကုမ္ပဏီ (Bombay Burmah Trading Corporation) ကို မြန်မာအစိုးရက သစ်ခိုးထုတ်သည်ဟု စွပ်စွဲကာ ၁၈၈၅ ခုနှစ် ဩဂုတ်လဆန်းတွင် ကုမ္ပဏီအား သစ်ဖိုး စတာလင်ပေါင် ၁၄၆,၆၆၆ နှင့် မြန်မာသစ်တောအရာရှိများအတွက် လျော်ကြေးငွေ စတာလင်ပေါင် ၃၃,ဝဝဝ ပေးဆပ်ရမည်ဟု ဒဏ်ရိုက်လိုက်သည်။ ဗြိတိသျှတို့သည် ဖေရီနှင့် မြန်မာတို့အကြား ပြုလုပ်ခဲ့သည့် လျှို့ဝှက်အစီအစဉ်ကို ကြိုတင်သိရှိထားခဲ့ကြပြီး ဖြစ်သည်။ မန္တလေးမြို့ရှိ ပြင်သစ်ကောင်စစ်ဝန် ဟက်စ် (Frederic Haas) ၏ ဇနီးဖြစ်သူ အင်္ဂလိပ်ကပြားအမျိုးသမီးသည် အဆိုပါ လျှို့ဝှက်စာ၏ မိတ္တူကို ခိုးယူကာ ဗြိတိသျှအာဏာပိုင်များထံ ပေးအပ်လိုက်ခြင်း ဖြစ်သည်[၁၉]။ ဤမိတ္တူစာကို လက်ဝယ်ရရှိသည်နှင့်တစ်ပြိုင်နက် ဗြိတိသျှနိုင်ငံခြားရေးရုံးသည် ပြင်သစ်တို့ကို အဖန်တလဲလဲ ခြိမ်းခြောက်လေတော့သည်။ အကျိုးဆက်အားဖြင့် ပြင်သစ်တို့သည် အခိုက်အတန့်အားဖြင့် မြန်မာနိုင်ငံတွင် ဆက်လက်ခြေကုပ်ယူရန် ကြိုးစားသော်လည်း ရေရှည်တွင် ဗြိတိသျှတို့ကို ခံနိုင်ရည်မရှိတော့သဖြင့် မြန်မာတို့က ပြင်သစ်အကူအညီကို လွန်စွာလိုလားတောင့်တနေသည့် အချိန်၌ပင် မြန်မာနိုင်ငံမှ လုံးဝထွက်ခွာသွားရလေတော့သည်။ ယင်းဖြစ်ရပ်သည် တတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ ဖြစ်ပွားပြီး ကုန်းဘောင်မင်းဆက် ပျက်သုဉ်းစေခဲ့သည့် အဓိကအကြောင်းရင်းများထဲမှ တစ်ခု ဖြစ်ခဲ့ရလေသည်[၂၀]။
အင်္ဂလိပ်တို့ ဆက်ဆံမှု တင်းမာလာခြင်း
[ပြင်ဆင်ရန်]
တင်းမာချင်သော ဆန္ဒရှိသည့် ဗြိတိသျှတို့သည် ၁၈၇၆ ခုနှစ်၌ မန္တလေး ကိုယ်စားလှယ် ရှော ကွယ်လွန်သော အခါ ပိုမို၍ ခက်ထန်လာသည်။ ရှော၏ နေရာတွင် ကိုယ်စားလှယ်သစ် ခန့်အပ်ခြင်း မပြုတော့ချေ။ မန္တလေးရှိ ဗြိတိသျှ ကိုယ်စားလှယ်ကို မြန်မာတို့က လုပ်ကြံ သတ်ဖြတ်ရန် ကြံစည်ကြသည် ဟူသော သတင်းကို ဗြိတိသျှပိုင် အောက်မြန်မာ နိုင်ငံ၌ ပျံ့နှံ့အောင် လွှင့်ကြလေသည်။ စင်စစ်မှာ မြန်မာတို့သည် မိမိ လည်ပင်းကို မိမိ ကြိုးတပ်သည့် အမှားမျိုးကို ကျူးလွန်ရန် အိပ်မက်မျှပင် မက်ရဲကြမည် မဟုတ်ချေ။ ထိုအချိန်၌ မန္တလေးသို့ ဗြိတိသျှ ကုန်သည်များ ရောက်လာကြသော အခါ မြန်မာမင်း ကိုယ်တိုင်ပင် ကြည်ဖြူ လေးစားစွာ လက်ခံကြသည်ကို ထောက်ထားခြင်း အားဖြင့် သိနိုင်သည်။ သို့ရာတွင် ဗြိတိသျှတို့သည် မြန်မာတို့နှင့် ဆက်ဆံရန် မဖြစ်တော့ ဟူသော ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ရန် စိတ်ပိုင်းဖြတ်ပြီး ဖြစ်သဖြင့် မန္တလေးရှိ ဗြိတိသျှ ကိုယ်စားလှယ် သံရုံး အရာရှိ အားလုံးကို ရွှေ့ပြောင်းရန် အမိန့် ထုတ်လိုက်လေသည်။ အောက်တိုဘာလ ရ ရက်နေ့တွင် သံရုံး အရာရှိ အားလုံးတို့သည် မန္တလေးမှ ထွက်ခွာ ကြလေသည်။ ထိုအခါမှ စ၍ ဗြိတိသျှ မြန်မာ နှစ်ဦး နှစ်ဖက် ပြေလည်စွာ ဆက်ဆံရေး အတွက် စည်းကမ်း နည်းလမ်း အတိုင်း ဆောင်ရွက်ရန်မှာ မဖြစ်နိုင်တော့ချေ။
ဥရောပသို့ မစ်ရှင် အဖွဲ့စေလွှတ်ခြင်း
[ပြင်ဆင်ရန်]မြန်မာတို့နှင့် တင်းမာစွာ ဆက်ဆံမည် ဟူသော ဗြိတိသျှတို့၏ ရည်ရွယ်ချက်သည် ဥရောပ သတင်းစာများ၌ လည်းကောင်း၊ ဥရောပ ကုန်သည်တို့၏ မကျေမနပ် သံများ၌ လည်းကောင်း၊ သိသာ ထင်ရှား နေပေပြီ။ ထိုကြောင့် မြန်မာမင်းသည် အခက်အခဲ ကြုံတွေ့ နေရလေတော့သည်။ အခွန်တော်များမှာလည်း လျော့ပါး၍သာ လာရာ မန္တလေး အစိုးရသည် အစွန်အဖျား ဒေသများကို နိုင်နိုင်နင်းနင်း မအုပ်ချုပ်နိုင်ဘဲ တနေ့တခြား လက်လွှတ် ထားရဘိ သကဲ့သို့ ရှိလာလေသည်။ ထို့ပြင် မန္တလေး အစိုးရသည် ဗြိတိသျှတို့၏ ခြိမ်းခြောက်မှု များပြားလာခြင်းကို အာရုံ စိုက်နေရ သဖြင့် မိမိ၏ ပြည်တွင်းရေး ကိစ္စများကို အာရုံ စူးစိုက်ခြင်း မပြုနိုင် ရှိခဲ့ရာ တိုင်းပြည်တွင် မငြိမ်မသက် ဖြစ်၍ လာသည်။ ထိုသို့ ပြည်တွင်းရေး မငြိမ်မသက် ဖြစ်နေခြင်းသည် ဗြိတိသျှတို့၏ ခြေလှမ်းကို ရှေ့သို့ တလှမ်း တိုးစေရန် ဖန်တီးပေး သကဲ့သို့ ဖြစ်လေသည်။ အခြေအနေ တနေ့တခြား ဆိုးဝါးလာသည့် အတွက် မန္တလေး နန်းတော်သည် အကာအကွယ် အလို့ငှါ ကမ္ဘာ့ နိုင်ငံကြီးများ၏ အသိအမှတ် ပြုခြင်းကို ရယူရန် ကြိုးစား လာကြ ရလေသည်။ ၁၈၈၃ ခုနှစ်တွင် ဥရောပတိုက်သို့ တကြိမ် ထပ်မံ၍ ချစ်ကြည်ရေး မစ်ရှင် အဖွဲ့ စေလွှတ်ပြန်သည်။[၂၂][၂၃]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 4 5 6 7 Lieberman, Victor B. (2003). Strange Parallels: Southeast Asia in Global Context, c. 800–1830. Cambridge University Press. ကိုးကား အမှား - Invalid
<ref>tag; name "Lieberman" defined multiple times with different content. - 1 2 3 Harvey, G.E. (1925). History of Burma. London: Longmans, Green and Co. p. 211.
- ↑ မဟာရာဇဝင်တော်ကြီး (ညောင်ရမ်းဆက်)။
- 1 2 3 မောင်မောင်တင်၊ ဦး။ (၁၉၆၇)။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (ပထမတွဲ)။ ရန်ကုန်: လယ်တီမဏ္ဍိုင်ပုံနှိပ်တိုက်။ စာ-၁၈–၂၅။
- 1 2 Phayre, Sir Arthur P. (1883). History of Burma. London: Trübner & Co. pp. 150–153.
- ↑ "The Burma Surveys of 1783 and 1802" (1959). Journal of the Burma Research Society 42: 31–43.
- ↑ မောင်မောင်တင်၊ ဦး။ (၁၉၆၇)။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး။ ရန်ကုန်: လယ်တီမဏ္ဍိုင်ပုံနှိပ်တိုက်။
- ↑ Symes, Michael. (1800). An Account of an Embassy to the Kingdom of Ava. London: W. Bulmer and Co.
- ↑ Singer, Noel F. (1993). Burmah: A Sourcebook on Archaeology and History. Saffron Books. pp. 45–48.
- ↑ Robinson, M. and Shaw, L.A. (1980). The Coins and Banknotes of Burma. Manchester. pp. 78–82.
- 1 2 3 Htin Aung၊ Maung (1967)။ A History of Burma။ Columbia University Press။ pp. 170–175။ ကိုးကား အမှား - Invalid
<ref>tag; name "HtinAung1967" defined multiple times with different content. - ↑ ဒေါက်တာ တိုးလှ, "အလောင်းမင်းတရားကြီး၏ ကုန်းဘောင်ရွှေပြည်", ၁၉၉၃
- ↑ ဦးတင်, "မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း၊ စတုတ္ထပိုင်း"
- 1 2 3 Symes, Michael (1800). An Account of an Embassy to the Kingdom of Ava. London: W. Bulmer and Co.
- ↑ Phayre, Sir Arthur P. (1883). History of Burma. London: Trübner & Co.
- 1 2 Cox, Hiram (1821). Journal of a Residence in the Burmhan Empire. London: Warren and Whittaker.
- 1 2 Furnivall, J. S. (1931). An Introduction to the Political Economy of Burma. Rangoon: Burma Book Club.
- 1 2 Burney, Henry (1837). "On the Population of the Burman Empire". Journal of the Statistical Society of London.
- 1 2 Htin Aung၊ Maung (1967)။ A History of Burma။ Columbia University Press။ pp. 234–240။
- 1 2 3 Keeton၊ C. L. (1974)။ King Thebaw and the Ecological Rape of Burma။ Manohar Book Service။ pp. 65–70။
- 1 2 Singhal၊ D. P. (1960)။ The Annexation of Upper Burma။ Eastern Universities Press။ pp. 45–52။
- ↑ irrawaddymedia.com - This website is for sale! - Resources and Information။ 10 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 September 2010 တွင် ပြန်စစ်ပြီး။
- ↑ Myanmar's last royal laments a crumbling nation | Reuters။ 15 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 September 2010 တွင် ပြန်စစ်ပြီး။


