ကျောက်တော်ကြီးဘုရား(မန္တလေး)
ကျောက်တော်ကြီးဘုရား | |
---|---|
မဟာသကျမာရဇိန် | |
မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား(၁၉၁ဝ နောက်ပိုင်း) | |
အချက်အလက်များ | |
တည်နေရာ | မန္တလေးမြို့ |
ကိုဩဒိနိတ် | 22°00′16″N 96°06′24″E / 22.004474°N 96.106582°Eကိုဩဒိနိတ်: 22°00′16″N 96°06′24″E / 22.004474°N 96.106582°E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | မြန်မာနိုင်ငံ |
ဗိသုကာ | |
တည်ထောင်သူ | မင်းတုန်းမင်း |
ပြီးစီး | ၁၈၇၈ |
ကျောက်တော်ကြီးဘုရားသည် မန္တလေးမြို့ မြောက်ဘက်၊ မန္တလေးတောင်ခြေအနီးတွင် တည်ရှိသည်။ ကျောက်တော်ကြီးဘုရားသည် မန္တလေးရတနာပုံ ရွှေမြို့တော်ကြီးကို တည်ထောင်တော်မူသော ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း၏ ကုသိုလ်ဖြစ်သည်။ မြို့တော်တည်ထောင်ပြီး ငါးနှစ်ခန့်အကြာ မြန်မာသက္ကရာဇ် ၁၂၂၆-ခုနှစ်၌ မတ္တရာမြို့ရှိ စကျင်တောင်မှ ရရှိသော တစ်လုံးတစ်ခဲတည်းသော စကျင်ကျောက်ကြီးကို ပုံတော်ကြမ်း ထုဆစ်စေခဲ့ပြီး မန္တလေးသို့ သယ်ဆောင်ယူကာ မင်းတရားကြီးကိုယ်တိုင် မျက်ခုံး၊ မျက်ရေးတို့ကို ရေးဆွဲလျှက် မဟာသကျမာရဇိန်ဟု ကမ္ပည်းတင်ခဲ့သည်။ ကျောက်တော်ကြီးဘုရားမှာ ထက်ဝယ်ဖွဲ့ခွေ နေတော် မူသည့် ရုပ်ပွားတော်ဖြစ်သည်။ သို့သော် စကျင်တောင်မှ ရသောကျောက်ကို အစွဲပြု သဖြင့် ကျောက်တော်ကြီးဘုရားဟု လူအများက ခေါ်ဝေါ်သမုတ် ကြသည်။
တည်နေရာ
[ပြင်ဆင်ရန်]မန္တလေးမြို့ နန်းမြို့ရိုးကြီး၊ မြနန်းစံကျော်ရွှေနန်းတော်၏ အရှေ့မြောက်ဘက်၊ အောင်မြေသာဇံမြို့နယ်၊ ဥပုတ်တော်ရက်ကွက်၊ မန္တလေးတောင်ခြေရင်း သုဓမ္မာဇရပ်များအနီးတွင် တည်ရှိသည်။ ဉာဏ်တော်အမြင့် ၂၆ ပေ၊ ၆ လက်မ ဖြစ်သည်။
တည်ထားပုံ
[ပြင်ဆင်ရန်]မန္တလေးမြို့မှ မြောက်ဘက် မိုင် ၂ဝ ခန့် ဝေးကွာသော စကျင်တောင်မှ ထိုရုပ်ပွားတော် ထုလုပ်မည့် ကျောက်ကို ၁၂၂၆-ခုနှစ် ဝါခေါင်လတွင် တူးဖော်ရရှိလေသည်။ ရှေးဦးစွာ ကျောက်ကို ရုပ်ပွားတော်သဏ္ဌာန် အကြမ်းဆတ် ထုလောင်းစေပြီး၊ မကွေးမြို့စားဝန်ကြီး၊ မြတောင်မြို့စား သေနတ်ဝန်ကြီးတို့ ကြီးကြပ်ပြီး စီမံဆောင် ရွက်ပါသည်။ ဤသို့ ထုစစ်ပြီး စကျင်တောင်မှနေ၍ သယ်ယူသောအခါ သမ္ဗာန်တော်ကြီး နှစ်စင်းတွဲပြီး တက်ဆောင် ထားစေပြီး ရေတက်အချိန်ကိုက် သယ်ဆောင် ပါသည်။ သယ်ဆောင်သော လမ်းတစ်လျှောက်မှာ သုဓမ္မာဆရာတော်နှင့် သံဃာတော်များက ကြိုဆိုပြီး ပွဲလမ်းသဘင်များနှင့် အတီးအမှုတ် အကအခုန် တို့ဖြင့် ပွဲသဘင် ဆင်ယင်ကျင်းပလျက် မြို့တော်သို့ စုန်ဆင်းခဲ့သည်။ မြနန်းစကြာ မီးသင်္ဘောနှင့် ဆွဲယူကာ အီကင်းရွာသို့ ရောက်သည်။ ထိုမှ ခံကုန်း ရွာမြောက်၊ ရွှေတချောင်းမြောင်းကို ချိုး၍ မြောင်းတွင်းသို့ သွင်းဆောင်ခဲ့ ပြီးနောက် ရုပ်ပွားတော်ကြီးကို ဖောင်ပေါ်မှ ကုန်းပေါ်ကို တင်ဖို့အတွက် ဧရာဝတီမြစ်ကနေ ရွှေတချောင်းမြောင်းထဲသို့ သမ္ဗာန်တော်ကိုသွင်းပါသည်။ ထို့နောက် စွပ်ဖားပေါ်ကိုတင်ကာ အိမ်ရှေ့မင်း ကနောင်ကိုယ်တော်တိုင် ကြီးကြပ်ပြီး ဒလိမ့်တုံး၊ ကြိုး၊ လွန်များဖြင့် စွတ်ဖားပေါ်တင်ကာ ပို့ဆောင်သည်။ စွပ်ဖားများကို တလိမ့်ကြိုးလွန်များနှင့် လူအင်အား (၁၂၀၀၀၀)နှင့် ဆွဲယူစေသည်။ ကျောက်တော်ကြီးဘုရား ရုပ်ပွားတော် ကိန်းဝပ်အံ့သော နေရာသို့ အရောက် အစု အမှုထမ်းပေါင်း ၁၂ဝဝဝ ကျော်တို့ကို အိမ်ရှေ့မင်း၊ ဝန်ကြီးအတွင်းဝန် စသော ပုဂ္ဂိုလ်များက ကြပ်မ၍ ပင့်ဆောင်စေခဲ့သည်။ ခက်ခက်ခဲခဲ(၁၃)ရက်ကြာဆွဲပြီး (၁၂၂၆)ခု တန်ဆောင်မုန်းလဆန်း(၁၂) ရက်မှာ ဆင်းတုတော် တည်ထားမည့် ပလ္လင်တော်ပေါ်ကို ရောက်ရှိသည်။
ဆင်းတုတော်ကို ပြီးပြေအောင် ဆက်လက် ထုစစ် တော်မူပြီး (၁၂၂၇)ခုနှစ် ကဆုန်လပြည့်(၇)ရက်တွင် မင်းတုန်းမင်းတရားကြီး ကိုယ်တော်တိုင် နဝရတ်ကိုးပါးစီခြယ်ထားသော ရွှေစုတ်ကို ကိုင်စွဲတော်မူပြီး ရွှေမှင်နှင့် မျက်ခုံးတော်၊ မျက်ရေးတော်စသော လက္ခဏာတော်များကို ရေးသား မျက်နှာတော်ဖွင့်တော်မူပြီး ဆရာတော်သံဃာတော်များနှင့်အတူ အနေကဇာတင်တော်မူလေသည်။ မင်းမှူးမတ်တို့က ကျောက်တော်ကြီးဘုရား မဟာရံတံတိုင်း ပြင်ပတွင် ဇရပ်ပေါင်း ၃၃ ဆောင်ကို ဆောက်လုပ် လှူဒါန်းကြသည်။ ကျောက်တော်ကြီး ရုပ်ပွားတော်ကို ကျောက်ဆစ် ပညာသည် အကျော်တို့အား ဆက်လက်၍ ထုလုပ်ချောမော စေပြီးနောက် ၁၂၂၇ ခု ကဆုန်လပြည့်ကျော် ရ ရက်နေ့တွင် အခမ်းအနားကြီးစွာဖြင့် မင်းတုန်းမင်းတရားကြီး ကိုယ်တော်တိုင် မျက်ရေးတော်ကို စတင်ရေးသားလျက် မျက်နှာတော် ဖွင့်လေသည်။
အရွယ်ပမာဏ
[ပြင်ဆင်ရန်]ရုပ်ပွားတော်၏ အရွယ်ပမာဏမှာ ထက်ဝယ်တော်အပြန့် ၁၂ တောင်။ အဝန်း ၂၈ တောင် ၂ မိုက် ၄ သစ်။ ခါးတော် အဝန်း ၁ဝ တောင် ၂ မိုင် ၄ သစ်။ ရင်ပွင့်တော် ပခုန်းစွန်း ဝဲယာ အကျယ် ၈ တောင်။ အဝန်း အတောင် ၂ဝ။ ဦးခေါင်း တော် အဝန်း ၁၃ တောင်။ စမ္မခဏ်မှ ရောင်လျှံတော်ဖျားအထိ ဉာဏ်တော် အမြင့် ၁၇ တောင် ၁ မိုက် ၄ သစ်၊ ဖြစ်လေသည်။ အ လေးချိန် (၅၅၂၁၂၅ ) ပိဿာ တန်ချိန် (၉၀၀ )ခန့် ရှိသည်။
ထူးခြားချက်
[ပြင်ဆင်ရန်]ဘုရားပရဝုဏ်အကျယ် ၄.၂၅ ဧက ရှိပြီး၊ ဘုရားပုရဝုန်အတွင်း လက်ျာတော်ရံ ရဟန္တာ ၄၀ ပါး လက်ဝဲတော်ရံ ရဟန္တာ ၄၀ ပါး စုစုပေါင်း ၈၀ ပါးကို တစ်ပါးစီ အုတ်ကျောင်းဆောင်များနှင့် တည်ထားခြင်းကို ထူးခြားစွာ ဖူးတွေ့ရမည် ဖြစ်သည်။[၁]
ဘက်စုံပြုပြင်
[ပြင်ဆင်ရန်]မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား ဖူးမြော်ရာတွင် ပြတိုက်သို့လည်း ဝင်ရောက်လေ့လာသင့်သည်။ ပြတိုက်ထဲတွင် ထွက်တော်မူကြီး၊ ထွက်တော်မူအခမ်းအနား ရှေးပန်းချီလက်ရာကားများ ကြည့်ရှူလေ့လာနိုင်သည်။ နိပါတ်ပန်းချီဆရာကြီး ဦးစောမောင်၏ ကောသလမင်း အိပ်မက်တစ်ဆယ့်ခြောက်ချက် ပန်းချီကားများ လေ့လာကြည့်ရှူနိုင်သည်။ ဂန္ဓကုဋိတိုက်၏ အနောက်ဘက်တွင် ရှေးလက်ရာ ခြေတော်ရာနှစ်ဆူကို ဖူးမြော်နိုင်သည်။
ကျောက်သပိတ်ကြီး
[ပြင်ဆင်ရန်]ယင်းသို့ ဘုရားထုဆစ်ပြီး ပိုနေသောကျောက်အသားစကို ကျောက်သပိတ်ကြီး တစ်လုံးရရှိရန် မင်းတုန်းမင်းတရားကြီး၏ အစီအမံဖြင့် ထုဆစ်ခဲ့သည်။ ထိုကျောက်သပိတ်ကြီး၏ အရွယ်အစားမှာ အပြင်နုတ်ခမ်း ၅-ပေ ၂-လက္မ၊ အတွင်းနုတ်ခမ်း ၄-ပေ ၅-လက္မ၊ အမြင့် ၃-ပေ ၈-လက္မ၊ လုံးပတ် ၂၁-ပေ ၄-လက္မ တို့ ဖြစ်သည်။
ကျောက်တော်ကြီးဘုရားပွဲ
[ပြင်ဆင်ရန်]ကျောက်တော်ကြီးဘုရားပွဲကို နှစ်စဉ်အတိုင်း သီတင်းကျွတ်လဆန်း ၁၃ ရက်မှ လပြည့်ကျော် ၇ ရက်အထိ စည်စည်ကားကား ကျင်းပသည်။ မြန်မာနိုင်ငံ အထက်ပိုင်းမှာ အထင်ရှားဆုံး၊ အကြီးကျယ်ဆုံးဖြစ်သည်။ ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိဘုရား၊ ကျောက်တော်ကြီး ဘုရားများ တစ်ပေါင်းတည်း ကျင်းပသည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးပင် ဖြစ်သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]