အလောင်းမင်းတရား

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
အလောင်းဘုရား
Pyinoolwin -- DSA Alaungpaya.JPG
(၁၇၁၄-၁၇၆၀)
နန်းသက် ၁၇၅၂ ဖေဖော်ဝါရီလ ၂၉ရက် - ၁၇၆၀ မေလ ၁၁ရက်
အမည်အပြည့်အစုံ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ
ငယ်မည် အောင်ဇေယျ
ဘွဲ့အမည် သီရိ ပဝရ ဝိဇယ နန္ဒ ဇဌ မဟာ ဓမ္မရာဇ အလောင်းမင်းတရားကြီး
အမည်ကွဲ
နံတော် သောကြာ
မွေးဖွားသည့်နေ့ ၂၄ စက်တင်ဘာ ၁၇၁၄ ( တော်သလင်းလပြည့်ကျော် ၁ ရက် ၁၀၇၆ )
မွေးရာဇာတိ ရွှေဘို
ဖခမည်းတော် မင်းညိုစံ
မယ်တော် စောငြိမ်းဦး
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ကြင်ရာတော် ခင်ယွန်းစံ
နန်းစံရာ နေပြည်တော် ရွှေဘို
နတ်ရွာစံသည့်နေ့ ၁၁ မေ ၁၇၆၀
နတ်ရွာစံသည့်နေရာ ဘီးလင်းမြို့နယ်၊ မွန်ပြည်နယ်
မြှုပ်နှံရာနေရာ ရွှေဘို
ဆက်ခံခဲ့သောမင်း မဟာဓမ္မရာဇာဓိပတိ (ခ) ဟံသာဝတီပါမင်း
ဆက်ခံမည့်မင်း နောင်တော်ကြီးမင်း
မင်းဆက် ကုန်းဘောင်မင်းဆက် ပထမဆုံးမင်း


အလောင်းမင်းတရား (ဝါ အလောင်းဘုရား; ၂၄ စက်တင်ဘာ ၁၇၁၄ - ၁၁ မေ ၁၇၆၀) ၏ အမည်ရင်းမှာ ဦးအောင်ဇေယျဖြစ်သည်။ ထီးနန်းမစိုးစံခင် အချိန်က မုဆိုးဖိုရွာ၏ ရွာသူကြီးဖြစ်ပြီး ကုန်းဘောင်မင်းဆက်ကို ထူထောင်သောမင်း ဖြစ်သည်။

အလောင်းမင်းတရားသည် ရွှေဘိုမြို့မှအစပြုပြီး မြန်မာတနိုင်ငံလုံး သိမ်းပိုက်မင်းပြုခဲ့သည်။ ယခင်က ယိုးဒယားနိုင်ငံ အယုဒ္ဓယကို အကြိမ်ကြိမ် ချီတက်သိမ်းယူခဲ့သော်လည်း နောက်ဆုံးအကြိမ်တွင်မူ မအောင်မြင်ဘဲ အပြန်ခရီးတွင် ကျောက်ရောဂါ (သို့) ဝမ်းရောဂါဖြင့် နတ်ရွာစံကွယ်လွန်ခဲ့သည်။ အလောင်းမင်းတရားကြီး သားတော်ဆင်ဖြူရှင်မင်းတရား လက်ထက်တွင် တစ်ဖန် အယုဒ္ဓယမြို့ကြီးကို လုပ်ကြံ တိုက်ခိုက်ပြန်ရာ ဤအကြိမ်သည် အယုဒ္ဓယမြို့၏ ပျက်စီးခြင်းအကြောင်း နောက်ဆုံးအကြိမ်ပင် တည်း။ အယုဒ္ဓယမြို့ကြီးကို ဝိုင်းရံ တိုက်ခိုက်ရာ၌ မြန်မာတို့က ယိုဒယားမြို့အောက်သို့ ရောက်အောင် ဥမင်ကြီးများ ဖောက်၍ ထင်း၊ လောင်စာ အပြည့်သွင်း၍ မီးခိုးလျှံပြင်းလှသဖြင့် မြို့ရိုးပြိုသည်နှင့် မြန်မာရဲမက်များ ဝင်နိုင်သည်တွင် အယုဒ္ဓယမြို့ တစ်မြို့လုံးကိုရ၍ ယိုးဒယားမြို့သား မိန်းမ ယောကျာ်းတို့ကို သုံ့ပန်းအဖြစ် ဖမ်းယူသည်။ အိမ်ရာ ကျောင်း ကန် စရပ်၊ တန်ဆောင်းများကို အနှံ့အစပ် မီးတိုက်ရှို့သည်။ ဤတွင် ယိုးဒယားဘာသာ ရာဇဝင်စာပေ အမြောက်အမြား ပျက်စီး ဆုံးရှုံးသည်ဟု ဆိုသည်။ အယုဒ္ဓယမြို့မှာ မြို့ပျက်ကြီး အဖြစ်သို့ ရောက်သွား၍ နောက်ထပ်မြို့ကို မထူထောင်တော့ဘဲ ဗန်ကောက်မြို့သို့ ပြောင်း၍ မြို့နန်းထူထောင်လေတော့သည်။

အလောင်းမင်းတရားကွယ်လွန်ချိန်တွင် သားတော်ကြီး နောင်တော်ကြီးမင်းက ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့သည်။ အင်းဝမြို့ ၏ အနောက်-မြောက်ဘက် မိုင် ၅၀ ခန့်ကွာဝေးသော မုဆိုးဖိုရွာငယ်လေးတွင် ၂၄ စက်တင်ဘာ ၁၇၁၄ တွင် ဖွားမြင်ခဲ့ပါသည်။ သူ၏ ဘဝသည် ပထမ တွင် ရိုးရိုးသာမန်အရပ်သားဘဝမှ ဇာတိရွာ၏ အကြီးအကဲဖြစ်လာပြီး ၁၇၅၂ ခုနှစ် ပဲခူး နေပြည်တော်မှမွန် များ ဗမာတို့ကို ချီတက်တိုက်ခိုက်သောအခါ သူ၏ ကျော်ကြားမှုကို အ မြင့်ဆုံးသို့ရောက်စေရန် အခွင့်အရေးပေးရာ ရောက်ခဲ့ပါသည်။ တစ်နိုင်ငံလုံး မွန်တို့ လက်အောက် ကျရောက်ပြီးနောက် ခေါင်းဆောင်များသည် သစ္စာတော်ခံ(သစ္စာရေသောက်) ခဲ့ကြသည်။ မည်သို့ပင် ဖြစ်စေ အလောင်းဘုရားသည် ပိုမို၍ လွတ်လပ်သော စိတ်ဓာတ်ဖြင့် သူ၏ရွာအား ပြန်လည် ရယူနိုင်ခဲ့ သည့်အပြင် စစ်ဆင်ရေးအတွက် ဖွဲ့စည်းစေလွှတ်လိုက်သော ဆိုးရွားသည့် ပဲခူးတပ်များအား အောင် မြင်စွာ တိုက်ထုတ်ချေမှုန်းခဲ့သည်။ဤအပေါ်တွင်မူတည်၍ ထောင်ပေါင်းများစွာသော ဗမာတို့ သည် သူ၏ အောင်လံတော်အောက်တွင် စုဝေးပြီး သူနှင့်အတူ အင်းဝသို့ ချီတက်ခဲ့ကြသည်။ ထိုနောက် အင်းဝအား ကျူးကျော်ဝင်ရောက်တိုက်ခိုက်သော လူများလက်မှ ၃ ဇန္နဝါရီ ၁၇၅၄ ခုနှစ် အချိန် တွင် ပြန်လည်ရယူခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာတိုင်အောင် သူသည် ထိုစစ်ပွဲအား တူညီသော အောင်မြင်မှုဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သည်။

အလောင်းမင်းတရားကြီး[ပြင်ဆင်ရန်]

King Alaungpaya photo.JPG
King Alaungpaya painting.JPG
ကုန်းဘောင်ခေတ် မြန်မာပြည်မြေပုံ

မြန်မာနိုင်ငံကြီး ဒုတိယအကြိမ်မြောက် ပျက်စီးပြိုကွဲခဲ့ရသည်ကို တတိယအကြိမ် ပြန်လည် စည်းရုံးထူထောင်ခဲ့သူမှာ အလောင်းမင်းတရားကြီး ဖြစ်သည်။ပုဂံပြည့်ရှင် ပျူစောထီးမှသည် ၄၇ယောက်သော မင်းတို့ နောက် ဖောင်စကြာရှင်နပရတိစည်သူ၏ သမီး ကျောင်းတော်သည် နှင့် နရသိင်္ဃမင်း၏ သားတော် အနန္တသူရိယတို့ စုံဖက်ရာတွင် ဖွားမြင်သည့်သား သိဒ္ဓိကာ၊ သားဘဲကြီးရတနာ၊ သားဘဲငယ်ရတနာ၊ သားလံဘူးအန္တရသူ၊ သားပေါက် မြိုင်မင်းပုလဲ၊ သားမြေနဲ စောသိင်္ဃာ၊ သားမိုးညှင်းမင်းတရားကြီး ညီ ဝါပနော်ရထား၊ သားမြောက်ဘက် နော်ရထာ၊ သားသင်္ခယာ သားမင်း နေဝန်း၊ သားမင်းရဲထွေး၊ သားမင်းကြီးရွှေ၊ သားတုရင်ကျော်သူ ခံမင်းဖိုးခင်၊ သားမင်းစစ်နိုင်၊ သား သီရိမဟာ ဓမ္မရာဇာ၊ သား အလောင်းမင်းတရားကို ဖွားသည်။ အလောင်းမင်းတရားကြီး ကား သက္ကရာဇ် ၁ဝ၇၆ ခုနှစ် တော်သလင်းလပြည့်ကျော် တစ်ရက်သောကြာနေ့ ညဉ့်တစ်ချက်တီးကျော်တွင် မုဆိုးဘို မြို့စား သီရိမဟာဓမ္မ ရာဇာဘွဲ့ခံ မင်းညိုစံနှင့် မဟာဒေဝီ စောငြိမ်းဦးတို့၌မြင်သည့် ဒုတိယသားတော် ဖြစ်သည်။ ငယ်မည် အောင်ဇေယျတည်း။

၁၁၁၃ ခုနှစ်တွင် ဟံသာဝတီက တိုက်ခိုက်သိမ်းယူသဖြင့် အင်းဝမပျက်မီကပင် ဦးအောင်ဇေယျသည် မုဆိုးဘိုရွာ၌ ဩဇာအာဏာရှိပြီး ဖြစ်သည်။ တန်ခိုးသတင်းထွက်ပြီးလည်း ဖြစ်သည်။ အင်းဝပျက်လျှင် မုဆိုးဘိုကို ထန်းလုံးတပ် ပတ်ဝိုက် တည်၍ အခိုင်အလုံ နေသည်။ မြင်းရည်တတ် ခြောက်ကျိပ် ရှစ်ယောက်ကိုလည်း ဖွဲ့စည်းခဲ့လေသည်။ ထိုအခါ အင်းဝမှ မွန်စစ်သူကြီး ဒလပန်းက လူစေလွှတ်၍ သစ္စာပေးလာသည်။ ကွေ့ဂုဏ္ဏအိမ်ကလည်း သစ္စာပေးလာသည်။ မည်သည့်သစ္စာကိုမျှ မခံချေ။ အမှုထမ်းတို့က အင်အား မရှိသေးသည့်အတွင်း ကွေ့တို့၏သစ္စာခံပြီးလျှင် မွန်လူမျိုးတို့ပြန်သောအခါမှ ကြုံကြိုက်ရာကြံမည်ဟုလျှောက်သည်ကိုလည်း ဤသို့ပြုလျှင် သားတော်မြေးတော်အစဉ်အဆက် သစ္စာမစောင့်သောအမျိုးဟု ပြောထုံးမကြေဖြစ်လေရာသည်ဟု မိန့်တော်မူလေသည်။

မွန်လူမျိုးတို့အပြန်တွင် ဟန်လင်းမြို့တောင်က ဆီး၍ တိုက်လိုက်ရာ မွန်အမြောက်အမြား သေလေသည်။ မုဆိုးဘိုတပ်ကို မွန်လူမျိုးတို့ အကြိမ်ကြိမ် ချီတက် တိုက်ခိုက်လာသည်ကိုလည်း နိုင်သည်ချည်း ဖြစ်သည်။ မင်းတရားကြီးသည် ၁၁၁၅ ခုနှစ်တွင် မုဆိုးဘိုကို ရွှေဘိုသမုတ်၍ မြို့နန်း တည်တော်မူသည်။ထိုနှစ်တွင်ပင် ကွေ့လူမျိုးတို့ကို တိုက်ခိုက်အောင်နိုင်သည့်အပြင် အင်းဝကို သားတော်အလတ် သတိုးမင်းစော (ဆင်ဖြူရှင်) လုပ်ကြံ၍ အလွယ်တကူရသည်။ ဗန်းမော်၊ မိုးမိတ်၊ မိုးကောင်း၊ မိုးညှင်းတို့ကိုလည်း တိုက်၍ ရသည်။ ၁၁၁၆ ခုနှစ်တွင် မွန်မင်းညီတော် ဥပရာဇာ၊ စစ်သူကြီး ဒလပန်းတို့ကွပ်ကဲ၍ ကြည်းရေနှစ်ဘက် စစ်ကြီး ချီလာကာ တရုတ်မြို့တွင် မင်းတရားကြီး၏ သားတော်နှစ်ပါး တပ်ကို တိုက်၏။

တပ်တော်တို့ အပျက်နာ၍ ဆုတ်ရ၏။ ထိုနောက် မွန်တို့ အင်းဝကိုဝန်းရံလုပ်ကြံသည်။ ဒလပန်းသည် လှေတပ်ကို ကွပ်ကဲ၍ ကျောက်မြောင်းအရောက် ချီတက်သည်။ ကျောက်မြောင်းတွင် မင်းတရားကြီးနှင့် မင်းတရားကြီး၏ ညီတော်တို့ ဒလပန်း၏ လှေတပ်ပျက်၍ အပြင်းအထန် စုန်ပြေးရသည်။ ဟံသာဝတီ ဥပရာဇာလည်း အင်းဝကို ရံထားရာ အောက်သို့စုန်ဆင်းပြီးလျှင် ပြည်မြို့၌ ဒလပန်းကို အစောင့်အနေ ထားခဲ့သည်။မွန်တို့ပျက်လျှင် ပုဂံ၊ ပုပ္ပား၊ ငသရောက်စသော တောင်ဘက်တစ်ခွင်မြို့များတွင် ခေါင်းအကြီးပြုသူတို့ သစ္စာတော်ခံကြသည်။ အောက်ပြည်တစ်လွှားတွင်လည်း အင်းဝဘုရင်ဟောင်း (ဟံသာဝတီရောက်မင်းတရား) ကို မွန်တို့ရေ၌ ဖျောက်ဖျက်ရုံ သာမက မြန်မာတို့ကို မွန်တို့သတ်ဖြတ် ညှဉ်းဆဲလွန်းသဖြင့် မြန်မာတို့စုရုံး၍ မြေလတ်တစ်လျှောက် မြို့ရွာများရှိ မွန်လူမျိုး အကြီးအကဲတို့ကို သတ်ဖြတ်ပြီးလျှင် ပြည်မြို့တွင် အခိုင်အလုံ နေကြသည်။ အလောင်းမင်းတရားကြီးသို့လည်း စစ်ကူတောင်းကြရာ မင်းတရားကြီး ကြည်းတပ် ရေတပ် ချီလာ၍တိုက်လျှင် မွန်တို့ပျက်သဖြင့် ဟံသာဝတီတိုင် ဆုတ်ရသည်။ (ဟံသာဝတီရောက် မင်းတရားကြီး။)

ပြည်မြို့တွင် မွန်ရေတပ်ကို အလောင်းမင်းတရားကြီး အောင်တော်မူပြီးလျှင် ဂူထွတ်မည်သော လွန်ဆေးမြို့ကို သိမ်းသည်။ လွန်ဆေးမြို့၌ ခေတ္တစံနေစဉ် ကနောင်၊ ဟင်္သာတ၊ ဓနုဖြူ၊ မြောင်းမြ၊ ဥက္ကံ၊ သုံးဆယ်၊ လှိုင်၊ သာယာဝတီစသော ဧရာဝတီအရှေ့ဘက် အနောက်ဘက် မြို့ကြီးပြကြီး အကြီးအကဲတို့ ကျွန်တော် ခံလာကြသည်။ မွန်တို့ရန်ကို အလျင်အမြန်အောင်သည်ကိုစွဲ၍ လွန်ဆေးမြို့အား မြန်အောင်မြို့ဟု သမုတ်တော်မူသည်။ မြန်အောင်တွင်ရှိစဉ် ဟိုင်းကြီးကျွန်းရှိ အင်္ဂလိပ်တို့ကိုလည်း အမိန့်တော်နှင့် စေခေါ်တော်မူရာ အင်္ဂလိပ်တို့ အဖူးအမြော် ရောက်ကြသည်။ အင်္ဂလိပ်တို့က ဟိုင်းကြီးကျွန်းတွင် ဖွင့်လှစ်ထားသော မိမိတို့ကုန်တိုက်ကို အသိအမှတ်ပြုရန် တောင်းသည်ကိုလည်း မင်းတရားကြီးသည် အင်္ဂလိပ်တို့ထံမှ အမြောက်ယမ်း ကျည်ဆံကို အလိုရှိသဖြင့် အင်္ဂလိပ်တို့လိုအင်ကို လိုက်လျောဖြည့်စွမ်းလိုက်လေသည်။ သို့ရာတွင် နောင်အခါ အင်္ဂလိပ်တို့သည် မြန်မာတို့နှင့် တိုက်ခိုက်နေသော မွန်တို့အား သေနတ်လက်နက်များ ရောင်းချကြောင်းကို သိသောအခါ ဟိုင်းကြီးကျွန်းရှိ အင်္ဂလိပ်တို့၏ စခန်းကို ပုသိမ်မြို့ဝန်အား လုံးလုံးလျားလျား သုတ်သင်ရန်ခိုင်းသဖြင့် ထိုအရပ်ရှိ အင်္ဂလိပ်အများပင် အသက်ဆုံးကြရလေသည်။

မြန်အောင်မြို့မှ ဆက်လက်စုန်ပြန်ရာ ၁၁၁၇ ခုနှစ်တွင် အလောင်းမင်းတရားကြီးသည် ဒဂုန်ကိုရ၍ မြို့သစ်တည်ပြီးလျှင် ရန်ကုန်ဟု သမုတ်တော်မူသည်။ ရန်ကုန်တွင် ဆူးလေစေတီတော်၏ အရှေ့တောင် အရပ်ဖြစ်သော မြို့ဟောင်းရာ၌ တောရှင်းကျင်းဖို့၍ သစ်တပ်မြို့ တည်သည်။ မိုးကျလျှင် ရန်ကုန်တွင် အစောင့်အနေထားခဲ့၍ ရွှေဘိုသို့ ပြန်တော်မူသည်။ ထိုနောက် ရှမ်းပြည်တစ်လွှားသို့ စေလွှတ်ခန့်ထား၍ သစ္စာတော်ပေးပြီးလျှင် မိုးစဲသည်နှင့် ရန်ကုန်တွင် မွန်တို့ထနေသည်ကို ဆင်း၍နှိမ်နင်းရာ မွန်တို့ ဆုတ်ခွာရပြန်သည်။ မွန်တို့ဘက်မှ အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဝင်ကူကြသည်။ အလောင်းမင်းတရားကြီးသည် ရန်ကုန်မြို့တွင် သင်္ဘောများကိုလည်း ကောင်း၊ တိုက်လှေများကိုလည်းကောင်း တည်သည်။ စစ်သည်တို့ကိုလည်း ဖြည့်တင်းသည်။ ထိုနောက် ၁၁၁၈ ခုနှစ်တွင် မင်းတရားကြီးသည် သံလျင်မြို့ကို ဝန်းရံလုပ်ကြံတော်မူစေသည်။ ကိုယ်တော်တိုင်လည်း သံလျက်စွန်းသို့ သင်္ဘောဖြင့်ထွက်၍ သံလျင်တိုက်ပွဲကို အဝေးကြည့် မှန်ပြောင်းဖြင့်ကြည့်လျှက် စစ်ရေးကို မိမိကိုယ်တိုင် စီရင်လေသည်။ မွန်တို့ဘက်မှ ပြင်သစ်တို့ ကူညီတိုက်ခိုက်သဖြင့် ခြောက်လတိုင်တိုင် အဖိတ်အစင်များစွာနှင့် ခဲယဉ်းစွာ လုပ်ကြံရသည်။ နောက်ဆုံး အသေခံသူရဲကောင်း ၉၃ ယောက်ကိုရွေးချယ်၍ လက်နက်များကို သိမ်းယူသည်။ အမြောက်ကြီး ၁ဝ ကျော်၊ အမြောက်ငယ် တစ်ရာကျော်၊ သေနတ်တစ်ထောင်ကျော် ရလိုက်သည်။ မွန်တို့အား စစ်ကူလာသော ပြင်သစ်တိုက်သင်္ဘော နှစ်စင်းကိုလည်း သိမ်းယူ၍ ပြင်သစ် ကိုယ်စားလှယ် ဗူရနိုနှင့်တကွ ပြင်သစ် အကြီးအကဲတို့ကို ကွပ်မျက်တော်မူသည်။ ထိုသူတို့၏ အဆွေအမျိုးများနှင့် သန်လျင်တွင်ဖမ်းမိသော ပေါ်တူဂီ လူမျိုးတို့ကို ရွှေဘိုနယ် ဗရင်ဂျီရွာများသို့ပို၍ နေထိုင်စေသည်။ မိမိတို့ အယူဝါဒအတိုင်း ကိုးကွယ်နေထိုင်ရန်လည်း ခွင့်ပြုတော်မူသည်။ ဗရင်ဂျီ အမြောက်အမြားကိုလည်း အမြောက်တပ်သားအဖြစ် အမှုထမ်း စေသည်။

၁၁၁၈ ခုနှစ်တွင် ဟံသာဝတီမြို့ကို မင်းတရားကြီး လုပ်ကြံသည်။ ၁၁၁၉ ခုနှစ်တွင် ဟံသာဝတီတစ်မြို့လုံးကို မင်းနှင့် တကွ ရတော်မူရာ မြို့ကိုဖျက်စေ၍ ရာမညတိုင်းအလုံးနှင့် အရှေ့တစ်လွှားမြို့စားများကို သစ္စာပေးပြီးနောက် ပဲခူးဘုရင်ကိုဆောင်ယူကာ ရွှေဘိုသို့ ပြန်တော်မူသည်။

၁၁၂ဝ ပြည့်နှစ်တွင် မဏိပူရကသည်းပြည်ကို တိုက်ခိုက်သိမ်းယူ၍ ကသည်းအမတ် စန္ဒရော်မော်နီကို အအုပ်အချုပ် ခန့်ခဲ့သည်။ ထိုနောက် တမူးနှင့် သောင်သွပ်တွင် မြန်မာတပ်များ အစောင့်အနေထား၍ ပြန်တော်မူသည်။ မဏိပူရကို အောင်နိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံသည် မဏိပူရမှ အနုပညာ၊ လက်မှုပညာ၊ အသိပညာရပ်များကို ရရှိလေသည်။ အထက်တန်းကျလှသော ရက်ကန်းပညာ၊ ပန်းတိမ်ပညာ၊ နက္ခတ်ပညာ စသော အတတ်ပညာများကိုပါ ရရှိလိုက်သည်။

၁၁၂၁ ခုနှစ်တွင် ယိုးဒယားကျေးကျွန်တို့ ထားဝယ်မြို့ ကျေးစွန်ရွာလက်ကို ထိပါးကြောင်း ကြားတော်မူ၍ မင်းတရားကြီး ကိုယ်တော်တိုင် ထားဝယ်ကြောင်း ချီတော်မူသည်။ ချီတော်မူစဉ် မြိတ်မြို့၊ တနင်္သာရီမြို့များသို့ အလျင်သိမ်းယူသည်။ အယုဒ္ဓယမြို့သို့ရောက်လျှင် ဝန်းရံလုပ်ကြံသည်။ လုပ်ကြံစဉ် ကိုယ်တော် မကျန်းမာ သည်နှင့် ပြန်လာရာ ၁၁၂၂ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် မုတ္တမကျေး ကင်းရွာ၌ သက်တော် ၄၅ နှစ် စည်းစိမ်တော် ရှစ် နှစ်တွင် မင်းတရားကြီး နတ်ရွာစံတော်မူသည်။ မင်းတရားကြီး၏ သင်္ချိုင်းပြာသာဒ်ကို ယခု ရွှေဘိုခရိုင် ဝန်ရုံးအနီးတွင် တွေ့နိုင်သည်။

မင်းတရားကြီးကား ရဲရင့်တည်ကြည်၍ အမြော်အမြင် ရှိသည်။ သူရသတ္တိနှင့် လုပ်ရည်ကြံရည်လည်း ရှိသည်။ မွန်တို့ကို တိုက်မည်ဟု တိုင်ပင်ရာတွင် ယောက်ျားတို့မည်သည့် လုံ့လ ဝီရိယ အကြံအစည်ကို လျှော့မြဲမဟုတ်၊ လက်ရုံးနှလုံး၊ လုပ်ရည်၊ ကြံရည်မှာသာ အကြောင်းဖြစ်သည်ဟု မင်းတရားကြီးက မိန့်တော်မူသည်။ စစ်ရေးစစ်မှုတို့၌ အကြပ်အတည်း စည်းကမ်းထားသော်မူပြီးလျှင် ရန်သူတော်တို့ကို အပြင်းအထန် နှိမ်နင်းသုတ်သင်တတ်ရုံမက တိုင်းပြည် အုပ်ချုပ် ခန့်ခွဲ ဝေဖန်ရာ၌လည်း လိမ်မာတော်မူသည်။ လူတို့ အကျင့်စာရိတ္တကို ပျက်ပြားစေသည့် သေရည်သေရက်မှစ၍ မူးယစ်စသော အသောက်အစား အရှူတို့ကို ပြင်းထန်စွာ တားမြစ်ပိတ်ပင်တော်မူသည်။ လယ်ယာကိုင်းကျွန်း စပါး၊ ပြောင်း၊ ဝါများကို လုပ်ဆောင်ရိတ်သိမ်းသည့်ကာလ ကြက်သေတင်ဝက်သေတင်၍ ရိတ်သိမ်းရိုးဖြစ်သော မိစ္ဆာဒိဋ္ဌိအယူများကိုလည်း လုံးလုံးပယ်စေကာ မြစ်တားတော်မူသည်။ လွန်ဆန်၍ ပြုကျင့်သည် ကြားတော်မူလျှင် အပြစ် အလျောက် ကွပ်မျက်တော်မူသည်။ ခိုးဝှက်လုယက်ခြင်းကိုလည်း အလားတူ တားမြစ်တော်မူလေသည်။

ဤသို့ တားမြစ်ရာ၌ အလောင်းဘုရား၏ အပြစ်ပေးပုံမှာ အတုယူဖွယ်ဖြစ်သည်။ မြို့ရွာတွင် သူခိုး သူဝှက်တို့ကြောင့် ဥစ္စာပစ္စည်း ပျောက်ခဲ့သော် ထိုမြို့ရွာကို အုပ်ချုပ်သော အကြီးအကဲတို့က ဥစ္စာပျောက်သူကို လျော်ရသည်။ ရွာနှစ်ရွာစပ်ကြားတွင် ဓားပြတိုက်ပါမူ နီးသောရွာမှ ရွာသူကြီးက လျော်ရလေသည်။ ဤသို့ ပြုလုပ်ပေးခြင်း အားဖြင့် အစိုးရ အမှုထမ်းတို့သည် မိမိတို့ တာဝန်ကို ပိုမို ဂရုစိုက် ဆောင်ရွက်လာစေရန် ဖြစ်သည်။

မိုးရှားပါးသော ရွှေဘိုနယ်တစ်ဝိုက်တွင် ပြည်သူပြည်သားတို့ စိုက်ပျိုးနိုင်ရန် မင်းတရားကြီးသည် အမြော်အမြင်ရှိစွာနှင့် မူးမြစ်ကို ဆည်တော်မူသည်။ ရွှေဘိုမြို့ကို ရေပေးနိုင်ရန်လည်း မဟာနန္ဒာကန်တော်ကြီးကို တူးဖော်စေသည်။ မင်းတရားကြီး၌ ဆွေတော်မျိုးတော်စသော အမှုထမ်းကောင်းပေါများသည်။ မင်းဆွေမင်းမျိုး အင်းဝမှူးဟောင်း မတ်ဟောင်းများကပါ မင်းတရားကြီး ဘုန်းလက်ရုံး လုပ်ရည်ကြံတို့ကို ယုံကြည်သဖြင့် အကွဲအပြားမရှိ တညီတညွတ်တည်း အမှုထမ်းကြခြင်း ဖြစ်သည်။ နှုတ်ရေး၌လည်းကောင်း၊ လက်ရေး၌လည်းကောင်း လူရည်သွားကို သိတော်မူတတ်သည်။ မှူးတော်မတ်တော် သူရဲသူခက်တို့ကို အလိုက်အထိုက် ဝေဖန်နှိုင်းချိန် ချီးမြှောက်မစ ပြုလုပ်ပေးကမ်းလေ့ရှိသည်။ ထိုကြောင့် ကြံတော်မူသမျှ အောင်မြင်၍ အပြီးသို့ ရောက်သည်ချည်း ဖြစ်သည်။

အလောင်းမင်းတရားကြီးအား ဖူးမြင်ရသော ကက်ပတိန် ဗေကာ၏ မှတ်တမ်းအရ မင်းတရားကြီး၏ အရပ်တော်သည် ငါးပေ ၁၁ လက်မခန့်ရှိ၍ ကျန်းမာသော ရုပ်လက္ခဏာရှိ ကြောင်း၊ သန်မာ၍ တင့်တယ်ညီညွတ်သော လုံးရပ်သဏ္ဌာန်ရှိ ကြောင်း၊ အသားညို၍ မျက်နှာသွယ်ပြီးလျှင် ကျောက်ပေါက်မာ သက်သက်ရှိကြောင်း၊ မျက်နှာထားတည်ကြည် မာတင်းကြောင်း၊ ရာဇဣန္ဒြေနှင့် ပြည့်စုံတော်မူကြောင်းတို့ဖြင့် ရေးသားထားလေ သည်။

မင်းတရားကြီးသည် ရတနာသုံးပါးကိုလည်း ကြည်ညိုတော် မူသည်။ ရွှေဘိုမြို့တွင် မော်ဓောမြင်သာခေါ် ရွှေစေတီကြီး၊ ရွှေချက်သိုစေတီ၊ ရွှေဂူကြီးစသော စေတီပုထိုးများ၊ တကောင်းမြို့ အရပ်၌ ဇိနအောင်ချာ ရွှေဘုံသာစေတီတော်၊ တိဂုံဆံတော် ရှင်၌ စောင်းတန်းတော်၊ ဇရပ်တော်များ၊ ဟံသာဝတီ၊ ပြည်၊ အင်းဝ၊ စစ်ကိုင်းမြို့များနှင့် အကြေအညာမြစ်စဉ်တစ်လျှောက် ဘုရားပုထိုးဟောင်း နွမ်းပြိုပျက်သည်များကို ကံကျွေးလက်ခပေး၍ ပြင်ဆင်စေတော်မူသည်ကား များလှ၏။ ထိုပြင် မဟာဒါန်ဝန်ခန့်၍ ဝိနည်းကျမ်းဂန်နှင့်အညီ မကျင့်သော ရဟန်းတို့ကို မပြတ်သုတ်သင် ရှင်းလင်းစစ်ကြောစေသည်။ သာသနာရေးဘက်၌သာမက စာပေဘက်၌လည်း မင်းတရားကြီးသည် ချီးမြှောက်တော်မူသည်။ တရားဌာန အုပ်ချုပ်မှု အတွက် အစဉ်အလာအားဖြင့် ဓမ္မသတ်ဖြတ်ထုံးကျမ်းများစွာ ရှိခဲ့ပါသော်လည်း ပါဠိပါဘာသာနှင့်သာ များ၍ မြန်မာဘာသာနှင့် ပြန်ဆိုရေးသားပါလည်း ပါဠိစကားလုံးများစွာ ညှပ်ထားသဖြင့် လွယ်ကူစွာ ဖတ်ရှုနိုင်ရန် မိမိ၏ စစ်သူကြီး အမတ်တစ်ဦးဖြစ်သော မဟာသီရိဥတ္တမဇေယျအား မနုကျယ် ဓမ္မသတ်ကို စီရင်စေသည်။ တရားသူကြီးလက်ဝဲ ဘိနန္ဒသူက ဓမ္မဝိနိစ္ဆယဓမ္မသတ်ကျမ်းကို စီရင်သည်။ မင်းတရားကြီးလက်ထက်ထင်ရှားသော အခြားစာဆိုတို့ကား မင်းတရားကြီး ဟံသာဝတီကို စုန်တော်မူစဉ် ကမ်းပြို၍ ဖောင်တော်ပေါ်သို့ ထန်းပင်လဲကျသည်ကို ရုတ်ခြည်း စပ်ဆို၍ သစ်သစ်မင်္ဂလာ၊ နစ်နစ်နာလော့ ချီသည့် နိမိတ်ဖတ်လင်္ကာကို ရွတ်ဆိုလျှောက်တင်သည်တွင် ထင်ရှားလာသော ရန်အောင်ဗလအမတ်၊ ကဝိ လက္ခဏာ သတ်ပုံ၊ ရတနာသိင်္ဃ ကန်တော်ဘွဲ့မင်္ဂလာရတု၊ ဧချင်း၊ လင်္ကာ စသည်တို့ကို ရေးသားသည့် စိန္တကျော်သူဘွဲ့ခံ ဦးဩ၊ အာဒါသမုခပျို့သစ်၊ သာဓိနပျို့ စသည်တို့ကို ရေးသားခဲ့သော လက်ဝဲသုန္ဒရဘွဲ့ခံ ဦမြတ်စံတို့ ဖြစ်သည်။

မင်းတရားကြီး၏ မိဖုရားကြီးကား ဦးရီးတော် စည်ပုတ္တရာ ရွှေကာ ၁ဝဝဝ မှူး၊ မင်းသီရိရန္တဇ သမီးတော် ၁ဝ၇၅ ခုဖွား ငယ်မည် မယ်ယွန်းစံ ဖြစ်သည်။ ၁၁၁၅ ခုနှစ်တွင် မဟာမင်္ဂလာ ရတနာဓိပတိ သီရိရာဇာ စန္ဒာဒေဝီ အမည်ခံရသည်။ ရတနာသိင်္ဃမြို့ အောင်မြေဘုံသာကျောင်းတော်ကြီး၊ ရတနာပူရမြို့ ဘုံသာတုလွတ်ကျောင်း တော်ကြီးများ ဒါယိယာမတည်း။ မိဖုရားခေါင်ကြီးတွင် သားတော်ခုနစ်ပါး သမီးတော်သုံးပါး ပေါင်း ၁ဝ ပါး မြင်သည်။ သားတော်များမှာ သီရိသုဓမ္မာရာဇာ ဘွဲ့ခံ နောင်တော်ကြီးမင်း၊ သီရိဓမ္မရာဇဘွဲ့ခံ ဆင်ဖြူရှင်မင်း၊ သုဓမ္မရာဇာဘွဲ့ခံ အမြင့်မြို့စား၊ သတိုးမင်းလှရွှေတောင်ဘွဲ့ခံ ဗဒုံမြို့စား ဘိုးတော်ဘုရား၊ သတိုးမင်းလှ မင်းရဲကျော်စွာဘွဲ့ခံ ပုခန်းကြီးမြို့ တလုပ်မြို့စား၊ သတိုးမင်းလှမင်းရဲကျော်စွာဘွဲ့ခံ ပင်းတလဲ မြင်စိုင်းမြို့စား၊ ငယ်ကလွန်သော မင်းသားတစ်ပါးတို့ ဖြစ်သည်။ သမီးတော်များမှာ သီရိမဟာမင်္ဂလာဒေဝီဘွဲ့ခံ ကန္နီမြို့စား မယ်သာ၊ သီရိမဟာရတနာဒေဝီဘွဲ့ခံ မင်းခင်းမြို့၊ ပန်းတောင်းမြို့စား မယ်မြတ်လှ၊ သီရိရတနာ မင်္ဂလာဒေဝီဘွဲ့ခံ စကုမြို့စား မယ်အိပ်တို့ ဖြစ်ကြသည်။ ကိုယ်လုပ်တော်ခြောက်ပါးမှ သားတော်သုံးပါး သမီးတော်သုံးပါး ပေါင်းခြောက်ပါးမြင်ရာ သားတော်သမီးတော် စုစုပေါင်း ၁၆ပါး ဖြစ်လေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]