စဉ့်ကူးမင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
စဉ့်ကူးမင်း
ဘုရင်
စဉ့်ကူးမင်းသား
နန်းသက် ၁၀ ဇူလိုင် ၁၇၇၆ – ၅ ဖေဖော်ဝါရီ ၁၇၈၂ (နန်းကျ)[၁]
နန်းတက်ချိန် ၂၃ ဒီဇင်ဘာ ၁၇၇၆
ရှေ့မင်းဆက် ဆင်ဖြူရှင်မင်း
Successor ဖောင်းကားစား မောင်မောင်
မွေးဖွား (1756-05-10)၁၀ မေ၊ ၁၇၅၆
အင်းဝ
ကွယ်လွန် ၁၄ ဖေဖော်ဝါရီ၊ ၁၇၈၂(1782-02-14) (အသက် ၂၅)
အင်းဝ
ကြင်ရာတော် ရှင်မင်း
စုစုပေါင်း မိဖုရား ၁၃ ဦး
သားသမီးများ သားတော် ၆ ဦး၊ သမီးတော် ၆ ဦး
အမည် အပြည့်အစုံ
မင်းရဲလှ
စံအိမ် ကုန်းဘောင်
ခမည်းတော် ဆင်ဖြူရှင်မင်း
မယ်တော် မယ်လှ
ကိုးကွယ်မှု ထေရဝါဒ ဗုဒ္ဓဘာသာ

စဉ့်ကူးမင်း (မြန်မာနှစ် ၁၁၁၈–၁၁၄၃) သည် ကုန်းဘောင်မင်းဆက်၏ စတုတ္ထမင်း ဖြစ်သည်။

ရတနာပူရမြို့တည် မြေဒူးမင်း (ဆင်ဖြူရှင်) မင်းတရားကြီးနှင့် မိဖုရားခေါင်တွင် မြင်သည့်သားတော်ဖြစ်ပြီး သက္ကရာဇ် ၁၁၁၈ ခု၊ ကဆုန်လဆန်း(၁၂)ရက် (ခရစ် ၁၇၅၆ ခု၊ မေလ ၁ဝ ရက်) တနင်္လာနေ့ နံနက် (၄) ချက်တီးကျော် မိဿတွင် ဗုဒ္ဓဟူး၊ ပြိဿတွင် တနင်္ဂနွေ၊ မေထုန်တွင် လဂ်နှင့်သောကြာ၊ ကရကဋ်တွင် အင်္ဂါ၊ သိဟ်တွင် ရာဟု၊ ကန်တွင် စန်းနှင့်ကြာသပတေး ကြိုက်၍ ဖွားတော်မူသည်။ ဖခင်ဖြစ်သူ မြေဒူးမင်း (ဆင်ဖြူရှင်) သည် အလောင်းမင်းတရားကြီး နတ်ရွာမစံမှီ သားတော်များအစဉ်လိုက် နန်းဆက်ခံရန် မိန့်ကြားခဲ့သည်ကို ပယ်လှန်ကာ သားဖြစ်သူ စဉ့်ကူးမင်းကို ထီးနန်းပေးအပ်ခဲ့သည်။ မိမိနောက်တွင် နန်းတက်ရန်ရှိသည့် ဗဒုံမြို့စား ညီတော် မောင်ဝိုင်း (နောင်တွင် ဗဒုံမင်း) အား နန်းတွင်းမှ နှင်ထုတ်ကာထားခဲ့သည်။

ခမည်းတော် ဆင်ဖြူရှင်မင်းတရားသည် သက္ကရာဇ် ၁၁၃၈ ခုနှစ် နယုန်လပြည့်ကျော် ၉ ရက် တနင်္ဂနွေနေ့တွင် သက်တော် ၃၉ နှစ် ၁ဝ လအရွယ်၌၊ နတ်ရွာစံတော်မူလေသည်။ ၎င်းနှစ် ပြာသိုလဆန်း(၁၅)ရက်၊ တနင်္လာနေ့ နံတော်၏ ဂဟပတိအရပ် ဖြစ်သော ရွှေနန်းတော်၏ အနောက် ငါးရာဖျားသနပ်ခြံဝယ် မဟာသင်္ကြန်တော်ကြီး ခေါ်တော်မူပြီးလျှင် [၂] ထီးဆောင်းမင်္ဂလာ မဟာဦးကင်းသ ဖွင့်တော်မူကာ ရာဇဘိသေကခံ၍ မဟာဓမ္မရာဇာဓိရာဇာ တံဆိပ်နာမတော်ကို ခံယူတော်မူသည်။ မင်းစည်းစိမ်(၅)နှစ်နှင့် (၈)လ၊ သက်တော်(၂၅)နှစ် (၈)လ ရောက်လတ်သော် အာစရဝိပ္ပတ္တိဖြင့် နန်းကျ၍ သက္ကရာဇ် ၁၁၄၃ ခု၊ တပေါင်းလဆန်း (၄)ရက်နေ့တွင် ဆဒ္ဒါဆင်မင်း သခင် (ဘိုးတော်ဘုရား)မင်းတရားကြီးက ရေမှာဖျောက်တော်မူသည်။

စဉ့်ကူးမင်း အညာသီဟတောဘုရား သို့ဘုရားဖူးထွက်စဉ်တွင် အစ်ကိုဝမ်းကွဲတော်သူ နောင်တော်ကြီးမင်း၏ သား ဖောင်းကားစား မောင်မောင်က ဘုရင် အယောင်ဆောင်ပြီး နန်းတွင်းသို့ ဝင်ရောက်ကာ နန်းလုခဲ့သဖြင့် နန်းကျရသည်။ ၇ ရက်အကြာတွင် မောင်မောင်အား ဘိုးတော်ဘုရား လုပ်ကြံနန်းချပြီးနောက်တွင် ဖမ်းမိပြီး ကွပ်မျက်ခဲ့သည့်အတွက် စဉ့်ကူးမင်း ကံကုန်သည်။ ထိုမင်းနန်းကျလိုသော် တောင်အရပ်က လိပ်ပြာ မိုးလုံးပြည့်မျှ ပျံလာ၍ မြစ်မြောက်ဘက်သို့ ကူး၏။ မြို့ရိုးတံခါးတွင် ဆင်ရိုင်းကျ၍ သေ၏။ တံခွန်ပြ၏။ တစ်မိုးလုံး သွေးပေါက်ကဲ့သို့ ခြင်းခြင်းနီ၏။ မြို့ရိုးပတ်လည် အစိတ်စိတ်ကွဲ၏။ ပင်းယ ရွှေစည်းခုံပြို၏။

မိဖုရားများ[ပြင်ဆင်ရန်]

မိဖုရားခေါင်[ပြင်ဆင်ရန်]

စဉ့်ကူးမင်း၏ မိဖုရားခေါင်ကြီးကား မြင်းစုကြီးဝန်သမီး စစ်ကိုင်းမြို့စား သီရိနန္ဒာဒေဝီဘွဲ့ခံ ရှင်ဘွားနှင့် ကျီဝန်အတွင်းဝန်မင်းကြီး နန္ဒကျော်ထင်ဘွဲ့ခံ မောင်ထွန်းတို့ သင့်မြတ်ရာတွင် သက္ကရာဇ် ၁၁၂ဝပြည့်နှစ်တွင်မြင်သည့် သမီးတော် ရှင်မင်း ဖြစ်သည်။ ၁၁၃၈ ခု မဟာရတနာစန္ဒာဒေဝီအမည်နှင့် ဘိသိက်ခံတော်မူသည်။ ထိုမိဖုရားသည် သက္ကရာဇ် ၁၁၃၉ ခု၊ တပေါင်းလဆန်း (၁၅)ရက်၊ ကြာသပ​​​​တေးနေ့၊ စစ်ကိုင်းဘက် ဝတ်ချက်ရွာအောက်၊ အာလိန်ငါးဆင့်နှင့်တကွ ဧရာဝတီမြစ်နား ကျောက်စံကတော်ကျောင်းရာဟောင်းတွင် ဆန်းကြယ်လှပသော သုံးထပ်ဇေတဝန် ကျောင်းတော်ကို ဆောက်၍ ရတနာစံလွတ်သမုတ်ပြီးလျှင် မင်းဘူးဆရာတော် ရှင်ကလျာဏအား တင်လှူသည်။ မောင်တော် စဉ့်ကူးမင်း ရေဖျောက်ခံရပြီးနောက် ဘိုးတော်ဘုရားမင်းတရားကြီးက အသည်ဝန်ကြီးကတော် မယ်တလိုင်းထံအပ်၍ ဆင်းရဲကြီးစွာဖြင့် ကံကုန်ခဲ့ရလေသည်။ ယင်းမိဖုရားခေါင်ကြီးမှ သမီးတော် မင်းရွှေနှစ် မြင်ခဲ့သည်။ ခမည်းတော် အထွတ်အမြတ်ရောက်စဉ်က ပင်းယမြို့ကို ကံကျွေးခံသည်။ နောက် ခမည်းတော် စဉ့်ကူးမင်းနှင့် အတူ ရေမှာ ဖျောက်ခံရလေသည်။

အခြားမိဖုရားများ[ပြင်ဆင်ရန်]

  • စဉ့်ကူးမင်း၏ ပထမ မြောက်နန်းမိဖုရားမှာ သီရိမဟာမင်္ဂလာဒေဝီ ဖြစ်သည်။ စည်ပုတ္တရာ ရွှေကာတထောင်မှူး မင်းသီရိရန္တဇ သမီးရှင်နှိုင်းစံနှင့် ရတနာသိင်္ဃ(ရွှေဘို)မြို့ဝန် သတိုးမဟာသခင်္ယာတို့ သင့်မြတ်ရာတွင် မြင်သည့် သမီးတော် မယ်တလိုင်းနှင့် ဝန်ကြီးဗိုလ်ချုပ် မဟာသီဟသူရ တို့၏ သမီးဖြစ်သည်။[note ၁][၃][၄][၅][၆]သက္ကရာဇ် ၁၁၃၈ ခု မြောက်နန်းတင်၍ သီရိမဟာမင်္ဂလာဒေဝီ အမည်ကို သမုတ်တော်မူသည်။ စဉ့်ကူးမင်းသည် နောက် ၁နှစ်တွင်မိဖုရားသီရိမဟာမင်္ဂလာဒေဝီအားနန်းကချ၍ ယောက္ခမဖြစ်သူ(သီရိမဟာမင်္ဂလာဒေဝီ၏ဖခမည်းတော်) ဝန်ကြီး မဟာသီဟသူရ အိမ်သို့ပို့ထားသည်။ နောက်သက္ကရာဇ် ၁၁၃၉ခု၊ ဝါဆိုလဆန်း(၁၄)ရက်နေ့တွင် အမျက်တော်ရှိပြန်၍ သီရိမဟာမင်္ဂလာဒေဝီ ရေမှာဖျောက်ခံရသည်။ စဉ့်ကူးမင်း၏အန္တရာယ်ကြောင့် ဝန်ကြီး မဟာသီဟသူရ က မြေးတော် ကို ပေါင်းတည်မြို့ ဝက်ပုတ်ရွာသို့ လျှို့ဝှက်ပြောင်းရွေ့ပို့ထားခဲ့သည်။
  • စဉ့်ကူးမင်း၏ ဒုတိယ မြောက်နန်းမိဖုရားမှာ ခမည်းတော်ကို ကိုယ်လုပ်တော်အဆောင်မြဲ မောင်ကျိုင်းသမီး ဖြစ်သည်။ ငစဉ့်ကူးမင်း နန်းကျလျင် ဘိုးတော်ဘုရားလက်ထက် အသည်ဝန်ကြီးကတော် မယ်တလိုင်းသို့ အပ်ရာ ဆင်းရဲကြီးစွာရောက်၍ ကံကုန်လေသည်။ သမီးတော်တစ်ပါး ထွန်းသော်လည်း ငယ်ကလွန်သည်။
  • အလယ်နန်းမိဖုရားသီရိမဟာနန္ဒာဒေဝီမှာ ဒုတိယ မြောက်နန်းမိဖုရား၏ညီမတော် ရှင်မင်းသာ ဖြစ်သည်။ အစ်မတော်နှင့်အတူ ကံတော်ကုန်သည်။ သမီးတော်တစ်ပါး မြင်၍ ငယ်မည်မှာရှင်မင်းဖြူ ဖြစ်သည်။
  • မြောက်နန်းမိဖုရား မြနန်းရှင်မှာ ခမည်းတော်ဘုရား သမီးတော် သီရိပဘာဒေဝီဘွဲ့ခံ သခင်မင်းမိ ဖြစ်သည်။ ၎င်းကို ၁၁၄၃ ခု၊ နတ်တော်လဆန်း(၁၃)ရက်နေ့တွင် ဗဒုံမင်း(ဘိုးတော်ဘုရား)က နန်းတင်၍ မြနန်းရှင်သမုတ်တော်မူသည်။

ကိုယ်လုပ်တော် မိဖုရားငယ်များ[ပြင်ဆင်ရန်]

  • ကိုယ်လုပ်တော် မြတ်စွာဒေဝီမှာ တော်ဝန်နေမျိုးနန္ဒမိတ်သမီး ဖြစ်သည်။ ၎င်းက သားတော်မောင်ကြီး(ဇလွန်မြို့စား)မြင်၍ ခမည်းတော်နှင့်အတူ ရေမှာ ဖျောက်ခံရသည်။
  • ကိုယ်လုပ်တော် သီရိဒေဝီမှာ ယိုးဒယားဝန် ကျောက်ခေါင်းရွာသူသမီး (တောင်တွင်းကြီးမြို့စား) ဖြစ်သည်။ ခမည်းတော်နှင့်အတူ ရေမှာ ဖျောက်ခံရသည်။
  • ကိုယ်လုပ်တော် ပဒုမ္မဟေမှာ လှေသင်းဝန် ဒေဝရွှေတောင်သမီး (မြေဒူးမြို့စား) ဖြစ်သည်။ ၎င်းမှ သားတော် မောင်ကြယ်(စကုမြို့စား) မြင်၍ ခမည်းတော်နှင့်အတူ ကံကုန်သည်။
  • ကိုယ်လုပ်တော်ပဏ္ဏဝတီမှာ အနောက်ဝင်မှူးနေမျိုးသူ၏ သမီးဖြစ်ပြီး ၎င်းမှ သားတော် မောင်ကလယ်(ပဌနဂိုရ်မြို့စား)မြင်သည်။ ခမည်းတော်နှင့်အတူ ကံကုန်သည်။
  • ကိုယ်လုပ်တော် စန္ဒာဒေဝီမှာ ကျီစိုးသမီးဖြစ်သည်။ ၎င်းမှ သားတော်တစ်ပါးမြင်၍ ငယ်ကလွန်သည်။

စဉ့်ကူးမင်းသည် နန်းရမိဖုရားမှ သားတော်(၅)ပါး၊ သမီးတော်(၃)ပါးမြင်၍ ကိုယ်လုပ်တော် မိဖုရားငယ်များမှ သားတော်(၆)ပါး၊ သမီး(၃)ပါး၊ ပေါင်း သားတော်၊ သမီးတော်(၁၇)ပါး ထွန်းကားခဲ့သည်။

ကောင်းမှုများ[ပြင်ဆင်ရန်]

ကောင်းမှုတော်ကား တော်တောင်မိုးထိကျောင်း နေရာဟောင်းတွင် အလျားသံ(၁၂၅)တောင်၊(၁)မိုက်၊ အနံ(၁၀ဝ)အလွန်ရှိသော ဥကင်ရာဇပလ္လင်ဂန္ဓကုဋီကျောင်းဦးပြသာဒ်၊ လှေကား(၇)စင်း၊ ဘုံ(၅)ဆင့်ရှိသော မဟာမင်္ဂလာရွှေဘုံ ရွှေကျောင်းတော်ကြီးကိုဆောက်လုပ်၍ ထန်းတပင်ဆရာတော် ရှင်နန္ဒမေဓာအား တိပိဋကလင်္ကာရသာမိ မဟာဓမ္မရာဇာဓိရာဇာဂုရု ဟူသောတံဆိပ်နာမံနှင့် တင်လှူတော်မူ၍ ကျောင်းတော်ကိုလည်း’မဟာမင်္ဂလာရွှေဘုံ’ သမုတ်တော်မူသည်။ ထို့ပြင် လောကသရဖူဘုရား အရှေ့ရှေးကျောင်းဟောင်းနေရာတွင်လည်း ကျောင်းဦးပြသာဒ် နှစ်ဆောင်နှင့်တကွ လေးထပ်ဇေတဝန်ကျောင်းတော် ဆောက်၍ ’ဘုံကျော်ဝေယံ’သမုတ်တော်မူပြီးလျှင် ဆုံတားဆရာတော် ရှင်နန္ဒမာလာအား နရိန္ဒာဘိဓဇဓမ္မရာဇာရဇ ဂုရု ဟူသောတံဆိပ်နာမံနှင့်တကွ လှူတော်မူသည်။ ထိုမှအပအခြား ကုသိုလ်ကောင်းမှု အစုစုကားများပြားလှပေသည်။ ၁၁၄ဝ ပြည့်နှစ်တွင်ရန်ကုန်သို့ဆင်းလာ၍ ရွှေတိဂုံစေတီတော်ကို ရွှေချပြီးလျှင် ယခုအနောက်မြောက် ရာဟုထောင့်တွင်ရှိသော ကြေးချိန်ပိသာ(၁၅၅၅၅)ရှိသည့် ’မဟာဃဏ္ဍ’ခေါင်းလောင်းကြီး(စဉ့်ကူးမင်း ခေါင်းလောင်းတော်)ကို လှူဒါန်းလေသည်။

စဉ့်ကူးမင်း အကြောင်းကို ရာဇဝင်အစောင်စောင်၌ ဤမင်းလက်ထက် စစ်မဖြစ်။ နိုင်ငံအေးချမ်း သလိုရှိ၏။ သို့သော် စဉ့်ကူးမင်းသည် မှူးငယ်မတ်ငယ် မိဖုရားငယ်တို့နှင့်သာပျော်ပါးနေကြာင်း၊ အရက်သေစာ သောက်စားပျော်ရွှင်နေတတ်၍ အေးချမ်းရာ၌ အံတိုက်၊ ကြက်တိုက်၊ ငါးမျှားနေတတ်ကြောင်းနှင့် ဘုရားပုထိုးများသို့ လှည့်လည်ဖူးမြော်နေတတ်ကြောင်း၊ အရည်အချင်း ညံ့ဖျင်းသောမင်းဟူ၍သာ ဖော်ပြထားလေသည်။

မှတ်စုများ[ပြင်ဆင်ရန်]

  1. စဉ့်ကူးမင်း၏ယောက္ခမဖြစ်သူ မယ်တလိုင်းမှာ စဉ့်ကူးမင်း၏အဘိုးဖြစ်သူအလောင်းမင်းတရားကြီး ဦးအောင်ဇေယျနှင့် တူမတစ်ဝမ်းကွဲတော်စပ်သည်။ ဆင်ဖြူရှင်မင်း၏မယ်တော်ဖြစ်သူ မယ်ယွန်းစံ (စန္ဒာဒေဝီ) မိဖုရားကြီးနှင့် မယ်တလိုင်း၏မိခင် မယ်နှိုင်းစံတို့သည် ညီအစ်မအရင်းဖြစ်သောကြောင့် မယ်တလိုင်းသည် စန္ဒာဒေဝီမိဖုရားကြီး၏ တူမအရင်းဖြစ်သည်။ ထို့ကြောင့် ဆင်ဖြူရှင်၏သားတော် စဉ့်ကူးမင်းနှင့် မယ်တလိုင်း၏သမီးတော် သီရိမဟာမင်္ဂလာဒေဝီတို့မှာ မောင်နှမနှစ်ဝမ်းကွဲ တော်စပ်လေသည်။ ထို့အပြင် ဝန်ကြီးမဟာသီဟသူရ၏ ဇနီး မယ်တလိုင်းနှင့် ဆင်ဖြူရှင်မင်း၏မိဖုရားကြီး မယ်လှတို့သည် ညီအစ်မအရင်းဖြစ်သဖြင့် စဉ့်ကူးမင်းနှင့် သီရိမဟာမင်္ဂလာဒေဝီတို့မှာ မောင်နှမတစ်ဝမ်းကွဲလည်း တော်စပ်သည်။ ဝန်ကြီး မဟာသီဟသူရ နှင့် ဆင်ဖြူရှင်မင်းသည် ခမည်းခမက် တော်စပ်သည့်အပြင် မယားညီအစ်ကိုလည်း တော်စပ်သည်။

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

  1. Buyers, p. 3
  2. ရွှေစလွယ်ရ ဝန်ထောက်မင်း ဦးမောင်မောင်တင်(I)K.S.M,A.T.M ၏ ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး စာအုပ်မှ
  3. (၁၉၉၇ ခုနှစ်၊ မတ်လ) ညိုမြ - ကုန်းဘောင်ရှာပုံတော်, ဒုတိယအကြိမ်, ရန်ကုန်မြို့: ရာပြည့်စာအုပ်တိုက်, စာမျက်နှာ ၆၀. 
  4. ပန်းကန်စက်ဦးသော် (၁၄.၁၀.၁၉၇၄). မြန်မာနိုင်ငံ ကြွေပန်းကန်အစ ဦးသော် က (၅၈၃/၇၄), ၁၂၄-ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရန်ကုန်မြို့: နယူးစာပုံနှိပ်တိုက်. 
  5. မြို့မ-မြင့်ကြွယ် (၁၉၈၁). ကျွန်တော်သိသောဖိုးဖိုးသော်. ရတနာမွန်မဂ္ဂဇင်း. 
  6. စဉ့်ကူးမင်းနှင့်ပထမ မြောက်နန်းမိဖုရားကြီးသီရိမဟာမင်္ဂလာဒေဝီတို့၏ မြေးတော် ဘိုးရွှေကွန် ၏ သားတော် ဦးဘိုးဆင့်(ပန်းကန်စက်ဦးသော် ၏ဖခင်) ရေးသားခဲ့သည့်ကိုယ်ရေးအတ္ထုပ္ပတ္တိ ဘဝဖြစ်ရပ်မှတ်တမ်း
  • (က) စာရေးတော်ကြီး ဦးရာကျော်၊ မြန်မာမဟာမင်္ဂလာ မင်းခမ်းတော်၊ ရန်ကုန်၊ ပုညစာပေတိုက်၊ ပကြိမ်၊ ၁၉၆၈ ခု၊ စာ၂၁၉၊၂၂၂။
  • (ခ) ဆင်ဖြူရှင်မင်း၊ ငစဉ့်ကူးမင်း၊ ဘိုးတော်ဘုရား၊ သားတော် အိမ်ရှေ့မင်းသားတို့၏ မိဖုရား၊ သားတော်၊ သမီးတော်များစာရင်း (လက်နှိပ်စက်)၊ ရန်ကုန်၊ တက္ကသိုလ်များသမိုင်း၊သုတေသနဌာနစာကြည့်တိုက်၊ တိုက်ပိုင်အမှတ် ၁၇၇၄၆၊ စာ၅-၇။