ဖောင်တော်ဦးဘုရား (အင်းလေး)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဖောင်တော်ဦးဘုရား
Hpaung Daw U Pagoda.jpg
အချက်အလက်များ
ဘာသာရေး နှီးနွယ်မှု ဗုဒ္ဓဘာသာ
ပြည်နယ် ရှမ်းပြည်နယ်
နိုင်ငံ မြန်မာနိုင်ငံ

အင်းလေးကန်ရှိ အင်းလေးဖောင်တော်ဦးဘုရားသည် ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုတစ်ခုအနေဖြင့် သာမက၊ မြန်မာနိုင်ငံရှိ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် အရာလည်းဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

အင်းလေးဖောင်တော်ဦးဘုရား သမိုင်းနှင့် ပတ်သက်လျှင် အကြောင်းအရာနှစ်မျိုးကွဲပြားနေသည်ကိုလေ့လာတွေ့ရှိရပါသည်။

  • ပထမ အဆိုမှာ သက္ကရာဇ် (၇၂၁ )ခုနှစ်တွင်ညောင်ရွှေမြို့ကိုတည်ထောင်ခဲ့သော စော်ဘွားကြီး ဆီဆိုင်ဖ လက်ထက်

လွန်ခဲ့သော နှစ်ပေါင်း(၆၄၄)ခန့် ကာလ (ယခု)သန်းထောင် ဘုရားနယ်မြေအတွင်း တစ်ခုသောနေရာတွင် တောခြုံပိတ်ပေါင်းတို့ဖြင့် ဖုံးလွှမ်းကွယ်ပျောက်လျက်ရှိသော လိုဏ်ဂူ အတွင်းမှ ဘုရားဓာတ်တော်၊ မွေတော်များ ရောင်ခြည်တော် ကွန့်မြူးသည်ကို သန်းထောင်နယ်သားတို့ ဖူးမြင်တွေ့ရှိကြရသည်။ ထိုအခါ စော်ဘွားကြီး ဆီဆိုင်ဖထံ သွားရောက် သတင်းပေးကြသည်။ ထိုအခါ စော်ဘွားကြီး ဆီဆိုင်ဖသည် အားရဝမ်းသာဖြင့် ဆွေတော် မျိုးတော် မှူးမတ်တို့နှင့် ပရိတ်သတ်လေးပါး မြောက်များစွာ ခြံရံ၍ သန်းထောင်အရပ်သို့ ထွက်လာကာ မြက်ခြုံပိတ်ပေါင်းတို့ကို ရှင်းလင်းခုတ်ထွင်ပြီး လိုဏ်ဂူကို တူးဖော်ကြည့်ရာ ဘုရားရှင် ရုပ်ပွားတော် (၅)ဆူတို့ကို ဖူးမြင် တွေ့ရှိရပေသည်။ ၎င်းရုပ်ပွားတော် ငါးဆူတို့အနက် နှစ်ဆူမှာ ရဟန္တာပုံတော် ဟုသိရပါသည်။ ၎င်းရုပ်ပွားတော် (၅) ဆူကို ဖောင်တော်ဦးရုပ်ပွားတော်ဟု ခေါ်ဝေါ်သည်။

ယင်းသို့ ခေါ်ဝေါ်ရခြင်း အကြောင်းရင်းမှာ ကောဇာသက္ကရာဇ် (၄၀၄) ခုနှစ်တွင် မင်းအဖြစ် ရောက်ရှိတော်မူသော ပုဂံပြည့်ရှင် နရပတိ အလောင်းစည်သူမင်းကြီးသည် သာသနာတော်မြတ် စည်ပင်၊ ပြန့်ပွား၊ ထွန်းကားခြင်းကို လိုလားသော မင်းမြတ် ဖြစ်သည်နှင့်အညီ ဇမ္ဗူဒိပ်ကျွန်း အလုံးနှံ့အောင် ဖောင်တော်ဖြင့် တိုင်းခန်း လှည့်လည်တော်မူကာ ရောက်လေရာအရပ်၌ စေတီပုထိုး ဂူကျောင်း စသည်တို့ကို ပြည်သူအများ ဆည်းကပ် ပူဇော်ကြစေရန် ရည်သန်၍ တည်ထားခဲ့ပြီး သီဟိုဠ်ကျွန်းသို့ ရောက်သောအခါ သီဟိုဠ်မင်းက ဆက်သလိုက်သော သစ်ကနက် ဖောင်ကြောဖြင့် လှည့်လည် ပြန်လာတော်မူရာ မလယခေါ် မလ္လာဟုကျွန်းရောက်လျှင် (၎င်းကျွန်းသည် အိန္ဒိယပြည် မဒရပ်နယ် တောင်ဘက် ပင်လယ်တွင်ရှိ၍ အမွှေးနံ့သာ ကရမက်စသည် အလွန်ပေါသည်ဟုဆို၏။) သိကြားမင်းက ဆက်သ အပ်နှင်းလိုက်သော မဟာဗောဓိသား နှင့်တကွ သရက္ခာန် နံ့သာနှစ်သားတို့ကို ရုပ်ပွားတော် (၅)ဆူ ထုလုပ်တော်မူစေပြီးလျှင် ဖောင်တော်၏ ရှေ့ဦးတွင် ပင့်တင် ကိုးကွယ် ယူဆောင်တော်မူစေလျှက် နေပြည်တော် ပုဂံမြို့သို့ ရောက်တော်မူလေသည်။ ဤသို့လျှင် ဖောင်တော်ဦးဘုရားဟု ခေါ်ဆိုခြင်း ဖြစ်သည်။

စော်ဘွားကြီးဆီဆိုင်ဖသည် ယင်းရုပ်ပွားတော်မြတ်(၅)ဆူကို မိမိ၏ နေပြည်တော် ညောင်ရွှေမြို့တော်သို့ ပင့်ဆောင်ပြီး ဟော်နန်းဦး စံပြဿာဒ် ပေါ်တွင် ကိုးကွယ်တော်မူပြီးမှ သီတင်းကျွတ် လဆန်း (၇) ရက်သို့ ရောက်သောအခါ ဟော်နန်းဦးမှ အောက်သို့ ပင့်ယူပြီး လှပ တင့်တယ်စွာ ဆောက်လုပ်ထားသော ပြဿာဒ် မဏ္ဍပ်အတွင်း ကောင်းစွာစံထားလျက် ပြည်သူပြည်သားတို့၏ အဖူးအမြော် အပူဇော်ခံပွဲသဘင် ဆင်ယင် ကျင်းပတော်မူခြင်း ဖြစ်သည်။ ဟော်နန်းဦးမှ မြို့သို့ ကြွဆင်းတော်မူသည်ကို အစွဲပြု၍ (စစ်ဘုရားလုံးစိုင်း) လူ့ပြည်သို့ကြွဆင်းလာသော မြတ်စွာဘုရားဟု ရှမ်းဘာသာဖြင့် ခေါ်တွင်သောကြောင့် မူလ ဖောင်တော်ဦးဟူသော အမည်မှာ အခိုက်အတန့်အားဖြင့် ကွယ်ပျောက်ခဲ့လေသည်။

ညောင်ရွှေမြို့၌ နှစ်ပေါင်း (၂၅၆)နှစ်ကြာ ပွဲတော်များ ကျင်းပနိုင်ခဲ့၍ သက္ကရာဇ် (၉၉၇) ခုနှစ်တွင် ညောင်ရွှေမြို့ကို စိုးစံသော စော်ဘွားမ (စောက်နန်းမ၊ စဝ်နန်းဟေး ) လက်ထက် ရောက်သောအခါ ၎င်းမြို့တော်၏ ပတ်ဝန်းကျင်ရှိ အခြား စော်ဘွား မြို့စားတို့က မြို့တော်ကို ထိပါး တိုက်ခိုက်နှောင့်ယှက်ဖန် များသောကြောင့် ဗုဒ္ဓဘာသာ ရှမ်းမြန်မာတို့၏ အထွတ်အထိပ်ဖြစ်သော ယင်းဖောင်တော်ဦးရုပ်ပွားတော် (၅)ဆူ တို့ကို စစ်ဘေးစစ်ဒဏ် အန္တရာယ် ကင်းရှင်းရာ ညောင်ရွှေနယ် ရွှေအင်းတိမ်ဘုရားကြီး၏ အရံစောင့် ကျွန်သီးတော်များ နေရာကွက်၌ ကျောင်းတော် ဆောက်လုပ်ပြီးလျှင် ကျွန်သီးတော်တို့အား( ၁၂) မှု မင်းရေးကိစ္စ ခပ်သိမ်းလွတ်ငြိမ်းခွင့်ပေး၍ ၎င်းတို့၏ သူကြီးအားလည်း ရုပ်ပွားတော်တို့ကို စောင့်ရှောက်ထိန်းသိမ်းရေးကိစ္စ ဆောင်ရွက်ဖွယ် အဝ၀တိုင်း အမိန့်အာဏာများ အပ်နှင်းပြီး အထူး ထိန်းသိမ်းစောင့်ရှောက်စေသည်။ ၎င်း အသည်တော်တို့ နေထိုင်ရာ ရပ်ကွက်၌ စစ်ဘေးစစ်ဒဏ် ရန်အန္တရာယ် ကင်းရှင်းခြင်းမှာ ဗုဒ္ဓဘာသာဝင်တို့၌ ဘုရားကိုယ်စား ရုပ်ပွားဆင်းထု၊ စေတီပုထိုးတို့ကို ထိန်းသိမ်းစောင့်ရှောက်သော ကျွန်သီးတော်ခေါ် အသည်တော်များ နေထိုင်ရာရပ်ကွက်ကို မည်သူမဆို ဝင်ရောက်တိုက်ခိုက် နှောက်ယှက်ထိပါး ဖျက်ဆီးခြင်း အမှုမပြုလုပ်ရဟူသော ဘာသာတရားအရ ဥပဒေ ပညတ်ချက်ထားရှိသောကြောင့် ၎င်းကို လိုက်နာသောအား ဖြင့် မြို့ပြ ပြည်ရွာ ပျက်ပြားသောအခါ ဖြစ်စေကာမူ ၎င်းရပ်ကွက်၌ ဘုရားသင်္ဃန်းတော်ကိုဖြစ်စေ၊ ဘုန်းကြီးသင်္ဃန်းကို ဖြစ်စေ အောင်လံအဖြစ် စိုက်ထူထားပါက မည်သည့် ရန်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက်နှောက်ယှက်ခြင်း မပြုရ ဟူသော ဘာသာထုံးတမ်း ဥပဒေပညတ်ချက်အရ လွတ်ငြိမ်းချမ်းသာစွာနေထိ်ုင်ရသော သူများဖြစ်သည့်အလျှောက် ၎င်းတို့ နေထိုင်ရာ ရပ်ကွက်၌ စစ်ဘေးစစ်ဒဏ် ရန်အန္တရာယ် ကင်းရှင်းခြင်းဖြစ်သည်။

၎င်းရပ်ကွက်ကား ရွှေအင်းတိန် ဘုရား၏ အရှေ့ဖက် မြောင်ဆုံရွာ အနောက်တောင် အင်းတိမ်မြို့ဟောင်း တောင်ဘက် ယခု ဆော်မရွာဟု ခေါ်သော ရပ်ကွက်ပင်ဖြစ်သည်။ ယခုဆော်မရွာ အနောက်ဘက်တွင် ဖောင်တော်ဦးရွာဟု ရှေးကရှိသည်။ ၎င်းရွာသည် အယုတ်တော်များ နေရာ ရပ်ကွက်ဖြစ်သည်ဟု ယခုလက်ရှိ အသည်တော်များ လူကြီးများ နှုတ်အမှတ်အသား ထားကြကြောင်း မှတ်သားရသည်။ ၎င်းဖောင်တော်ဦးရွာတွင် သီတင်းသုံးတော်မူသော အချိန်မှစ၍ ၎င်းရုပ်ပွားတော်များကို ဖောင်တော်ဦးဘုရား ဟုတင်စား၍ ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ပါသည်။ ။ [၁]

  • အခြားအဆိုတစ်မျိုးမှာ အလောင်းစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်တော်မူရင်း ဇမ္ဗုသပြေပင်ရင်းသို့ ရောက်ရှိတော်မူသည်။ ထိုအချိန်တွင်

ဘီလူးမတစ်ဦးသည် သားငယ်ကိုပိုက်၍ မြစ်ကမ်းနားက ကြည့်နေရာ သားငယ်သည် မြစ်အတွင်းသို့ ကျသွားသည်။ အလောင်းစည်သူမင်းကြီး သိတော်မူလျင် ယမထာကြိမ်လုံးဖြင့် ရေကိုပုတ်ခတ်ရာ ရေစောင့်နတ်က ဘီလူးမ၏သားကို ဆယ်ယူပေးအပ်လိုက်သည်။ ဘီလူးမသည် ဝမ်းသာလွန်း၍ ဟိမဝန္တာတောရှိ အနံ့မွှေးကြိုင်လှသော သရက္ခာန်အစစ်ကိုဖြတ်ယူ၍ အလောင်းစည်သူမင်းကြီးအား ဆက်သသည်။ သိကြားမင်းသည် အလောင်းစည်သူမင်းကြီးထံမှ သရက္ခာန်သားဖြင့် သရက္ခာန်ရုပ်တုတော်မြတ်ငါးဆူ၊ မြတ်ပေါင်းမဉ္ဇူတစ်ဆူ၊ ရှင်ဖြူ ရှင်လှနှစ်ဆူ၊ ပေါင်း ရှစ်ဆူထုလုပ်ပြီး အလောင်းစည်သူမင်းကြီးအား ဆက်သလေသည်။ သက္ကရာဇ်(၄၈၂)တွင် အလောင်းစည်သူမင်းကြီးသည် ပထမ၊ ဒုတိယ၊ တတိယ နှင့် စတုတ္ထသရက္ခာန် ရုပ်တုတော်လေးဆူကို သန်းထောင်အရပ် ဖောင်တော်ပေါက်တောင်ခြေရင်း၌ ဌာပနာတိုက်တည်ဆောက်ပြီး လိုဏ်ဂူသွင်းထားသည်။ မြတ်ပေါင်းမဉ္ဇူဘုရား ရုပ်တုတော်ကို မဟာဂါမရွာကျောင်းဆရာတော် အရိယဓဇ ဓမ္မရာသီ ထံအပ်နှံခဲ့သည်။ သက္ကရာဇ်(၇၂၁)တွင် သန်းထောင်အရပ် လိုဏ်ဂူသွင်းဌာပနာထားသည့် ရုပ်တုတော်မြတ်လေးဆူသည် ရောင်ခြည်တော်များ ကွန့်မြူးခဲ့ကြသည်ကို တွေ့ရှိ၍ တူးဖေါ်ကာ ညောင်ရွှေမြို့ ရွှေအင်းတိမ်ဘုရားကြီးသို့ ပင့်ဆောင်ခဲ့ကြသည်။ မဟာဂါမရွာကျောင်း၌ သီတင်းသုံးတော်မူသော မြတ်ပေါင်းမဉ္ဇူဘုရားရုပ်တုတော် နှင့်အတူ ကိန်းဝပ်တော်မူသည်။ သက္ကရာဇ်(၁၂၅၂)မှစ၍ ရုပ်တုတော်ငါးဆူကို နန်းဟူးရွာ၌ ထာဝရ ကျောင်းတော်ကြီးတည်ဆောက်ပြီး ကိုးကွယ်လာခဲ့ကြမှာ ယနေ့တိုင်ဖြစ်သည်။[၂]

ဖောင်တော်ဦးစေတီ ပွဲတော်ကျင်းပ[ပြင်ဆင်ရန်]

ဖောင်တော်ဦးစေတီတွင် ဗုဒ္ဓဆင်းတု ၅ ဆူ စံပါယ်တော်မူလျက် ရွှေချရွှေသင်္ကန်းအကပ်များလွန်း၍ သဒ္ဓါလွန်မှုကြောင့် ဆင်းတုတော်ခမျာတို့မှာ မူလရုပ်သွင်ပင်ပျောက်၍ မမှတ်မိ နိုင်တော့ပါ။ စောစောပိုင်း အင်းလေးဒဏ္ဍာရီပိုငး်မှာ တင်ပြခဲ့သလို ယင်းဗုဒ္ဓရုပ်ပွားတော်တို့ကို မာလာယုမှယူခဲ့ရာ ၁၂ ရာစုနှစ်အတွင်း မြန်မာဘုရင် အလောင်းစည်သူဖြစ်ပါသည်။

ဖောင်တော်ဦးစေတီပွဲတော်ကို ဝါကျွတ်သည့် အောက်တိုဘာလတွင် နှစ်စဉ်ကျင်းပမြဲဖြစ်၍ ၃ ရက်ကြာပါသည်။ ယင်းပွဲတော်မှာ နိုင်ငံအဆင့်အထိအရေးပါတတ်၍ ဗုဒ္ဓဆင်းတု ၄ ဆူ ကို တော်ဝင်ကရဝိတ်ဖောင်ပေါ်တင်၍ အခြားအင်းလေးအတွင်း စေတီပုထိုးများအားဖြတ်၍ လှည့်လည်အပူဇော်ခံလေ့ရှိပါသည်။ ဤဘာသာရေးအခါသမယမှာ ပါဝင်လိုသူအများကိုစွဲဆောင်နိုင်သည့်အ ပြင် တပြည်ထောင်လုံးမှ တက်ရောက်ဆင်နွှဲသူတို့လည်းရှိကြသည်ကို အားပါးတရကြည့်ရှုနိုင်ကြပါသည်။ အင်းသားအချင်းချင်း စွမ်းအားပြိုင်သည့်ပွဲဟုလည်း ခေါ်နိုင်ပါသည်။

ဗုဒ္ဓမြတ်စွာအတွက် ကြာချည်များလောင်းလှူကြခြင်းကိုလည်း အထူးကြာသင်္ကန်းယက်ဖို့ ပြုလုပ်ကြပါသည်။ အင်းလေးကန်အတွင်းနှင့် ဝန်းကျင်နေကြသူများအဖို့ ပဓာနသယ်ယူပို့ဆောင်ရေးက ရှေးရိုးအစဉ်အလာအသုံးပြုကြသည့် လောင်းလှေငယ်များဖြစ်ကြ၏။ သို့သော်လည်းယနေ့ဆို လျှင် အတန်ငယ်ကြီးသောရေယာဉ်တို့ကို စက်အင်ဂျင်ယန္တရားတပ်ဆင်၍ သယ်ယူပို့ဆောင်ရေးအတွက်သုံးနေကြပါပြီ။

ကိုးကား[ပြင်ဆင်ရန်]

  1. ညိုညိုမြင့်......၂၀ဝ၄ ခုနှစ်...တောင်ကြီးတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း
  2. မြတ်မင်းလှိုင်။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ


ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]