မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်

ဝီကီပီးဒီးယား မှ
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
Socialist Republic of the Union of Burma
နိုင်ငံတော် သီချင်း: 
မြန်မာနိုင်ငံတော်၏ တည်နေရာ
မြို့တော်ရန်ကုန်မြို့
ကိုးကွယ်မှုဗုဒ္ဓဘာသာ
အစိုးရစစ်အာဏာရှင်စနစ်လက်အောက်ခံ တစ်ပြည်ထောင် တစ်ပါတီ ဆိုရှယ်လစ်စနစ်
ဥပဒေပြုလွှတ်တော်ဖျက်သိမ်း (၁၉၆၂–၁၉၇၄)
ပြည်သူ့လွှတ်တော် (၁၉၇၄–၁၉၈၈)
ဖြစ်ရပ်များ
၂ မတ် ၁၉၆၂
၄ ဇူလိုင် ၁၉၆၂
• ဆိုရှယ်လစ်သမ္မတစနစ်စတင်
၂ မတ် ၁၉၇၄
၁၈ စက်တင်ဘာ ၁၉၈၈
ဧရိယာ
• စုစုပေါင်း
၆၇၆,၅၇၈ km2 (၂၆၁,၂၂၈ sq mi)
ငွေကြေးမြန်မာကျပ်ငွေ (MMK)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+06:30)
ISO 3166 ကုဒ်MM

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) က အုပ်ချုပ်ခဲ့သဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ဟုလည်းခေါ်သည်။ ၁၉၆၂ မှ ၁၉၇၄ အတွင်း တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ်အသွင်ကူးပြောင်းရေးကို ဆောင်ရွက်ခဲ့ပြီး ၁၉၇၄ တွင် ဆိုရှယ်လစ်စနစ်ဖြင့် စတင်အုပ်ချုပ်ခဲ့သည်။ စီးပွားရေး၊ လှုမှုရေးအကြပ်အတည်းများစွာကြောင့် ၁၉၈၈ တွင် လူထူအုံကြွမှုကြီးဖြစ်ပေါ်လာခဲ့ရာ မဆလအစိုးရမှာ ပြိုလဲခဲ့လေသည်။

ပါတီ အစ[ပြင်ဆင်ရန်]

၁၉၆၂ ခုနှစ်၊ ဧပြီလ ၃ဝ ရက်နေ့၊ ရတနာပုံ ရေတပ် စခန်းတွင် ကျင်းပသည့် တပ်မှူးများ ညီလာခံ မှ တော်လှန်ရေး ကောင်စီ ၏ မူဝါဒ သဘောထား အဖြစ် "မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်" ကို ချမှတ် လိုက်သည်။ ထို မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ဆိုသည်မှာ ထိုကာလ အချိန်တွင် ကမ္ဘာ၍ ကျင့်သုံးနေသည့် ကွန်မြူနစ် ဆိုရှယ်လစ် လမ်းစဉ် (ကွန်မြူနစ် ကြေညာ စာတမ်း (ဝါ) ကွန်မြူနစ် ပါတီ ကြေညာ စာတမ်း ကို ကြည့်ပါ။) မျိုးကို ကျင့်သုံး သည်မျိုး မဟုတ်၊ မြန်မာ့နည်း မြန်မာ့ဟန် အမည်တပ်ကာ ဆိုရှယ်လစ် အရေခြုံ ထားသည့် ဂျာမနီက နာဇီ အာဏာရှင် အမျိုးသားရေး ဝါဒ မျိုးသာ ဖြစ်သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏အလံတော်

မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် ဝါဒ ကြေညာချက်မှာ-

"တော်လှန်ရေး ကောင်စီ သည် ဤလောက၌ လူလူချင်း ခေါင်းပုံ ဖြတ်၍ မတရား အမြတ် ရှာစားသော စီးပွားရေး စနစ်ဆိုးများ တည်ရှိ နေသရွှေ့ ကာလ ပတ်လုံး လူအပေါင်းကို လူမှု ဒုက္ခများမှ လွတ်မြောက် စေလိမ့်မည်ဟု မယုံကြည်။ ဤ ပြည်ထောင်စု မြန်မာ နိုင်ငံတွင် လူလူချင်း ခေါင်းပုံ ဖြတ်ခြင်း ကင်း၍ တရား မျှတမှု ရှိသော ဆိုရှယ်လစ် စီးပွားရေး စနစ်ကို တည်ဆောင်နိုင်မှ သာလျှင် သာယာ ဝပြောသော လောက သစ်ကြီးသို့ ရောက်ရှိ နိုင်မည်ဟု ယုံကြည်သည်။ သို့ ယုံကြည်သည့် အတိုင်း ဆိုရှယ်လစ် လောကသို့ မရောက် ရောက်အောင် ပြည်သူတို့နှင့် အတူ လက်တွဲ ချီတက် ကြမည်ဟု အလေးအနက် အဓိဋ္ဌာန် ပြုသည်။

ဆိုရှယ်လစ် စီမံကိန်း များကို ဆောင်ရွက် နိုင်ရန် အတွက် တိုင်းပြည်၌ အသက် သွေးကြော ဖြစ်သော ကုန်ထုတ် အရင်းအနှီး များကို နိုင်ငံပိုင် ပြုလုပ် ရမည်သာ ဖြစ်သည်။ တိုင်းပြည်၏ ကုန်ထုတ် အရင်းအနှီး များကို နိုင်ငံတော် ကလည်းကောင်း၊ သမဝါယမနှင့် စုပေါင်း အဖွဲ့များ ကသော်လည်းကောင်း၊ ပိုင်ဆိုင် ရမည်။ ယင်း ပိုင်ဆိုင်မှုတွင် နိုင်ငံတော် ပိုင်ဆိုင်မှုသည် ဆိုရှယ်လစ် စီးပွားရေး စနစ်၏ အဓိက အခြေခံ ဖြစ်ပေသည်။

နိုင်ငံတော်၏ လက်ရှိ တပ်မတော် ကိုလည်း ဆိုရှယ်လစ် စီးပွားရေး စနစ်ကို ကာကွယ်မည့် အမျိုးသား တပ်မတော် အဖြစ်သို့ ချီတက် စေရမည်။ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း များကို ခေတ်မီ တိုးတက်အောင် တဘက်မှ ဆောင်ရွက်ရင်း မိမိတိုင်းပြည်၏ အင်အားနှင့် လျော်ညီသော စက်မူ လုပ်ငန်း ကိုလည်း ထူထောင် သွားမည်။

နိုင်ငံတော် တော်လှန်ရေး ကောင်စီ သည် အသွင် ကူးပြောင်းရေး ကာလနှင့် လျော်ညီသော လူထု လူတန်းစား စည်းရုံးရေး လုပ်ငန်း များကို ဆောင်ရွက် သွားမည်။ ထိုအတွက် သင့်လျော်သော နိုင်ငံရေး စည်းရုံးမှုကို ဖွဲ့စည်း တည်ထောင်မည်"

ဟု လူပြိန်းကြိုက် စကားလုံး များနဲ့ အစဉ်အဆက် အစိုးရ များအား အတိုက်အခံ ပြုလာသည့် ကွန်မြူနစ် ယောင်ယောင်၊ ဆိုရှယ်လစ် ယောင်ယောင် ခံတွင်းပျက် နိုင်ငံရေးသမား တချို့နှင့် လက်နက်ချ အလင်းဝင် ကွန်မြူနစ် လူထွက် တချို့ကို ဖမ်းစား ခဲ့ကဲ့သို့၊ ပြည်သူ လူထု အများစု ကိုလည်း တွေဝေ သွားစေခဲ့သည်။ အထူးသဖြင့် ဖဆပလ ထဲမှ သထုံဦးသိမ်းမောင်၊ ဆရာချယ်တို့ အုပ်စုနှင့် "ဆိုရှယ်နီ" ဟု ထိုခေတ်က အခေါ် အိုင်စီအက်စ်ဟောင်း ဦးဘငြိမ်းတို့ အုပ်စု၊ ဝိဓူရ သခင် ချစ်မောင်တို့ ဦးဆောင်သည့် ပမညတ အများစုတို့သည် "ခွေး ဂတက်က နေရ နေရ" ဆိုကာထောက်ခံ ပူးပေါင်း ခဲ့ကြသည်။ အိန္ဒြိမဆယ်နိုင် လောက်အောင်ပင် သူထက်ငါ ဦးအောင် ဖျာနေရာ အလုအယက် ခင်းနေကြသည့် ထိုဆိုရှယ်နီ အုပ်စုများကို ထိုခေတ် သတင်းစာ များတွင်ဝေဖန် ရေးသား နေခဲ့ကြသည်ကို တွေ့ရသည်။


ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည် တော်လှန်ရေး ကောင်စီ သည် နိုင်ငံတော် အာဏာ အရပ်ရပ် လုံးဝ ချုပ်ထိန်းပြီး သူတို့ အလိုကျ တိုင်းပြည်ကို စီမံ စိုင်းပြင်းနိုင်ဖို့ ပထမဆုံး ခြေလှမ်း အဖြစ် ဧပြီလ ၃ဝ ရက်နေ့တွင် "ဗမာပြည် စာနယ်ဇင်း ကောင်စီ" ကို ဖွဲ့စည်းကာ လူထုရဲ့ နား မျက်စိသဖွယ် ဖြစ်နေသည့် စာနယ်ဇင်း လောကကို ထိန်းချုပ် လိုက်သည်။

ပါတီ ထောင်ပြီ[ပြင်ဆင်ရန်]

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ (မဆလ)၊ The Burma Socialist Programme Party (BSPP) ကို ဖွဲ့စည်းရန် ပါတီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြဋ္ဌာန်းကာ၊ အမြုတေ ပါတီ အဖြစ် စတင် ဖွဲ့စည်း ခဲ့သည်။


ပါတီ တည်ဆောင်ရေးမှာ အဆင့် ၂ ဆင့် ရှိသည်။ ပထမ အဆင့်မှာ အသွင် ကူးပြောင်းရေး ပါတီ ပုံသ ဏ္ဍာန် ဖြစ်သည့် အမြုတေ ပုံသဏ္ဌာန် ဖြစ်သည်။ အမြုတေဟု ဆိုရမည့် ပါတီ အမှုထမ်းများ စုဆောင်းခြင်း၊ လေ့ကျင့်ခြင်းနှင့် စမ်းသပ် တာဝန် ပေးခြင်း စသည့် ပါတီ တစ်ခု၏ အခြေခံ အရပ်ရပ်ကို တည်ဆောက်မည့် ပါတီ ပုံသဏ္ဌာန်မျိုး ဖြစ်သည်။ ထို အမြုတေ ပါတီကို ဗဟို ဦးစီး စနစ်ဖြင့် ဖွဲ့စည်း ထားသည်။


ဒုတိယ အဆင့်မှာ "ပါတီ တည်ဆောက်ရေး လုပ်ငန်းများ ပြီးမြောက်၍ လက်ရှိ အမြုတေ ပါတီ ပုံသဏ္ဌာန်မှ ပြည်သူ တရပ်လုံး၏ ပါတီ ပုံသဏ္ဌာန်သို့ ကူးပြောင်း ရောက်ရှိသော အဆင့်" ဖြစ်သည်။ ထိုအဆင့် ပြည်သူ့ ပါတီ အဖြစ် ဖွဲ့စည်း သည့်အခါတွင် "အများ ဆန္ဒအရ ဗဟိုက တာဝန် ယူ၍ အုပ်ချုပ်သော စနစ်" ဖြင့် အစား ထိုးမည်ဖြစ်သည်။ လက်တွေ့တွင်မူ "အများ ဆန္ဒအရ ဗဟိုက တာဝန် ယူ၍ အုပ်ချုပ်သော စနစ်" ဆိုသည့် စကားလုံး လှလှများသည် မဆလ ပါတီကို မလွှမ်းမိုး နိုင်ဘဲ၊ ဗိုလ်ချုပ်ကြီး နေဝင်း တစ်ဦးတည်းကသာ မဆလ ပျက်သုဉ်းချိန် အထိ ပါတီနှင့် နိုင်ငံတော်အား လွှမ်းမိုး ချုပ်ကိုင် အုပ်စိုးသွားသည်ကို တွေ့ရမြင်ရသည်။

တော်လှန်ရေး ကောင်စီသည် အနာဂတ် ပါတီအား ဒီမိုကရေစီ ဗဟို ဦးစီး စနစ်ဖြင့်ပြန်လည် ဖွဲ့စည်းရန် ရည်မှန်း ထားသကဲ့သို့၊ ပါတီ မှလည်း တော်လှန်ရေး ကောင်စီက ချမှတ်ထားသည့် "မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်" ကို မိမိ၏ လုပ်ငန်း လမ်းညွှန် အဖြစ် ခံယူပြီး ဆိုရှယ်လစ် စီးပွားရေး စနစ်ကြီးပြီးမြောက် အောင်မြင်ရန် ဆောင်ရွက်ကြိုးပမ်း ရမည်ဟု ကြေညာခဲ့သည်။

ပါတီ တည်ဆောက်ရေး ကာလတွင် တော်လှန်ရေး ကောင်စီ သည်သာ အချုပ်အချာ အာဏာပိုင် အဖွဲ့ ဖြစ်သည်။ ပါတီတွင်အဆင့်အတန်း တူညီသည့် ထိပ်တန်း ကော်မတီ ၃ ခု ရှိသည်။ (၁) ပါတီ စည်းရုံးရေး ဗဟို ကော်မတီ၊ (၂) ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီနဲ့ (၃) ဆိုရှယ်လစ် စီးပွားရေး စီမံကိန်း ကော်မတီတို့ ဖြစ်သည်။ ပါတီ ဗဟို စည်းရုံးရေးနှင့် ပါတီစည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်ကြီး နေဝင်းက ပူးတွဲ တာဝန် ယူခဲ့ပြီး ထို ကော်မတီ ၂ ခု၏ အဖွဲ့ဝင်များ ကိုလည်းတော်လှန်ရေး ကောင်စီဝင်များ ​ဖြင့်သာဖွဲ့စည်း ခဲ့သည်။ ဆိုရှယ်လစ် စီးပွားရေး စီမံကိန်း ကော်မတီ ဥက္ကဋ္ဌ အဖြစ် အလုပ်သမားနှင့် စက်မှု လက်မှု ဌာန တာဝန်ခံ ("ဝန်ကြီး" အစား "ဌာန တာဝန်ခံ" ဟု ခေါ်ဝေါ် သုံးစွဲခဲ့သည်။ တော်လှန်ရေး ကောင်စီရဲ့ မအောင်မြင်ခဲ့သည့် ထွင်လုံး တခု ဖြစ်သည်) ဗိုလ်မှူးကြီး သန်းစိန်ကို ခန့်အပ် ခဲ့ပြီး၊ ထိုကော်မတီ တစ်ခု တည်း၌သာ အဖွဲ့ဝင်များအား တော်လှန်ရေး ကောင်စီဝင်များသာမက အခြား သင့်တော်သူများဖြင့် ပါဝင် ဖွဲ့စည်းခွင့် ပြုခဲ့သည်။ အမြုတေ ပါတီ ကာလတွင် ပါတီဝင်များကို စစ်တပ် အတွင်းက စတင် စုဆောင်းခဲ့သည်။

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် ​တော်လှန်ရေးကောင်စီနှင့် ဗိုလ်ချုပ်ကြီး နေဝင်း၏ ဇာတိရုပ်ကို ထင်ရှုားစေသည့် ဆဲဗင်းဇူလိုင် ကျောင်းသား အရေးတော်ပုံ ဖြစ်ပွား ခဲ့သည်။ တော်လှန်ရေး ကောင်စီ၏ အုပ်ချုပ်မှုကို ဆန့်ကျင် အံတုသည့် ကျောင်းသား များနှင့်၊ ကျောင်သားများ မှီခို အားထားသည့် တကသ၊ ဗကသ၊ ဗကသများ အဖွဲ့ချုပ်၊ စသည့် ကျောင်းသား သမဂ္ဂ အဖွဲ့အစည်းများနှင့် ​​ကျောင်းသားနိုင်ငံရေး စင်မြင့် ဖြစ်သည့် သမဂ္ဂ အဆောက်အဦးကိုပါ မြန်မာ့ နိုင်ငံရေး ဇတ်ခုံ ပေါ်မှအပြတ် ရှင်းထုတ်ရန် ကြိုးစားခဲ့သည်။

၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေတွင် တော်လှန်ရေး ကောင်စီ၏ (၂၂) ကြိမ်မြောက် အစည်းအဝေးမှ အတည် ပြုလိုက်သည့် မဆလ ပါတီမှ တွေးခေါ် မြှော်မြင်ရေး သဘော တရား အဖြစ် "လူနှင့် ပတ်ဝန်းကျင် တို့၏ အညမည သဘောတရား၊ The system of correlation of man and his enveronment" ကို ထုတ်ပြန် ကြေညာ ခဲ့သည်။ အမြုတေ ပါတီ ဖွဲ့စည်းပြီး ၆ လကျော် ကြာမှ ပါတီ၏သဘောတရားကို ကြေညာ နိုင်ခဲ့သည်။ ထိုပင်လျင်ကွန်မြူနစ်ပါတီ(ဗကပ) တောခိုရာ၌ လိုက်ပါ မသွားဘဲ မြေပေါ်တွင် ကျန်ရစ်ခဲ့သည့် ကွန်မြူနစ်ပျက် ဦးချစ်လှိုင် ("ကိုကိုမောင်" ကလောင် အမည်ဖြင့်လဲ စာရေသားခဲ့သူ) က ကောင်းနိုးရာရာ ကမ္ဘာ့ ဆိုရှယ်လစ် ကွန်မြူနစ်မှ သဘောတရား များနှင့် ဗုဒ္ဓဘာသာ တရားတော် အချို့အား အပီအပြင် ရောမွှေ သမ၍ရေးပေး လိုက်သည့် သဘောတရား ကြေညာ စာတမ်း ပင်ဖြစ်သည်။ ထို မဆလ ပါတီ၏ သဘောတရား ကြေညာ စာတမ်းကို ရေးသား ပေးခဲ့သည့် ဦးချစ်လှိုင် ကိုလည်း နောင်တွင် ပါတီဗဟို နိုင်ငံရေး သင်တန်း ကျောင်းအုပ်ကြီး အဖြစ် သူကောင်း ပြုခဲ့သည်။

ပြည်သူပိုင်သိမ်း[ပြင်ဆင်ရန်]

၁၉၆၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် နိုင်ငံတွင်းရှိ ဘဏ်အားလုံးကို ပြည်သူပိုင် အမည် တပ်ပြီး စစ်တပ်က သိမ်းယူ လိုက်သည်။ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဝါဏိဇ္ဇ ပဋိပက္ခမှု အက်ဥပဒေကို ပြင်ဆင် ပြဋ္ဌာန်း လိုက်သည်။ အောက်တိုဘာ ၁၉ ရက်၌ တော်လှန်ရေး ကောင်စီ ဥပဒေ အမှတ် - ၃၃ ကို ထုတ်ပြန်ကာ "လုပ်ငန်းများ နိုင်ငံပိုင် ပြုလုပ်ခြင်း ဥပဒေ" ကို ပြဋ္ဌာန်း ခဲ့သည်။ ထိုဥပဒေများအရ အစိုးရမှ စီးပွားရေးလုပ်ငန်းများနှင့် မည်သည့်လုပ်ငန်းဆောင်ရွက်မှု အဘယ်လုပ်ငန်းကိုမဆို အမိန့် အာဏာဖြင့် သိမ်းယူခွင့် ရှိလာသည်။ ထို့နောက်တွင် ပြည်သူ လူထု သမ္မာ အာဇီဝဖြင့် လုပ်ကိုင် စားသောက်နေသည့် ပုဂ္ဂလိက စီးပွားရေလုပ်ငန်းများနှင့် ဈေးဆိုင်များက စစ်တပ်မှ လက်နက် အားကိုးဖြင့် အတင်း အဓမ္မ လိုက်လံ သိမ်းယူ ​လေတော့သည့်။ နောက်ပိုင်းတွင် စီးပွားရေး လုပ်ငန်းနှင့် ဈေးဆိုင်များကိုသာမက ကောက်ပဲသီးနှံ ရောင်းဝယ်ခြင်း ကိုပါ စစ်တပ်က ချုပ်ကိုင် လာသည်။(စစ်တပ်မှ ပြည်သူပိုင် အမည်ခံပြီး သိမ်းယူခဲ့သည့် စီးပွားရေး လုပ်ငန်းများနှင့် ဈေးဆိုင်များ၏ အသေးစိတ် စာရင်းကို "ပြည်သူပိုင်သိမ်းခဲ့မှု မှတ်တမ်း" တွင် ကြည့်ပါ။)


ထိုကဲ့သို့ စစ်တပ်က သိမ်းယူခဲ့တဲ့ စီးပွားရေး လုပ်ငန်း များကိုဗိုလ်မှူးကြီး သန်းစိန် ဥက္ကဋ္ဌ တာဝန် ယူထားသည့်ဆိုရှယ်လစ် စီးပွားရေး တည်ဆောက်မှု ကော်မတီက ကြီးကြပ်ခဲ့သည်။ ဒီ ဗိုလ်မှူကြီး သန်းစိန်သည် မည်မျှယုတ်ညံ့ မိုက်ရိုင်း သနည်းဆိုလျှင်၊ ၁၉၆၄ မတ် ၂၂ ရက်နေ့တွင် စစ်တပ်က သိမ်းယူ ခဲ့သည့် တိုင်းရင်းသား စီးပွားရေး လုပ်ငန်း ပိုင်ရှင် များအားခေါ်ယူ တွေ့ဆုံပြီး "အရင်းရှင် ကြီးများသည် အစိုးရ ပြုတ်ကျ လျင်ပြီးရော ၎င်းတို့ စည်းစိမ်ကို အပြုတ်ခံကာ လုပ်ဆောင် ကြသည်။ သို့ရာတွင် အစိုးရမှာ ပြုတ်မသွားဘဲ တိုးတက်လျက် ရှိနေသည်ကို တွေ့ရသော အခါ မျက်ရည် ကျပြီး ဒုက္ခ ရောက်ကုန် ကြသည် မဟုတ်လား" ဟု မောက်မောက်မာမာ ပြောဆို ခဲ့သည်။

ဤသို့ပင် လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်း စစ်မီး တောက်လောင် ခဲ့ရသော်လည်း ပါလီမန် ဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေး အသီးအပွင့်ကို ခံစား ခဲ့ရ၍ အရှေ့တောင် အာရှတွင် စီးပွားရေး အလားအလာ အရှိဆုံး ပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံများက တလေးတစား အလေးထား ခဲ့ရသည့် မြန်မာ့ စီးပွားရေးသည် စစ်တပ်က ပြည်သူပိုင် အမည်ခံကာ သိမ်းပိုက် ခဲ့ပြီးနောက် ဦးဆောင်သူ စစ်တပ် အရာရှိများ၏ အကျင့်ပျက် လာဘ်စားမှု၊ စီးပွားရေး နားလည် တတ်ကျွမ်းမှု မရှိမှုနဲ့ အလွဲလွဲ အချော်ချော် စီမံ ခန့်ခွဲမှု များကြောင့်၊ဦးဆောင်သူစစ်တပ် အရာရှိများနှင့် လက်နက်ချ ကွန်မြူနစ် တချို့အပါအဝင် ခံတွင်းပျက် နိုင်ငံရေး သမား တချို့ အတွက် စူဖြိုး ဝမ်းဝ ခါးလှ ခဲ့သော်လည်း တိုင်းရင်းသား ပြည်သူ လူထု တရပ်လုံးမှာမူ အလဲလဲ အမွဲမွဲနဲ့ ဝမ်းခေါင်ခေါင် ဖြစ်ခဲ့ရသည်။ ထိုအချိန်က အရှေ့တောင် အာရှတွင်စာတတ်မှု အမြင့်မားဆုံးဟုဆိုသည့် မြန်မာ နိုင်ငံသည် သူတောင်းစား နိုင်ငံ (LDC, Least Development Country) စာရင်း ဝင်ခဲ့ရ ပါတော့သည်။ ("အခွင့်အလမ်းများနှင့် မျှော်လင့် မထားသော အန္တရာယ်များ" စာအုပ်ကို ကြည့်ပါ။)


တော်လှန်ရေး ကောင်စီ အတွင်း လက်ဝါးကြီးအုပ် အရင်းရှင် စီးပွားရေး စနစ်ကို လိုလားသည့် ဗိုလ်မှူးချုပ် အောင်ကြီး ဦးဆောင်သည့် အုပ်စုနှင့် စီးပွားရေး လုပ်ငန်း အားလုံးကို အစိုးရ ချုပ်ကိုင် လိုသည့် လက်ဝဲစွန်း ဆိုရှယ်လစ် စနစ်ကို လိုလားသူ ဗိုလ်မှူးချုပ် တင်ဖေ ဦးဆောင်သော အုပ်စု အားပြိုင်ပွဲမှာ ဗိုလ်ချုပ်ကြီး နေဝင်းမှ ဗိုလ်မှူးချုပ် တင်ဖေအား ထောက်ခံမှု အားပေး လိုက်​​သော​ကြောင့်၊ဗိုလ်မှူးချုပ် အောင်ကြီး ရှုံး၍ ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ တွင်တော်လှန်ရေး ကောင်စီ အဖွဲ့ဝင် အဖြစ် မှ၎င်း၊ ဒု-ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) အဖြစ် မှ၎င်း၊ အစိုးရ အဖွဲ့ဝင် အဖြစ်မှပါ ဗိုလ်မှူးချုပ် အောင်ကြီး နုတ်ထွက် ခဲ့သည်။ နောက်ပိုင်း (၁၉၆၅) တွင် သူ့အားဖမ်းဆီးထိန်းသိမ်း ခဲ့သည်။ လစ်လပ် သွားသည့် ဒု-ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နေရာကို ဗိုလ်မှူးချုပ် စန်းယုအား ခန့်အပ် ခဲ့သည်။ ဤသည်မှာပထမဆုံး တော်လှန်ရေး ကောင်စီ စစ်တပ် အတွင်း အကွဲအပြဲ ဖြစ်ခဲ့သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ[ပြင်ဆင်ရန်]

၁၉၆၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ပြီး အကျဉ်းထောင် အသီးသီး၌ ဖမ်းဆီး ချုပ်နှောင် ထားသည့် နိုင်ငံရေး သမားများ၊ နှစ်ကျန် လကျန် ရာဇဝတ် အကျဉ်းသား များကို လွှတ်ပေးကာ ထောင် ခါခဲ့သည်။ ထိုလွတ်ငြိမ်း ချမ်းသာခွင့် အမိန့်အရ အကျဉ်းသားပေါင်း ၁၂,၀၀ဝ ခန့် လွတ်မြောက် ခဲ့ပြီး ဗကပ ဗဟို ကော်မတီဝင် ဆရာ ရာဂျန်နှင့် ဗိုလ်မှူး ချစ်ကောင်း၊ ထောင်နှစ်ရှည် ကျခံ နေသည့် အလံနီ ပါတီက သခင် ဖေဋ္ဌေး တို့ပါ လွတ်မြောက် လာခဲ့သည်။ ထိုနောက် တော်လှန်ရေး ကောင်စီ က ထောင်စည်းကမ်း များကို ပြုပြင် လိုက်၏။ ယခင်ကကဲ့သို့ ပထမတန်း၊ ဒုတိယတန်း ဆိုသည့် အထူးတန်းများ မထားတော့ပဲ နိုင်ငံရေး အကျဉ်းသားများနှင့် ရာဇဝတ် အကျဉ်းသား များအား တန်းတူထား ဆက်ဆံ ပြီး၊ "ရဲဘက် စခန်း" များ ကိုလည်း စတင် ဖွင့်လှစ် ခဲ့သည်။

ထို လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ထုတ်ပြန် လိုက်သောကြောင့် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများကြားတွင် တော်လှန်ရေး ကောင်စီပေါ် ထားရမည့် သဘောထားများ ကွဲလွဲ လာပြီး အဖွဲ့အတွင်း ပြိုကွဲမှုများ ဖြစ်လာသည်။ ဗိုလ်သာဂဒိုး၊ စစ်ဦးစီးမှူး ဗိုလ်မှူး ခင်ဇော်၊ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်၊ ဗိုလ်စိန်တင်၊ ဗိုလ်ရဲမောင် စသည့် ဗကပ ထိပ်တန်း စစ်ရေး ခေါင်းဆောင် များနှင့် တပ်ဖွဲ့ဝင် အမြောက်အမြား လက်နက်ချ ဝင်ရောက် လာခဲ့သကဲ့သို့၊ ကေအဲန်ယူ အဖွဲ့က ခေါင်းဆောင် တချို့လည်း လက်နက် ချလာသည် ကိုတွေ့ရသည်။ ထို့ကြောင့် လက်နက်ကိုင် တော်လှန်ရေး အင်အားစု များအလွန်ပင် ချိ့နဲ့ အားနည်း သွားခဲ့ရပြီး တော်လှန်ရေး ကောင်စီ အဖို့ ဝါဒ ဖြန့်ချိရေး ဘက်တွင် အရေးသာ လာခဲ့တော့သည်။

ထိုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် တောတွင်း လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံးကို တော်လှန်ရေး ကောင်စီ နှင့် ငြိမ်းချမ်းရေး အတွက် လာရောက် ဆွေးနွေးကြရန် ဖိတ်ခေါ်လိုက်သည်။ တဆက်တည်း လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံးကို ဖမ်းဆီးနိုင်ရန် ဆုငွေ ထုတ်ထားသည်များကိုလည်း ရုပ်သိမ်း ခဲ့သည်။ တောတွင်း လက်နက်ကိုင် တော်လှန်ရေး အင်အားစု များကလည်း တော်လှန်ရေး ကောင်စီ ကြေညာချက်ကို ဝမ်းမြောက် ဝမ်းသာ ကြိုဆို ခဲ့ကြပြီး၊ ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ၊ နစ်ဖြူ)၊ ကွန်မြုနစ် ပါတီ (ဗမာပြည်) (အလံနီ)၊ စောဟံသာမွှေး ဦးဆောင်သည့် ကရင် တော်လှန်ရေး ကောင်စီ၊ ကေအဲန်ယူနဲ့ ကေအဲန်ဒီအို၊ မွန်ပြည်သစ် ပါတီ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ၊ ရှမ်းပြည် လွတ်လပ်ရေး တပ်ပေါင်းစုနှင့် ရှမ်းပြည် လွတ်မြောက်ရေး တပ်မတော်၊ ကချင် လွတ်လပ်ရေး ကောင်စီ၊ ပြည်သူ့ မျိုးချစ် ပါတီ (ရခိုင်ပြည်)၊ ရခိုင်ပြည် ကွန်မြူနစ် ပါတီ၊ ကျော်ဇံရွှေး ဦးဆောင်သည့် ရခိုင် အလံနီ အုပ်စုများသည် တော်လှန်ရေး ကောင်စီ နှင့်ပါတီ တဖွဲ့ချင်း အနေနှင့် သုံးပါတီ ကိုယ်စားလှယ် အဖွဲ့ (ကေအဲန်ယူပါတီ၊ မွန်ပြည်သစ် ပါတီနဲ့ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ)နှင့် အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု၊ မဒညတ (ဗကပနဲ့ ကရင်၊ မွန်၊ ကရင်နီ စတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ ပေါင်းဖွဲ့ ထားတဲ့ တပ်ပေါင်းစု) စသည့် တပ်ပေါင်းစုများ အနေနဲ့ပါ ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ခဲ့ကြသည်။

ငြိမ်းချမ်းရေးကို လိုလားသည့် ပြည်သူ လူထုများ ကလည်း ငြိမ်းချမ်းရေး ကြိုဆိုမှု ကော်မတီများ ဖွဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် ရောက်လာ ကြသည့် တောတွင်း လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းက ကိုယ်စားလှယ်များကို သောင်းသောင်းဖြဖြ ကြိုဆို ခဲ့ကြတဲ့ အပြင်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အောင်မြင်ရေး အတွက် ၆ ခရိုင် (ရန်ကုန်၊ အင်းစိန်၊ သာယာဝတီ၊ ပဲခူး၊ ဟံသာဝတီနဲ့ မအူပင်) ငြိမ်းချမ်းရေး ဆန္ဒပြပွဲများ အုန်းအုန်းကျက်ကျက် ဆင်နွှဲခဲ့ပြီး၊ ဖိအားပေး ထောက်ခံပွဲများပါ ပြုလုပ် ခဲ့ကြသည်။


ဇူလိုင် ၂၆ တွင် အစိုးရမှ နိုင်ငံတကာကို ပြည်တွင်း ဖြန့်ချိရာတွင်ထိန်းချုပ် ကြီးကြပ်နိုင်ရန် News Agency Burma ကို တည်ထောင် လိုက်သည်။

လူဖမ်းပွဲကြီး[ပြင်ဆင်ရန်]

၁၉၆၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့မှာ မဆပလ ခေါင်းဆောင်များ ဖြစ်သည့် ဦးဘဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်ကြာညွန့် (ပဲခူး)၊ ဗိုလ်မှူး ထွန်းတင်၊ ဦးကြီးချိုင်၊ ပထစ ခေါင်းဆောင်တွေ များဖြစ်သည့် ဗိုလ်မင်းခေါင် (ရဲဘော် သုံးကျိပ်ဝင်)၊ ဦးဝင်း၊ ဦးချမ်းသာ၊ ဦးချန်ထွန်းနဲ့ အင်းစိန် အမတ် ဦးချာလီတို့ အပြင်၊ နေရှင်း သတင်းစာတိုက် ပိုင်ရှင် အယ်ဒီတာချုပ် ဦးလောရုံ စသည့် ပဂ္ဂိုလ်များအား ဖမ်းဆီး ထိန်းသိမ်း လိုက်သည်။


စောဟံသာမွှေး ဦးဆောင်တဲ့ ကရင် တော်လှန်ရေး ကောင်စီ နဲ့သဘော တူညီချက် ရခဲ့တာမှ အပ အခြား လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့တော့ ဘာသဘောတူ ညီချက်မှ မရခဲ့ဘဲ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေကို နိုဝင်ဘာ လထဲမှာ တော်လှန်ရေး ကောင်စီ ရပ်ဆိုင်း လိုက်တယ်။


နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းမှာ ပမညတ ဥက္ကဋ္ဌ ဦးဘငြိမ်း၊ ဗိုလ်မြသွေး၊ နေရှင်း သတင်းစာ လက်ထောက် အယ်ဒီတာ ဦးလှထွေး၊ ပြည်သူ့ ကဗျာ ဆရာများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါင်းနွယ်ဆွေနဲ့ ပြည်သူ့ ကော်မတီ ဥက္ကဋ္ဌ ဦးလှဖေ (သထုံ) တို့ကို ဖမ်းဆီး ထိန်းသိမ်း ခံရတယ်။


ကျောင်းသား တွေကလည်း ငြိမ်းချမ်းရေးကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ ဆန္ဒပြပွဲ တွေကို ကျောင်းဝင်းတွေ ထဲမှာ လုပ်ဆောင် လာတာကြောင့်၊ ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး ရန်ကုန် တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ မော်လမြိုင်နဲ့ ပုသိမ် ကောလိပ် တို့ကို အကန့်အသတ် မရှိ ပိတ်လိုက်တယ်။


အဲဒီ နောက်မှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပ နေစဉ် အတွင်း ထောက်ခံတဲ့ ဆန္ဒပြပွဲ တွေမှာ တက်တက့်က့က ပါဝင် လှုပ်ရှား ခဲ့ကြတဲ့ အစိုးရ အမှုထမ်း အရာထမ်းတွေ၊ ကျောင်းသားတွေ၊ နိုင်ငံရေး သမားတွေ၊ ရဟန်း သံဃာ တွေကို ဖမ်းပွဲကြီးတွေ ဆင်နွဲတော့ တာပါပဲ။ စုစုပေါင်း နိုင်ငံရေးသမားနဲ့ တက့်က လှုပ်ရှားသူ စုစုပေါင်း ၁,၂၀ဝ လောက်ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့တယ်။


၁၉၆၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှာ "အမျိုးသား စည်းလုံး ညီညွှတ်မှု ကာကွယ်ရေး ဥပဒေ" ကို ပြဋ္ဌာန်းကာ၊ မဆလ ပါတီ မှအပ အခြား နိုင်ငံရေး ပါတီ တွေနဲ့ အသင်းအဖွဲ့ အားလုံးကို ဖျက်သိမ်း ခိုင်းခဲ့တယ်။ အဲဒီ ပါတီ တွေနဲ့ အသင်းအဖွဲ့ တွေပိုင် ဥစ္စာ ပစ္စည်း အားလုံး ကိုလည်း သိမ်းယူ လိုက်တယ်။ တပါတီ အာဏာရှင် စနစ် ပီပီပြင်ပြင် ဖြစ်လာဖို့ အရေးကြီးဆုံး ခြေလှမ်း တလှမ်း လှမ်းလိုက် နိုင်တာ ဖြစ်တယ်။ မြန်မာ ပြည်မထဲမှာ နိုင်ငံရေး အရ အတိုက်အခံပြု လှုပ်ရှားနေမှု တွေကို အခြေအနေ အတိုင်းအတာ တခု အထိ တည်ငြိမ် သွားအောင် တော်လှန်ရေး ကောင်စီ က လုပ်နိုင် လိုက်တယ်။


ဒီနောက် မေလထဲမှာ ပြည်သူ လူထုတွေ လက်ထဲမှာ လှယ်လည် သုံးစွဲနေတဲ့ ကျပ် ၁၀ဝ တန်နဲ့ ကျပ် ၅ဝ တန် ငွေစက္ကူ တွေကို တရား မဝင်ကြောင်း ကြေညာပြီး တနိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူ လူထု လက်ထဲက ငွေတွေကို အေးဓပြ တိုက်ယူ လိုက်တယ်။

တိုးပွားလာတဲ့ လက်နက်ကိုင် တော်လှန် ပုန်ကန်မှုများနဲ့ သာသနာ သန့်ရှင်းရေး[ပြင်ဆင်ရန်]

ဒီနောက်ပိုင်းမှာ တိုင်းရင်းသား ပြည်သူ တရပ်လုံးရဲ့ ဒီမိုကရက်တစ် အခွင့်အရေးတွေ ဆုံးရှုံး လာမှုနဲ့ တိုင်းရင်းသားတွေ အပေါ် လူမျိုးရေး ခွဲခြား ဖိနှိပ်မှု တွေကြောင့် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီ လက်နက်ကိုင် ဆန့်ကျင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တဖွဲ့ပြီး တဖွဲ့ ပေါ်ပေါက် လာတော့တယ်။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း မရှိတဲ့ တိုင်းရင်းသား လူမျိုးရယ်လို့ မရှိလောက် အောင်ကို နယ်စပ် ဒေသတွေမှာ တိုင်းရင်းသား တော်လှန် ပုန်ကန်မှုတွေ ဖြစ်ပွား ခဲ့ရတယ်။


၁၉၆၅ ခု၊ မတ်လ ထဲမှာ တော်လှန်ရေး ကောင်စီ က ရန်ကုန်မြို့မှာ ဗုဒ္ဓဘာသာ ညီလာခံ ခေါ်ယူလိုက်ပြီး၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ကြိုးစား ခဲ့တယ်။ နိုင်ငံရေး လုပ်တဲ့ ဘာသာရေး အဖွဲ့အစည်း မရှိစေဖို့ ရည်ရွယ် လုပ်ဆောင် ခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ ဒေသခံ လူထုတွေ ကြည်ညို ကိုးကွယ်တဲ့ ဆရာတော်ကြီး အချို့က ဒါကို ကန့်ကွက် ခဲ့ကြတယ်။ ဒါကြောင့် တော်လှန်ရေး ကောင်စီ က သာသနာ သန့်ရှင်းလို့ အမည် တပ်ပြီး သျှင်ဥက္ကဋ္ဌ အပါအဝင် ရန်ကုန်နဲ့ မန္တလေးက ရဟန်း သံဃာတွေကို လူဝတ် လဲစေခြင်း၊ ဖမ်းဆီး ထောင်ချ တာတွေကို ပြုလုပ်ခဲ့တဲ့ သံဃာ့ အရေးအခင်း ဖြစ်ပွားခဲ့တယ်။


ပြည်သူပိုင် အမည်ခံပြီး စစ်တပ်က မြန်မာ နိုင်ငံသား တွေနဲ့ နိုင်ငံခြားသားပိုင် စီးပွား လုပ်ငန်း တွေကို ဆက်လက် သိမ်းယူ နေမှုနဲ့ မြန်မာ နိုင်ငံအတွင်းမှာ မှီတင်း နေထိုင် နေကြတဲ့ အိန္ဒိယ နိုင်ငံသား တွေအပေါ် ဖိနှိပ် ချုပ်ချယ် လာမှု တွေကြောင့် အဲဒီနှစ် ဇူလိုင်လ ထဲမှာ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံသား တသိန်းကျော် သူတို့ နိုင်ငံတွေဆီ ပြန်ပို့ တာတွေ၊ ထွက်ပြေး ရတာတွေ ၁၉၆၅ ခု ထဲမှာ ဖြစ်ပွား ခဲ့ရတယ်။


ဒီ ၁၉၆၅ ခုနှစ် ထဲမှာပဲ တော်လှန်ရေး ကောင်စီ က သီးစား စနစ်ကို ဖျက်သိမ်းပြီး၊ ကျေးရွာ လယ်ယာမြေ ကော်မတီကို လယ်မြေ အသုံးပြုရေး အာဏာကို အပြီးအပိုင် ပေးအပ် လိုက်တယ်။ နောက်မှာတော့ ဒီအာဏာကို ဒေသ ပြည်သူ့ ကောင်စီက ပိုင်ဆိုင် လာတယ်။ လယ်ယာ ထွက်ကုန် ရောင်းဝယ်ရေးကို အစိုးရက ချုပ်ကိုင် လာခဲ့တယ်။ ဈေးနှုန်း ကိုလည်း ဈေးကွက်က မသတ်မှတ် စေဘဲ အစိုးရက သတ်မှတ် ပေးလာတယ်။ လယ်ယာမြေ အတွက် လိုအပ်တဲ့ ပစ္စည်းတွေ (ဓာတ်မြေ ဩဇာ၊ ပိုးသတ်ဆေး စတဲ့) ကိုလည်း အစိုးရ ကပဲ တင်သွင်း ရောင်းချ ပေးလာတယ်။ စားသောက်ကုန် ပစ္စည်း၊ အသုံးအဆောင် ပစ္စည်း တွေကိုလည်း ပြည်သူ့ ဆိုင်တွေက တဆင့် ခွဲတမ်း စနစ်နဲ့ ရောင်းချ ပေးခဲ့တယ်။


၁၉၆၆ ခုနှစ်၊ အောက်တိုဘာလ ထဲမှာ ဝန်ကြီးချုပ်ဟောင်း ၂ ဦး ဖြစ်တဲ့ ဦးနုနဲ့ ဦးဘဆွေ တို့ ၂ ဦးကို ပြန်လွှတ် ပေးခဲ့တယ်။ ၁၉၆၇ အောက်တိုဘာလ ၁၂ ရက်နေ့မှာ သမ္မတကြီး မန်းဝင်းမောင်ကို ပြန်လည် လွှတ်ပေးခဲ့တယ်။


၁၉၆၇ ခု အတွင်း ရခိုင် ပြည်နယ် စစ်တွေမှာ လူထုက စားစရာ မရှိတော့လို့ ဆန္ဒတွေပြ၊ အစိုးရ ဆန် ဂိုထောင် တွေကို ဝင်လုတဲ့ "စစ်တွေ ဆန် ပြဿနာ"နဲ့ မော်စီတုန်း တံဆိပ်ကို တရုတ် ကျောင်းသားလေးတွေ ရင်ဘတ်မှာ တပ်ကြတဲ့ ပြဿနာ ကနေ တရုတ်နဲ့ ဗမာ လူမျိုးရေး အဓိက ရုဏ်းတွေ အထိ ဖြစ်လာရတဲ့ "တရုတ် - ဗမာ အရေးအခင်း" တွေ ဖြစ်ပွား ခဲ့တယ်။ ရခိုင် ဆန် ပြဿနာမှာ တော်လှန်ရေး ကောင်စီ က စားစရာ မရှိ ငတ်ပြတ်လို့ ဒုက္ခ သုက္ခ ရောက်နေတဲ့ ရခိုင် ပြည်သူ လူထုကို စစ်တပ်နဲ့ ပစ်ခတ် သတ်ဖြတ်ပြီး သွေးထွက် သံယို အကြမ်းပတမ်း နှိမ်နင်းခဲ့တယ်။


၁၉၆၇ ခုနှစ် အတွင်း တော်လှန်ရေး ကောင်စီ ရဲ့ အုပ်ချုပ် နေမှုကို နိုင်ငံရေး အရ၊ စည်းရုံးရေး အရ၊ စစ်ရေး အရ ဩဇာ ကြီးကြီးမားမားနဲ့ ခြိမ်းခြောက် တော်လှန်နေတဲ့ ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) အတွင်းမှာ တရုပ်ပြည်က "ယဉ်ကျေးမှု တော်လှန်ရေး" ကူးစက် လာပြီး၊ ဇွန်လ ၁၈ ရက်နေ့မှာ ကွန်မြူနစ် ပါတီ ထူထောင်ရာမှာ အစကဦး ကတည်းက ပါဝင်ခဲ့တဲ့ ပေါ်လစ်ဗြူရို အဖွဲ့ဝင် ရဲဘော် ဘတင် (ခ) ဂိုရှယ်နဲ့ ဗဟို ကော်မတီ အတွင်းရေးမှူး ရဲဘော် ဌေး တို့ကို "စိန် - ပိန် ဂိုဏ်း" အဖြစ် ပါတီက စွဲချက်တင် စစ်ဆေးခဲ့ပြီး သေဒဏ် ပေးခဲ့တယ်။ ဒီနောက် မှာတော့ အသေမသတ်တဲ့ "ဖြုတ် - ထုတ် - သတ်" ပါတီတွင်း သွေးချောင်း စီးမှုတွေ ဖြစ်ပွား ခဲ့ရတယ်။ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ရန်အောင် လည်း သတ်ခံရတဲ့ ထဲမှာ ပါသွား ရှာတယ်။ ထို့အတူ ပါတီ ခေါင်းဆောင် တွေနဲ့ ပါတီဝင် အများအပြားလည်း လက်နက်ချကာ တော်လှန်ရေး ကောင်စီ နဲ့ မဆလမှာ ပါဝင် ပူးပေါင်း လာကြတယ်။


၁၉၆၈ ဧပြီလ ၁၆ ရက်နေ့ ပဲခူး - သယာဝတီ နယ်စပ်မှာ စစ်တပ်က ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) ဌာနချုပ် စခန်းကို ဝင်တိုက်ရာမှာ စစ်ဦးစီးမှူး ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ဇေယျ ကျဆုံး ခဲ့ရတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ပါတီ ဥက္ကဋ္ဌ သခင် သန်းထွန်း ကိုယ်တိုင် သူရဲ့ ကိုယ်ရံတော် မောင်မြရဲ့ လုပ်ကြံ သတ်ဖြတ်မှုကို ခံခဲ့ရပြီး ကျဆုံးခဲ့တယ်။ ၁၉၇၅ မှာ ပါတီ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ဆက်လက် တာဝန် ယူနေတဲ့ သခင် ဇင်နဲ့ သခင် ချစ်တို့ ကျဆုံး ခဲ့ရတယ်။


ပါတီတွင်း ဖြုတ်ထုတ် သတ်ပွဲတွေ၊ ပါတီ ခေါင်းဆောင် အများအပြား တိုက်ပွဲမှာ ကျဆုံး ရမှုတွေ၊ ပါတီ ခေါင်းဆောင် အတော်များများနဲ့ ပါတီဝင်တွေ အမြောက်အမြား လက်နက်ချမှု တွေကြောင့် ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) လည်း ယိုင်နဲ့ သွားခဲ့ရပြီး ပဲခူး ရိုးမ အပါအဝင် မြန်မာပြည် အလယ်ပိုင်းက နယ်မြေ အားလုံးကို လက်လွတ် ဆုံးရှုံး လိုက်ရတယ်။ ဒီနောက်မှာတော့ သခင် ဗသိန်းတင် (ယခု ကွယ်လွန်) ဦးဆောင်တဲ့ ဗဟို ကော်မတီကို ပြန်လည် ဖွဲ့စည်းကာ မြန်မာပြည် အရှေ့မြောက် တရုတ်ပြည် နယ်စပ် မှာသာ အခြေပြု လှုပ်ရှား နိုင်တော့တဲ့ အခြေအနေထိ ဆိုးရွား သွားခဲ့တယ်။

၃၃ ဦး အကြံပေး အဖွဲ့ ဖွဲ့[ပြင်ဆင်ရန်]

၁၉၆၈ ခုနှစ် ထဲမှာ ဝန်ကြီးချုပ်ဟောင်း ဦးနု အပါအဝင် နိုင်ငံရေးသမားနဲ့ တိုင်းရင်းသား ခေါင်းဆောင် ၃၃ ဦး ပါဝင်တဲ့ "ယာယီ အမျိုးသား ညီညွတ်ရေး အကြံပေး အဖွဲ့" ဖွဲ့စည်းခဲ့တယ်။ ဒီ ၃၃ ဦး အကြံပေး အဖွဲ့ရဲ့ ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော် သမ္မတကြီးဟောင်း မန်းဝင်းမောင်ကို တာဝန် ပေးခဲ့တယ်။


ဇွန်လ ၁ ရက်နေ့မှာ ၃၃ ဦး အကြံပေး အဖွဲ့က တော်လှန်ရေး ကောင်စီ ထံကို အစီရင်ခံစာ တင်သွင်းခဲ့တယ်။ ဒီ အစီရင်ခံစာမှာ စစ်အစိုးရကို တပ်မတော် အရာရှိတွေ၊ ပြည်သူတွေ၊ နိုင်ငံရေး သမားဟောင်း တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပါဝင်တဲ့ အမျိုးသား အစိုးရ အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန်၊ ဗဟိုက ချုပ်ကိုင်တဲ့ စီးပွားရေး ပုံစံ ရပ်စဲရန်၊ ဒီမိုကရေစီနဲ့ တိုင်းရင်းသား အခွင့်အရေး တွေကို ပြန်လည် ဖော်ထုတ်ရန် တင်ပြခဲ့တယ်။ ဝန်ကြီးချုပ်ဟောင်း ဦးနု အပါအဝင် အကြံပေး အဖွဲ့ဝင် ၂၂ ဦးက ပါတီစုံ ဒီမိုကရေစီ စနစ်ကို ပြန်လည် အသက် သွင်းလိုပြီး၊ ကျန် အဖွဲ့ဝင် ၁၁ ဦးက ဆိုရှယ်လစ် တပါတီ စနစ်ကို ထောက်ခံ ခဲ့ကြတယ်။


နောက်တနေ့မှာ ဗိုလ်ချုပ်ကြီး နေဝင်းက ပြောင်းလဲမှု အတွက် အချိန် မရောက် သေးဘူး ဆိုပြီး အဆိုပြုချက် အားလုံးကို ပယ်ချ လိုက်တယ်။


၁၉၆၉ ခု ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ မြန်မာပြည်အနှံ့ ဖမ်းဆီး ထိန်းသိမ်း ထားတဲ့ နိုင်ငံရေး သမားတွေကို ကိုကိုးကျွန်း ပို့ကာ ကိုယ်ထူ ကိုယ်ထ စနစ်နဲ့ ဖမ်းဆီး ချုပ်နှောင့်တဲ့ စီမံကိန်းကို စတင် အကောင်အထည် ဖော်ခဲ့တယ်။ ကိုယ်ထူ ကိုယ်ထ စနစ် ဆိုတာ နိုင်ငံရေး အကျဉ်းသား တွေကို လူသူ အဆက်အသွယ် အရောက်အပေါက် မရှိတဲ့ တကျွန်းကို ပို့၊ ကိုယ်ဖာသာ စားစရာ သောက်စရာ ဖန်တီး လုပ်ကိုင် စေပြီး လူထုနဲ့ အဆက် ဖြတ်ကာ လူမသိ သူမသိ ဖမ်းဆီး ချုပ်နှောင် ထားမဲ့ "ကိုယ်ထူ ကိုယ်ထ စီမံကိန်း" ဖြစ်တယ်။ ဒါပေမဲ့ ခံယူချက် ပြင်းထန် ခိုင်မြဲတဲ့ နိုင်ငံရေး အကျဉ်းသား တွေဟာ စုပေါင်းပြီး တညီတညာတည်း ရဲဘော် ၈ ယောက် ကျဆုံး ခဲ့ရတဲ့ ၅၃ ရက် အစာငတ်ခံ ဆန္ဒပြပွဲကြီး ဆင်နွှဲပြီး မဆလရဲ့ ကိုယ်စရိတ် ကိုယ်ရှာ စားပြီး တကျွန်းမှာ ချုပ်နှောင် ထားမဲ့ "ကိုယ်ထူ ကိုယ်ထ စီမံကိန်း" ကို ရိုက်ချိုး တွန်းလှန် နိုင်ခဲ့ကြလို၊ တကျွန်း ရောက်ပြီး ၃ နှစ် နီးပါး အကြာမှာ ဒီ ကိုကိုးကျွန်း စီမံကိန်းကို ဖျက်သိမ်းပြီး နိုင်ငံရေး အကျဉ်းသား တွေကို ပြည်မ ပြန်ပို့ ပေးခဲ့ရတယ်။ (တိုက်ပွဲဝင် ရဲဘော် တဦး ရေးတဲ့ "စစ်အုပ်စု သက်တမ်း ရှည်နေ သရွေ့" စာအုပ်မှာ ဒီအကြောင်း အပြည့်အစုံ ဖတ်နိုင် ပါတယ်။)


၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဖဆပလ ခေါင်းဆောင် ဦးကျော်ငြိမ်း၊ တရားရေး ဝန်ကြီး ဦးမြင့်သိန်းနဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးတို့ အပါအဝင် လူပေါင်း ၁၂၇ ဦး ပြန်လွှတ် ပေးလိုက်ကြောင်း တော်လှန်ရေး ကောင်စီ က ကြေညာခဲ့တယ်။ ဇူလိုင်လ ၁၉ ရက်နေ့မှာ တော်လှန်ရေး ကောင်စီ အစိုးရ အဖွဲ့တွင်းမှာ ပါဝင်တဲ့ တဦးတည်းသော အရပ်သား ဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးသီဟန် နုတ်ထွက်ခဲ့ပြီး၊ ဗိုလ်မှူးကြီး မောင်လွင်ကို နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့တယ်။


ဝန်ကြီးချုပ်ဟောင်း ဦးနု လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲ[ပြင်ဆင်ရန်]

၁၉၆၉ ခုနှစ်၊ ဧပြီ လထဲမှာ အရေးပေါ် ဆေးကုသရန်နဲ့ ဗုဒ္ဓဂါယာမှာ ဘုရားဖူး ထွက်ရန် ဦးနုနဲ့ မိသားစုဟာ အိန္ဒိယကို ထွက်ခွာ လာခဲ့ကြတယ်။ အိန္ဒိယ မထွက်မီ လအနည်းငယ် အလိုက ဦးနုဟာ မြန်မာနိုင်ငံ အရပ်ရပ်ကို ဘာသာရေး လုပ်ငန်းတွေ လှယ်လည် ဆောင်ရွက်ရင်း သူ့ အပေါ် လူထုရဲ့ ထောက်ခံ အားပေးမှု အတိမ်အနက်ကို စမ်းသပ် ခဲ့သေးတယ်။ ဦးနုဟာ နေရှင်း သတင်းစာ အယ်ဒီတာချုပ် ဦးလောရုံနဲ့ တွေ့ဆုံတယ်၊ ပြီးတော့ လန်ဒန်ကို ဆက်ထွက် လာပြီး၊ ၁၉၆၉ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့မှာ သတင်းစာ ရှင်းလင်းတခု ခေါ်ယူကာ ပါလီမန် ဒီမိုကရေစီ ပါတီ (PDP) ကို ဖွဲ့စည်း လိုက်ကြောင်းနဲ့ နေဝင်း စစ်အုပ်စုကို လက်နက် တော်လှန်မည် ဖြစ်ကြောင်း ကြေညာခဲ့တယ်။


ပါလီမန် ဒီမိုကရေစီ ပါတီ (PDP) မှာ ဦးနု - ဥက္ကဋ္ဌ၊ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်လကျ်ာ - ဒုဥက္ကဋ္ဌ၊ ဦးလောရုံ - အထွေထွေ အတွင်းရေးမှူး၊ ဝန်ကြီးဟောင်း ဦးသွင် - တွဲဖက် အထွေထွေ အတွင်းရေးမှူး၊ လေတပ် ဦးစီးချုပ်နဲ့ ဗိုလ်မှူးချုပ်ဟောင်း တော်မီကလစ် - နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေး၊ ဗိုလ်မှူးချုပ်ဟောင်း စောကြာဒိုး - စစ်ဦးစီးချုပ်၊ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ရန်နိုင် - ဒုစစ်ဦးစီးချုပ်၊ ဦးဇာလီမော် - တရားရေး တို့ ပါဝင်တယ်။ လက်နက်ကိုင် တပ်အဖြစ် ပြည်ချစ် လွတ်မြောက်ရေး တပ်မတော် (Partriotic Liberation Army, PLA) စစ်တိုင်း ၂ တိုင်း ခွဲပြီး ဖွဲ့စည်းခဲ့တယ်။ ပီဒီပီ ပါတီ လူငယ် ဌာန အဖြစ် ပြည်ချစ် လူငယ် တပ်ပေါင်းစု (Partriotic Youth Front, PYF) ကို ဦးတင်မောင်ဝင်း ခေါင်းဆောင်ပြီး ဖွဲ့စည်းခဲ့တယ်။ နောက်ပိုင်းမှာ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူး အောင်ပါ ပီဒီပီမှာ ပူးပေါင်း ပါဝင်ခဲ့တယ်။


နောက်ပိုင်း ပီဒီပီ ပါတီတွင်းမှာ အုပ်စုဖွဲ့ အားပြိုင်မှုတွေ ဖြစ်ပွား ခဲ့သလို၊ မွန်နဲ့ ကရင် အဖွဲ့တွေ ကလည်း ခွဲထွက်လိုက ခွဲထွက်ခွင့်ကို သဘောတူရန် ဖိအား ပေးလာ တာကြောင့် ၁၉၇၂ ခုနှစ်၊ ဧပြီလမှာ ဦးနုဟာ ပီဒီပီက နုတ်ထွက်ပြီး အိန္ဒိယ နိုင်ငံမှာ သွားရောက် အခြေချ နေထိုင်ခဲ့တယ်။ ပီဒီပီကို ရဲဘော် သုံးကျိပ်ဝင် ဗိုလ်လကျ်ာ က ဆက်လက် ဦးဆောင်မှု ပေးခဲ့ သော်လည်း နောက်ပိုင်းမှာ ပီဒီပီ အတွင်း စည်းလုံး ညီညွတ်မှု ပိုမို ပြိုကွဲ လာသလို၊ ကရင် လက်နက်ကိုင် တွေနဲ့ အချင်းချင်း ဖြစ်ပွားခဲ့ရတဲ့ တိုက်ပွဲ တခုမှာ ဗိုလ်လကျ်ာ ကျဆုံး သွားခဲ့တယ်။ ဒီနောက် ၁၉၈ဝ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ မဆလ ပါတီရဲ့ အထွေထွေ လွတ်ငြိမ်းခွင့် အမိန့်နဲ့ ကျန်ရှိနေတဲ့ ပီဒီပီ တပ်ဖွဲ့ အားလုံး နီးပါး လက်နက်ချပြီး မြန်မာပြည်ထဲကို ပြန်ဝင် ခဲ့ကြသလို၊ ခေါင်းဆောင် တချို့ အနောက်နိုင်ငံ တချို့မှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံပြီး အဲဒီ နိုင်ငံတွေကို သွားရောက် အခြေချ နေထိုင် ကြတာကြောင့် ပီဒီပီ ပါတီနဲ့ လက်နက်ကိုင် တပ်ဖွဲ့တို့ ပျက်သုဉ်း သွားခဲ့ရ တော့တယ်။ ၁၉၈ဝ ခုနှစ်၊ ဇူလိုင် လထဲမှာ အိန္ဒိယမှာ ခိုလှုံ နေထိုင် နေတဲ့ ဝန်ကြီးဟောင်း ဦးနု အား မြန်မာပြည်ကို ပြန်လာခွင့် ပြုခဲ့တယ်။


ပီဒီပီ ပါတီ ပျက်သုဉ်း ခဲ့ရမှုနဲ့ ပတ်သက်ပြီး ပါတီ ဗဟို ကော်မတီဝင် တဦး ဖြစ်ရော၊ ပြည်ချစ် လွတ်မြောက်ရေး တပ်မတော် အထူး တပ်ရင်း (၁) တပ်ရင်းမှူး အဖြစ် ပီဒီပီ ပျက်သုဉ်းတဲ့ အထိ တာဝန် ယူခဲ့သူ ဦးတင်မောင်ဝင်း က သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ ဖြစ်တဲ့ "နိုင်ငံရေး သမားနှင့် နိုင်ငံရေး" စာအုပ်မှာ အခုလို သုံးသပ် ခဲ့ပါတယ်။


"ပါလီမန် ဒီမိုကရေစီ ပါတီ သန္ဓေ စတင် တည်လာပုံကို ဥပမာ ပြု၍ ပြောရမည် ဆိုလျှင် တဦးချင်း ကောင်းသော ဘောလုံးသမားများကို အဖွဲ့ အသီးသီးမှ ခေါ်ယူ၍ စုပေါင်း ဖွဲ့စည်းထားသော ဘောလုံးအသင်း တသင်းနှင့် တူလှပါသည်။ ထိုလူတော် ဘောလုံးသမားများသည် ကိုယ်စီကိုယ်င ကိုယ့်ဘဝင်နှင့်ကိုယ် မြင့်နေကြ သဖြင့် အပေးအယူ မရှိဘဲ တဦးတည်း ဂိုးသွင်း ချင်သောကြောင့် နောက်ဆုံး အရှုံးကြီး ရှုံးရသည့် အဖြစ်ဆိုးနှင့် ကြုံရသည်ဟု သုံးသပ် ချင်ပါသည်။"


မဆလကို ပီပီပြင်ပြင် ပါတီ အသွင် ပြောင်း[ပြင်ဆင်ရန်]

၁၉၇ဝ မှာ မဆလ အမြုတေ ပါတီကို ပြည်သူ့ ပါတီ အဖြစ် အသွင် ပြောင်းခဲ့တယ်။ ပါတီ စည်းရုံးရေး အနေနဲ့၊ မူလတန်း ကျောင်းသား တွေကို "တေဇ လူငယ်"၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား တွေကို "ရှေ့ဆောင် လူငယ်"၊ တက္ကသိုလ် ကျောင်းသား တွေကို မဆလရဲ့ ပင်မ လူငယ် အစည်းအရုံး ဖြစ်တဲ့ "လမ်းစဉ် လူငယ်" တွေ အဖြစ် စည်းရုံး သိမ်းသွင်းကာ နောင်တချိန်မှာ မဆလ တင်းပြည့် ပါတီဝင် ဖြစ်လာနိုင်ရေး အတွက် ကြိုတင် ပြင်ဆင် ခဲ့တယ်။


လူထု လူတန်းစား တွေကို စည်းရုံးရာမှာ၊ တောင်သူ လယ်သမား တွေကို "တောင်သူ လယ်သမား အစည်းအရုံး"၊ ကာယ ဉာဏ်ဏ လုပ်သား တွေကို "အလုပ်သမား အစည်းအရုံး" အဖြစ် ဖွဲ့စည်းကာ စည်းရုံး သိမ်းသွင်းခဲ့တယ်။


ဒါ့အပြင် ဗဟို နိုင်ငံရေး သိပ္ပံကျောင်း၊ တိုင်းရင်းသား ဖွံ့ဖြိုးရေး ကျောင်း (နောင်အခါ တိုင်းရင်းသား ဖွံ့ဖြိုးရေး သိပ္ပံ)၊ ဖောင်ကြီး ဗဟို ပြည်သူ့ ဝန်ထမ်း လေ့ကျင့်ရေး ကျောင်းတို့ကို ဖွင့်လှစ်ကာ မဆလရဲ့ သဘောတရား ရေးရာ တွေကို သင်ကြား ပို့ချ ပေးကာ၊ မဆလ ကေဒါတွေ အဖြစ် မွေးထုတ် ပေးခဲ့တယ်။


၁၉၇၁ ခုနှစ်၊ ဇွန်လ ၂၈ ကနေ ဇူလိုင် ၁၁ ရက် အထိ ကျင်းပတဲ့ မဆလ ပါတီရဲ့ ပထမ အကြိမ် ကွန်ဂရက် (ပါတီ ညီလာခံ) ကနေ အဖွဲ့ဝင် ၁၅ဝ ပါတဲ့ ဗဟို ကော်မတီကို ရွေးချယ် ခန့်အပ်ခဲ့တယ်။ အဲဒီထဲမှာ စစ်တပ် အရာရှိက ၁၁၉ ဦး ပါဝင်တယ်။ ဇူလိုင်လ ၈ ရက်နေ့ မှာတော့ တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်းကို မဆလ ဗဟို ကော်မတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက် လိုက်တယ်။


၁၉၇၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှာ အဖွဲ့ဝင် ၉၇ ဦး ပါဝင်တဲ့ "မြန်မာနိုင်ငံ အခြေခံ ဥပဒေသစ် ရေးဆွဲရေး ကော်မရှင်" ကို ဖွဲ့စည်း လိုက်တယ်။ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဒု-ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် စန်းယုကို တာဝန် ပေးကာ၊ စစ်တပ်က တပ်မှူးကြီး ၃၄ ဦး ကိုလည်း ပါဝင် စေခဲ့တယ်။


ဧပြီလ ၂ဝ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး နေဝင်းဟာ ကာကွယ်ရေး ဦးစီးချုပ် ကနေ အနားယူ လိုက်ပြီး၊ မဆလ ပါတီ ဥက္ကဋ္ဌနဲ့ နိုင်ငံတော် ဝန်ကြီးချုပ် အဖြစ်သာ တာဝန် ယူတော့တယ်။ ဗိုလ်ချုပ် စန်းယုကို ဗိုလ်ချုပ်ကြီး အဆင့်ကို တဆင့်ကျော် တိုးပေးလိုက်ပြီး ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ခန့်အပ် လိုက်တယ်။ ဗိုလ်ချုပ်ကြီး စန်းယုဟာ ဒု-ဝန်ကြီးချုပ်နဲ့ မဆလ ပါတီ အတွင်းရေးမှူး အဖြစ်လည်း ပူးတွဲ တာဝန် ယူခဲ့တယ်။ ၁၉၇၈ မတ်လ ၃ ရက်နေ့ မှာမှ စစ်တပ်က ပင်စင် ယူခဲ့တယ်။ ဒီနောက်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်ကြီး သူရ တင်ဦး (အကျယ်ချုပ် ကျခံနေရတဲ့ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ) ဖြစ်လာတယ်။ ၁၉၇၆ မတ်လ ၆ ရက်နေ့မှာ ဗိုလ်ကြီး အုန်းကျော်မြင့်တို့ အမှုနဲ့ ဆက်နွယ်ပြီး တာဝန်က အနားပေး ခံရတယ်။ ဒီနောက်မှာ ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ၁၉၈၅ အထိ တာဝန် ယူခဲ့တယ်။ ဒီနောက်မှာမှ ဗိုလ်ချုပ်ကြီး စောမောင် [ရှစ်လေးလုံး ပြည်သူ အုံ့ကမှု ကြီးကို စစ်တပ်နဲ့ ပစ်ခတ် နှိမ်နင်းပြီး အာဏာသိမ်း စစ်ကောင်စီ နဝတ (ယခု နအဖ လို့ အမည် ပြောင်းထားတဲ့) ကို ဦးဆောင်ခဲ့သူ)] က ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာတယ်။

မဆလ အနှစ် ၂ဝ စီမံကိန်း[ပြင်ဆင်ရန်]

၁၉၇၃ ခုနှစ်မှာ ၆၂ ကနေ ရ၂ ခုနှစ် ကာလထိ စီးပွားရေး အခြေအနေကို သုံးသပ်ကာ အနှစ် ၂ဝ စီးပွားရေး စီမံကိန်း တရပ်ကို ရေးဆွဲခဲ့တယ်။ ဒီစီမံကိန်းကို ၁၉၇၃/ ရ၄ - ၁၉၉၃/၉၄ အထိ သတ်မှတ် ထားပြီး၊ ၄ နှစ် တကြိမ် ကာလ အဖြစ် စီမံကိန်း ၅ ကြိမ် သတ်မှတ် ခဲ့တယ်။ ဒီ နှစ် ၂ဝ စီးပွားရေး စီမံကိန်းရဲ့ ရည်မှန်းချက်နဲ့ လမ်းညွှန်ချက် တွေကို မဆလ ပါတီက ချမှတ် ခဲ့တာ ဖြစ်တယ်။

ထိူစီမံကိန်းမှာ -

ပထမ ဦးစားပေး အဖြစ်၊ လယ်ယာ၊ သားငါး မွေးမြူရေး ကဏ္ဍနဲ့ သစ်တော ကဏ္ဍတို့ရဲ့ ထုတ်လုပ်မှုကို တိုးချဲ့ကာ၊ ထို ကဏ္ဍတွေရဲ့ နိုင်ငံခြား ပို့ကုန် တိုးမြှင့်ရန်။

ဒုတိယ ဦးစားပေး၊ အထက်က ကဏ္ဍတွေကို တိုးချဲ့ပြီး သွင်းကုန် အစားထိုး စက်မှု လုပ်ငန်းကို တိုးတက် စေရန်။

တတိယ ဦးစားပေး၊ တွင်းထွက် ပစ္စည်း ထုတ်လုပ်မှုကို အမြင့်ဆုံး ရောက်အောင် ထုတ်လုပ်ပြီး၊ ဒီ ထွက်ကုန်ကို အခြေခံကာ အကြီးစား စက်မှု လုပ်ငန်းတွေကို တည်ထောင်ရန်။


ဒီစီမံကိန်းရဲ့ ရည်မှန်းချက်က လယ်ယာကို အခြေခံတဲ့ စက်မှု စီးပွားရေးကို ထူထောင်ဖို့ ဖြစ်တယ်။


ဗိုလ်ချုပ်ကြီး နေဝင်း နိုင်ငံတော်ကို တပါတီ အာဏာရှင် စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ ၂၆ နှစ်ကာလမှာ၊ မြန်မာ့ ဆိုရှယ်လစ် စီမံကိန်း စီးပွားရေး စနစ်ရဲ့ အသီးအပွင့်တွေ အဖြစ် မြန်မာ နိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ (LDC) ခံခဲ့ရ သလို၊ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး အစစ အရာရာ မှာလည်း နိမ့်ကျ သွားခဲ့ရတယ်။ ပြည်သူ့ ဆိုင်တွေက ခွဲတန်းနဲ့ ရောင်းတဲ့ စနစ် တန်းစီ တိုးစားတဲ့ လူတန်းစားသစ် တရပ်နဲ့ ပြည်သူ့ ဆိုင်တွေက ပြည်သူ လူထု အတွက် လိုအပ်တဲ့ ကုန်ပစ္စည်းတွေ အလျင်မီအောင် ရောင်းချ ပေးနိုင်တာ မရှိသလို၊ ကုန်ပစ္စည်း အရည်အသွေး နိမ့်ကျ မှုတွေကြောင့်တိုင်းပြည်အဝန်း မှောင်ခို စီးပွားရေး စနစ် အကြီးအကျယ် ထိုးကားကာ အိမ်နီးချင်း နိုင်ငံတွေနဲ့ နယ်စပ် တွေက တဆင့် မှောင်ခိုကုန် ကူးစားရတဲ့ လူတန်းစားသစ် တရပ် ပေါ်ထွန်း လာခဲ့တယ်။ မှောင်ခို စီးပွားရေး စနစ်ရဲ့ အမှောင်ရိပ်မှာ ဒေသဆိုင်ရာ မဆလ အာဏာပိုင် အဆင့်ဆင့် အနိုင်ကျင့် စော်ကား မှုတွေကြောင့် နိုင်ငံရဲ့ သားပျို သမီးပျိုတွေ၊ အထူးသဖြင့် အမျိုးသမီးငယ်တွေ ဘဝတွေ ပျက်ခဲ့ရတယ်။ စာရင်းချုပ်တာ့ ဗိုလ်ချုပ် (အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတိ္တ အကျဉ်း မှာ ကြည့်ပါ။) ပြောတဲ့ ဖာနိုင်ငံ ဖြစ်ခဲ့ရတယ်။


၇၄ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အတည်ပြု[ပြင်ဆင်ရန်]

၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလမှာ တော်လှန်ရေး ကောင်စီနဲ့ မဆလ က ဦးဆောင် ရေးဆွဲထားတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်းကို အတည်ပြုရန် ပြည်သူ ဆန္ဒခံယူပွဲ တခု ကျင်းပခဲ့တယ်။ ၁၉၇၄ ဇန်နဝါရီလ ၃ ရက်နေ့မှာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်းကို လူထု ထောက်ခံမဲ ၉၀.၁၉ ရာခိုင်နှုန်းနဲ့ အတည် ပြုလိုက်ကြောင်း တရားဝင် ကြေညာ ခဲ့တယ်။ ဒီ ဆိုရှယ်လစ် ဒီမိုကရေစီကို အခြေခံတဲ့ ဒီ မဆလရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ (၁၉၇၄) အရ မဆလ တပါတီ တည်းသာ နိုင်ငံရေးမှာ ပါဝင် ဆောင်ရွက်ခွင့် ရှိတယ်။


အသစ် ရွေးချယ် ပြဋ္ဌာန်းလိုက်တဲ့ ရ၄ အခြေခံ ဥပဒေ အရ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ လွှတ်တော် ကိုယ်စားလှယ် ၄၅ဝ ဦး ပါဝင်တဲ့ ပြည်သူ့ လွှတ်တော် (People’s Assembly) ရွေးကောက်ပွဲ တွေကို စတင် ကျင်းပခဲ့ပြီး ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ တော်လှန်ရေး ကောင်စီ က ပြည်သူ့ လွှတ်တော်ကို အာဏာ အပ်နှင်း လိုက်တယ်။ အဲဒီ နေ့မှာပဲ တော်လှန်ရေး ကောင်စီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့တယ်။


မတ်လ ၄ ရက်နေ့မှာ ပြည်သူ့ လွှတ်တော်က ဦးနေဝင်းကို နိုင်ငံတော် သမ္မတ အဖြစ် ရွေးကောက် တင်မြှောက် ခဲ့တယ်။ အစိုးရ အဖွဲ့ကို ကြီးကြပ် ကွပ်ကဲရန် ဝန်ကြီးချုပ် အဖြစ် ဗိုလ်မှူးချုပ်ဟောင်း စိန်ဝင်းနဲ့ ဒုဝန်ကြီးချုပ် အဖြစ် ဦးလွင် (ယခု အဖွဲ့ချုပ် အတွင်းရေးမှူး) တို့ကို ရွေးချယ် တင်မြှောက် ခဲ့ကြတယ်။


ဒီ ရ၄ အခြေခံ ဥပဒေ အရ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ တွေမှာ မဆလ ပါတီဝင်တွေ ကသာ ကြီးကြပ် ကြသလို၊ မဆလ ပါတီက တင်သွင်းတဲ့ ကိုယ်စားလှယ် တဦး တည်းသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုတယ်။ ဒီကိုယ်စားလှယ်ကို အဲဒီ မဲဆန္ဒနယ်ရှိ ပြည်သူ လူထုက ထောက်ခံ မထောက်ခံ မဲပေး ရွေးချယ် ပေးရတဲ့ ပြိုင်ဘက် မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်သလို၊ ပြည်သူ လူထု အနေနဲ့လည်း တခြား ရွေးချယ်စရာ အခွင့်အလမ်း မရှိတဲ့ မဲပေးရုံ သက်သက် ဟန်ပြ ရွေးကောက်ပွဲတွေ ဖြစ်တယ်။


ဒီလို ပြည်သူ ဆန္ဒကို ပျက်ရယ်ပြု ဖိနှိပ် အုပ်ချုပ် ခဲ့တာကြောင့် စစ်အာဏာရှင် အစိုးရနဲ့ မဆလ တပါတီ အာဏာရှင် အစိုးရ တွေကို တော်လှန် အံတုတဲ့ ၁၉၆၉ ကျွန်းဆွယ် အရေးအခင်း၊ ၁၉၇ဝ ရန်ကုန် တက္ကသိုလ် နှစ် (၅၀) ရွှေရတု သဘင်၊ ၁၉၇၄ မေ - ဇွန်မှာ အလုပ်သမား အရေးတော်ပုံ၊ ၁၉၇၄ ဒီဇင်ဘာမှာ ဦးသန့် ဈာပန အရေးတော်ပုံ၊ ၁၉၇၅ ဇွန်မှာ ရွှေတိဂုံ အရေးတော်ပုံ နဲ့ ၁၉၇၆ မတ်မှာ မှိုင်းရာပြည့် အရေးတော်ပုံ (ငြိမ်းချမ်းရေး ဖခင် ဆရာကြီး သခင် ကိုယ်တော်မှိုင်း အသက် ရာပြည့် အထိမ်းအမှတ် လှုပ်ရှားမှု) တွေ ဖြစ်ပွား ခဲ့ရတယ်။ တော်လှန်ရေး ကောင်စီ နဲ့ မဆလ အာဏာပိုင် တွေဟာ ဒီလို ကျောင်းသား လူထု လှုပ်ရှားမှု တွေကို ကျောင်းတွေ ပိတ်ခြင်း၊ ပါဝင်တဲ့ ကျောင်းသားတွေကို ကျောင်းထုတ်ခြင်း၊ ဖမ်းဆီး ထိန်းသိမ်းခြင်း၊ စစ်တပ်နဲ့ ပစ်ခတ် နှိမ်နင်းခြင်း စတဲ့ သွေးထွက်သံယို အကြမ်းဖက် ဖြေရှင်း နည်းတွေနဲ့ပဲ သူတို့ သက်တမ်း တလျှောက် ဖြေရှင်း ခဲ့တာကို တွေ့ရတယ်။


၁၉၇၅ ခု၊ မေလ ၂၇ ရက်နေ့မှာ နေဝင်း ဦးဆောင်တဲ့ မဆလ ပါတီ အုပ်စိုးမှုကို လက်နက်ကိုင် ပူးပေါင်း တော်လှန် ပုန်ကန်ရန် ကရင် (ကေအဲန်ယူ)၊ ကရင်နီ (ကေအဲန်ပီပီ)၊ ကချင် (ကေအိုင်အို)၊ ရှမ်း (အက်စ်အက်စ်ပီပီ)၊ ပလောင် (ပီအက်စ်အယ်လ်အေ)၊ ပအို့ဝ် (ပီအဲန်အို)၊ မွန် (အဲန်အမ်အက်စ်ပီ)၊ ဝ (ဒဗလျူအဲန်အို)နဲ့ ရခိုင် (အေအယ်လ်ပီ) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်းပြီး အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (National Democratic Front, NDF) ကို တိုင်းရင်းသား လွတ်မြောက် နယ်မြေ တနေရာမှာ ဖွဲ့စည်း လိုက်ကြတယ်။


ပြည်သူ လူထုရဲ့ ဆင်းရဲ ကြပ်တည်း ဒုက္ခတွေကို မကြည့်ရက်တဲ့ ဗိုလ်ကြီး အုန်းကျော်မြင့် ဦးဆောင်တဲ့ တပ်မတော် အရာရှိ ၅ ဦးဟာ ဦးနေဝင်းကို လုပ်ကြံ သတ်ဖြတ်ကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် နေတဲ့ ဗိုလ်ချုပ်ကြီး သူရ တင်ဦး (အကျယ်ချုပ် ကျခံနေရတဲ့ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ) နိုင်ငံတော် အကြီးအကဲ အဖြစ် တင်မြှောက်မဲ့ အကြံအစည်ကို စီစဉ် ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ ကြံစည်ထားတဲ့ အတိုင်း ဗိုလ်ချုပ်ကြီး နေဝင်းကို လုပ်ကြံမဲ့ ရက်မှာ မလုပ်ကြံနိုင် ဖြစ်ခဲ့ရာ ကနေ သူတို့ တတွေရဲ့ အကြံအစည်ကို ထောက်လှမ်းက အနံခံ မိသွားပြီး ဖမ်းဆီး ထိန်းသိမ်းခြင်း တရား စွဲဆိုခြင်းကို ခံလိုက် ကြရတယ်။ ဒီနောက် ၁၉၇၇ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အဲဒီ အမှုကို အထူး တရားရုံး စီရင်ချက် ချခဲ့တယ်။ ဦးဆောင်သူ ဗိုလ်ကြီး အုန်းကျော်မြင့်ကို သေဒဏ် ပေးခဲ့ပြီး၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦး (အကျယ်ချုပ် ကျခံနေရတဲ့ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ) နဲ့ အခြား ပါဝင်သူ တပ်မတော် အရာရှိ တွေကို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ် လိုက်တယ်။


၁၉၇၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ကနေ မတ် ၁ ရက်နေ့ အထိ ကျင်းပတဲ့ မဆလ ပါတီ တတိယ အကြိမ် ကွန်ဂရက် ကနေ လက်ဝဲသမား အများစု ပါဝင်တဲ့ ဗဟို ကော်မတီ ၄၁ ဦးကို ထုတ်လိုက်ပြီး၊ ပါတီ ဗဟို ကော်မတီ ဝင်သစ် ရ၄ ဦးကို ခန့်အပ် ခဲ့တယ်။ အဲဒီ ဗဟို ကော်မတီဝင် ရ၄ ဦး ထဲမှာ ၄၂ ဦးက စစ်ဗိုလ်တွေ ဖြစ်တယ်။


၁၉၇၈ ခုနှစ်၊ ဇန်နဝါရီလမှာ လွှတ်တော် ကိုယ်စားလှယ် ၄၆၄ ဦး ပါဝင်တဲ့ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တယ်။ မတ်လ ရ ရက်နေ့မှာ ဦးနေဝင်းကို နိုင်ငံတော် သမ္မတနဲ့ မဆလ ပါတီ ဥက္ကဋ္ဌ အဖြစ် ပြန်တင် တင်မြှောက် ခဲ့ကြပြီး၊ မတ်လ ၂၉ ရက်နေ့မှာ ဝန်ကြီးချုပ် အဖြစ် ဦးမောင်မောင်ခကို ခန့်အပ်ခဲ့တယ်။


၁၉၈၁ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှာ မဆလရဲ့ စတုတ္ထ အကြိမ်မြောက် ပါတီ ညီလာခံ (ကွန်ဂရက်) ကို ကျင်းပခဲ့တယ်။ အဲဒီ ညီလာခံမှာ ဦးနေဝင်းက သူ သမ္မတ ရာထူး သက်တမ်း ကုန်ဆုံးတဲ့ နိုဝင်ဘာလမှာ ရာထူးက အနား ယူတော့မယ်လို့ ကြေညာခဲ့တယ်။


အောက်တိုဘာလ ၄ ရက်နေ့က စပြီး အဖွဲ့ဝင် ၄၇၅ ဦး ပါဝင်တဲ့ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တယ်။ ၉ ရက်နေ့မှာ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ အဖြစ် ဦးစန်းယုကို ရွေးချယ် တက်မြှောက် လိုက်ကြတယ်။ ဦးနေဝင်း ကတော့ ပါတီ ဥက္ကဋ္ဌ အဖြစ်နဲ့ တိုင်းပြည်ရဲ့ အာဏာကို ချုပ်ကိုင် ထားဆဲ ဖြစ်တယ်။


၁၉၈၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှာ ဦးနေဝင်းက သူကို ပခုံးချင်းယှဉ် ခွာရာ တိုင်းလာတဲ့ မဆလ ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး လည်းဖြစ်၊ ထောက်လှမ်းရေး အကြီးအကဲ လည်းဖြစ်တဲ့ မျက်မှန် ဦးတင်ဦးကို ရာထူး နေရာ အားလုံးက ဖယ်ရှား လိုက်ပြီး ဖမ်းဆီး ချုပ်နှောင်က ထောင်နှစ်ရှည် ချခဲ့တယ်။ ဇူလိုင်လ ၂၂ ရက်နေ့မှာ ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး အဖြစ် (နောက်ပိုင်းမှာ ရန်ကုန်က သားသတ်သမား အဖြစ် ကမ္ဘာ ကျော်လာမဲ့) စိန်လွင်ကို အစားထိုး ခန့်အပ် ခဲ့တယ်။


၁၉၈၃၊ နိုဝင်ဘာလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာတဲ့ တောင်ကိုရီးယား ဝန်ကြီးချုပ်နဲ့ အဖွဲ့ အာဇာနည် ဗိမာန်ကို သွားရောက် ဂါဝရ ပြုနေစဉ် မြောက်ကိုရီယား သူလျှိုတွေက ဗုံးခွဲ လုပ်ကြံမှု တခု ဖြစ်ပွားခဲ့ရာ တောင်ကိုရီယား ဝန်ကြီး အချို့နဲ့ ထိပ်တန်း အရာရှိကြီး ၂၁ ဦး သေဆုံး ခဲ့ရတယ်။ တောင်ကိုရီးယား ဝန်ကြီးချုပ်နဲ့ မဆလ ပါတီ ခေါင်းဆောင် တွေက အာဇာနည် ဗိမာန်ကို အရောက် အနည်းငယ် နောက်ကျတဲ့ အတွက် သေဘေးက လွတ်ခဲ့ရတယ်။ နောက်ပိုင်းမှာ အဲဒီ ဗုံးခွဲခဲ့တဲ့ မြောက်ကိုရီယား သူလျှို တွေကို ရန်ကုန်မှာပဲ ဖမ်းမိ ခဲ့တယ်။


၁၉၈၅ ဩဂုတ်လမှာ ကျင်းပခဲ့တဲ့ ပဉ္စမ အကြိမ် မဆလ ပါတီ ည ီလာခံက ရ ရက်နေ့မှာ ပါတီ ဥက္ကဋ္ဌ အဖြစ် ဦးနေဝင်းကို ပြန်လည် ရွေးမြောက်ခဲ့ပြီး၊ နေရာ အသစ် ဖြစ်တဲ့ ပါတီ ဒု-ဥက္ကဋ္ဌ အဖြစ် ဦးစန်းယုကို ရွေးချယ် လိုက်ကြတယ်။ အဲဒီနှစ် အောက်တိုဘာ ၆ ရက်နေ့က စပြီး အဖွဲ့ဝင် ၄၈၉ ဦး ပါဝင်တဲ့ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တယ်။ ၁၆ ရက်နေ့မှာ မဆလ ဗဟို ကော်မတီဝင် တဦး ဖြစ်တဲ့ ကချင် တိုင်းရင်းသားသား ဗိုလ်ချုပ် ခွန်ဖန်ကို ကေအိုင်အေ အဖွဲ့က မြစ်ကြီးနား မြို့ပေါ်မှာ လုပ်ကြံ သတ်ဖြတ်ခဲ့တယ်။

မဆလ၏ ဇာတ်သိမ်း[ပြင်ဆင်ရန်]

၁၉၈၇ ခုနှစ်မှာ ပြည်သူ လူထုတွေ လက်တွင်း လှယ်လည် သုံးစွဲ နေတဲ့ ကျပ်ငွေ စက္ကူတွေကို ၂ ကြိမ် တိုင်တိုင် မဆလ တပါတီ အာဏာရှင် အစိုးရက သိမ်းယူ ခဲ့တဲ့ ငွေစက္ကူ အရေးအခင်းက အစ ပြုပြီး၊ ၁၉၈၈ နှစ်ဦးပိုင်းမှာ ၂၆ နှစ်ကျော် မဆလရဲ့ ဖိနှိပ် အုပ်ချုပ်မှု၊ အကျင့်ပျက် ခြစားမှု တွေနဲ့ တစတစ ဆင်းရဲ ကြပ်တည်း လာတဲ့ စီးပွားရေး အခြေအနေ တွေကြောင့် ကျောင်းသား တွေဟာ ပြည်သူ လူထုရဲ့ ထောက်ခံ အားပေးမှုနဲ့ မဆလရဲ့ တပါတီ အာဏာရှင် အုပ်စိုးမှုကို မတ်လ ၁၃ ရက် စက်မှု တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် အရေးအခင်း (ကိုဖုန်းမော်ဟာ မဆလ လုံထိန်း တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ရပြီး၊ သူ့ကို ဗိုလ်ဘွဲ့ ပေးအပ်ကာ သူ့ ကျဆုံးတဲ့ မတ်လ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ် ခဲ့တယ်။)၊ မတ်လ ၁၆ ရက် အင်းယား ကန်ဘောင်မှာ လုံထိန်း တွေက ဆန္ဒပြ ကျောင်းသူ ကျောင်းသား တွေကို ပစ်ခတ် သတ်ဖြတ် ခဲ့သလို၊ ကျောင်းသူ အချို့ ကိုလည်း မုဒိန်းကျင့် သတ်ဖြတ် ခဲ့တဲ့ တံတားနီ အရေးအခင်း၊ ဇွန်လ ၂၁ ရက်နေ့ မြေနီကုန်း မီးပွိုင့် အနီးမှာ ဆန္ဒပြ ချီတက် လာကြတဲ့ သူငယ်တန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူ ကျောင်းသား တွေကို လုံထိန်းနဲ့ စစ်တပ် တွေက သေနတ်ပစ် ကားနဲ့ တိုက်ကြိတ် သတ်ဖြတ် ချေမှုန်းခဲ့တဲ့ မြေနီကုန်း အရေးအခင်း တွေနဲ့ တဆင့်ပြီး တဆင့် စိန်ခေါ် အံတုခဲ့တယ်။


ဒီလို ကျောင်းသား ပြည်သူ တွေရဲ့ အံတုမှု တွေကြောင့် ၁၉၈၈ ဇူလိုင်လ ၂၅ ရက်နေ့မှာ ဦးနေဝင်း ပါတီ ဥက္ကဋ္ဌ အဖြစ် နုတ်ထွက် ပေးခဲ့ရသလို၊ ၂၆ ရက်နေ့မှာ ဦးစန်းယုလည်း သမ္မတ အဖြစ်က နုတ်ထွက် ပေးခဲ့ရတယ်။ ဇူလိုင်လ ၂၇ ရက်နေ့ မှာတော့ ကမ္ဘာကျော် ရန်ကုန်က သားသတ်သမား စိန်လွင် ပါတီ ဥက္ကဋ္ဌနဲ့ နိုင်ငံတော် သမ္မတ ဖြစ်လာခဲ့တယ်။ နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး ဦးထွန်းတင်က ဝန်ကြီးချုပ်နဲ့ ဒေါက်တာ မောင်မောင်က နိုင်ငံတော် ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌတို့ ဖြစ်လာ ကြတယ်။


ဒီနောက်မှာတော့ တိုင်းရင်းသား ပြည်သူ တရပ်လုံး လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် တော်လှန် အုံ့ကကြတဲ့ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး ဖြစ်ပွား လာတော့တယ်။ ဩဂုတ်လ ၂၂ ရက်နေ့ ပါတီ ဥက္ကဋ္ဌနဲ့ သမ္မတ ရာထူး သက်တမ်း တလတောင့် မပြည့်သေးတဲ့ အချိန်မှာ စိန်လွင် နုတ်ထွက် ပေးခဲ့ရပြီး၊ ဒေါက်တာ မောင်မောင် တက်လာတယ်။ မြန်မာ့ နိုင်ငံရေး သမိုင်းမှာ ဒုတိယမြောက် ရက်ပိုင်းသာ အုပ်ချုပ်ခဲ့ရသူ၊ ပြည်သူအားနဲ့ သားသတ်သမား တဦးကို ရက်ပိုင်းအတွင်း ရာဇပလ္လင် ပေါ်က ဖယ်ရှား ခံရသူ စိန်လွင် အဖြစ် မှတ်တမ်း ဝင်သွား ရတယ်။

  • (ကုန်းဘောင် ခေတ်မှာ ရ ရက်သာ နိုင်ငံကို အုပ်ချုပ်ခွင့် ရခဲ့တဲ့ ဖောင်းကားစား မောင်မောင် ဆိုတာ ရှိခဲ့ဖူးတယ်။)


စက်တင်ဘာ ၁၁ ရက်နေ့ မဆလ ပါတီ ပြည်သူ့ လွတ်တော် အစည်းအဝေးက ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ ပေးမယ်လို့ ပြည်သူ လူထုကို ပျားရည်နဲ့ ဝမ်းချ ခဲ့သော်လည်း ပြည်သူ လူထုက ဝမ်းမဝဘဲ မဆလ ပါတီ ဖျက်သိမ်းရေး၊ ဒီမိုကရေစီ ရရှိရေးနဲ့ ကြားဖြတ် အစိုးရ ဖွဲ့စည်းရေး တို့ကိုသာ တောင်းဆိုပြီး လူထု ဆန္ဒပြပွဲတွေ တောင်ပေါ် မြေပြန့် အနှံ့ ခြိမ့်ခြိမ့်သဲသဲ ဆက်လက် ဆင်နွှဲ ခဲ့ကြတယ်။ ဒါကြောင့်ပဲ စစ်တပ်နဲ့ မဆလ ပါတီ နားလည်မှု ယူကာ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံတော် ငြိမ်/ပိ အနေနဲ့ တိုင်းပြည် အာဏာ အရပ်ရပ်ကို ဒုတိယ အကြိမ် သိမ်းယူ လိုက်တော့တယ်။ ဒီလိုနဲ့ မဆလ ပါတီနဲ့ ၁၉၇၄ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြည်သူ လူထု ဆန္ဒပြပွဲတွေ အောက်မှာ မွမွကြေ သွားရတော့သည်။