ပခန်းမင်းကြီးဦးရန်ဝေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကုန်းဘောင်ခေတ် နောက်ဆုံးပိုင်းကာလတွင် နန်းတက်လာသည့် မင်းတုန်းမင်း(၁၂၁၄-၁၂၄၀) လက်ထက်တွင် အထူးကျော်ကြားသည့်အမတ်ကြီးတစ်ဦးမှာ ပခန်းမင်းကြီးဦးရန်ဝေး ဖြစ်သည်။ မင်းတုန်း၊ ကနောင် ညီနောင်နှစ်ပါး လွှတ်တက်မင်းသားများဘဝက ဦးဝိသုဒ္ဓဘွဲ့အမည်ဖြင့် ရဟန်းပြုနေသူ ဦးရန်ဝေးသည် ပုံမှန်သီလပေးနေကြဖြစ်ပြီး ရဟန်းဝတ်ဖြင့် စာပေကျမ်းဂန်တို့ကို လေ့လာအားထုတ်ဖူးသဖြင့် အသိပညာဗဟုသုတနယ်ပယ်တွင် အထူးနှံစပ်သူဖြစ်သည်။ (နောင်တစ်ချိန်တွင် ကင်းဝန်မင်းကြီး ဦးကောင်း ဖြစ်လာမည့်သူမှာလည်း ထိုချိန်က ဦးဝိသုဒ္ဓထံတွင် ရဟန်းပြု တပည့်ခံနေသူဖြစ်သည်။ ဦးကောင်းက လူထွက်အလျှင်စောသည်။) မင်းတုန်းနှင့် ကနောင် မင်းသားနှစ်ပါး အမရပူရမှ ထွက်ကာ ရွှေဘိုသို့ပြောင်းရွှေ့ပြီး နောင်တော်ပုဂံမင်းအားပုန်ကန်သည့် အရေးတော်ပုံတွင် ရဟန်းပြုနေသည့် ဦးရန်ဝေးအား မင်းသမီးကြီး စကြာဒေဝီက တိုက်တွန်းသဖြင့် လူထွက်၍ ပူးပေါင်းခဲ့သည်။ အရေးတော်ပုံ အောင်မြင်သဖြင့် မင်းတုန်းမင်း နန်းတက်လျှင် ဦးရန်ဝေးအား သတိုးမင်းကြီး မဟာမင်းလှစည်သူ ဘွဲ့ဖြင့် လွှတ်တက်ဝန်ကြီးရာထူးချီးမြှင့်ကာ ပခန်းမြို့အား စားစေသည်။ ထိုနောက်မှ သေနတ်စုဝန်၊ နိုင်ငံခြားရေးဝန်ကြီး စသည်ဖြင့် ခန့်အပ်ခံရသည်။ ဦးရန်ဝေးသည် ဘုရင်ဖြစ်သူ မင်းတုန်းမင်းကိုပင် အမိန့်ပယ်လှန်ကာ တိုင်းပြည်အရေးကိုရှေ့တန်းတင်၍ အားမနာတမ်း ဆုံးမပြောဆိုတတ်သူဖြစ်သဖြင့် နောက်ကွယ်တွင် အများက ပခန်းရှင်ဘုရင်ကြီး ဟုပင်အမည်ပေး ခေါ်ဆိုခြင်းခံခဲ့ရသည်။ မင်းတုန်းမင်းကိုယ်တိုင်ကလည်း ဦးရန်ဝေးအား ဆရာကြီး ဟုခေါ်လေ့ရှိသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးရန်ဝေးကို သက္ကရာဇ် ၁၁၇၄-ခုနှစ်၊တပေါင်းလတွင် ပခန်းကြီးမြို့နယ်၊မုန်ညှင်းရွာတွင် ဘွားမြင်ခဲ့သည်။ လူအမည်မှာ ဦးရန်ဝေး ဖြစ်သည်။ အရွယ်ရောက်သည့်အခါ သာသနာ့ဘောင်ဝင်ရောက်၍ ဗန့်ကျီနယ်၊ပန်းထူးရွာဆရာတော် ရှင်ဥတ္တမရံသီထံ တွင် ပညာသင်ကြားခဲ့သည်။ ငယ်စဉ်ကပင် ရဟန်းပြုခဲ့ရာ ဘွဲ့မည်မှာ ရှင်ဝိသုဒ္ဓဖြစ်ပြီး ရဟန်းသာမဏေများကို စာပေပို့ချသည်။ ပုဂံမင်း(၁၂၀၈-၁၂၁၄)လက်ထက်တွင် အမရပူရနေပြည်တော်သို့ ကြွရောက်ကာ ဗားကရာတိုက်တွင် သီတင်းသုံးခဲ့သည်။ မင်းတုန်းမင်းသား၏အိမ်တော်သို့ ဥပုသ်နေ့တိုင်း သီလပေးတရားဟောကြွရပြီး မင်းကျောင်းဆရာတော်ဟု ထင်ရှားသည်။ ပညာလည်းတတ်၊ စိတ်ဓာတ်လည်း ခိုင်မာတည်ကြည်သဖြင့် မင်းတုန်းမင်းသားက ကြည်ညိုသည်။ နောက်တွင် မင်းတုန်းမင်း၏ အိမ်တော်တွင် အကြီးတော်အဖြစ် အမှုတော်ထမ်းသည်။ ထိုအချိန်က ပခန်းကြီးမြို့နှင့်တလုတ်မြို့ဝန်မှာ မင်းကြီးမဟာသူရိန် ဖြစ်သည်။ ပခန်းမင်းကြီးဦးရန်ဝေးသည် နဖူးကျယ်ကျယ်နှင့်ကျောက်ပေါက်မာသက်သက်ရှိပြီး သိက္ခာသမာဓိနှင့် ပြည့်ဝသော ဥပဓိရုပ်သွင်ရှိသည်။

မင်းတုန်းမင်းသည် ရွှေဘိုမြို့ကို သိမ်းယူပြီးနောက် ဝန်ကြီး၊ အတွင်းဝန်၊ လွှတ်တော်အရာရှိများမှစ၍ ဝန် အအုပ်အထိန်းများ ခန့်ထားတော်မူသည့်အခါ မင်္ဂလာအိမ်တော်ပါ အကြီးတော် ဦးရန်ဝေးကို မင်းကြီးမဟာမင်းလှစည်သူအမည်ဖြင့် အတွင်းဝန်ခန့်ထားခဲ့သည်။ နောက် သက္ကရာဇ် ၁၂၁၅-ခုနှစ်တွင် မကွေးမြို့စားဝန်ကြီး၊မင်းကြီး မဟာမင်းလှသီဟသူ၊ မိုင်းလုံမြို့စားဝန်ကြီး၊မင်းကြီးမဟာရာဇသင်္ကြန်၊ မြတောင်မြို့စားဝန်ကြီး၊မင်းကြီးမဟာမင်းလှ ကျော်သူတို့နှင့်တွဲဖက်ကာ အဂ္ဂသေနာပတိဝန်ကြီးအဖြစ် ခန့်ထားသည်။ မဟာဥကင်တော်ဖွင့်သည့်အခါ ပခန်းကြီး မြို့စား၊ ဝန်ကြီးကို သတိုးမင်းကြီးမဟာမင်းလှစည်သူဘွဲ့ ချီးမြှင့်ခဲ့သည်။ မင်းတုန်းမင်းကြီးသည် သက္ကရာဇ် ၁၂၂၁-ခု နှစ်တွင် ရတနာပုံနန်းမြို့တော်ကိုတည်ထောင်တော်မူရာ နန်းမြို့ရိုး၏မြောက်ဘက်မျက်နှာ၊အလယ်အမိတ္တတံခါးကို ပုခန်းမင်းကြီးက ကြီးကြပ်ဆောက်လုပ်ရသည်။ ထိုတံခါးကို လေးသိန်းတံခါးဟုခေါ်ဝေါ်သည်။ သက္ကရာဇ် ၁၂၂၈-ခုနှစ်တွင် မြင်ကွန်းမြင်းခုံတိုင်အရေးတော် ပေါ်ပေါက်သည့်အခါ ဦးရန်ဝေးသည် မင်းတုန်းမင်း၏အပါးတော်မှ စောင့်ရှောက်ကာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရသည်။ မြင်ကွန်းအရေးတော်အောင်မြင်ပြီးစီးသည့်အခါ ကနောင်မင်းသားကြီးနှင့်အတူ လုပ်ကြံခံရသည့် မြတောင်မြို့စား၊ သေနတ်ဝန်ကြီး၊ သတိုးမင်းကြီးမဟာ မင်းလှကျော်သူ တာဝန်ထမ်းရွက်ခဲ့သည့် သေနတ်ဝန်ကြီးအဖြစ် ထမ်းဆောင်ရသည်။ သေနတ်ဝန်ကြီးသည် အတွင်းကိုယ်ရံတော်စုကြီး ခြောက်ကြောင်းသေနတ်မှစ၍ အရပ်ရပ်သေနတ်အစုအမှုထမ်းများကို အုပ်ချုပ်ရခြင်းဖြစ်သည်။

မင်းတုန်းမင်းက ဦးရန်ဝေးအား လေးစားကြည်ညိုသဖြင့် ပခန်းဘုရင်ကြီး၊ ပခန်းမင်းကြီးဟု ခေါ်လေ့ရှိသည်။ ဦးရန်ဝေးသည် ပွင့်လင်းပြတ်သားပြီး ပရိယာယ်ဝေဝုစ် မနှော၊ သဘောထားရိုးသားစွာဖြင့် ဘုရင်မင်းမြတ်၏အမှားများကို ညွှန်ပြကန့်ကွက်တတ်သည်။ ဘုရင့်၏အပြုအမူ များ၊ အမိန့်တော်စာများကို တရားနည်းလမ်း မကျကြောင်း တွေ့ရှိပါက ဆုပ်ချေပစ်ဝံ့သည်အထိ သတ္တိရှိသည်။ တန်ခိုးအာဏာကို မည်သည့်အခါကမှ အလွဲသုံးစားလုပ်ခြင်းလည်း မပြုချေ။ နိုင်ငံခြားသားများအကြားမှာပင် အဂတိမဖက် မျှတသောသဘောထားရှိသည်ဟု ဂုဏ်သတင်းကြီးမားခဲ့သည်။ ဖိုက်၏မန္တလေးသွားမှတ်တမ်းတွင် ပခန်းဝန်ကြီးသည် သံကြီးတမန်ကြီးတို့လက္ခဏာနှင့်ပြည့်စုံသည်။ အရေးကြီးသည့်နိုင်ငံပြဿနာများကို စီမံခန့်ခွဲရန် လွှဲအပ်ခြင်းခံရသူဖြစ်ပြီး ဗဟုသုတြွကယ်ဝသည်ဟု ရေးသားခဲ့သည်။ မင်းတုန်းမင်းက သာသနာရေးကိစ္စများတွင်အသုံးပြုရန် အခွန်တော်ငွေ တိုးမြှင့်ကောက်ခံရန် စီစဉ်သည့်ကိစ္စ၊ ကရင်နီနယ်သိမ်းယူရန်ကိစ္စ၊ အမှုတော်ထမ်း၊ ဝန်စုမှူးစုများ ရာထူးဌာနန္တရအလိုက် မယားဦးရေကန့်သတ်ရန်ကိစ္စ၊ လွှတ်တော်ကိုကျော်လွန်၍ အဝေးမြို့ဝန်ခန့်ထားခြင်းကိစ္စ၊ ရွှေတိုက်တော်မှ ရွှေဒင်္ဂါးထုတ်၍ အမြတ်ယူခြင်းကိစ္စတို့ ကို အသက်စည်းစိမ်ကိုမငဲ့၊ တိုင်းသူပြည်သားတို့၏အကျိုးကို ရှေ့ရှုကာ ပွင့်လင်းပြတ်သားစွာ ဆောင်ရွက်ခဲ့သည်။[၁]

အိမ်ထောင်ရေး[ပြင်ဆင်ရန်]

မင်းတုန်းမင်းနန်းတက်ပြီးနောက်တွင် မင်းတုန်းမင်းတရားကြီးက ဦးရန်ဝေးအား သာယာဝတီမင်း(ရွှေဘိုမင်း)၏ မိဖုရားငယ်တစ်ဦးဖြစ်သည့် သန်လျင်မြို့စားမိဖုရား သုသီရိမလ္လာစန္ဒာဝတီ(ထိပ်တင်ရှင်ဖွား)နှင့် လက်ဆက်စေသည်။ လစာရိက္ခာ ၂၀၀၀ကျပ်ကိုလည်း လစဉ်ချီးမြှင့်သည်။

ထင်ရှားသော အဖြစ်အပျက်များ[ပြင်ဆင်ရန်]

ရွှေခိုးသူ ဦးရန်ဝေး[ပြင်ဆင်ရန်]

တစ်ကြိမ်တွင် ဦးရန်ဝေး၏ နှမဖြစ်သူ ဒေါ်နီသည် နွမ်းပါးလှသဖြင့် ဦးရန်ဝေးထံသို့လာကာ အထောက်အပံ့တောင်းသည်။ ဦးရန်ဝေးအနေဖြင့်လည်း ရိက္ခာလစာ ၂၀၀၀ကျပ်တွင် ဝန်ကတော်အတွက် ၁၀၀၀၊ ငယ်သားများအတွက် ၅၀၀ နှင့် မိမိအတွက် ၅၀၀ကျပ် သုံးစွဲပြီးဖြစ်သဖြင့် အပိုအလျှံမရှိတော့ရာ အခက်ကြုံလေသည်။ ထိုစဉ် ရွှေပန်းတိမ်တော်သားများထံတွင် မင်းတုန်းမင်းအပ်ထားသော ရွှေပုခက် ပြုလုပ်ရာ ပိုလျှံနေသည့် ရွှေ၄၅ကျပ်သားတုံးတစ်တုံးကို ယူကာ နှမဖြစ်သူအားပေးသည်။ ထိုသတင်းကိုကြားသည့် မင်းတုန်းမင်းလည်း ယောအတွင်းဝန် ဦးဘိုးလှိုင်အား စေလွှတ်မေးမြန်းစေရာ ဦးရန်ဝေးက "ငါယူလာတာမှန်တယ်။ ငါ့မှာ နှမဒုက္ခသည်ကို ထောက်ပံ့ရန်တာဝန်ရှိသည်။ တခြားတံစိုးလက်ဆောင်လည်း ငါ့မယူ။ ထို့ကြောင့် ခိုးခြင်းခိုး ကိုယ့်ဘုရင့် ပစ္စည်းသာခိုးသည်။ နောင်သံသရာတွင် ဒီအပြစ်အတွက် အတုံ့အလှည့်ခံရလည်း ကိုယ့်ဘုရင်အိမ်မှာ ခွေးဖြစ်ဖြစ် ခံရတာမြတ်တယ်လို့အောက်မေ့ပြီး ငါယူခဲ့တယ်။" ဟု ဆိုလေသည်။ ထိုစကားကို ကြားသော် မင်းတုန်းမင်းလည်း သဘောကျလှသဖြင့် ရွှေတုံးကို ၁၀၀၀ဖြင့် ပြန်ရွေးယူပြီး၊ ဒေါ်နီကိုလည်း အနောက်ဆောင်မိဖုရားများမှ စောင့်ရှောက်စေသည်။

အခွန်ကိစ္စ[ပြင်ဆင်ရန်]

တစ်ခါတွင်လည်း သာဿနာရေးကိစ္စများတွင် အသုံးပြုနိုင်ရန်အတွက် အခွန်ပိုမိုကောက်ခံလိုကြောင်း မင်းတုန်းမင်းက ဦးရန်ဝေးအား တိုင်ပင်သည်။ ကောက်ခံပုံမှာ တစ်အိမ်ထောင်ကို တစ်နှစ်အတွက် တစ်မတ်ဖြစ်သည်။ ဦးရန်ဝေးက "မဟာသမ္မတမင်းလက်ထက်မှစကာ ရှေးမင်းအဆက်ဆက်တို့သည် ဆယ်ဖို့တစ်ဖို့၊ ဆယ်ခိုင်တစ်ခိုင်သာ ဒဿမေဓ ကောက်ယူသည့် ထုံးစံရှိကြောင်း၊ မည်သည့်အကြောင်းကြောင်းကြောင့်မှ ပိုမိုမကောက်ခံသင့်ကြောင်း၊ ကောက်ယူမည်ဆိုလျှင် ရှေးအစဉ်အလာကို ဖောက်ဖျက်သည့်အတွက် ဥယျာဉ်ကိုမျောက်ဖျက်သည်နှင့် တူကြောင်း" စသဖြင့် သံတော်ဦးတင်ရာ မင်းတုန်းမင်းလည်း လက်လျော့ရလေသည်။

ကရင်နီ အရေး[ပြင်ဆင်ရန်]

ကရင်နီစော်ဘွားက မိမိနယ်အား သိမ်းပိုက်ပါရန် မင်းတုန်းမင်းအား စာပို့လျှောက်ထားလာသဖြင့် မင်းတုန်းမင်းက လွှတ်တော်အား သိမ်းပိုက်ခြင်းအတွက်အမိန့်ပြန်ရန် စေခိုင်းသည်။ ဦးရန်ဝေးက အမိန့်စာအား ဆုတ်ဖြဲ၍ "မင်းတို့မြင်တဲ့အတိုင်း လျှောက်တင်လိုက်" ဟုမင်းချင်းတို့အား ပြောလေသည်။ မင်းတုန်းမင်းလည်း အမျက်ကြီးစွာထွက်ကာ ဦးရန်ဝေးအား ဆင့်ခေါ်လေသည်။ ဦရန်ဝေးကလည်း "တိုင်းရေးပြည်မှုတွေနဲ့ လွှတ်တော်မှာ အလုပ်ရှုပ်နေတယ်။ အမိန့်တော်နဲ့ ဆင့်ခေါ်တိုင်း မလာနိုင်ဘူးလို့ လျှောက်လိုက်"ဟု ခပ်ပြတ်ပြတ်ပင် တုံ့ပြန်လေသည်။ ထိုနောက် လေး၊ငါးရက်မျှ အခစားမဝင်ဘဲ နေလေသည်။ ငါးရက်ကြာမှ အခစားဝင်ရာ မင်းတုန်းမင်းက အဘယ့်ကြောင့် အမိန့်ကို ဖျက်သနည်းဟု မေးရာ "ကရင်နီသည် ယိုးဒယားနယ်စပ်ဖြစ်သည်။ ကိုယ့်ပိုင်နက်နယ်စပ်မှာ ရှိလာလျှင် ကုလားဖြူပိုင်နက်နှင့်လည်း နီးစပ်ကာ အယှက်အတင် အထွေးအရော ဖြစ်လာနိုင်မည်။ ကုလားဖြူတို့က ထကြွလာနိုင်သည်။ နှစ်စဉ်ဆက်သမြဲ လက်ဆောင်မဏ္ဍာတော်ကိုသာ အေးအေးဆေးဆေးယူသင့်သည်။ ကရင်နီးနယ်ကို သိမ်းလျှင် အကျိုးထက်အပြစ်က ပိုများမည်။ ပြီးတော့ မင်းမည်သည် မင်းနှင့်တူအောင် ကျင့်ရသည်။ သူတစ်ပါး ပြောတိုင်း မလုပ်သင့်။ လွှတ်တော်ကို မတိုင်ပင်ဘဲ အမိန့်တွေထုတ်လိုလျှင် ဘာ့ကြောင့် လွှတ်တော်ကို ထားဦးမည်နည်း။ ဖျက်သိမ်းလိုက်လျှင် ပိုကောင်းမည်။" ဟု ရှင်းလင်းဆုံးမလေသည်။ မင်းတုန်းမင်းလည်း ဆိုဖွယ်မရှိ၊ နားထောင်လို့သာနေရလေသည်။

မယားဦးရေ ကန့်သတ်မှု[ပြင်ဆင်ရန်]

တစ်ကြိမ်တွင်လည်း မင်းတုန်းမင်းက "ငါ့အမှုထမ်း ဝန်စုမှူးစုတို့ဟာ မယားများစွာ ယူကြလို့ လစာရိက္ခာနဲ့ မလောက်မငဖြစ်၊ တံစိုးလက်ဆောင်တွေ စားဖြစ်နေကြသည်။ ဒါ့ကြောင့် ရာထူးဌာနန္တရ အလိုက် မယားဦးရေ ကန့်သတ်လျှင် ကောင်းမည်။" ဟုဆိုရာ ဦးရန်ဝေးကြားသော် "အေး၊ တိုင်းပြည်မှာ ဘုရင်ဟာ မယားအများဆုံးယူတဲ့ ပုဂ္ဂိုလ်ပဲ၊ ဒီတော့ ဘုရင်ကိုပါ ထည့်သွင်း ပညပ်မှ ဒီအမိန့်ဥပဒေဟာ တရားမျှတ မှန်ကန်မယ်" ဟုပြန်ပြောလေသည်။

ရာထူးခန့်ထားမှု[ပြင်ဆင်ရန်]

လွှတ်တော်သို့ရောက်လာသည့် ရာထူးခန့်အပ်ရေးဆိုင်ရာ အမိန့်စာချွန်လွှာတို့ကို ဦးရန်ဝေးက ချိုးဖျက်ပြန်သည်။ အကြောင်းမှာ ထိုရာထူးများမှာ မိဖုရားငယ်တို့ အကြိုက် ၎င်းတို့၏ဆွေမျိုးသားချင်းများကို ခန့်ထားစေရန်ဖြစ်သည့်အတွက် ဖြစ်သည်။ မင်းတုန်းမင်းမေးသော် "လွှတ်တော်ဆိုတာ တိုင်းပြည်ကောင်းဖို့ ဘုရင့်အမိန့်တော်ကိုသာ နာခံပြီး အမှုတော်ထမ်းရွက်တာဖြစ်တယ်။ မိဖုရားများ အမိန့်ကိုတော့ နာခံဖို့မရှိပါ " ဟုပြန်လည် လျှောက်တင်လေသည်။

တစ်ကြိမ်တွင်လည်း လင်ဖြစ်သူ၏ လစာနှင့်မတန်အောင်ပင် မော်ကြွားပလွှားသည့် ဝန်ကတော်တစ်ယောက်အား လမ်းမလယ်တွင်ပင် ရိုက်နှက်စေသေးသည်။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

ပခန်းမင်းကြီးဦးရန်ဝေးသည် ၁၂၃၇ခု၊ တော်သလင်းလ အသက် ၆၃နှစ်အရွယ်တွင် ကွယ်လွန်လေသည်။ ဦးရန်ဝေး ကွယ်လွန်ကြောင်း ကြားသော် မင်းတုန်းမင်းကိုယ်တိုင် မသာအိမ်သို့ ကြွာလာကာ "ဆရာကြီးသည် တိုင်းရေးပြည်မှုမှစ၍ ကျွန်ုပ်အကျိုးကို များစွာဆောင်ပါပေသည်။ ဆရာကြီးကျေးဇူး ကျွန်ုပ်ပေါ်တွင် ရှိပါပေသည်။ ဆရာကြီး၏ကျေးဇူးကို ကျွန်ုပ်က ကြီးကျယ်သောကျေးဇူး ပြန်၍မဆပ်နိုင်၊ မချီးမြှောက်နိုင် ကြွေးတင်လျှက်ရှိခဲ့လေသည်။ ဆရာကြီးကဲ့သို့ ကျွန်ုပ်အပေါ် စောင့်ရှောက်ဆုံးမမည့် မင်းကြီး ပေါ်ပေါက်မည်မထင်ပေ။" ဟူ၍ ဝမ်းနည်းစကားဆိုလေသည်။

ဝန်ကတော် ထိပ်တင်ရှင်ဖွားမှာ ဦးရန်ဝေးထက် အသက်-၅ နှစ် ပိုကြီးသော်လည်း ဗြိတိသျှကိုလိုနီခေတ်၊ ၁၂၅၇-ခု နှစ်၊ ဝါခေါင်လဆန်း-၈ ရက်၊ တနင်္ဂနွေနေ့တွင် ကွယ်လွန်ခဲ့ရှာသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. နန္ဒာမင်းလွင် ၏ ချင်းတွင်း-ဧရာ ဆုံစည်းရာမြေ စာအုပ်၊