ရွှေဆံတော်ဘုရား (ပြည်)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ရွှေဆံတော် ဘွဲ့တော်ရှိ အခြားစေတီများ အတွက် ရွှေဆံတော်ဘုရား ကို ကြည့်ပါ။
ရွှေဆံတော်ဘုရား
Shwesandaw Pagoda.jpg
ရွှေဆံတော်ဘုရား (ပြည်) သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွှေဆံတော်ဘုရား (ပြည်)
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ်18°49′06″N 95°13′16″E / 18.818220°N 95.221086°E / 18.818220; 95.221086ကိုဩဒိနိတ်: 18°49′06″N 95°13′16″E / 18.818220°N 95.221086°E / 18.818220; 95.221086
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမြန်မာနိုင်ငံ
ပြည် ရွှေဆံတော်စေတီ

လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးသည် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကပင် တည်ထားကိုးကွယ်ခဲ့သော စေတီတော်မြတ်ကြီးဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီးပြည်မြို့၏ အရှေ့ပိုင်း ဆင်စုရပ်မြောက်ဘက်၊ ဆံတော်ရပ်၌ “သုဒဿန”မည်သော တောင်ကုန်းငယ်တွင် တည်ရှိသည့် ရွှေဆံတော်ဘုရားကို မြသိတင် (မြသီးတင်) ဘုရားဟုလည်း ရှေးက ခေါ်တွင်ခဲ့သည်။ ရွှေဆံတော်၏ ဉာဏ်တော်မှာ ထီးတော်မှ ဖိနပ်တော် (တတိယပစ္စယံ)အထိ ၁၂၇ ပေ၊ (၈၅ တောင်)၊ လုံးပတ်တော် ၈၈ ပေ ၈ လက်မ၊ ဖိနပ်တော် ၂၉၄ ပေ အသီးအသီး ရှိလေသည်။

ရွှေဆံတော်စေတီတော်၏ ရင်ပြင်တော်အရှေ့ယွန်း၌ ဆုတောင်းပြည့်ဂူနှင့် ရုပ်ပွားတော်ကြီး နှစ်ဆူ ရှိသည်။ ထိုကြောင့် စာဆိုကျော်နဝဒေးကြီးက ဆုတောင်းပြည့်ဘုရားတိုင်ရတု၌

တောင်ထက်တောင်မြတ်၊ တောင်ကျော်ထွတ်၌၊
လူနတ်များရှင်၊ မြသိတင်နှင့်၊
တပြင်မခြား၊ ရှေ့ယွန်းနားဝယ်၊
တရားဘုန်းခေါင်၊ ဒွတ္တဘောင်ဟု၊
ပြည်ထောင်များနတ်၊ တည်ခဲ့မှတ်သည်။
လျှံပတ်ညီးညီး၊ ခြောက်သွယ်စီးသား၊
ရွှေထီး ရွှေတိုင်၊ ရွှေစိုင် တစ်ခဲ၊
လိုဏ်နန်းထဲက၊ ရဲရဲထွန်းပြောင်၊
ကိုယ်တော်ရောင်ဖြင့်၊ ညီနောင်နှစ်ဖော်၊
ကျွန်းလုံးကျော်သည်၊ မည်တော်ဆုတောင်းပြည့်တကား ဟု စပ်ဆိုခဲ့ခြင်း ဖြစ်လေသည်။


“လေးဆူဓာတ်ပျော်”ဟု ခေါ်ဆိုရခြင်း[ပြင်ဆင်ရန်]

  1. ကကုသန်မြတ်စွာဘုရား၏ ဒုကုဋ်သင်္ကန်းတော်
  2. ကောဏဂုံမြတ်စွာဘုရား၏ အံသကိုဋ်တော်
  3. ကဿပမြတ်စွာဘုရား၏ ခါးပန်းတော်
  4. ဂေါတမမြတ်စွာဘုရား၏ ဆံတော်မြတ်လေးဆူ၊ မွေရှင်တော်မြတ်ရှစ်ဆူ၊ နိသီဒိုင်တော်တို့ကို ဌာပနာ၍ တည်ထားသောကြောင့် ခေါ်ဆိုရခြင်းဖြစ်ပါသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သမိုင်းအဆိုအရ ပြည်ရွှေဆံတော်ဘုရားတွင် ကကုသန်ဘုရားရှင်၏ ဒုကုဋ်တော်၊ ကောဏာဂုံဘုရားရှင်၏ အံသကိုဋ်သင်္ကန်းတော်၊ ကဿပဘုရားရှင်၏ ခါးပန်းတော်၊ ဂေါတမဘုရားရှင်၏ ဆံတော်လေးဆူနှင့် နိသီဒိုန်တို့ကို ဌာပနာကြောင်း သိရသည်။ ဂေါတမမြတ်စွာဘုရားသခင်သည် ဘုရားဖြစ်၍ ရှစ်နှစ်မြောက်တွင် မြန်မာပြည်သို့ ဒေသစာရီကြွတော်မူရာ ဤအရပ်၌ ပုဂံပြည်ကြီး ဖြစ်လတ္တံ့၊ ဤအရပ်၌ သရေခေတ္တရာပြည်ကြီး ဖြစ်လတ္တံ့ စသည်ဖြင့် ဗျာဒိတ်မြွက်ကြားပြီးနောက် စင်္ကြန်ကျွန်းသို့ ကြွတော်မူသည်။ ယင်းသို့ ကြွတော်မူစဉ် ဧရာပထ နဂါးမင်းက ခပ်သိမ်းလူအပေါင်းတို့ ကိုးကွယ်ရစိမ့်သောငှာ ဆံတော်ဓာတ်ကို သနားရန် လျှောက်ထားလေသည်။ ဘုရားသခင်သည် နဂါးမင်းအား မပေးဘဲ သုဝဏ္ဏဘုမ္မိအရပ်သို့ ကုန်သွယ်သွားနေသော အစ္စိက-ဖလ္လိက ကုန်သည်ညီနောင်တို့အားသာ ပေးမည်ဟု မိန့်ကြားကာ လက်ယာလက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်လေသော် ဆံတော်လေးဆူ ပါလာသည်။ ယင်းဆံတော်တို့ကို နဂါးမင်းဆက်သည့် မြကြုတ်၌ထည့်၍ ကိုးကွယ်ထိုက်သူ ဖူးတွေ့ကာ သာသနာတည်မည့်အရပ်၌ မြကြုတ်သည် လက်ဝါးတော်မှ ပျံတက်၍ ထန်း ခုနစ်ဆင့်မြင့်သောအရပ်၌ ရောင်ခြည်တော်မြူးကာ တစ်ပင်ဝါးပဒေသာခွအကြား၌ ရပ်နားလေသည်။

သုဝဏ္ဏဘုမ္မိမှ ပြန်လာသော အစ္စိက-ဖလ္လိကညီနောင်လည်း ဧရာဝတီမြစ်ကြောင်းကို ဆန်တက်လာရာ ဆံတော်ကြုတ်တည်ရာ ကမ်းနားသို့ရောက်လျှင် ရွှေရောင်တဝင်းဝင်းနှင့် တွေ့မြင်ရသဖြင့် ကုန်းအထက်သို့ တက်၍ ကြည့်ကြသည်။ ကုန်းပေါ်သို့ရောက်သော ရတနာမြကြုတ်နှင့်တကွ ဆံတော်လေးဆူကို တစ်ပင်ဝါး ပဒေသာအကြား၌ တွေ့ရှိ၍ ဖောင်ပေါ်သို့ ပင့်ခဲ့ပြီးနောက် မြင့်မြတ်ရာကုန်းကို ရှာသော် ယခုရွှေဆံတော် ဘုရားတည်ရာ သုဒဿနကုန်းကို တွေ့သဖြင့် ထိုကုန်း၌ပင် ရတနာမြကြုတ်နှင့် ဆံတော်လေးဆူကို ရွှေအုတ်ခုနစ်ချပ်ရံကာ ဌာပနာ၍ စေတီတည်သည်။

သာသနာနှစ် ၁ဝ၁ ခုတွင် ဒွတ္တဘောင်မင်းကြီး နန်းတက်သော် သုဒဿနကုန်း၌ ဘုရားသခင်၏ဆံတော်လေးဆူ ဌာပနာ၍ စေတီတည်ထားကြောင်း ကြားတော်မူ၍ သုဒဿနကုန်းကို ရှာဖွေစေသည်။ ချုံ နွယ်ပိတ်ပေါင်းတို့ဖြင့် ဖုံးအုပ်နေသော စေတီတော်ကို ဖူးတွေ့ရသော် အတောင် ၈ဝ ရှိသော ဓာတ်တော်တိုက် တံခါးနံရံကို ဖွင့်လှစ်တော်မူ၍ ဆက်လက်တူးသော် ရှေးဘုရားသုံးဆူ၏ ပရိဘောဂထည့်ရာ ရွှေကျောင်းဆောင်သုံးခုနှင့် ဂေါတမဘုရား၏ ဆံတော်လေးဆူကို ဖူးတွေ့ရပြီးနောက် စေတီတော်ကို ထပ်မံတည်ထားသည်။ သာသနာနှစ် ၁၂၆ ခု တပေါင်းလဆန်း ၈ ရက်နေ့ကစ၍ တည်ရာ ယင်းလပြည့်ကျော် ၈ ရက်နေ့တွင် ပြီးသောဟူ၏။ အစ္စိက-ဖလ္လိက ကုန်သည်ညီနောင်တို့ ရွှေအုတ်ရာတွင် ဆုတောင်းပြည့်ဘုရားကိုယ်တော်သဏ္ဌာန် ရုပ်တုတော်နှစ်ဆူ ဂူမုခ်လုပ်၍ တည်တော်မူသည်။ သက္ကရာဇ် ၄၅ဝ ပြည့်တွင် ပုဂံပြည် အလောင်းစည်သူမင်းသည် စေတီတော်ကို ထပ်မံပြုပြင် တည်ထားတော်မူသည်။ ထိုနောက် ပြည်မင်းမျက်နှာ ရှည်လက်ထက် စေတီတော်ကို သံတောင် ၂၈ တောင်နှစ်မိုက်အထိ ထပ်ပွားတည်ကာ ရွှေထီးကိုးဆင့် တင်တော်မူသည်။ ထိုနောက် သားတော်မျက်နှာပုလက်ထက်စေတီတော်၏ အရှေ့တောင်ထောင့် အခြေသာခိုင်၍ အနောက်မြောက်ထောင့် ချောက်ကြီးလှ၍ မခိုင်ဟုဆိုကာ ကုန်းတော်ကို အမတ်တို့နှင့် တိုင်ပင်၍ အကျယ် ချဲ့သည်။ တည်ရင်းစေတီကို အရှေ့တောင်ထောင့် အင်္ဂါအရပ်က ထား၍ အမြင့်သံတောင် ၅၈ တောင်၊ စေတီရံသုံးဆင့်နှင့် စည်းခုံစေတီ ကြီး တည်တော်မူသည်။ ရွှေထီးကိုးဆင့် မြသီးရောင်လျှံ့တော်ဖူးတင်တော်မူ၍ မြသီးတင်ဘုရားဟု သမုတ်တော်မူသည်။ ဤသို့အားဖြင့် ရွှေဆံတော်ဘုရားကို ဘုရင်စိုးမင်းနှင့် မြို့စားအဆက်အဆက် ပြုပြင်ထပ်ပွား တည်ထားခဲ့ရာ ယခုအခြေသို့ ဆိုက်ရောက်ခဲ့လေသည်။ [၁]

အင်းဝခေတ်တွင် မြန်မာ့သမိုင်း၌ အရေးပါသော ဖြစ်ရပ်တစ်ခုသည် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်ရင်ပြင်တော်ပေါ်၌ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုဖြစ်ရပ်မှာ အခြားမဟုတ်ပါ။ အင်းဝ ဘုရင် မင်းခေါင်နှင့် မွန်ဘုရင် ရာဇာဓိရာဇ်တို့သည် သက္ကရာဇ် ၇၆၇-ခုနှစ်တွင် စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ဝယ် သစ္စာပြု၍ ငြိမ်းချမ်းရေး ရယူခဲ့ကြခြင်းဖြစ်ပါသည်။

ရွှေဆံတော်မွန်ကျောက်စာ[ပြင်ဆင်ရန်]

မြန်မာမင်းအဆက်ဆက်တို့သည် စေတီတော်ကြီးကို ကိုးကွယ်ကြပြီး ပြုပြင်ရန် လိုအပ်သည်တို့ကို ပြုပြင်ခဲ့ကြပါသည်။ သက္ကရာဇ် ၄၄၅-ခုနှစ်(အေဒီ – ၁၀၈၃ )ခုနှစ်တွင် ပုဂံပြည့်ရှင် ကျန်စစ်သားမင်းကြီး ဤစေတီတော်ကြီးကို ဖူးမျှော်ပြီး မိမိ၏ဘဝဖြစ်စဉ်နှင့် စေတီတော်ကြီး သမိုင်းအကျဉ်းကို မွန်ဘာသာဖြင့် ကျောက်စာရေးထိုး၍ စေတီတော်မြတ်ကြီး၏ အလယ်ပစ္စယံ တနင်္ဂနွေထောင့်တွင် စိုက်ထူထားခဲ့ပါသည်။ ထိုကျောက်စာကို ယဉ်ကျေးမှုဝန်ကြီးဌာနက ကျောက်စာတိုက်ဆောက်လုပ်၍ ထိန်းသိမ်းထားပါသည်။

တည်ဆောက်ပြုပြင်[ပြင်ဆင်ရန်]

သက္ကရာဇ် ၁၁၁၆ -ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၂)ရက်နေ့တွင် အလောင်းမင်းတရား ကြီးသည် ပြည်မြို့ကို မွန်တို့လက်ဝယ်မှ အောင်မြင်စွာသိမ်းပိုက်ခဲ့ပါသည်။ အလောင်းမင်းတရား ကြီးသည် ထိုနေ့ညနေ၌ပင် စေတီတော်မြတ်ရင်ပြင်တော်ပေါ်သို့ တက်ရောက်ပြီး စေတီတော်ကြီးကို ဖူးမျှော်ရာတွင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ မိမိကုသိုလ်တော် ရွှေထီးတော်တင်လှူလိုသော ဆန္ဒဖြစ်ပေါ်လာခဲ့ရာ သက္ကရာဇ် ၁၁၁၆-ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ယခင်မွန်ဘုရင်တို့တင်လှူ ခဲ့သောထီးတော်ကို မဖယ်ရှားဘဲ မြန်မာထီးတော်ကို ဆင့်၍ တင်လှူခဲ့ပါသည်။ ထို့ကြောင့် လေးဆူ ဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ထီးတော် (၂)ဆင့်ကို ရှိနေခြင်းဖြစ်ပါသည်။ ဤသို့ ထီးတော်(၂)ဆင့်ရှိနေခြင်းသည် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ထူးခြားချက်ပင်ဖြစ်ပါသည်။ ထိုထီးတော်(၂)ဆင့်ကို ပုံစံပြု၍ ပြည်မြို့ဝန်းကျင်နှင့် အနီးအပါး မြို့နယ်များတွင် စေတီပုထိုးများ တည်ထားကိုးကွယ်ကြရာတွင် ထီးတော်(၂)ဆင့်ပြုလုပ်၍ တင်လှူပူဇော်သော အစဉ်အလာ ဖြစ်ပေါ် ခဲ့ပါသည်။

သက္ကရာဇ် ၁၂၂၀-ခုနှစ်၊ (ခရစ်နှစ် ၁၈၅၈-ခုနှစ်)၊ ဝါခေါင်လပြည့် ညနေ(၃)နာရီအချိန်တွင် ပြည်မြို့၌ ပြင်းထန်သော မြေငလျင်လှုပ်မှု ဖြစ်ခဲ့ရာ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး ခေါင်းလောင်းမှောက်အထိ ပြိုကျပျက်စီးခဲ့ပါသည်။ ပြည်မြို့ ကုန်သည်ကြီး ဦးသာရွဲ ဦးဆောင်သောအဖွဲ့သည် ရတနာပုံနေပြည်တော် မင်းတုန်းမင်းတရားကြီးထံသို့ သွားရောက်၍ အကျိုးအကြောင်းတင်ပြလျှောက်ထားရာ မင်းတုန်းမင်းတရားကြီးက ပြင်ဆင်ခွင့် စာချွန်တော်နှင့် အလှူတော်ငွေကျပ် ၂၀၀၀၀(နှစ်သောင်း)ထည့်ဝင်လှူဒါန်းခဲ့သဖြင့် ရဟန်းရှင်လူ ပြည်သူအများ၏ ထည့်ဝင်ငွေများနှင့်စုပေါင်းကာ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော် မြတ်ကြီးကို ပြန်လည်ပြုပြင်ခဲ့ပါသည်။

ခေတ်အဆက်ဆက်တွင် ရဟန်းရှင်လူ ပြည်သူအများတို့သည် ရွှေဆံတော်စေတီတော် မြတ်ကြီး အရှည်တည်တံ့အောင်ပြုပြင်ရန် လိုအပ်သည့်အခါတိုင်း သဒ္ဓါထက်စွာ ပြုပြင်မွမ်းမံ ခဲ့ကြပါသည်။

မြန်မာ သက္ကရာဇ် ၁၃၆၃-ခုနှစ်၊ တန်ခူးလဆန်း(၁)ရက်၊ ၁၃-၄-၂၀၀၂ စနေနေ့ ညနေ(၄:၁၅) နာရီအချိန်တွင် စနေထောင့်မှ ရုတ်တရက် လေပြင်းတိုက်ခတ်ရာ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ထီးတော် ယိုယွင်းပျက်စီးသွားခဲ့ပါသည်။ရဟန်းရှင်လူ ပြည်သူအများတို့သည် ၁၃၆၄-ခုနှစ် သီတင်းကျွတ်လပြည့်နေ့(၂၁-၁၀-၂၀၀၂) တနင်္လာနေ့တွင် ရွှေစင် ရွှေသား အတိပြီးသော ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို အသစ်တဖန် ပြန်လည် တင်လှူပူဇော်ခဲ့ကြပါသည်။

လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးအား (၅)နှစ်တစ်ကြိမ် ရွှေသင်္ကန်းတော် ဆက်ကပ်မြဲဖြစ်ရာ ရဟန်းရှင်လူပြည်သူအများတို့သည် သက္ကရာဇ် ၁၃၆၇-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၂)ရက်(၁၅-၁-၂၀၀၆) တနင်္ဂနွေနေ့မှစ၍ ရွှေသင်္ကန်းကပ်လှူရာ ၁၃၆၈-ခုနှစ် တန်ခူးလပြည့်ကျော် (၁၄)ရက် (၂၆-၄-၂၀၀၆)ဗုဒ္ဓဟူးနေ့တွင် ပြီးစီးအောင်မြင်ခဲ့ပါသည်။ ထူးခြားသည်မှာ ယခုတစ်ကြိမ် ရွှေသင်္ကန်းကပ်လှူသည်မှာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း ဖြစ်ပါသည်။

ယခုအခါ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးသည် သုဒဿနတောင်တော် ထက်တွင် ရွှေတောင်ကြီးပမာ သပ္ပါယ်တည်ရှိ၍ ဗြဟ္မာ နတ် လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံယူလျက်ရှိနေပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  2. https://bagoregion.gov.mm/လေးဆူဓာတ်ပျော်-ရွှေဆံတ/