အိမ်တော်ရာဘုရား (ရန်ကုန်မြို့)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အိမ်တော်ရာဘုရားဟူ၍ မြန်မာနိုင်ငံ၌ထင်ရှားသော ဘုရားနှစ်ဆူရှိလေသည်။ တစ်ဆူသည် မန္တလေးမြို့၌ရှိ၍ တစ်ဆူကား ရန်ကုန်မြို့၌ရှိသည်။ နှစ်ဆူစလုံးကို သီရိသုဓမ္မ တိလောက ပဝရ မဟာရာဇာဓိရာဇာ တံဆိပ် နာမံခံယူတော်မူသော အမရပူရစတုတ္ထနန်းစံ ပုဂံမင်းတရား တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်လေသည်။

ရန်ကုန်မြို့ လမ်းမတော်ရပ် ရွှေတိဂုံဘုရားအနောက် တောင်ဘက်ရှိ အိမ်တော်ရာဘုရားကိုလည်း ပုဂံမင်းပင် တည်ထားကိုးကွယ်ခဲ့သည်။ ၁၂၁ဝ ပြည့်နှစ် တန်ဆောင်မုန်း လပြည့်ကျော် ၆ ရက်နေ့တွင် မဟာလောကရံသီ မန္တလေး အိမ်တော်ရာ စေတီတော်ကြီးကို တည်ဆောက်ပြီး မကြာမီပင် ၁၂ဝ၃ ခုနှစ်က ခမည်းတော် ရွှေဘိုမင်းတရားကြီးနှင့်အတူ ရန်ကုန်မြို့သို့ စုန်ဆင်းလာစဉ်က မိမိပျော်စံရန် ခေတ္တယာယီတဲနန်းတော် ဆောက်လုပ်နေထိုင်ခဲ့သည့် နေရာ၌ နောင်လာ နောက်သားများ အိမ်ရာဆောက်လုပ်နေထိုင်မည်ကို စိုးရိမ်သဖြင့် အိမ်တော်ရာ ဘုရားတစ်ဆူ တည်ထားခဲ့ခြင်းဖြစ်သည်။ ရွှေဘိုမင်းတရားသည် မိဖုရား သားတော် စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့်ရန်ကုန်သို့ စုန်ဆင်းလာသောအခါ လမ်းမတော် ဆိပ်ကမ်းမှတက်၍ ယခု ဂျူဘလီဟောအနီးရှိ မိုင်ဒန်ကွင်းဟောင်း မြောက်ဘက် (ယခင် အင်္ဂလိပ်ဘုရားရှိခိုး ကျောင်းတည်ရာ) တွင် မြတ်နန်းအောင်ချာ ခေါ် ယာယီနန်းတော်ဆောက်လုပ်၍ စံနေကာ သားတော်များအား အသီးအသီး နေရာချထားပေး၍ ယာယီတဲနန်းများ ဆောက်လုပ်နေထိုင်စေသည်။ နန်းတော်၏ အနောက်မြောက်ထောင့်တွင် ပုဂံမင်းသား စံနေတော်မူခဲ့သည့် တဲနန်းတော်ရှိသည်။

ထိုအချိန်က ပုဂံမင်းသားစံခဲ့ရာ အိမ်တော်ရာတွင် မင်းသားအထွတ်အထိပ် ရောက်သောအခါ ရေဝန်တော် ပဲခူးမြို့စား မဟာမင်းခေါင်ကျော်ထင်ကို ငွေ ၈ဝ,ဝဝဝ(ရှစ်သောင်း) ပေး၍ အိမ်တော်ရာဘုရားတည်ရန် စစ်သည်တော် ၁,၄ဝဝ နှင့် စေလွှတ်လိုက်သည်။ ရေဝန်တော်မင်းကြီးသည် ဖိနပ်တော် သံတောင် ၄ဝ၊ ဉာဏ်တော် ၄၅ တောင်ရှိ စေတီတော်ကြီးကို တည်၍ ပုဂံမင်းအမိန့်တော်အတိုင်း ဘိုးတော်ဘွားတော်တို့၏ ရွှေကိုယ်လေး၊ ငွေကိုယ်လေး၊ မယ်တော် ခမည်းတော်တို့၏ ရွှေကိုယ်လေး၊ ငွေကိုယ်လေးများနှင့်အတူ အလောင်းမင်းတရားကြီးလက်ထက်မှစ၍ နန်းဦးတွင် အမြဲတည်ထား ကိုးကွယ်သော မာရဇိန် ရုပ်ပွားတော်၊ အသားတော်၊ အသွေးတော်၊ အရိုးတော်၊ ဆံတော်တို့မှဖြစ်ပွားသော ဓာတုစေတီတော်၊ မြတ်စွာဘုရား၏ သုံးဆောင်တော်မူရာ ရွှေပလ္လင် ဗောဓိပင်ကျောင်းတော်၊ သပိတ်၊ သင်္ကန်း၊ တောင်ဝှေး အစရှိသော ပရိဘောဂစေတီတော်၊ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဓမ္မက္ခန္ဓာ ၈၄,ဝဝဝ ဓမ္မစေတီတော်၊ ဤဗုဒ္ဓစေတီတော်လေးပါးတို့ကို အဝင်အပါ တည်ထားရာ ရွှေကြုတ်၊ ငွေကြုတ်၊ ပတ္တမြားကြုတ်၊ ရွှေအုတ်၊ ငွေအုတ်၊ ရွှေကလပ်၊ ငွေကလပ်၊ ရွှေပြား၊ ငွေပြား စသည့် ရတနာအမျိုးမျိုး စီမံချယ်လှယ်ကာ သီးသန့်ဝေဖြာ ဌာပနာ တိုက်ခန်းထားလျက် ဌာပနာတော်သွင်းမှုပြုသည်။ ဘုရားကြီး၏ လေးမျက်နှာ၌ မဟာရာမ်တံတိုင်းတွင် မုခ်ပေါက်လေးခု၊ စေတီတော်တောင်ဘက် မဟာရာမ်အပြင် ဇရပ်ကြီးတစ်ဆောင်၊ ဇရပ်ရှေ့ အုတ်စီရေကန်ကြီးတစ်ခု၊ မြောက်မဟာရာမ်အပြင် ခေတ္တရာ ဆရာတော်အတွက် ကျောင်းတစ်ဆောင်၊ စေတီတော်အရှေ့ မြောက်ထောင့် မဟာရာမ်အပြင် သိမ်တစ်လုံးတို့ကိုလည်း ပုဂံမင်းအမိန့်တော်နှင့် ရေဝန်ဦးဝင်းပင် ကြပ်မတည်ဆောက်ခဲ့သည်။ စေတီတော်ကိုလည်း မဟာဓမ္မရံသီ အိမ်တော်ရာစေတီဟု ဘွဲ့မည်တပ်လေသည်။

ထိုသို့ စေတီတည်နေစဉ် ထီးတော်မတင်ရသေးမီ သက္ကရာဇ် ၁၂၁၄ ခုနှစ် တန်ခူးလတွင် ဂျင်နရယ် ဂေါ်ဒွင် အုပ်ချုပ်သော အင်္ဂလိပ်ကြည်းကြောင်းတပ်နှင့် အက်ဒမီရယ် အော်စတင် အုပ်ချုပ်သော ရေကြောင်းစစ်သည်တို့သည် ရန်ကုန် ဆိပ်ကမ်းသို့ ဆိုက်ရောက်လာကြောင်း ပဲခူးရေဝန်မင်းကြီးကြား သိလျှင် ထီးတော်ကို အနောက်တောင်ထောင့်အရပ်မှ အမြန်ဆွဲတင်ပြီးလျှင် ကျန်ရှိသောငွေများကို စေတီ၏ အနောက်တောင်ထောင့်တွင်မြှုပ်နှံ၍ ထီးတော်တင်သောကြိုးကို ငွေများအပေါ် တွင်ဖွဲ့ခွေပြီးနောက် ယင်းအပေါ်မှ စေတီငယ်ကလေးတစ်ဆူ ထပ်မံတည်သည်။ စေတီတည်ပြီးနောက် နောင်သောအခါ ထိုငွေများကို မတရားတူးဖော်ယူငင်ပါက ယူငင်သူအား ကြိုးခွေကြီးသည် မြွေကြီးဖြစ်၍ ပေါက်သတ်ပါစေသားဟု ဓိဋ္ဌာန်ကာ ရေဝန်မင်းကြီးသည် နောက်ပါများနှင့်အတူ ရွှေတိဂုံစေတီကုန်း တော်ပေါ်သို့ အနောက်မုခ်မှတက်၍ အင်္ဂလိပ်စစ်သားများကို ခုခံတိုက်ခိုက်ရာ နှစ်ဖက်စလုံးအကျအဆုံးများ၍ နောက်ဆုံး၌ မြန်မာတို့ စစ်ရေးနိမ့်ရလေသည်။ ထို့ကြောင့် မဟာဓမ္မရံသီ အိမ်တော်ရာစေတီသည် ကုသိုလ်တော်ရှင်ဘုရင်မင်းမြတ် ကိုယ်တိုင် ကြာရှည်လေးမြင့်စွာ ပြုစုစောင့်ရှောက် မွမ်းမံရခြင်းမရှိဘဲ တည်ပြီးသည်မှစ၍ အယူခြားသည့် နိုင်ငံရပ်ခြားတိုင်းတစ်ပါး ပိုင်နက်အတွင်း ကျရောက်ခဲ့ရရာ စည်ကားထင်ရှားခြင်း ရှိသင့် သလောက် စည်ကားထင်ရှားခြင်း မရှိခဲ့ချေ။[၁]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)