အေး၊ ဦး၊ တရားသူကြီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဦးအေး (၁၁၂၀ ခန့် - ၁၁၉၀ ခန့်) သည် ကုန်းဘောင်ခေတ် မြန်မာစာဆိုတော် တစ်ဦး ဖြစ်သည်။

အခြား အခြား များပြားလှစွာသော ပျို့ကဗျာတို့ကို ထားဘိဦး။ မဲဇာတောင်ခြေ ရတုပိုဒ်စုံ တစ်ပုဒ်တည်းနှင့်ပင် မြန်မာ့ဂန္ထဝင်တွင် စာဆိုတော်ကြီးတစ်ဦးအဖြစ် ယခုတိုင် ထင်ပေါ်ကျော်စောလျက် ရှိပေသော လက်ဝဲသုန္ဒရ ဘွဲ့ခံ အမတ်ကြီး ဦးမြတ်စံနှင့် ဇနီး ဒေါ်ရွဲတို့တွင် သား နှစ်ယောက်၊ သမီး အထွေးဆုံးတစ်ယောက်၊ ပေါင်းသုံးယောက် ထွန်းကားသည့်အနက် နောင် ကြီးပြင်းလာသောအခါ တရားမ တရားသူကြီးဖြစ်မည့် ဦးအေးမှာ သား အကြီးဆုံး ဖြစ်သည်။ သားအလတ်မှာ ဦးရွှေသား ဖြစ်၍ သမီး အထွေးဆုံးမှာ မလွန်းမယ် ဖြစ်ပါ၏။


သားများ ဖြစ်ကြသူ ဦးအေးနှင့် ဦးရွှေသားတို့ နှစ်ဦးစလုံးမှာ အဖနည်းတူ ဆယ့်နှစ်ရာသီဘွဲ့ မှစ၍ ကဗျာ သီချင်းများကို ရေးသားခဲ့ကြသည်။[၁] ဦးအေးရေးသားသော ဆယ့်နှစ်လရာသီဘွဲ့ လွမ်းချင်းမှာ အထူးထင်ရှားပြီး ရေးသားသူအမည်တွင် မဟာအတုလမင်းကြီး နာမည်ဖြင့် တွေ့မြင်ရသည်။


ဦးအေးနှင့် ပတ်သက်၍သော်ကား အမရပူရ ရွှေမြို့တော်တွင် သက္ကရာဇ် ၁၁၈၁ ခုနှစ်အတွင်း နန်းတက်တော်မူပေသော ဘကြီးတော် မင်းတရားကြီးနှင့်သော် ငယ်သူငယ်ချင်းများလည်း ဖြစ်ကြသည့်အလျောက် အလွန် သင့်မြတ်ကြပေ၏။ ထို့ကြောင့်လည်း ဦးအေးမှာ အစစ အရာရာတွင် ပြောရေး ဆိုခွင့် ရရှိရုံမျှမက ရာဇအန္တရာယ် လွတ်ကင်းချမ်းသာခြင်း ရရှိထားသူ တစ်ယောက် ဖြစ်ပေသည်။


ဦးအေးသည် ရေကြည်ဝန်၊ အသည်ဝန်၊ အတွင်းဝန်၊ မိုးနဲတပ် စစ်ကဲကြီး၊ မြင်းခုံတိုင် မြို့စား၊ တရားမ တရားသူကြီး၊ မင်းကြီး အတုလ မဟာ ဓမ္မိကရာဇာ(မှတ်-၁) ဘွဲ့များဖြင့် သနား ချီးမြှင့်ခြင်း ခံရသည်။[၂]

ဦးအေးတွင် သား ဦးကျောက်ခဲ ရှိ၏။ ဇနီးဖြစ်သူမှာမူ မိမိထက် အလျင် ကွယ်လွန်သွားရှာသည်။ ဇနီးကွယ်လွန်ပြီးသည့်နောက် များမကြာမီတွင် ဝါးဇလီသတ် ဝါဆိုကျောင်း ရေစက်ချ သာဓုခေါ်ကာ ဒါနမင်္ဂလာ ကျင်းပလိုက်ရာမှ ဆောက်လုပ်၍ တစ်နေ့တွင် ကျောင်းတင်၊ ကျောင်းလှူ ညနေစောင်း အိမ်ပြန်ခါနီးတွင် ဇနီး တရားသူကြီးကတော်ကို လွမ်းဆွတ်လှသည်နှင့် ကျောင်းခါးပန်း၌ မီးသွေးနှင့် ခြစ်ခဲ့သည်ဆိုသော သဖြန်-အချိုးကလေးမှာ မြို့တော်အတွင်း တစ်မုဟုတ်ချင်း ပျံ့နှံ့ ကျော်စောသွားသော ဟူ၏။ ထိုအချိုး ကလေးမှာ အောက်ပါအတိုင်း ဖြစ်ပါသတည်း။

ပျဉ်မစီ၊ ဇလီရစ်သန်းနှင့်၊ ခိုနန်းလိမ်ကျောင်း၊ ၊ မေမပါ၊ သဒ္ဓါဉာဏ်ထိန်းလို့၊ ဆန်စိမ်းကပ္ပိ ဆွမ်းရယ်နှင့်၊ သွန်း ရေစက်လောင်း။ ။[၃]

မှတ်ချက်[ပြင်ဆင်ရန်]

၁။^ အရူးလွယ်အိတ် စာတမ်း၊ ဒုတိယတွဲ၊ မျက်နှာ ၁၂၇ တွင် "မင်းကြီးမဟာအတုလ သီဟသူ" ဟု ရှိသည်။

စာကိုး[ပြင်ဆင်ရန်]

  1. ဗိုလ်မှူးဘသောင်း (၂၀၀၂). စာဆိုတော်များ အတ္ထုပ္ပတ္တိ. ရာပြည့်စာအုပ်တိုက်, နှာ - ၁၉၁။ 
  2. မှော်ဘီဆရာသိန်း (၁၉၂၆). အရူးလွယ်အိတ်စာတမ်း၊ ဒုတိယတွဲ, နှာ ၁၂၇-၁၂၉။ 
  3. မှော်ဘီဆရာသိန်း (၁၉၂၆). ပစပ်ရာဇဝင် ဒုတိယတွဲ, နှာ - ၅၉။