မာတိကာသို့ ခုန်သွားရန်

မဟာမုနိ (ရခိုင်ပြည်)

ဝီကီပီးဒီးယား မှ
မဟာမုနိရုပ်ပွားတော်
အချက်အလက်များ
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ

မဟာမုနိ ရုပ်ပွားတော် သည် မြန်မာနိုင်ငံရခိုင်ပြည်နယ်ကျောက်တော်မြို့ရှိ သမိုင်းဝင်ရုပ်ပွားတော် တစ်ဆူ ဖြစ်သည်။[] မဟာမုနိ ရုပ်ပွားတော်သည် အေဒီ ၁၇၈၄ ခုနှစ် ရခိုင်ပြည်ကို ဘိုးတော် ဦးဝိုင်း သိမ်းပိုက်ပြီးနောက် မန္တလေး အမရပူရသို့ ယူဆောင်သွားသော မဟာမုနိ ဘုရား၏ နေရာတွင် ရခိုင်ပြည်သူများ အစားထိုး ကိုးကွယ်ထားသည့် တန်ခိုးကြီး မဟာမုနိ ရုပ်ပွားတော် ဖြစ်သည်ဟု ဆိုသည်။[] ရုပ်ပွားတော်သည် ဂေါတမဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ်က စစ်မှန်သော ဗုဒ္ဓ၏ကိုယ်ပွား ဖြစ်သည်ဟု ရခိုင်လူမျိုးများက ယုံကြည်ကြသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

စန္ဒသူရိယ ဘုရင်မင်းမြတ် ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့စဉ်အချိန်အခါက ဗုဒ္ဓရုပ်ထုတော်ကို သွန်းလုပ်ခဲ့သည်ဟု ရိုးရာဓလေ့ ထုံးတမ်းစဉ်လာယုံကြည်မှု ထားရှိခဲ့သည်။ စန္ဒသူရိယဘုရင်မင်းမြတ် သည် ဗုဒ္ဓ၏ ဟောကြားပြသမှုတို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကို ရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည်ဟု အဆိုရှိလေသည်။

အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်တွင် သီတင်းသုံးနေထိုင်တော်မူသော ဂေါတမမြတ်ဗုဒ္ဓသည် ထိုအကြောင်းအရာကို သိရှိလာသောကြောင့် မြတ်ဗုဒ္ဓက သူ၏တပည့်သာဝက တစ်ပါးဖြစ်သော အရှင်အာနန္ဒာအား ပြောပြလေသည်မှာ “ကြောက်မက်ဖွယ်ကောင်းသော ရေနဂါးများ အုပ်ချုပ်ထားသည့် ကြီးမားကျယ်ပြန့်သော မြစ်ပင်လယ်သမုဒ္ဒရာကို ဖြတ်ကျော်လာရမည်ဖြစ်၍ ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသောခရီးသည် စန္ဒသူရိယဘုရင်မင်းမြတ်အတွက် အလွန်အန္တရာယ်ရှိလိမ့်မည်။ ထို့ကြောင့် တပည့်ရဟန္တာ (၅၀၀) နှင့်အတူ ဂေါတမမြတ်ဗုဒ္ဓသည် ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းရှိ မောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခဲ့လေသည်။

ဤတွင် မြတ်ဗုဒ္ဓ၏ ရှေးရှေးဘဝပေါင်းများစွာက ကျင်လည်တော်မူခဲ့သောနေရာတို့တွင်  မြတ်ဗုဒ္ဓ၏ ဓါတ်တော်များကို ဌာပနာထည့်၍ ဘုရားပုထိုးများစွာတို့ကို တိုင်းပြည်အနှံ့ တည်ထားကိုးကွယ်လာကြလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ် ဗျာဒိတ်တော်ပေးခဲ့လေသည်။ ဤကဲ့သို့မြတ်ဗုဒ္ဓ၏ ဗျာဒိတ်ပေးချိန်တွင်" မဟာပထဝီမြေကြီးသည် တုန်လှုပ်လာပြီး  ပင်လယ်သမုဒ္ဒရာရေတို့သည် ရေနွေးအိုးဆူသကဲ့သို့ ဆူပွက်လာခဲ့လေသည်။

စန္ဒသူရိယဘုရင်မင်းမြတ်သည် ဤနိမိတ်ဆောင်သော လက္ခဏာများ၏ ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်တို့အား မေးမြန်းစုံစမ်းလျှက် တုန်လှုပ်ထိတ်လန့်ရခြင်း ဖြစ်လေသည်။ ဂေါတမမြတ်ဗုဒ္ဓ ရခိုင်ပြည်ကို ရောက်ရှိလာသည့်အကြောင်းအရင်းကို  စန္ဒသူရိယဘုရင်မင်းမြတ် သိရှိတော်မူသောအခါ ရာပေါင်းများစွာသော အခြွေအရံတို့နှင့်အတူ သူ၏မိဖုရားခေါင်ကြီး စန္ဒရမာလာ၊ သူ၏မှုးမတ် တိုင်းသူပြည်သားတို့နှင့် အတူ ပဗ္ဗတတောင်ပေါ်သို့ သွားရောက်ကြလေသည်။

ဘုရင်မင်းမြတ်သည် ဂေါတမမြတ်ဗုဒ္ဓအား အရိုအသေပေးပြီးနောက် ဗုဒ္ဓက သူ့အား "ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းတရားတော်"ကို ဟောကြားသင်ပြခဲ့လေသည်။ ယင်းပြီးနောက် မြို့တော်တွင်(၇) ရက်ကြာ သီတင်းသုံးနေထိုင်တော်မူမည်ကို ဗုဒ္ဓက သဘောတူလက်ခံလေသည်။ မြို့တော်မှ မြတ်ဗုဒ္ဓမထွက်ခွာမှီ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်   ပြုတော်မူပြီးနောက် နှစ်ပေါင်း (၅၀၀၀)တိုင်တိုင် ကြည်ရိုလေးစားမှုခံရမည်ဖြစ်သော ဆံတော်ဓါတ်နှင့် မြတ်ဗုဒ္ဓ၏ ရုပ်ထုကိုယ်ပွားတော် တစ်ဆူထားခဲ့မည်ဟု ဗုဒ္ဓသဘောတူလက်ခံလေသည်။

နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် အလေးအမြတ်ထားရှိသော ဗုဒ္ဓရုပ်ထုတော်ကို ကောင်းကင်ဘုံ ဗိသုကာပညာရှင် နတ်များ၏ဘုရင် သိကြားမင်းနှင့်အတူ စန္ဒသူရိယဘုရင်မင်းမြတ်အပါအ၀င် တိုင်းသူပြည်သားတို့က တည်ထားကိုးကွယ်ကြလေသည်။

ရုပ်ထုတော်အတွင်းပိုင်းသို့ ဂေါတမမြတ်ဗုဒ္ဓ၏ ရင်ငွေ့တော်ဓါတ် ထည့်လိုက်သောအခါ ဂေါတမမြတ်ဗုဒ္ဓ နှစ်ဆူရှိလာသကဲ့သို့ ဖြစ်ပေါ်လာလေသည်။ အံ့သြကြည်ညိုစရာ ကောင်းလှသော လက္ခဏာရပ်များ ပေါ်ထွက်လာလေသည်။ မဟာပထဝီမြေကြီး တုန်လှုပ်လာပြီး ရုပ်ထုတော်သည် တဖြည်းဖြည်း အသက်ရှိသကဲ့သို့ သူ၏ နောင်တော် ဂေါတမမြတ်ဗုဒ္ဓအား ကြိုဆိုသည့်အနေအထားနှင့် မတ်တပ်ထရပ်လေသည်။ ထို့နောက် ဂေါတမမြတ်ဗုဒ္ဓသည် သူ၏သာဝက တပည့်ရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလေသည်။

ယင်းအချိန်အတွင်း စန္ဒသူရိယဘုရင်မင်းမြတ်သည် သူ၏ မူးမတ်သေနာပတိတို့နှင့်အတူ အကြောင်းကိစ္စတို့ကို တိုင်ပင်ပြီးနောက် မြတ်ဗုဒ္ဓ၏စစ်မှန်သော ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များ ကျင်းပခဲ့လေသည်။" ရုပ်ထုတော်၏ ထူးခြားချက်များမှာ ရောင်ခြည်တော်ခြောက်သွယ် ထွက်ရှိလေသည်။ ရိုသေကိုင်းရှိုင်းသူများမှာ အနီးကပ်ဖူးမျှော်လာသောအခါ ရောင်ခြည်တော်များ ထွက်ရှိပြီး အယုံအကြည်မရှိသူများ ဖူးမျှော်သောအခါ ရောင်ခြည်တော်များ မှေးမှိန်သွားလေ့ရှိသည်"ဟု အဆိုရှိခဲ့လေသည်။

ရုပ်ထုတော်တည်ရှိသော နေရာ၏ပတ်၀န်းကျင် အရပ်လေးမျက်နှာတို့တွင် အစောင့်အရှောက်အဖြစ် ကျောက်ရုပ်ထုများထားရှိပြီး မကောင်းသော အကြံအစည် ရည်ရွယ်ချက်တို့နှင့် ဗုဒ္ဓရုပ်ပွားတော်အနီးသို့ လာရောက်သူတို့အား အဝေးသို့ ရှောင်ရှားသွားစေသည်။

ဝေသာလီခေတ်မှ ပထမဘုရင်တိုင်အောင် ဗုဒ္ဓရုပ်ထုတော်အတွက် ကျောက်ပလ္လင်တစ်ခု တည်ဆောက်ပြီး သိမ်တော်ကို ပြန်လည်တည်ဆောက်သည်ဟု အဆိုမှတပါး အခြားမည်သည့်အကြောင်းအရာကိုမှ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။

ဝေသာလီမှ ပထမဆုံးဘုရင်၏ အရိုက်အရာကို ဆက်ခံသူသည် မဟာမုနိသိမ်တော်အား ပြန်လည်မွမ်းမံပြင်ဆင်မှု ပြုလုပ်ခဲ့သည်။ သီရိလင်္ကာနှင့် ပုဂံမှ ဘုန်းတော်ကြီးများသည် ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ရန် ရောက်ရှိလာခဲ့ကြသည်။

ပျူ-ဗမာနှင့် မွန်ဘုရင်များက မဟာမုနိ သိမ်တော်ကြီးအတွင်း အလေးအမြတ်ထားသော ဗုဒ္ဓရုပ်ထုတော်အား ပိုင်ဆိုင်လိုသော ရည်ရွယ်ချက်များနှင့် ရခိုင်ပြည်ကို ကျူးကျော်ဝင်ရောက်လာခဲ့ကြသည်ဟု အဆိုရှိလေသည်။ သို့သော်လည်း မည်သည့်ဘုရင်တစ်ပါးမှ အောင်မြင်မှု မရှိခဲ့ပေ။

ကျူးကျော်ဝင်ရောက်လာခဲ့ကြသည့် ပျူ-ဗမာနှင့် မွန်ဘုရင် စစ်တပ်တို့သည် အရှုံးများနှင့်ရင်ဆိုင်ရပြီးနောက် ရခိုင်ဘုရင်မှ သတ်ဖြတ်ခြင်းမပြုပဲ မိမိတိုင်းပြည်ကို ပြန်ခွင့်ပေးခဲ့သည်။ တချို့သည် သိမ်တော်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ကတိကဝတ်ပြုခဲ့ကြသည်။

၎င်းနောက် သိမ်းပိုက်၍မရသော ရခိုင်နိုင်ငံနှင့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား နည်းမျိုးစုံဖြင့် ဝင်ရောက်ကာ ခိုးယူရန် ကြိုးစားခဲ့ကြသည်။

(၁၂) ရာစုအချိန်တွင် သိမ်တော်နှင့် ဗုဒ္ဓရုပ်ထုတော် ပျောက်ဆုံးခဲ့သည်။ သို့သော်လည်း လေးမြို့ခေတ်မှ ဘုရင်တပါး၏ အရိုက်အရာဆက်ခံသူများသည်၊ ယုံကြည်မှုကို ဆက်လက်ထောက်ခံခြင်းဖြင့် ရုပ်ထုတော်နှင့် သိမ်တော်ကြီးတို့ကို ပြန်လည်ရှာဖွေတွေ့ရှိပြီး သိမ်တော်အား ပြန်လည်ဆောက်ခဲ့ကြလေသည်။

မြောက်ဦးမင်းဆက်ကို တည်ထောင်သူ ဘုရင်မင်းစောမွန်သည် သူ၏မြို့တော်မှ မဟာမုနိသို့ လမ်းတခု ဖောက်လုပ်တည်ဆောက်ပြီး မင်းမျိုးမင်းနွယ်တို့၏ ရိုးရာထုံးတမ်းစဉ်လာများအရ ဘုရားဖူးခရီးစဉ်တစ်ခု စတင်ခဲ့လေသည်။ (၁၆) ရာစုတွင် ဘုရင်းမင်းဗာသည် မြောက်ဦးမြို့မှ သျှစ်သောင်းဘုရားအပါအ၀င် တိုင်းပြည်အနှံ့တွင် တည်ရှိနေသော ဘုရားကျောင်းအဆောက်အဦး အများအပြားတို့အတွင်း မူရင်းနှင့် ဆင်တူဖြစ်သော မရေမတွက်နိုင်သည့် မဟာမုနိရုပ်ပွားတော်များကို ထုလုပ်ထားရှိရန် အမိန့်တော်ချမှတ်ခဲ့လေသည်။


၁၇၈၄-ခု တွင် မြန်မာဘုရင် ဘိုးမောင်ဝိုင်းသည် ရခိုင်ပြည်ကို သိမ်းပိုက်လေသည်။ ထို့နောက် မဟာမုနိရုပ်ရှင်တော်မြတ်အား မန္တလေးသို့ သယ်ယူသွားခဲ့သည်။ ထိုရုပ်ရှင်တော်မြတ်ကြီးအား မြန်မာပြည်တွင် ယနေ့ထိတိုင် အလေးမြတ်ဆုံးထားသော ရုပ်ထုတော်အဖြစ် ဆက်လက်မှတ်ယူထားကြဆဲဖြစ်သည်။

မန္တလေးသို့ ပင့်ဆောင်သွားသော မဟာမြတ်မုနိဘုရားသည် ကျောက်တော်တွင် ကင်းဝတ်စံပယ်တော်မူနေသည့် မဟာမုနိဘုရား၏ ကိုယ်ပွားဖြစ်သည်ဟု ရခိုင် ရှေ့ဖြစ် နောက်မှီ သမိုင်းပညာရှင်များနှင့် သက်ကြီး ဝါရင့်များက ဆိုစမှတ်ပြုခဲကြသည်။

ဆုံးရှုံးသွားသော အမွေအနှစ်ကြောင့် ရခိုင်ပြည်သူတို့အား နက်နက်နဲနဲ စိတ်ထိခိုက်စေခဲ့သလို မဟာမုန ရုပ်ပွားတော်လည်း ပျောက်ဆုံးသွားခဲ့ရသည်။  အကြောင်းရင်းမှာ မဟာမြတ်မုနိ ရုပ်ပွားတော်သည် မဟုမုနိရုပ်ရှင်တော်မြတ်၏ ကိုယ်ပွားဖြစ်သလို ရွေသားစင်စစ်ဖြင့် သွန်းလုပ်ထားခြင်းကြောင့်လည်း ဖြစ်သည်။

(၁၈၆၇) ခုနှစ်တွင်

မဟာမုနိသိမ်တော်သည် နန်းတော်ရာကုန်း၏ အရှေ့မြောက်ထောင့်၌ရှိသော တောင်ပူစာတစ်ခုကို လွှမ်းခြုံပြုလုပ်ထားသော နေရာတစ်ခုဖြစ်သည်။ ရှေးနှစ်ပေါင်း ရာစုများစွာကပင် မဟာမုနိဘုရားသိမ်တော်တွင် ဘုရားဖူးခရီးသည်များ စည်ကားသိုက်မြိုက်နေသော ဗဟိုအချက်အချာလည်းဖြစ်ပြီး ကျူးကျော်ဝင်ရောက်သူများ လက်အောက် ရခိုင်ပြည်ကျရောက်ပြီး ရခိုင်ပြည်သူပြည်သားများ ဆင်းရဲဒုက္ခခံစားခဲ့ရလေသောအခါ ယာယီအားဖြင့် ဘုရားဖူးခရီးသည်များ နည်းပါးမှုရှိခဲ့လေသည်။ မူရင်းအဆောက်အဦး၏အကြွင်းအကျန် လုံးဝမရှိခဲ့သော်လည်း ယင်း၏ မူရင်းပုံစံတစ်ခုဖြစ်သည်ကို ကောင်းကင်ဓာတ်ပုံများတွင် တွေ့မြင်နိုင်သည်။ ဘုရားသိမ်တော်ကို ထောင့်မှန်စတုဂံ နံရံနှစ်ဆင့်က ဝိုင်းရံထားရှိပြီး သိမ်တော်၏အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ဝင်ပေါက်လေးပေါက် ဖောက်ထားပြီး အရှေ့ဘက်ဝင်ပေါက်ကို အဓိကဝင်ပေါက်အဖြစ် ထားရှိသည်။ ပထမဆုံး ရင်ပြင်၏ အရှေ့တောင်ထောင့်နှင့် အရှေ့မြောက်ထောင့်တို့တွင် ဗုဒ္ဓရုပ်တုတော်ကြီးအား ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ ကိုယ်လက်သန့်စင်ရန်အတွက် အသုံးပြုရန် ရေကန်ကြီးနှစ်ခု ထားရှိသည်။ အိန္ဒိယအရှေ့မြောက်ပိုင်း နာလန္ဒ၌ရှိသော ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများ စုဝေးနေထိုင်သော နေရာတစ်ခုဖြစ်ပြီး ရှေး (၆) ရာစုမှပင် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသော အဓိက ဂူဘုရားကျောင်းတော်တွင် ယခင်မူရင်းနည်းတူ အနီးစပ်ဆုံး ပုံစံဖြစ်သော ဘုရားကျောင်းဆောင်ကို တွေ့ရှိနိုင်လေသည်။[]

စလွယ်တော်နှင့် မကိုဋ်တော်များ ဖယ်ရှားခြင်း

[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဒေသခံပြည်သူ တစ်သောင်းခန့်က မဟာမုနိ ရုပ်ပွားတော်ရှိ စလွယ်တော်၊ နားဋောင်းခေါ် နားကင်းတော်နှင့် ပခုံးပေါ်တွင် တပ်ဆင်ထားသော စွန်တော်တို့ကို ဖယ်ရှားပေးရန် ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ဂေါပကအဖွဲ့က ရုပ်ပွားတော်ရှိ စလွယ်တော်၊ နားကင်းတော်၊ စွန်တော်နှင့် မကိုဋ်တော်များကို ဖယ်ရှားပေးခဲ့ရသည်။[] မဟာမုနိ ဘုရားရုပ်ပွားတော်မှာ စလွယ်တော်နှင့် ဆက်စပ်ပစ္စည်းများသည် ယခင်က မရှိခဲ့ဘဲ ၁၉၉၄ ခုနှစ်တွင် ဗိုလ်ချုပ်ခင်ညွန့်က ကပ်လှူခဲ့ခြင်း ဖြစ်သည်။[]


ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ကျောက်တော်မြို့ မဟာမုနိ ရုပ်ပွားတော် စလွယ်တော် ဖြုတ်ချဘီဘီစီ (၆ ဖေဖော်ဝါရီ ၂၀၁၇)။ ၇ ဖေဖော်ဝါရီ ၂၀၁၇ တွင် ပြန်စစ်ပြီး။
  2. ald-exile.org[လင့်ခ်သေ]
  3. ဝဏ္ဏခွာညို (၆ ဖေဖော်ဝါရီ ၂၀၁၇)။ ကျောက်တော် မဟာမုနိဘုရား ရှေးမူအတိုင်းထားရန် ဆန္ဒပြမှုကြောင့် စလွယ်နှင့် မကိုဋ်တော် ဖြုတ်ချDVB။ ၇ ဖေဖော်ဝါရီ ၂၀၁၇ တွင် ပြန်စစ်ပြီး။