မာတိကာသို့ ခုန်သွားရန်

မဟာသီဟသူရ

ဝီကီပီးဒီးယား မှ
(မဟာသီဟသူရ၊ ဗိုလ်မှူး မှ ပြန်ညွှန်းထားသည်)
မဟာသီဟသူရ
မွေးဖွား၁၇၂၀
ရွှေဘိုမြို့မြန်မာဘုရင့်နိုင်ငံတော်
ကွယ်လွန်၁၇၈၂
အင်းဝမြို့မြန်မာဘုရင့်နိုင်ငံတော်
သစ္စာခံနိုင်ငံကုန်းဘောင်မင်းဆက်
လက်နက်ကိုင်တပ်မြန်မာဘုရင့်တပ်မတော်
အမှုထမ်း ကာလ၁၇၅၂–၁၇၇၆
ရာထူးအဆင့်တပ်မှူး၊ ဗိုလ်ချုပ်ကြီး (၁၇၅၂–၁၇၆၈)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (၁၇၆၈–၁၇၇၆)[]
တိုက်ပွဲ/စစ်ပွဲများကုန်းဘောင်-ဟံသာဝတီ စစ်ပွဲ (၁၇၅၂–၁၇၅၇)
ယိုးဒယား-မြန်မာ စစ်ပွဲများ (၁၇၆၅၊ ၁၇၇၅–၁၇၇၆)
တရုတ်-မြန်မာ စစ်ပွဲ (၁၇၆၆–၁၇၆၉)
မဏိပူရ ပုန်ကန်မှု (၁၇၇၀)
အခြား အလုပ်ဝန်ကြီး (၁၇၇၆–၁၇၇၇)
ဝန်ကြီးဗိုလ်ချုပ် (၁၇၈၂)

ဗိုလ်ချုပ် မဟာသီဟသူရ (၁၇၂ဝ–၁၇၈၂) သည် ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နှင့် ဆင်ဖြူရှင်မင်းလက်ထက်တို့တွင် ဝန်ကြီးတစ်ပါးဖြစ်၍ ယိုးဒယား စစ်ပွဲများ[][]အပြင် ဆင်ဖြူရှင်မင်း လက်ထက်တော်တွင် မြန်မာသက္ကရာဇ် ၁၁၂၇ ခုနှစ်မှ ၁၁၃ဝ ပြည့်နှစ် (ခရစ်နှစ် ၁၇၆၅ ဒီဇင်ဘာ မှ ခရစ်နှစ် ၁၇၆၉ ဒီဇင်ဘာ၂၂) []အထိဖြစ်ပွားသော တရုတ် - မြန်မာ စစ်ပွဲများ[][]တွင် လုံးဝအောင်မြင်အောင် ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုးပမ်း အမှုတော်ထမ်းခဲ့သော သူရဲကောင်း ဗိုလ်ချုပ်ကြီး ဖြစ်လေသည်။ ဆင်ဖြူရှင်မင်းလက်ထက်တွင် မဲဇာသို့အပို့ခံရသော လက်ဝဲသုန္ဒရအမတ်ကြီးအမတ်ကြီးလက်ဝဲနော်ရထာ တို့နှင့် ခေတ်ပြိုင်ဖြစ်သည်။ စစ်သူကြီးမဟာသီဟသူရသည် အလောင်းမင်းတရားကြီးဦးအောင်ဇေယျ ၏ မြင်းရည်တက်ဘွဲ့ရ လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော သူရဲကောင်းခြောက်ကျိပ် ရှစ်ယောက်တွင် ပါဝင်သည်။ ရွှေဘိုမြို့ ဇာတိဖြစ်သည်။ မဟာသီဟသူရအား ထိုင်းလူမျိုးများက มหาสีหสุระ (อะแซหวุ่นกี้) ဟူ၍ ခေါ်ဆိုကြသည်။ တရုတ်လူမျိုးများက 瑪哈·希哈修亞 ဟူ၍ ခေါ်ဆိုကြသည်။ []

ဝန်ကြီး မဟာသီဟသူရကို ရွှေဘိုမြို့ တွင်မွေးဖွား၍ ရွှေဘိုမြို့ နှင့် အင်းဝမြို့ တွင် ကြီးပြင်းခဲ့သည်။ ငယ်အမည်မှာ မောင်သာ ဖြစ်သည်။

အလောင်းမင်းတရား နှင့် ဆင်ဖြူရှင်မင်းလက်ထက်တို့တွင် ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုးပမ်း အမှုတော်ထမ်းခဲ့သော မြင်းရည်တက်ဘွဲ့ရှင် သူရဲကောင်းစစ်သူကြီးတစ်ယောက် ဖြစ်သည်။[] အလောင်းမင်းတရားကြီး နန်းတက်စတွင် ဝန်ကြီးနှင့် စစ်သူကြီးရာထူး ခန့်အပ်ခံခဲ့ရသည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ဒုတိယသားတော် ဆင်ဖြူရှင်မင်း (မြေဒူးမင်း) လက်ထက်တွင်လည်း ဝန်ကြီး နှင့် မြန်မာဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုပါ ချီးမြှင့်ခံရသူဖြစ်သည်။ ထင်ရှားသော ကုန်းဘောင်ခေတ် မြန်မာဘုရင်များဖြစ်ကြသော အလောင်းမင်းတရားကြီးဦးအောင်ဇေယျနောင်တော်ကြီးမင်း၊ မြေဒူးမင်း(ဆင်ဖြူရှင်မင်း) စဉ့်ကူးမင်း၊ ဖောင်းကားစား မောင်မောင်၊ ဘိုးတော်ဘုရား၊ ( ကုန်းဘောင်မင်းဆက်(၆)ဆက်) တို့နှင့် ၁၇၅၂–၁၇၈၂ နှစ်ပေါင်း(၃ဝ) ယှဉ်တွဲနေရာယူအမှုတော်ထမ်းခဲ့သောတစ်ဦးတည်းသော ဗိုလ်ချုပ်ကြီး လည်းဖြစ်သည်။ [][၁၀][၁၁]

ငယ်ဘဝနှင့် အိမ်ထောင်ရေး

[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဝန်ကြီး မဟာသီဟသူရ နှင့် မယ်တလိုင်းတို့၏ သမီးတော် သီရိမဟာမင်္ဂလာဒေဝီ သည် ခရစ်နှစ် ၁၇၇၆ တွင် ဆင်ဖြူရှင်မင်း၏သားတော် စဉ့်ကူးမင်း၏ ပထမ မြောက်နန်းမိဖုရားကြီးဖြစ်သည်။ မယ်တလိုင်းမှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ+မိဖုရားခေါင်ကြီးမယ်ယွန်းစံ ခေါ် စန္ဒာဒေဝီ နှင့် တူမ တော်စပ်သည်။ ရတနာသိင်္ဃ (ရွှေဘို)မြို့ဝန် သတိုးမဟာသင်္ခယာ+ရှင်နှိုင်းစံ(မယ်နှိုင်းစံ)၏ သမီးတော်ဖြစ်သည်။ ဆင်ဖြူရှင်မင်း၏မယ်တော်ဖြစ်သူ မယ်ယွန်းစံ (စန္ဒာဒေဝီ) မိဖုရားကြီးနှင့် မယ်တလိုင်း၏မိခင် မယ်နှိုင်းစံတို့သည် ညီအစ်မအရင်းဖြစ်သောကြောင့် မယ်တလိုင်းသည် စန္ဒာဒေဝီမိဖုရားကြီး၏ တူမအရင်းဖြစ်သည်။ ထို့ကြောင့် ဆင်ဖြူရှင်၏သားတော် စဉ့်ကူးမင်းနှင့် မယ်တလိုင်း၏သမီးတော် သီရိမဟာမင်္ဂလာဒေဝီတို့မှာ မောင်နှမနှစ်ဝမ်းကွဲ တော်စပ်လေသည်။ (ထို့အပြင် ဝန်ကြီးမဟာသီဟသူရ၏ ဇနီး မယ်တလိုင်းနှင့် ဆင်ဖြူရှင်မင်း၏မိဖုရားကြီး မယ်လှတို့သည် ညီအစ်မအရင်းဖြစ်သဖြင့် စဉ့်ကူးမင်းနှင့် သီရိမဟာမင်္ဂလာဒေဝီတို့မှာ မောင်နှမတစ်ဝမ်းကွဲလည်း တော်စပ်သည်။) ဝန်ကြီး မဟာသီဟသူရနှင့် ဆင်ဖြူရှင်မင်းသည် ခမည်းခမက် တော်စပ်သည့်အပြင် မယားညီအစ်ကိုလည်း တော်စပ်သည်။ [၁၂][note ၁][၁၃][၁၄]ရွှေကာတစ်ထောင်မှူး သီရိရန္တဇဘွဲ့ခံ စည်ပုတ္တရာမင်းကြီး ငယ်အမည် ဦးဖြိုး(ဦးဖြိုးမြ)[၁၅] သည် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ မိဖုရားခေါင်ကြီးမယ်ယွန်းစံ ခေါ် စန္ဒာဒေဝီ ၏ ဖခမည်းတော်ဖြစ်သည်။[note ၂] စန္ဒာဒေဝီသည် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ မိဖုရားခေါင်ကြီး ဖြစ်သည်။ စန္ဒာဒေဝီအမည်သည် အလောင်းမင်းတရား နန်းတက်သောအခါမှ မှည့်ခေါ်သောဘွဲ့အမည်ဖြစ်သည်။ ဘွဲ့အမည် အပြည့်အစုံမှာ "မဟာမင်္ဂလာရတနာဓိပတိသီရိရာဇာစန္ဒာဒေဝီ" ဖြစ်သည်။[၁၆][၁၇]အမိမျိုးရိုးမှာ မုဆိုးဖို စမြင်းကြီးသား ဘုမ္မသူရနှင့် မင်းဘိုးခင် နှမ-စောသားထွေး သမီး-စောလှမျိုးတို့ အိမ်ထောင်သင့်ရာတွင် သမီး မယ်ပလောင်(မယ်ညက်) [၁၅]ကို မွေးဖွားသည်။ စည်ပုတ္တရာ ရွှေကာတစ်ထောင်မှူး သီရိရန္တဇဘွဲ့ခံ ဦးဖြိုးမြ နှင့် ဇနီး မယ်ပလောင်(မယ်ညက်) တို့မှ သမီးသုံးယောက် ထွန်းကားခဲ့သည်။ ၎င်းတို့မှာ မယ်ကောင်းစံ၊ မယ်ယွန်းစံ၊ မယ်နှိုင်းစံတို့ ဖြစ်သည်။[၁၈][၁၉]

အမှုထမ်းခြင်းများ

[ပြင်ဆင်ရန်]

တရုတ်-မြန်မာစစ်ပွဲများ

[ပြင်ဆင်ရန်]
မဟာသီဟသူရပါဝင်ရသည့် တရုတ်-မြန်မာစစ်ပွဲများ

တရုတ် တို့နှင့် ဖြစ်ပွားသော တရုတ် - မြန်မာ ပထမစစ်ပွဲ (ခရစ်နှစ်၁၇၆၅)အပြီးတွင် ထိုင်းနိုင်ငံ ဇင်းမယ်မြို့ ငါးဆယ့်ခုနှစ် ခရိုင် မငြိမ်မဝပ်ရှိသည်ကို ဆင်ဖြူရှင်မင်းသည် ဝန်ကြီးမဟာ သီဟသူရအား ဗိုလ်ချုပ်ခန့်၍ စစ်သည်သူရဲ ၂ဝဝဝဝ နှင့် ချီတက်စေသည်။ ရှေးက ဇင်းမယ်မြို့သည် ယနေ့ ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းက Chiang Mai ချင်းမိုင်မြို့ဖြစ်လေသည်။ ရှေးအခါကစ၍ တရုတ်၊ မြန်မာ၊ ယိုးဒယား၊ ရှမ်းကုန်သည်တို့ဆုံရာ ဗဟိုဌာနဖြစ်ခဲ့သည်။ စစ်သူကြီးမဟာသီဟသူရသည် အိန္ဒိယနိုင်ငံManipur မဏိပူရ သို့ စစ်ချီရပြန်၏။ မငြိမ်မသက်ရှိ၍ အကြိမ် ကြိမ်သွားရောက်တိုက်ခိုက်နှိမ်နင်းခဲ့ရသည်။ အောင်မြင်စွာတိုက်ခိုက်နှိမ်နင်းခဲ့သည်။

တရုတ် - မြန်မာ ဒုတိယစစ်ပွဲ (သက္ကရာဇ် ၁၁၂၈ ခုနှစ်) တွင် မဟာသီဟသူရသည် အောင်ပွဲများရသည်။ တရုတ် - မြန်မာ တတိယစစ်ပွဲ (သက္ကရာဇ် ၁၁၂၉ ခုနှစ်) တွင်တရုတ်တို့ဘက်မှ နာမည်ရ ဗိုလ်ချုပ်မင်းယွီ 明瑞 Mingrui (မြင်းခုံရဲ) [၂၀]သည် အလုံးအရင်းဖြင့် သိန္နီစစ်ကြောင်းမှ ချီလာသည်မှာ အင်းဝမြို့တော်နှင့် မိုင် ၃ဝ ကွာ ဆင်ဂေါင်းအရပ်သို့ တိုင်၏။ သို့ရာတွင် မြစ်ငယ်ကြောင်းမှ ချီလာသော စစ်သူကြီးမဟာသီဟသူရ၏ စစ်တပ်များက မင်းဂျူး(မင်းယွီ) ၏ စစ်ကြောင်းကို ဖြတ်တောက်ကာ ရိက္ခာပို့ဆောင်ရေးကို ဟန့်တားလိုက်သောကြောင့် တရုတ်စစ်တပ်သည် အင်းဝဘက်သို့ဆက်လက် မချီတက်နိုင်ဘဲ ဆင်ဂေါင်းမှပင် တပ်ဆုတ်ခဲ့ရ၏။ ဤသို့ဖြင့် မဟာသီဟသူရသည် တရုတ်တို့လက်တွင်းသို့ မြန်မာတို့၏ မြို့တော် ကျရောက်မည့် ဘေးမှ ကာကွယ်ခဲ့လေသည်။ အောင်ပွဲရ မဟာသီဟသူရ၏ တပ်မကြီးသည် မိုးမိတ် စစ်ကြောင်းချီ လက်ဝဲဝင်းမှူး၏ တပ်နှင့် ပေါင်းမိပြီးလျှင် သိန္နီမြို့ရှိ တရုတ်တပ်မကြီးကို တိုက်ခိုက်အောင်မြင်ပြန်၏။ ယင်းသို့အားဖြင့် တတိယ တရုတ် မြန်မာစစ်ပွဲတွင် ဝန်ကြီးမဟာသီဟသူရမှာ နာမည်ထွက် ခဲ့ပေသည်။

တရုတ် - မြန်မာ စတုတ္ထစစ်ပွဲ (၁၇၆၉)

[ပြင်ဆင်ရန်]

တရုတ်- မြန်မာ စတုတ္ထစစ်ပွဲ (ခရစ်နှစ်၁၇၆၉ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၁၃ဝ ခုနှစ်) ဖြစ်သောအခါ ဆင်ဖြူရှင်မင်းသည် မဟာသီဟသူရအား ဗိုလ်ချုပ်ခန့်၍ ရေကြောင်းဖြင့် ဗန်းမော်သို့ ချီစေ၏။ ဗိုလ်ချုပ်မဟာသီဟသူရ သည် လက်ဝဲဝင်းမှူးအား အချုပ်ခန့်၍ ဧရာဝတီမြစ် အရှေ့ဘက် မိုးမိတ်စစ်ကြောင်း ချီစေ၏။ တစ်ဖန် တိမ်ကြားမင်းခေါင်ကို အချုပ်ခန့်၍ တရုတ်တို့၏ ရိက္ခာကြောင်းကို ဖျက်ဆီးစေကာ၊ တရုတ်တပ်ကို နောက်မှလှည့်တိုက်ရန် တာဝန်ပေးပြန်သည်။ တတိယ တရုတ်-မြန်မာ စစ်ပွဲ၊ စတုတ္ထတရုတ်-မြန်မာ စစ်ပွဲများတွင် ဗိုလ်ချုပ်မဟာသီဟသူရသည် တရုတ်တို့အား ရိက္ခာဖြတ်တောက်ရန် ကြိုးပမ်းပြီးမှ စစ်ဆင်လေ့ရှိသည်။ တရုတ်တို့ ရိက္ခာမရလေက မြန်မာတို့အဖို့ စစ်ဆင်အောင်မြင်ရန် လွယ်ကူသည်ဟု ဗိုလ်ချုပ်မဟာသီဟသူရ နားလည်ဟန်ရှိသည်။ ဗိုလ်ချုပ် မဟာသီဟသူရ၏ ယူဆချက်အတိုင်းပင် တရုတ် ရာဇဝင်၌ တရုတ်-မြန်မာစစ်ပွဲတွင် တရုတ်တို့စစ်ရှုံးနိမ့်ရသည့် အကြောင်းရင်း တစ်ချက်မှာ ရိက္ခာပြတ်လပ်မှုပင် ဖြစ်သည်ဟု ဆိုထားသည်။ သာလွန်သည့် ရန်သူ တရုတ်စစ်တပ်များကို ဆန့်ကျင်တိုက်ခိုက်ပြီး အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ခြင်းမှာ သူ၏ နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်နှင့် ရဲစွမ်းသတ္တိကြောင့်ဖြစ်သည်ဟု ဆိုရပေမည်။

စစ်သူကြီးမဟာသီဟသူရသည် ဗိုလ်ချုပ်အဖြစ် စစ်ရေးအမြင် ကျယ်သကဲ့သို့ဝန်ကြီးတစ်ပါး အနေနှင့်လည်း နိုင်ငံရေးအမြင် ကျယ်လေသည်။ တရုတ်တို့ရိက္ခာပြတ်လပ်၍ စစ်ပြေငြိမ်းရန် စေ့စပ်ပြောဆိုသောအခါ မြန်မာ ဗိုလ်မှူးများက လက်မခံလိုကြချေ။ သို့ရာတွင် မဟာသီဟသူရသည် တရုတ်တို့နှင့် ဆက်လက်၍ အရှည်စစ်ဖြစ်ပွားနေသည်ထက် သင့်မြတ်ချစ်ကြည်စွာ နေထိုင်ပါက အကျိုးရှိဖွယ် ဖြစ်သည်ကို မြော်မြင်မိ၍ တစ်ဦးတည်း တာဝန်ယူကာ ကောင်းတုံစာချုပ် ချုပ်ကာစစ်ပြေငြိမ်းခဲ့သည်။[၂၁] ဤသို့ စစ်ပြေငြိမ်းမှုကို သဘောတူသောကြောင့် ထိုအချိန်ကစ၍ တရုတ်တို့နှင့် မြန်မာတို့ စစ်မက်ရေးမရှိတော့ဘဲ နှစ်ပြည့်တစ်ပြည် မဟာမိတ်ဖြစ်ကာ သံအတုံ့အပြန် စေလွှတ်၍ အရောင်းအဝယ်လည်း တိုးပွားလာလေသည်။ မြန်မာတို့မှာ ယိုးဒယားစစ်နှင့် တရုတ်စစ်တို့ကို တိုက်ခိုက်ရ၍ ပင်ပန်းနေစဉ်တွင် ဤကဲ့သို့ဆောင်ရွက်နိုင်စွမ်း ရှိသဖြင့်၊ တတိယမြန်မာနိုင်ငံ တည်မြဲရေးကို ဂုဏ်သရေရှိစွာဖြင့် ဖန်တီးပေးလိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုရပေမည်။

သို့သော် ဆင်ဖြူရှင်မင်းကား စစ်သူကြီးမဟာသီဟသူရ၏ သဘောဖြင့် စစ်ပြေငြိမ်းခဲ့သည်ကို အမျက်ရှိလေသည်။ မိမိထံ အကြောင်းမကြားဘဲ စစ်ပြေငြိမ်းရမည်လော ဟု ရာဇမာန် ပွားခဲ့သည်။[၂၂]သို့ဖြစ်၍ ဗိုလ်ချုပ် မဟာသီဟသူရသည် အရှင်သခင် အမျက်တော် ပြေစေရန် မငြိမ်မသက်ဖြစ်နေသော မဏိပူရ သို့စစ်ကြောင်း လှည့်ကာ တိုက်ခိုက်အောင်မြင်ပြီးမှ နေပြည်တော် အင်းဝသို့ ပြန်လာခဲ့၏။ ဆင်ဖြူရှင်မင်းသည် မဏိပူရကို အောင်မြင်စွာ နှိမ်နင်းခဲ့သည်တိုင် ကျေနပ်ခြင်း မရှိပေ။ ခရစ်နှစ် ၁၇၇၀ ခုနှစ် ဇန်နဝါရီလ၊ မြန်မာသက္ကရာဇ် ၁၁၃ဝ ခုနှစ်တွင် မဟာသီဟသူရ (ဗိုလ်မင်းသူ) သည် ဘိုးဘိုးအောင် ၏အကူအညီဖြင့် ပေါင်းတည်မြို့ ဝက်ပုတ်ရွာသို့ လျှို့ဝှက်တိမ်းရှောင်ခဲ့ရသည်။ [note ၃] [၁၃] မဟာသီဟသူရသည် အသက်ချမ်းသာပေးခြင်းခံရသော်လည်း မြစ်ငယ်အရှေ့ဘက် ကြက်ယက်လယ်ပြင်သို့ပို့ထားခြင်းခံရသည်။ အတန်ကြာမှာ ဆင်ဖြူရှင်မင်းအမျက်ပြေကာ နေပြည်တော်သို့ ဝင်ခွင့်ပြုခဲ့ပေသည်။

ယိုးဒယား-မြန်မာစစ်ပွဲ

[ပြင်ဆင်ရန်]

စစ်သူကြီးမဟာသီဟသူရသည် ယိုးဒယားတိုက်ပွဲတွင်လည်း ဦးစီးပါဝင်တိုက်ခိုက်ခဲ့ရသည်။ အလောင်းမင်းတရား လက်ထက်တွင် အယုဒ္ဓယမြို့တော်ကို တိုက်ခိုက်အောင်မြင်စဉ်က ထွက်ပြေးတိမ်းရှောင်ခဲ့သော ဖယားတက်ဆင် (ဘယားတက် သေဉ်) သည် ဘန်ကောက်မြို့တွင် မြို့သစ်တည်ကာ မြန်မာတို့၏ ဩဇာကို မခံတော့ကြောင်း သိရသဖြင့် ယိုးဒယားသို့ စစ်ချီပြန်၏။ ထိုအခါ ဝန်ကြီးမဟာသီဟသူရကို ဘုရားသုံးဆူ စစ်ကြောင်းမှ ချီစေသည်။ လက်ထောက် ဗိုလ်အချို့ ဩဇာမခံဘဲ အစီအမံ နှောင့်နှေး၍ အရေးမလှခဲ့ပေ။ ယိုးဒယားသို့ စစ်ချီရာမှ ပြန်လည်လာသောအခါ အင်းဝနန်းတွင် ဆင်ဖြူရှင်မင်း နတ်ရွာစံပြီး သားတော် စဉ့်ကူးမင်း ခရစ်နှစ် ၁၇၇၆ သက်တော်(၂၀)နှစ်တွင် နန်းတက်၏။ အရက်သေစာ သောက်စားမူးယစ်သော အလေ့အကျင့်ရှိသည်။[၂၃] စဉ့်ကူးမင်းသည် မင်းဖြစ်လျှင် ယောက္ခမဖြစ်သည့်အပြင် ဘကြီးလည်းတော်စပ်သူ (သီရိမဟာမင်္ဂလာဒေဝီ၏ဖခမည်းတော်) ဝန်ကြီးမဟာသီဟသူရ က ၎င်းကို ဝေဖန်ဆွေးနွေးသောကြောင့် မျက်တော်မူ၍ ဝန်ကြီးအရာက နုတ်ပြီးလျှင် စစ်ကိုင်းတွင်ထားသောကြောင့် အငြိမ်းစားနေရသည်။ စဉ့်ကူးမင်းသည် ခရစ်နှစ် ၁၇၇၇ တွင် ၎င်းကို ဝေဖန်သောကြောင့် မိဖုရား သီရိမဟာ မင်္ဂလာဒေဝီအား နန်းကချ၍ မဟာသီဟသူရ စစ်ကိုင်းရှိအိမ်သို့ ပို့ထားသည်။ နောက် ခရစ်နှစ် ၁၇၇၈ မြန်မာသက္ကရာဇ် ၁၁၃၉ခု၊ ဝါဆိုလဆန်း(၁၄)ရက်နေ့တွင် အမျက်တော်ရှိပြန်၍ သီရိမဟာမင်္ဂလာဒေဝီ ရေမှာဖျောက်ခံရသည်။[၂၄] စဉ့်ကူးမင်း၏အရက်သေစာ သောက်စားမူးယစ်ခြင်း၊ ဒေါသကြီးခြင်း၊ အသိအာရုံ လွဲမှားလာခြင်းအန္တရာယ်တို့ကြောင့် ဝန်ကြီး မဟာသီဟသူရ က လသားအရွယ် မြေးတော် ဘိုးသစ္စာ ကို ပေါင်းတည်မြို့ ဝက်ပုတ်ရွာသို့ လျှို့ဝှက်ပြောင်းရွေ့ပို့ထားခဲ့သည်။

စဉ့်ကူးမင်း၏ နန်းကို ဖောင်းကားစားမောင်မောင် သိမ်းပိုက်သောအခါ မဟာသီဟသူရသည် အငြိမ်းစား နေရာမှ ဗိုလ်ချုပ်အဖြစ် တာဝန်ယူရ၏။ ဖောင်းကားစား မောင်မောင်၏ နန်းသက် ခုနစ်ရက်တွင် ဘိုးတော်မင်းတရားက အင်းဝနန်းကို လုပ်ကြံ အောင်မြင်ပြန်၏။ ဤသို့ အောင်မြင်ရာတွင် ဗိုလ်ချုပ် မဟာသီဟသူရ၏ အကူအညီပါသည်ဟု ဆိုကြသည်။ ဝန်ကြီး မဟာသီဟသူရကို မရှုတ်မချ ဝန်ကြီးအရာနှင့် သူကောင်းပြုသည်။ သို့ရာတွင် နန်းတက်ပြီးသည့် နောက်ပိုင်းတွင် ဘိုးတော်ဘုရားသည် ဝန်ကြီး မဟာသီဟသူရအား ညီတော် စည်သာ မင်းသားနှင့် ပူးပေါင်း၍ လုပ်ကြံရန် ကြံစည်သည်ဟု စွပ်စွဲကာ သံသယရှိသဖြင့် ခရစ်နှစ် ၁၇၈၂ မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ် တပေါင်းလတွင် ကွပ်မျက်လိုက်လေသည်။[၁၀] [note ၄] ဘိုးတော်ဘုရားသည် တူတော်များဖြစ်သော စဉ့်ကူးမင်း၊ ဖောင်းကားစား မောင်မောင်စဉ့်ကူးမင်း ညီတော် ပင်းတလဲမြို့စားတို့ကိုသာမက ဝန်ကြီး မဟာသီဟသူရ၊ ပထမံဘိုးဘိုးအောင် နှင့် မင်းဆွေမင်းမျိုး မင်းမှုထမ်းမှူးမတ်ကောင်း သူရဲကောင်းအမြောက်အမြားတို့ကို သံသယရှိသဖြင့် ကွပ်မျက်သုတ်သင်ခဲ့သည်။

မျိုးဆက်များ

[ပြင်ဆင်ရန်]

ပန်းကန်စက်ဦးသော် သည် ဆင်ဖြူရှင်မင်း နှင့် ဝန်ကြီးဗိုလ်ချုပ် မဟာသီဟသူရ တို့၏(၂) ဆက်မြောက်မြေးအရင်းတော်စပ်သည် ဟု မြန်မာနိုင်ငံ ကြွေပန်းကန်အစ ဦးသော် က နိဒါန်း၊ စာမျက်နှာ က၊ခ၊ဂ တွင် ပန်းကန်စက်ဦးသော် ကိုယ်တိုင် ရေးသားဖော်ပြထားသည်။[၂၅][၁၃][၁၄]

ဝန်ကြီးဗိုလ်ချုပ် မဟာသီဟသူရ၏သမီးတော်မှာ သီရိမဟာမင်္ဂလာဒေဝီဖြစ်သည်။ ဆင်ဖြူရှင်၏သားတော် စဉ့်ကူးမင်း နှင့် ထိမ်းမြှားလက်ထပ်ခဲ့သည်။ စဉ့်ကူးမင်းနှင့် သီရိမဟာမင်္ဂလာဒေဝီတို့၏သားတော်မှာ ဘိုးသစ္စာဖြစ်သည်။ ဘိုးသစ္စာ၏သားမှာ ဘိုးရွှေကွန်၊ ဘိုးရွှေကွန်၏သားမှာ ဦးဘိုးဆင့်၊ ဦးဘိုးဆင့်၏သားသမီး ၃ ဦးမှာ ‌ပန်းကန်စက်ဦးသော်၊ ‌ဒေါ်တင်လှ၊ ဦးမောင်မောင်ဖြစ်ပြီး ဒေါ်တင်လှ၏သမီးမှာ ဒေါ်အမာ (ခေါ်) ဒေါ်မြင့်မြင့်ဝင်း ဖြစ်သည်။ ဒေါ်မြင့်မြင့်ဝင်းတွင် သားသမီး ၄ ဦးအနက် အငယ်ဆုံးသားမှာ မြို့မ-မြင့်ကြွယ် ဖြစ်သည်။[၂၆]

မှတ်စုများ

[ပြင်ဆင်ရန်]
  1. စဉ့်ကူးမင်းနှင့် သီရိမဟာမင်္ဂလာဒေဝီတို့မှာ အမေညီအစ်မအရင်းများဖြစ်ကြ၍ မောင်နှမတစ်ဝမ်းကွဲလည်း တော်စပ်လေသည်။ ဝန်ကြီး မဟာသီဟသူရ နှင့် ဆင်ဖြူရှင်မင်းသည် ခမည်းခမက် တော်စပ်သည့်အပြင် မယားညီအစ်ကိုလည်းတော်စပ်သည်။ မယ်တလိုင်းမှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျနှင့် တူမတော်စပ်သည်။ မိဖုရားခေါင်ကြီးမယ်ယွန်းစံ (စန္ဒာဒေဝီ) ၏ တူမအရင်းဖြစ်သည်။ မယ်တလိုင်းမှာ ရတနာသိင်္ဃ(ရွှေဘို)မြို့ဝန် သတိုးမဟာသခင်္ယာ နှင့် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ဦးရီးတော် စည်ပုတ္တရာ ရွှေကာ ၁ဝဝဝ မှူး မင်းသီရိရန္တဇ+မယ်ပလောင် တို့၏ သမီး ရှင်နှိုင်းစံ(မယ်နှိုင်းစံ)တို့၏ သမီးတော်ဖြစ်သည်။
  2. အလောင်းမင်းတရားကြီးဦးအောင်ဇေယျနှင့် မယ်ယွန်းစံတို့မှာ မောင်နှမတစ်ဝမ်းကွဲလည်း တော်စပ်လေသည်။
  3. ဗိုလ်မင်းသူ (မဟာသီဟသူရ) သည် ဝက်ပုတ်ရွာကိုစတင်တည်ထောင်ခဲ့သူဖြစ်သည်။
  4. ဘိုးတော်ဘုရား(ဘိုးတော်ဦးဝိုင်း) လက်ထက်တွင် ဗိုလ်ချုပ် မဟာသီဟသူရကိုကွပ်မျက်ပြီးနောက်ယိုးဒယားသို့ အကြိမ်ကြိမ် ချီတက်လုပ်ကြံခဲ့သော်လည်း အရေးမလှ၍ ဆုတ်ခဲ့ရသည်က များသည်ဟု ဆိုသည်။ သက္ကရာဇ် ၁၁၄၇ ခုနှစ်တွင် မင်းတရားကြီးဘိုးတော်ဦးဝိုင်းကိုယ်တော်တိုင် တစ်ကြိမ်၊ ၁၁၄၈ ခုနှစ်တွင် မင်းကြီး နန္ဒကျော်ထင်ကို အအုပ်အချုပ် ခန့်၍ တစ်ကြိမ်၊ ၁၁၅၃၊ ၁၁၅၄ ခုနှစ်များတွင် သားတော် မဟာဥပရာဇာ အုပ်ချုပ်၍ တစ်ကြိမ် ယိုးဒယားသို့ချီရာ အရေးမလှ၍ ဆုတ်ခဲ့ရသည်က များသည်။

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Htin Aung, p. 181
  2. YouTube
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 September 2016 တွင် ပြန်စစ်ပြီး။
  4. Sino-Burmese War။ 30 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 September 2016 တွင် ပြန်စစ်ပြီး။
  5. 说古论今:缅甸的中国冲击波(2)
  6. 清缅战争历史背景、经过以及影响_中国历史网။ 28 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 October 2016 တွင် ပြန်စစ်ပြီး။
  7. မော်ကွန်းတင်ပြီးမိတ္တူ။ 25 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 April 2019 တွင် ပြန်စစ်ပြီး။
  8. ဒေါက်တာမတင်ဝင်းမင်းယောက်ျားတို့၏ စကားရာဇဝင်
  9. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  10. ၁၀.၀ ၁၀.၁ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  11. မောင်သုတ (၁၉၆၈)။ စာဆိုတော်များ အတ္ထုပ္ပတ္တိ (တတိယအကြိမ် ed.)။ ရန်ကုန်: ဇွဲပုံနှိပ်တိုက်။
  12. ညိုမြ - ကုန်းဘောင်ရှာပုံတော် (ဒုတိယအကြိမ် ed.)။ ရန်ကုန်မြို့: ရာပြည့်စာအုပ်တိုက်။ ၁၉၉၇ ခုနှစ်၊ မတ်လ။ p. စာမျက်နှာ ၆၀။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  13. ၁၃.၀ ၁၃.၁ ၁၃.၂ ပန်းကန်စက်ဦးသော် (၁၄.၁၀.၁၉၇၄)။ မြန်မာနိုင်ငံ ကြွေပန်းကန်အစ ဦးသော် က (၅၈၃/၇၄) |format= requires |url= (အကူအညီ)။ ၁၂၄-ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရန်ကုန်မြို့: နယူးစာပုံနှိပ်တိုက်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
  14. ၁၄.၀ ၁၄.၁ မြို့မ-မြင့်ကြွယ် (၁၉၈၁)။ ကျွန်တော်သိသောဖိုးဖိုးသော်။ ရတနာမွန်မဂ္ဂဇင်း။
  15. ၁၅.၀ ၁၅.၁ ရွှေဘိုမြို့ ဆုတောင်းပြည့်ဘုရားသမိုင်း
  16. Buyers၊ Christopher။ The Royal Ark: Burma – Konbaung Dynasty။ 12 April 2011 တွင် ပြန်စစ်ပြီး။
  17. Htin Aung၊ Maung (1967)။ A History of Burma။ New York and London: Cambridge University Press။
  18. စားတော်ကြီး ဦးရာကျော် (၁၉၆၈)။ မြန်မာမဟာမင်္ဂလာမင်းခမ်းတော် (ပထမအကြိမ် ed.)။ ရန်ကုန်: ပုညစာပေ။ p. စာ ၂၀၇၊ ၂၁၀။
  19. ဘုန်းနွယ် (၁ ဇွန် ၁၉၉၈). "စန္ဒာဒေဝီနှင့် သမီးများ". ဓမ္မရတနာ မဂ္ဂဇင်း အမှတ် ၃၀. 
  20. War in the Eighteenth-Century World - Jeremy Black - Google Books[လင့်ခ်သေ]
  21. The Last Diadoch
  22. War in the Eighteenth-Century World - Jeremy Black - Google Books[လင့်ခ်သေ]
  23. A History of South East Asia - Arthur Cotterell - Google Books
  24. The Konbaung Dynasty - GENEALOGY
  25. စဉ့်ကူးမင်းနှင့်ပထမ မြောက်နန်းမိဖုရားကြီးသီရိမဟာမင်္ဂလာဒေဝီတို့၏ မြေးတော် ဘိုးရွှေကွန် ၏ သားတော် ဦးဘိုးဆင့်(ပန်းကန်စက်ဦးသော်၏ဖခင်) ရေးသားခဲ့သည့်ကိုယ်ရေးအတ္ထုပ္ပတ္တိ ဘဝဖြစ်ရပ်မှတ်တမ်း
  26. မြို့မ-မြင့်ကြွယ် (၂၉-၁-၂၀၂၀). "တရုတ်-မြန်မာချစ်ကြည်ရေးအစ စစ်သူကြီးမဟာသီဟသူရက". မြန်မာတိုင်းမ် MYANMAR TIMES DAILY အတွဲ (၄).