မွေတော်ကက္ကူ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မွေတော်ကက္ကူရှေးဟောင်းဘုရားစေတီများ

မွေတော်ကက္ကူ စေတီဘုရားများသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အနီးတွင်ရှိသော ကျောက်တစ်လုံး (ပအိုဝ်းတိုင်းရင်းသားများဒေသ)တွင် တည်ရှိသည်။

ဘုရားသမိုင်းအကျဉ်း[ပြင်ဆင်ရန်]

ခရစ်တော်မပေါ်မီ ဘီစီ(၃၀၇)ခုနှစ်တွင် အိန္ဒိယပြည်၊ မဇ္ဈိမဒေသ၊ မဂဓတိုင်း၊ ပါဋလိပုတ်ပြည်၌ သီရိဓမ္မာ သောကမင်းကြီးကို အမှီပြု၍ ရှင်မဟာမောဂ္ဂလိ ပုတ္တတိဿ မထေရ်ကြီးမှူးသော ရဟန်းတစ်ထောင်တို့က တတိယအကြိမ် သင်္ဂါယနာတင်ပွဲကို ပြုလုပ်ကျင်းပကြလေသည်။ သင်္ဂါယနာတင်ပွဲ ပြီးဆုံးအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်ခြင်းနှင့် စေတီပေါင်း (၈၄၀ဝ၀) တည်ထားကိုးကွယ်ခြင်းတို့ ပါဝင်သည်။

ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်ရာတွင် သုဝဏ္ဏဘူမိတိုင်း (မြန်မာနိုင်ငံ) သည်လည်း ပါဝင်ခဲ့သည်။ သာသနာပြုအဖွဲ့မှာ ရှင်သောနနှင့် ရှင်ဥတ္တရတို့ ဦးဆောင်သော အဖွဲ့ဖြစ်သည်။ သုဝဏ္ဏဘူမိ သာသနာပြုအဖွဲ့က အိန္ဒိယပြည်၊ မဇ္ဈိမဒေသမှ ဓာတ်တော်များကို ပင့်ဆောင်၍ စေတီဘုရားများကို တည်ထားကိုးကွယ်ကြသည့်အခါ ကက္ကူဒေသသို့ ဓာတ်တော်များ ပင့်ဆောင်ပူဇော်ပြီး မွေတော်ကက္ကူ ဆုတောင်းပြည့် အသောကစေတီကို တည်ထားကိုးကွယ်ခဲ့သည်။ ထိုစဉ်အခါက မွေတော်ကက္ကူသို့ ဓာတ်တော် ပင့်ဆောင်ပူဇော်ပွဲ ရှိခဲ့ဘူးလေသည်။

ပုဂံခေတ်၊ အလောင်းစည်သူမင်း (အေဒီ၁၁၇၄-၁၂၁၁)သည် ဖောင်စကြာဖြင့် ခရီးလှည့်လည်ကာ စေတီဘုရားများစွာကို တည်ထားကိုးကွယ်ခဲ့သည်။ ကက္ကူဒေသတွင် ဓာတ်တော်များနှင့် ရတနာမျိုးစုံတို့ကို ဌာပနာ၍ ဖောင်တော်ဆိုက်စေတီကို တည်ထား ကိုးကွယ်ခဲ့သည်။ အလောင်းစည်သူမင်း လက်ထက်တွင် ဓာတ်တော် ပင့်ဆောင်ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ဘူးသည်။

တည်ထားပုံ[ပြင်ဆင်ရန်]

မွေတော်ကက္ကူသည် စေတီပေါင်းများစွာ တစ်နေရာတည်းတွင် စု၍ တည်ထားခြင်း ဖြစ်သည်။ မြန်မာပြည်ရှိ စေတီများနှင့် အချိုးအစား ပုံသဏ္ဌာန် အနည်းငယ် ကွဲပြားသည်။ ဘုရားဝင်းအပြင်တွင် ညောင်ပင်ကြီးများ ရှိသည်။ ဘုရားများ၏ နောက်တွင် နောင်မွန်အင်း ရှိသည်။ နောင်မွန်အင်းသည် အမြဲတမ်း ရေမရှိပေ။ ဒေသခံများက ကုန်းခြောက်လ ရေခြောက်လ ဟုဆိုသည်။

ကက္ကူမွေတော် ၃၀၀၀[ပြင်ဆင်ရန်]

၁။ ကက္ကူမွေတော်အကြောင်း ဘိုးတော်ဘုရား (ပဒုံမင်း) ၁၇၈၅ - ၁၈၁၉ လက်ထက် ပေစာတစောင်မှာ ဖတ်ရဖူးတယ်လို့ ပြောစကား ကြားဖူးတယ်။

၂။ ၁၉၇၃ ခေါင်းလောင်းစာမှာ ကုန်းတော်ပေါ်က စေတီကို ရွှေဂူကြီးလို့ခေါ်တယ်။

၃။ ၁၇ ဖေဖော်ဝါရီ ၁၈၀၂က စေတီကြီးကို ထီးတင်တယ်။

၄။ စေတီအလယ်မှာ ၁၈၉၃ ခေါင်းလောင်းက ကက္ကူမွေတော်ခေါ်တယ်။

၅။ စေတီတွေက ဉာဏ်တော်အမြင့် ၁၅ ပေ ဝန်းကျင်ပဲရှိတယ်။

၆။ စေတီအရေအတွက်ကို ဖေဖော်ဝါရီ ၂၀၀၁ က ရေတွက်တဲ့အခါ ၂၄၇၈ ဆူ ရှိတယ်လို့ စာတစောင်မှာပါတယ်။

ဒီလိုဆိုရင် ခရစ်နှစ် ၁၈၀ဝ လောက်ကလို့ ခန့်မှန်းရတော့မယ်လို့ ထင်မိတယ်။ ဘုရားတွေမှာ နတ်ရုပ်တွေပါတော့ အရုပ်အနေအထားကို ကြည့်ပြီး ဒီလက်ရာတွေဟာ ၁၈၀ဝ ဝန်းကျင်ကပဲ ဖြစ်ဖို့များတယ်လို့ တွက်ဆလိုက်တယ်။

၁၂ မတ် ၂၀၀၃ နေ့လယ်က စိုင်းအောင်ထွန်းက တောင်ကြီးမြို့ ရေအေးကွင်း ရေထွက်ဦးလမ်းမှာနေတဲ့ ဖိလစ်စောတောက်ကို ခေါ်လာတယ်။ အဲဒီလူက ခရီးရောက်မဆိုက် ကက္ကူဘုရာထီးတွေက ရှမ်းလိုရေးတဲ့ ခေါင်းလောင်းစာတွေ ယူလာတယ်။ စာတွေကို သူတို့ဖတ်ပြီး ဘာသာပြန်ပေးတယ်။

စာတခုက - ဘုန်းကြီးလူထွက် ဦးနွိုက်သွန်းလောင်းထားသည်

နောက်တခုက - လူထွက်ဦးစိုင်းက သွန်းလုပ်ပူဇော်ပြီးစီးပါကြောင်း

နောက်ထက်တခုက - ၁၁၅၈ တပေါင်းလဆန်း ၂ရက်သွန်းသည်။ (ခရစ်ရက် ၂၇ ဖေဖော်ဝါရီ ၁၇၉၇)

ဆင်ခံဘုရားတဆူမှာ - တြိသုခအလို့ငှာ ခင်ကြီးအရိယဝန်သ ကောင်းမှု

ဖိလစ်စောတောက် ကျေးဇူးကြောင့် တိကျတဲ့ ရက်စွဲတခု ရပြန်ပါတယ်။ ၂၇ ဖေဖော်ဝါရီ ၁၇၉၇။ ကက္ကူဘုရားတောက ကုသိုလ်တော်တွေကို ခရစ်နှစ် ၁၈၀ဝ ဝန်းကျင်က တည်ထားကိုးကွယ်ခဲ့တယ်လို့ ဆက်လက်ယူဆဖွယ် ရှိပါတယ်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါက်တာသန်းထွန်း B.A. (Hons), M.A., B.L., Ph.D., D.Lit(london) (အဖွဲ့ဝင်၊ မြန်မာသမိုင်းကော်မရှင်)(၁၆၊ ၃၊ ၂၀၀၄)