မောင်မောင်တုတ်၊ ရနောင်

ဝီကီပီးဒီးယား မှ
ရနောင်မောင်မောင်တုတ်

ရနောင်မောင်မောင်တုတ်သည် ကုန်းဘောင်ခေတ် သီပေါမင်း နန်းတက်စဉ် သီပေါမင်း၏ အရေးပေးသော သူငယ်ချင်းတစ်ဦးဖြစ်သည်။ သီပေါမင်းခေတ်တွင် နန်းတွင်းရေးသည် အလွန်ရှုပ်ထွေးခဲ့သည်။ ထိုနန်းတွင်း အရှုပ်အထွေးအကြားတွင် အရှင်သီပေါမင်း၏ အချစ်ရေးသည်လည်း အတွင်းတော်၌ မီးထတောက် ရလောက်အောင် ကြီးကျယ်ခဲ့လေသည်။ ဤအချစ်ရေးတွင် အရေးပါ အရာရောက်ခဲ့သူ တစ်ယောက်ကား "ရနောင်မောင်မောင်တုတ်"ပင် ဖြစ်သည်။

မျိုးရိုး[ပြင်ဆင်ရန်]

မောင်မောင်တုတ်သည် မြန်မာသက္ကရာဇ် ၁၂၀၇-ခု (၁၈၄၅−ခု)တွင် ဖခင် ရေနံချောင်းမင်းကြီး(မြောက်ထားဝယ်ဗိုလ်) ဦးပိန်နှင့် မိခင် ရေနံချောင်းဝန်ကြီးကတော် သခင်ကြီးတို့မှ ဖွားမြင်သည်။ ငယ်မည်သည် “မောင်ညိုတုတ်”ဖြစ်သည်။ မောင်ညိုတုတ်အောက်တွင် ညီ ပင်းသာမင်းသား မောင်မောင်ပြောင်းနှင့် ညီမ ယင်းမာချောင်း ခင်ခင်လေးတို့ ဖြစ်သည်။ ယင်းမာချောင်း ခင်ခင်လေးသည် မောင်မောင်တုတ်၏ ဖခင် ဦးပိန်၏ ဒုတိယမယားမှ မွေးသော သမီးဖြစ်သောကြောင့် မောင်မောင်တုတ်နှင့် ဖအေတူမအေကွဲ မောင်နှမ တော်သည်။ ညီ မောင်မောင်ပြောင်းသည် လှေသင်းအတွင်းဝန်၊ နတ်မောက်မြို့စား၏ ညီမဖြစ်သူ ပင်းသာခင်ဖူးနှင့် လက်ထပ်ခဲ့သည်။ မောင်ညိုတုတ်မိခင်သည် စုဖုရားလတ်၏ နို့ထိန်းဖြစ်သည်။


မင်းတုန်းမင်းတရားသည် ပုဂံမင်းကို ပုန်ကန်၍ ရွှေဘိုသို့ ထွက်စဉ်အခါက မောင်ညိုတုတ်၏ ဖခင် ဦးပိန်သည် ကျေးကျွန်တော်ရင်း ဖြစ်သည့်အားလျော်စွာ နောက်တော်ကပါသည်ဟု ဆိုသည်။ လမ်းခရီးတွင် မောင်ညိုတုတ်၏ဖခင် ဦးပိန်မှာ ကျဆုံးခဲ့သည်။ မင်းတုန်းမင်းတရား အမရပူရသို့ ပြန်၍ ရွှေနန်းတော်သိမ်းတော်မူချိန်တွင် တိုင်တားမင်းကြီး ဦးဘိုး၏ မစပေးချက်အရ မောင်မောင်တုတ်သည် လက်သုံးတော်ကိုင်ကလေး ရာထူးတွင် ခစားရသည်ဟု ဆိုသည်။ ဦးပိန်ကျဆုံးပြီးနောက် ရေနံချောင်းမင်းကြီး အဖြစ် ဦးစို ဖြစ်လာသည်။

ရုပ်ရည်[ပြင်ဆင်ရန်]

မောင်မောင်တုတ်၏ အရည်အသွေးနှင့် ဖျတ်လက်မှု၊ ရဲစွမ်းသတ္တိရှိခြင်းတို့ကို ကင်းဝန်မင်းယောမင်းကြီးနှင့် တိုင်းတားမင်းတို့က သဘောကျသည်။ မောင်မောင်တုတ်သည် အလုံးအရပ်လည်း ကောင်းသည်။ အသားညိုသည်။ ကျောက်ပေါက်မာသက်သက် ရှိသည်။ ကျင်စွယ်လည်း ရေးရေးထားသည်။ မောင်တုတ်ဟု အများက ခေါ်၍ သူကမူ မောင်မောင်တုတ်ဟု ခေါ်မှပင် ကျေနပ်နှစ်သက်သည်။ မောင်မောင်တုတ်ကို အဝေးမှ ဖြစ်စေ၊ အနီးမှဖြစ်စေ၊ မြင်ရလျှင် မောင်မောင်တုတ်၏ ကျက်သရေရှိသော အင်္ဂါရုပ်ကို လူတိုင်းနှစ်ခြိုက်မည်ပင် ဖြစ်သည်။ မောင်မောင်တုတ်၏ မျက်နှာပေါက်မှာ ခန့်ညားထည်ဝါသော သဘောရှိသည်။ စူးရှသော မျက်လုံးရှိ၍ အသံဩဇာတို့နှင့် ပြည်စုံသည်။ စင်စစ် လူချောလူလှဖြစ်၍ မိန်းမများကိုက မောင်မောင်တုတ်ကို ကြိုက်ကြသည်ဟု သိရသည်။ မောင်မောင်တုတ်ကလည်း သူကိုယ်တိုင်မယားများသည်။ လင်ရှိမယားကိုပင် မရှောင်ဟု ဆိုကြသော်လည်း လင်ကြီးကျေနပ်မှ တစ်နည်းဆိုသော် လင်ကြီးကျေနပ်အောင် ပြုပြီးမှသာ မောင်မောင်တုတ်၏လက်ဝယ်ရောက်ရသည်ဟု အချို့မှီလိုက်သူများက ပြောကြသည်။ ဥပမာဆိုသော် တောင်တွင်းကြီးသူ သဘင်သည် မမလေးကို သူ၏လင်ကြီးကို ရွှေငါးပိဿာနှင့် မယားနှစ်ယောက်အပြင် မြို့သူကြီးရာထူးကို ပေးသဖြင့် လင်ကြီး ကျေကျေနပ်နပ် ထည့်ပေးလိုက်ကြောင်း၊ ဆင်ခိုးမလေးကိုယ်တိုင်ကလည်း မောင်မောင်တုတ်ကို ကို ချစ်ကြောင်းတို့ကို ဖွင့်ပြောကြောင်း သိရသည်။ မောင်မောင်တုတ်ကို တွေ့မြင်သိရှိဖူးသူများကမူ မောင်မောင်တုတ်သည် အလွန်ကျက်သရေရှိကြောင်း၊ သူကမပိုးရပဲ မိန်းမများကသာ သူ့ကိုပိုးနေကြောင်း၊ သူ့ကို အပျိုအအိုများက ငမ်းငမ်းတက် လိုချင်ကြကြောင်း သိရှိရသည်။

အရေးပေးမှု[ပြင်ဆင်ရန်]

သီပေါမင်းနန်းတက်လာသည့်အခါ အရည်အသွေးကိုကြည့်၍ သီပေါမင်းတရား များစွာနှစ်သက်သောကြောင့် ရနောင်မြို့ကို အပိုင်စားစေ၍ လက်သုံးတော်ကြီးကိုင် မြောက်ထားဝယ်ဗိုလ်၊ ဝဲလှည့်ခေါင်း ခန့်တော်မူသည်။ သီပေါမင်းနန်းတက်၍ မင်းမှူးမတ်များအား ဘွဲ့မည်ရည်ပေးသောအခါ ရနောင်မောင်မောင်တုတ်အား "မဟာမင်းလှမင်းထင် စည်သူ" ရွှေဘွဲ့ချီးမြှင့်တော်မူသည်။ ရနောင်မောင်မောင်တုတ်သည် ရွှေနန်းတော်တွင်း၌ အချိန်မရွေး ကျောက်စည်ရွှေဓားကို လွယ်၍ ခစားရသည်။ ရွှေနန်းတွင်းအတွင်းတော်၌ လက်သုံးတော်ကြီး၊ လက်သုံးတော်ကလေးများသာလျှင် ရွှေဓားကိုင်၍ ခစားနိုင်သည်။ ရနောင်မောင်မောင်တုတ်၏ လက်အောက်တွင် လက်သုံးတော်ကြီးကိုင် (၁၂)ယောက်ရှိသေးသည်။ ၎င်းတို့သည် မြောက်ဘက်ထားဝယ်ဆောင်တွင် နေထိုင်၍ စောင့်ကြပ်ရသည်။ ထားဝယ်ဆောင်ဆိုသည်မှာ မှန်နန်းဆောင်နှင့် ကပ်လျက်ရှိသော အဆောင်ကို ဆိုလိုသည်။ ရနောင်မောင်မောင်တုတ်သည် အနားရွှေကြယ်ပွင့်ထိုး ကတ္တီပါစိမ်း ထိုင်မသိမ်း ဒူးအထိအရှည်ကို ဝတ်သည်။ ဘောင်ဘီအနားကွပ်အောက်ခံနှင့် အပေါ်က လွန်းပုဆိုးကို အောက်ပိုးကျိုက်ထားသည်။ ရွှေကျင်ခတ်ပဝါကိုလည်း ပေါင်းထားသည်။ သူ့အဝတ်အစားနှင့် သူ့ရုပ်ရည်မှာ မင်းသားရုပ်ပေါက်သည်။ အမှုထမ်းသားများ၏ ယာလက်ဖမိုးတွင် ခြင်္သေ့နီရုပ်ဆေးနီဖြင့် ထိုးမှတ်ထားသည်။ မောင်မောင်တုတ်သည် တိုင်တားမင်းကြီး၊ ကင်းဝန်မင်းကြီးတို့က အရေးပေးခြင်း ခံရသည်သာမက ဆင်ဖြူမရှင် မိဖုရားကြီးကိုယ်တိုင်က အရေးပေးခြင်း ခံရသဖြင့်လည်း ဩဇာကြီးသည်။ အတွင်းရေးကိစ္စများကို တိုင်ပင်သည့်အခါများ၌ မောင်မောင်တုတ် မပါလျှင်မပြီးသလောက် အရေးပေးခြင်း ခံရသည်။


မင်းတုန်းမင်း နာမကျန်းရှိတော်မူစဉ်အခါ မည်သူ့အား နန်းလျာထားမည်ဟု မှူးကြီးမတ်ရာများနှင့် ဆင်ဖြူမရှင်တို့ လျှို့ဝှက်စွာ တိုင်ပင်ကြစဉ်အခါကလည်း မောင်မောင်တုတ်သည် မိဖုရားတို့နှင့် အတူသည်။ ထို့နောက် သီပေါမင်သားသည် နန်းလျာအဖြစ် ရွေးကြပြီးသည့်နောက်တွင် ကြေးတိုက်အတွင်း အကျဉ်းချထားသော မင်းသားများအနက် သီပေါမင်းသားကို မောင်မောင်တုတ်သည် ပခုံးပေါ်တွင် ထမ်း၍ ထုတ်ယူလာသည်။ မင်းသားသည် ပဉ္စင်းဘဝမှ လူဘောင်ထွက်လာသည်မှာ ရက်မျှပင်မလည်သေးပေ။ ဘုမသိ ဘမသိ အဖမ်းခံလိုက်ရသည်တွင် ယခုအခါ မောင်မောင်တုတ်က ပခုံးပေါ်တင်၍ ထုတ်လာသည်ကို ကြေးတိုက်အပြင်ဘက်ရောက်မှ မေးမိသည်။ မောင်မောင်တုတ်က "အရှင်မင်းသား ဘုရင်ဖြစ်တော့မည် အမှန်ပါပင်၊ ဘုရင်ဖြစ်လာသည့်အခါ အရှင့်ကို အသက်ပေး၍ အမှုတော်ကို ထမ်းပါမည်။ အမှုတော်ထမ်းရာ၌ အမှားရှိချင်သော်လည်း ရှိပေမည်။ သို့သော် အရှင့်သား လက်နက်ဖြင့် ဒီတစ်သက်တွင် အသက်မသေစေရ ဟူသော ကတိကို ပေးတော်မူပါဘုရား" ဟူ၍ လျှောက်ထားသည်။ ရနောင် မောင်မောင်တုတ်အား သီပေါမင်းသားက "မောင်တုတ်တစ်သက်မှာ ငါ့လက်နက်နှင့် အသက်မသေစေရ" ဟူ၍ ကတိထားတော်မူဖူးသည်။ ပေါ့ပေါ့ဆဆ ထားသော ကတိမဟုတ်ပါပေ။ မောင်တုတ်အပေါ်ဘုရင်ကလည်း ကတိထားသည်နှင့် အမျှလည်း မောင်တုတ်က သီပေါဘုရင်ကလေးကို အသက်ပေး၍ ချစ်သည်။ သစ္စာရှိသည်။ သီပေါဘုရင်လေး၏ ရိုးသားစိတ်ကိုလည်း ကြည်ညိုမိသည်။ မောင်တုတ်သည် ဘုရင့်အတွက်ဆိုက အကယ်ပင် အသက်ပေးဝံ့သူလည်း ဖြစ်သည်။ သီပေါမင်းတရားသည် ထို့ကြောင့်ပင်လျှင် မောင်တုတ်အား ရနောင်မြို့ကို စားစေလျက် မင်းသား၏ အဆင့်အတန်းတွင် ထား၍ မင်းသား၏ အဆောင်အယောင်များနှင့်အတွက် မြှောက်စားတော်မူသည်။


ရနောင် မောင်မောင်တုတ်ကို တစ်နည်းအားဖြင့် ရနောင်မင်းသားဟု ခေါ်ရသည်။ အရှေ့ပွဲတက် အခမ်းအနားတွင်လည်း မောင်တုတ်သည် မင်းသားများ၏ နေရာတော်တွင် နေရသည်။ မင်း၏သားတော်၊ ညီတော်ပင် စစ်စစ်မဟုတ်သော်လည်း ဘုရင်မင်းမြတ် ချီးမြှင့်သူကောင်းပြုခြင်း ခံရသူဖြစ်၍ မင်းသားဟု ခေါ်ရသည်။ သီပေါမင်းတရား နန်းတက်ပြီးသည့်နောက်တွင် ရနောင်မောင်မောင်တုတ်သည် များစွာတန်ခိုးကြီးလာသည်။ နန်းတွင်းနန်းပြင်တွင် မောင်မောင်တုတ်၏ ဩဇာညောင်းကြသည်။ ထိုသို့အရေးပေးခြင်းခံရသည့်အထဲတွင် မိဖုရားခေါင်ကြီး စုဖရားလတ်နှင့်တကွ ဆင်ဖြူမရှင် မိဖုရားကြီးတို့ကပါ မောင်မောင်တုတ် မပါလျှင် မပြီးသလောက် အမှုကိစ္စတိုင်းတွင် မောင်တုတ်ကို တိုင်ပင်လေ့ရှိသဖြင့် တိုင်းပြည်ရှိ ဥပဒေများကိုပင် မောင်တုတ်က လက်တစ်လုံးခြား ကွေ့ရှောင်၍ မိမိထင်သလို ပြုတတ်လေသည်။ ဘုရင်မင်းမြတ်ပေးသနားတော်မူထားသော ဝင်းခြံကြီးအတွင်း အဆောင်ခန်းပေါင်းများစွာရှိသော အိမ်ကြီးတစ်လုံးတွင် မောင်မောင်တုတ်သည် မယားပေါင်း မြောက်မြားစွာနှင့် ကြီးစွာသော စည်းစိမ်ကို ခံစားနေလေသည်။ မယားများ တိုးတက်များပြားလာတိုင်း အိမ်ကြီးကို ချဲ့ထွင်၍ ဘေးပတ်ပတ်လည်တွင် အဆောင်ခန်းများက ထပ်မံတိုးချဲ့ဆောက်လုပ်ရသဖြင့် မောင်တုတ်၏အိမ်ကြီးမှာ အိမ်နှင့်ပင် မတူတော့ဘဲ အဝန်းအဝိုင်းကြီး ဖြစ်၍ မည်သည့်အဆောက်အဦးကြီး ဖြစ်သည်ကိုပင် ရုတ်တရက် မပြောနိုင်အောင် ရှိတော့သည်။

မောင်တုတ် နှင့် ဒိုင်းခင်ခင်[ပြင်ဆင်ရန်]

မောင်တုတ်သည် သီပေါမင်းကလေးအား အလွန်ချစ်ခင်၍ အသက်ပေးကာ အမှုတော်ကို ထမ်းဆောင်ပါမည် ဆိုသည့်အတိုင်းလည်း သီပေါမင်းအလိုရှိပါက ဘာမဆို မရ၊ ရအောင် ဆောင်ရွက်ပေးမည်ဟု ဆုံးဖြတ်ထားသူဖြစ်သည်။ ထို့ထက် သီပေါမင်းကို မှီ၍ မိမိ ဘုန်းတန်ခိုး တိုးတက်အောင်လည်း ကြံဆောင်လိုသည်။ သို့သော် သီပေါမင်း၏ ထီးနန်းကိုကား မမျှော်မှန်းခဲ့ချေ။ သီပေါမင်းကလေး၏ ရိုးသားသော အမူအကျင့် စိတ်နေသဘောထားကို မောင်တုတ်သည် များစွာ နှစ်ခြိုက်သည်။ မိဖုရားအခြံအရံတို့၏ အလယ်တွင် ဘုရင်မင်းမြတ်တို့၏ ခံစားအပ်သော စည်းစိမ်ဖြင့် မခံစားရဘဲ တစ်ဦးတည်း ပျင်းရိစွာ တစ်လင်တစ်မယားစနစ်ဖြင့် ငြီးငွေ့ဖွယ်ရာ ခံစားနေသော သီပေါမင်းသားကို သူကိုယ်ချင်းစာမိသည်။ ထို့ကြောင့်လည်း ဒိုင်းအတွင်းဝန်၏ သမီး ခင်ခင်လေး ခေါ်ဒိုင်းခင်ခင်နှင့် နီးစပ်အောင် မောင်တုတ်နှင့် သူငယ်ချင်း မောင်ဖေငယ်တို့က ကြံဆောင်ပေးသည်။ ဒိုင်းခင်ခင်သည် ဒိုင်းအတွင်းဝန် ဦးဘိုးကြီးနှင့် ဒိုင်းအတွင်းဝန် ကတော်တို့၏ သမီးမဟုတ်ပေ။ ဒိုင်းဝန်ကတော်၏ မောင်မှ ဖွားမြင်သည့် သမီးရင်းဖြစ်သောကြောင့် တူမတော်ဖြစ်သည်။ အစောင့်အရှောက် အခြံအရံများစွာ ထားသည့်ကြားထဲကပင် မောင်တုတ်သည် သီပေါမင်းကလေး၏ စိတ်ကို ဖျောင်းဖျဖို့ ကြံကြသည်။ ဤအချက်သည် အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ဆိုသလိုပင် မောင်တုတ်၏ ကံကြမ္မာကို ဖန်တီးလာသော အချက်ပင်ဖြစ်သည်။ မြို့ဝန်ရွှေလှံဗိုလ်ကလေး ဦးချုံ(ဒဂုန်ခင်ခင်လေး၏ စာဆိုတော် ဝတ္တု၌ ဦးချစ်ဟု ဆိုသည်)နှင့် မောင်တုတ်သည် မသင့်မတင့် ဖြစ်နေသည်မှာ ကြာလေပြီ။ ရွှေလှံဗိုလ်မင်း ဦးချုံသည်လည်း မောင်တုတ်ကဲ့သို့ပင် မယားများသူဖြစ်ပြီး သူ့မယား၊ ကိုယ့်မယား စည်းမစောင့်ကြဟု သိမှီသူများက မှတ်ချက်ချကြသည်။ အကြံတူ ရန်သူဟူသကဲ့သို့ပင် ဤအရေး၌ မောင်တုတ်နှင့် ရွှေလှံဗိုလ်တို့သည် တစ်ယောက်ကို တစ်ယောက် မနာလိုဝန်တိုဖြစ်သည်သာမက တစ်ခါတရံ မယားနှင့်ပက်သက်၍ လုဖော်လုဖက်လည်း ဖြစ်သည်ဟု ဆိုကြသည်။

မောင်တုတ် နှင့် ရွှေလှံဗိုလ်[ပြင်ဆင်ရန်]

သူတို့၏ သူရသတ္တိချင်းမှာလည်း သူမသာ ငါမသာပင်ဖြစ်သည်။ သို့သော် ဘုရင်မှစ၍ တစ်နန်းတော်လုံးက အရေးပေးခြင်းခံရသူမှာ မောင်တုတ်သာ ဖြစ်သည့်အတွက် ရွှေလှံဗိုလ်က အလျှော့ပေးလိုက်ရသည့် ကိစ္စများလည်း ရှိသည်။ ဤအချက်များကြောင့်လည်း ရွှေလှံဗိုလ်သည် မောင်တုတ်၏အပေါ်တွင် များစွာ အခဲမကျေ ဖြစ်ခဲ့လေသည်။ များမကြာမီ ထောင်ထမှုတစ်ခုဖြစ်ပွားသည်။ ရန်လင်း၊ ရန်ကင်း၊ ဓားပြညီနောင်တို့ကို နေဝင်ဖြိုးဖျအချိန်တွင် အမှတ်မထင် ထောင်ထ၍ ဆူညံစွာ သေနတ်မီးပေါက်များ ပစ်ခတ်ပြီး ရန်လင်း၊ ရန်ကင်းတို့ ထောင်မှလွတ်ထွက်သွားကြသည်။ (ထောင်ထ၍ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာတွင် ၉၉ ဦး သေသည်။ ထောင်တစ်ဝိုက် သွေးချင်းချင်းနီသည်ဟု ဆိုသည်။) ရွှေလှံဗိုလ်သည် ဤအရေးကိစ္စတွင် များစွာကြိုးပမ်း၍ ဓားပြများကို ပြန်လည်မိအောင် ကြိုးစားသော်လည်း မရလိုက်ပေ။ ထို့ကြောင့် တစ်နေ့သောအခါတွင် ရနောင်မောင်မောင်တုတ်က ရွှေလှံဗိုလ်ထံ စာပေး၍ ခေါ်သည်ဟု ဆိုသည်။ ရန်လင်း၊ ရန်ကင်းတို့ကို သူဖမ်းဆီးမိထားပြီး ဖြစ်၍ မြို့ဝန်မင်းအိမ် ကြွခဲ့ပါ။ တိုင်ပင်လိုသည်ဟု ဆိုသည်။ ရွှေလှံဗိုလ်သည် အတော်အတန် စဉ်းစားပြီးမှ သွားရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ မသွားလျှင်လည်း ကြောက်ရွှံ့ရာကျမည်။ သွားပြန်ကလည်း မောင်တုတ်က တစ်နည်းနည်းဖြင့် ရန်စမည်ကို သူသိသည်။ သို့သော် ယောက်ျားကောင်း၏ သတ္တိကို ပြလို၍ မောင်တုတ်၏ ဖိတ်ကြားချက်ကို လက်ခံလိုက်သည်။

မောင်တုတ်၏အိမ်သို့ ရောက်သောအခါ မောင်တုတ်၏ ရဲဘော်ရဲဘက်များသည် လက်ပြန်ကြိုးတုတ်ထားသော ဓားပြဗိုလ်ရန်လင်းကို ဧည့်ခန်းဆောင်သို့ ထုတ်ယူလာသည်။ ရွှေလှံမြို့ဝန်သည် များစွာ အံ့အားသင့်နေခိုက် ရာဇဝတ်ကောင်ကို ကြမ်းပေါ်သို့ ပက်လက်ထား၍ ချုပ်ကိုင်ထားစေပြီး ဝမ်းဗိုက်ကိုခွဲကာ အူကိုထုတ်သည်။ ထို့နောက် 'ရေဆေးမနေနဲ့ ပြုတ်ပြီးယူခဲ့' ဟု အဆောင်ကိုင်ကို မှာလိုက်သည်။ ထိုအတောအတွင်း အခြားစကားတစ်လုံးစ နှစ်လုံးစကို ပြောရင်း လူအူသုပ်သည် မည်သည့်အရသာနှင့်မျှမတူကြောင်း ထို့ကြောင့် ယနေ့ည ရွှေလှံမြို့ဝန်မင်းအား လူအူသုပ်ဖြင့် ဧည့်ခံလို၍ ရာဇဝတ်ကောင်ကို ညနေကပင် ရှာထားရကြောင်း ပြောပြကာ သူတိုင်ကိုင် စားပြသည်။ ရွှေလှံမြို့ဝန်အားလည်း စားစေသည်။ ရွှေလှံမြို့ဝန်ကား မစားပေ။ အတန်ကြာ၍ စကားစမြည်ပြောပြီးမှ ရွှေလှံမြို့ဝန်သည် မောင်တုတ်အိမ်ပေါ်မှ ဆင်းသည်။


ဤကား မောင်တုတ်သည် ရွှေလှံမြို့ဝန်ကို ဦးကျိုးအောင်ချိုးသည့် ပရိယာယ်တစ်မျိုး ဟူ၍ပင် ဆိုရပေမည်။ လူအူအစစ် ဟုတ်မဟုတ်ကိုကား အမှန်မပြောနိုင်ပေ။ သို့သော် မိမိ၏ ရန်သူတစ်ယောက်ဖြစ်ပြီး မိမိအား အင်အားပြိုင်လိုသော လူတစ်ယောက်အား လှလှကြီး ဦးချိုးလိုက်သောကြောင့် ဤသို့ ပြုလေသလောမသိရပေ။ ယင်းကိစ္စနှင့် ပတ်သက်၍လည်း ရွှေလှံမြို့ဝန်သည် မောင်တုတ်အပေါ် များစွာမှပင် မကျေနပ်လှချေ။ ဤသို့ အိမ်သို့ ခေါ်၍ စော်ကားလိုက်ခြင်း၊ မိမိသိမ်းပိုက်မည့် မယားကို အတင်းလုယူခြင်း စသော မောင်တုတ်၏ အပြုအမူများကို မိမိထက် တန်ခိုးကြီးနေသူဖြစ်၍သာ ခံလိုက်ရပေသည်။ စိတ်ထဲ၌ကား အခဲမကျေလှဘဲ တစ်နေ့အလှည့်ကြုံ လျှင် ငါ့အကြောင်းသိစေရမည် ဟူ၍သာ ကြုံးဝါးနေရလေတော့သည်။

မောင်တုတ် နှင့် တောင်သမန်စား[ပြင်ဆင်ရန်]

ရနောင် မောင်မောင်တုတ်နှင့်အတူ နန်းတော်က မြှောက်စားခြင်းခံရသူမှာ ရွှေတိုက်စိုး၊ စီးတော်မြင်းဝန်၊ တောင်သမန်စား မောင်ဖေငယ်တို့ ဖြစ်သည်။ မောင်ဖေငယ်နှင့် မောင်တုတ်တို့မှာ ရောင်းရင်းဘက်ဖြစ်သည့်အတိုင်း တစ်ဦးနှင့်တစ်ဦး များစွာရင်းနှီးချစ်ခင်ကြသည်။ တိုင်ပင်ဖော် တိုင်ပင်ဖက်လည်းဖြစ်သည်။ တောင်သမန်စားသည် ကဗျာအဖွဲ့အနွဲ့၌လည်း ကျွမ်းကျင်သဖြင့် သီပေါဘုရင်ကလေး စာဆိုတော်လည်း ဖြစ်သည်။

ဘုရင့်နောင်အလား[ပြင်ဆင်ရန်]

ရနောင်မောင်မောင်တုတ် တန်ခိုးကြီးလာချိန်တွင် မောင်ဖေငယ်သည်လည်း မောင်တုတ်ကိုပင် မှီခိုရတော့မလို ဖြစ်လာသည်။ ရနောင်၏ နောက်လိုက်များနှင့် ရနောင်ကို အားကိုးလိုသောသူများ၊ ရနောင်နှင့် ကျေးဇူးမကင်းသူများသည် ရနောင်ကို ပိုမိုအထင်ကြီးအောင် မြှောက်ပေးကြသည်။ ရနောင်မောင်မောင်တုတ်သည် သီပေါဘုရင်ထက် အသက် (၁၀)နှစ်ခန့်ကြီးသည်။ ထို့ကြောင့် ဘုရင်မင်းကလေးကလည်း အစစအရာရာတွင် ရနောင်မပါလျှင် မပြီးသကဲ့သို့ အတွင်းရေးများကိုပါ တိုင်ပင်လေ့ရှိသဖြင့် တောင်ငူခေတ်က တပင်ရွှေထီး၏ အထိန်းတော်သား ဘုရင့်နောင်နှင့်တူသည်ဟု ပြောကြသည်။ ဤကဲ့သို့ပင် ဘုရင့်နောင်၏အချိုးကို မောင်တုတ်က ချိုးနေသည်ဟု စွပ်စွဲသူများကလည်း စွပ်စွဲနေကြသည်။ တပင်ရွှေထီးအစ်မ ခင်ခင်ကြီးနှင့် ဘုရင့်နောင်တို့ လက်ဆက်ပြီးနောက် တပင်ရွှေထီး၏ ထီးနန်းကိုပင် ဘုရင့်နောင်က ဆက်ခံခဲ့သည့်အတိုင်း ယခုလည်း ရနောင်မောင်မောင်တုတ်သည် ဘုရင့်နောင်လုပ်ချင်သည်ဟု ဆိုကြသည်။ သီပေါဘုရင်ကလေးတွင် အစ်မတော် ပခန်းကြီးစုဘုရားနှင့် နှမတော် မိတ္ထီလာစုဘုရား တို့ရှိနေသည်။ ဘုရင်ကလေးသည် မောင်တုတ်နှင့် တိုင်ပင်ရာ၌ သင့်သည်မသင့်သည် အရေးမဟုတ်၏ မောင်တုတ်၏ ဆုံးဖြတ်ရာကိုသာ လုပ်လေ့ရှိသည်ဟုလည်း ဆိုကြသည်။ ထိုအခါ မောင်တုတ်သည် တောင်ငူခေတ်၏ တပင်ရွှေထီးရာဇဝင်ကို စုဆောင်းလေ့လာသည်။ မောင်တုတ်၏အိမ်တွင် ပွဲလမ်းသဘင်များခံရာ၌ တောင်ငူရာဇဝင် တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့၏ ဇာတ်လမ်းကိုပင် ကပြစေခဲ့သည်။ မောင်တုတ်ကို အားပေးအားမြှောက်ပြုနေသော တောင်သမန်စား မောင်ဖေငယ်ကလည်း အောက်ပါဘုရင့်နောင်၏ တေးထပ်ကို ရေးစပ်၍ မောင်တုတ်၏ဘဝ မြင်စေသည်။

'ခ ပေါင်းရေစမ်းငဲ့ရယ်နှင့်၊ သန်းရွှေထု သခင်၊ နန်းကေတုပလ္လင်ဝယ်၊ တဘုရင်ရွှေထီး။
ပင်တိုင်နတ်လှမနော်၊ အမတော်နန်းလုံဆီမီး၊ ရဲထွဋ်ဟု တစ်ကိန်းပေါ်၊ တစိမ်းနော်မနီး၊
အထိန်းတော်ကြီးနှင့်၊ ဇနီးမြတ်လွန်သော်၊ ဖွားဘက်တော်လူကလေးရယ်လို့၊ ကောက်ယူမွေးနန်းထက်မှာပျော်။
လူရည်ဝစန်းလဂ်ပေါ်လျှင်၊ ကွမ်းဆက်တော်ဝင်ပြီးမှ တပင်ရွှေထီးအမပျို၊ ရလိုကြောခို၊ ဆင်ဖြူရှင့်စံထုံးဆိုလျှင်၊ ကံဘုန်းကိုသိဖူးဖျော့လေး'


ညစဉ်ညတိုင်း ရနောင်မောင်တုတ်၏အိမ်မှ တခြိမ့်ခြိမ့်ခံနေသော အငြိမ့်သံပွဲများကို ဆူညံစွာ ကြားရသည်။ တောင်တွင်းကြီးမှဆင်ဖြင့် တင်ခိုးလာခဲ့သော အငြိမ့်မင်းသမီး၊ ရနောင်၏ မယားတစ်ယောက်ဖြစ်သူ ဆင်ခိုးမလေးကလည်း ဤတေးထပ်ဖြင့် ရနောင်အား အဆိုတော်ဆက်ရသည်မှာ အကြိမ်ပေါင်းများလှချေပြီ။ ရနောင်နှင့် မောင်ဖေငယ်တို့သည် ဘုရင်ကလေးထံသို့လည်း အမြဲခစားဝင်၍ ဘုရင်ကလေး၏ အကြိုက်ကို အမြဲဆောင်ကြဉ်းပေးခြင်းဖြင့် မျက်နှာရအောင်ပြုသည်။ ဒိုင်းခင်ခင်နှင့် ဘုရင်ကလေးတို့ တွေ့ဆိုင်နိုင်ဖို့အရေးကိုလည်း အထောက်တော်အထပ်ထပ် အစောင့်အရှောက် အယှက်ယှက်တို့၏ကြားမှ စွန့်စား၍ ပို့ဆောင်ပေးသည်။ သီပေါဘုရင်ကလေး၏ စိတ်ထဲတွင် လောကစည်းစိမ်ဟူသမျှကို အမျိုးသမီးချောလေးများ၏အကြောင်းကို အခွင့်ရပါက စီကာပတ်ကုံး တင်လျှောက်ကြသည်။ နန်းတော် 'ပန်းကြာဝတ်မှုံ' ပြဇာတ်ကိုပင် တင်ဆက်စေသည်။

အကျဉ်းကျခံရ[ပြင်ဆင်ရန်]

သို့ဖြင့် မီးရှူးသန့်စင်တော်မူပြီး၍ မိဖုရားခေါင်ကြီး ကျန်းမာတော်မူလာပြီးနောက် ညအခါ တောင်ဥယျာဉ်အတွင်း၌ ဒိုင်းခင်ခင်နှင့် သီပေါဘုရင်တို့ ပွေ့ဖက်ချစ်ကြည်နေသည်ကို မိဖုရားကြီးကိုယ်တိုင် ပက်ပင်းတွေ့ရလေသည်။ မိဖုရားကြီးသည် ရနောင်မောင်မောင်တုတ်အား အခဲမကျေ ဖြစ်လာသည်။ ဤလက်ချက်သည် ရနောင်မောင်မောင်တုတ်၏ လက်ချက်ပင်ဖြစ်သည်ကိုလည်း သိနေသည်။ ထို့ကြောင့် ရနောင်မောင်မောင်တုတ်၏ အကြောင်းကို အမြဲစုံစမ်းစေသည်။ မကြာမီ နန်းတော်တံခါးလေးပြင်လေးရပ်တို့၌လည်း တိုင်းသူပြည်သားများအဖို့ မင်းတရားစည်းတားသကဲ့သို့ တိုင်းပြည်ဆိုးသွမ်းဟော့ရမ်း အကျင့်တန်သော မင်းမှူးမတ်တို့အကြောင်း လျှို့ဝှက်စာများ ပေးလိုပါက ပေးနိုင်ရအောင် ရွှေသေတ္တာကြီးများကို ချထားသည်။ ထိုသေတ္တာများအတွင်းမှ ရနောင်မောင်တုတ်သည် တိုင်းပြည်၌ ဟော့ရမ်းဆိုးသွမ်းနေရုံမက ထီးနန်းကိုပင် လုယူရန် ကြံရွယ်နေကြောင်း လျှို့ဝှက်စာများ ရလာသည်ဟု ဆိုသည်။ ထိုစာများအရ မိဖုရားခေါင်ကြီးနှင့် တိုင်းတားမင်းကြီး၊ ရွှေလှံဗိုလ်တို့ ပူးပေါင်း၍ ရနောင်မောင်မောင်တုတ်ကို ဖမ်းဆီး၍ ထောင်သွင်း အကျဉ်းချထားလိုက်သည်။ ရနောင်မောင်မောင်တုတ်နှင့်အတူ တစ်ပြိုင်နက်အဖြစ် အဖမ်းခံရသူများမှာ လက်သုံးတော်ငယ်ကိုင် မောင်မောင်လတ်၊ ငွေခွန်မှူး မောင်မောင်၊ ဘုန်းတော်တိုးဗိုလ်ပေါ်ညွန့်၊ နတ်ရှင့်လူတော် ဗိုလ်ဘိုးမောင်၊ နတ်ရှင့်ရဲတင်းဗိုလ်မှန်၊ နတ်ရှင်ဗိုလ်ညို၊ သံတော်ဆင့်မောင်စော၊ မြို့စာရေးကံကော်၊ ဗြဲတိုက်သံတော်ဆင့်မောင်တုတ်၊ ပန်းဘဲစာဘိုးအို စသော ရနောင်မောင်တုတ်၏ အပေါင်းအပါများဖြစ်သည်။


ရနောင်မောင်တုတ်နှင့် ပြိုင်ဘက်ဖြစ်သော ရွှေလှံမြို့ဝန်မင်း ဦးချုံသည် မောင်တုတ် ဤကဲ့သို့ဖြစ်ရသည်ကို ကျိတ်၍ ဝမ်းသာနေမိတော့သည်။ တစ်နေ့တွင် မောင်တုတ်သည် တစ်နည်းနည်းဖြင့် ငါ၏လက်ထဲရောက်ရမည်ဟု အခဲမကျေနိုင်သော ဦးချုံသည် လူအူသုပ်နှင့် လက်ဖက်ရည်သောက် ဖိတ်သည်ကိုလည်း အမြဲတစေ သတိရနေမိသည်။ သို့သော် သီပေါမင်းကိုယ်တိုင်က 'မောင်တုတ်တစ်သက် ငါ့လက်နက်နှင့် မသေစေရ'ဟူသော ကတိထားရုံတွင်သာမက မှူးမတ်ပေါင်းစုံညီသည့် ဘွဲ့မည်ရည် အဆောင်အယောင်ပေးသည့်နေ့က မိန့်တော်မူချက်ကိုလည်း ပြန်လည် သတိရနေမိသည်။


ထိုစဉ် သီပေါမင်းသည် ရနောင်မောင်တုတ်၏ အိမ်သို့ မင်းချင်းများကို လွှတ်၍ ပြစ်မှုအတွက် သက်သေအထောက်အထားများကို ရှာခိုင်းသည်။ ပစ္စည်းတစ်ခုတည်းနှင့်ပင် ရနောင်မောင်တုတ်ကို သေဒဏ်ပေးနိုင်လေသည်။ သူ၏ အိပ်ခန်းထဲ၌ ရွှေများ ဝင်းအောင်ခြယ်သထားသည့် ရွှေသလွန်တစ်ခုကို တွေ့ရသည်။ ယင်းရွှေသလွန်မှာ ရှင်ဘုရင်များသာ အသုံးပြုခွင့်ရှိသည့် ရွှေသလွန်ဖြစ်သည်။ ထို့နောက် မင်းတရားထံ သံတော်ဦးတင်လိုက်ကြသည်။ သူတို့ဆင်ထားသည့် အကွက်များကလည် ပိပိရိရိရှိလှသည်။ အလွယ်တကူ သီပေါဘုရင် ယုံကြည်သွားဟန်တူသည်။ သီပေါဘုရင် မိမိရဲ့နောင်တော်တမျှ ချစ်ခင်အားကိုးခဲ့သော ရနောင်မောင်မောင်တုတ်အား မည်သို့ အပြစ်ပေးရန် စဉ်းစားနေစဉ် မိဖုရားခေါင်ကြီး စုဖုရားလတ်သည် ဤအရေး၌ မိမိအား အားသွန်ခွန်စိုက် ကူညီခဲ့သော တိုင်တားမင်းကြီး၏အလို ဖြည့်ဆည်းသည့်အနေဖြင့် ၎င်း၏တူတော်သူ ဗိုလ်မင်းကျော်ကို တောင်ထားဝယ်ဗိုလ် လက်သုံးတော်ကိုင် ရနောင်မောင်မောင်တုတ်အရာကျလျှင် ၎င်းနေရာ၌ ခန့်ထားရန် ကတိပေးခဲ့သည်။ လက်သုံးတော်ကိုင်အဖြစ်ကမူ မိဖုရားခေါင်ကြီး အထူးစိတ်ချတော်မူသော မင်းထင်ရာဇာဆိုသူအား ခန့်အပ်ရန် စီစဉ်ထားသည်။ သည်လို ကတိပေးထားသည်ဆိုကတည်းကပင် ရနောင်မောင်တုတ်ကို စုဖုရားလတ်နှင့် တိုင်တားမင်းကြီးတို့သည် နဂိုကပင် အပြတ်ရှင်းဖို့ စီစဉ်ထားဟန်တူသည်။


ဤသို့ ရနောင်မောင်မောင်တုတ် အဖမ်းခံရပြီးနောက် မကြာခင်မှာပင် ဗန်းမော်တွင် ရောက်နေပြီး အရာအချခံထားရသည့် တောင်သမန် မောင်ဖေငယ်ကို ဗန်းမော်၌ပင် အဆုံးစီရင်လိုက်ကြသည်။ ထိုစဉ် အခြေအနေအရပ်ရပ်ကို နားလည်ပြီးထား ရှိဟန်တူသည့် တိုင်တားမင်းကြီးက ရနောင်မောင်မောင်တုတ်၏ အခြေအနေကို မေးမြန်း၍ ရွှေလှံမြို့ဝန်မင်းအား သတိပေးစကား ပြောလိုက်သည်။ 'မောင်မင်း လုပ်ရမယ့်အလုပ်တွေ ဘာကြောင့် ဖင့်နှေးနေရသလဲ၊ ဟိုက ဘုရင်မင်းတရားကြီး စိတ်ပြေလို့ လွှတ်စေဆိုရင် မင်းသေမယ်သာပြင်ပေတော့' ဟု ပြောလိုက်ရာ ရွှေလှံဗိုလ်မြို့ဝန်သည် အထိတ်ထိတ်အလန့်လန့် ဖြစ်သွားသည်။ ထို့နောက် တိုင်တားမင်းကြီးကို နှုတ်ဆက်ပြီး လက်မရွံ့ထောင်ကြီးထဲသို့ဝင်၍ လူအလစ်တွင် သူကိုယ်တိုင် မောင်တုတ်၏ လည်ပင်းသို့ လှံဖြင့် ထိုးသတ်လိုက်သည်။ ပြီးမှ မောင်မောင်တုတ်သည် ချုပ်ခန်းထဲ၌ သူ့ကိုယ်သူ ကပ်ကြေးဖြင့် သတ်လေဟန် အကွက်ဆင်ထားခဲ့သည်။ ဤသို့ဖြင့် ရနောင်မောင်မောင်တုတ်သည် ဘဝနိဂုံးချုပ်ငြိမ်းသွားခဲ့ရလေသည်။ သို့သော် သူသည် ဆင်းရဲသော ပြည်သူပြည်သားများအပေါ်၌ မိမိတတ်နိုင်သမျှ ပေးခဲ့ကမ်းခဲ့ ကျွေးမွေးခဲ့သည်။ ထင်ထင်ရှားရှား ပြစရာဟူ၍ ဘုရားကျောင်းကန်များ မလှူနိုင်ခဲ့ချေ။ သူ့ညီဖြစ်သူ ပင်းသာမြို့စား မောင်မောင်ပြောင်းကမူ မဟာမုနိဘုရားကြီးတိုက် အာနန္ဒာဘုရား အရှေ့ဘက်တွင် ပင်းသာကျောင်းဟူသော ကျောင်းကြီးတစ်ကျောင်း လှူဒါန်းခဲ့သေးသည်။ ဘုရားစေတီများလည်း အများအပြားလှူဒါန်းခဲ့သည်။

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

ကျမ်းကိုးစာရင်း

  • မောင်သန်းဆွေ(ထားဝယ်)၏ ကုန်းဘောင်ရှင်းတမ်း။
  • မောင်ဖေငယ် ရနောင်မောင်မောင်တုတ် ရန်ကုန်၊ တင်ဆွေစာပေတိုက်၊ ပ-ကြိမ်၊ ၁၉၇၅ ခု။
  • မြကေတု 'ရနောင်မောင်မောင်တုတ်' မြဝတီ မဂ္ဂဇင်း၊ စာ-၅၆၊၆၃။
  • တက္ကသိုလ်နန္ဒမိတ် 'ရနောင်မောင်မောင်တုတ်' မြဝတီ မဂ္ဂဇင်း၊ စာ-၉၇၊၁၀၂။