သာယာဝတီမင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
သာယာဝတီမင်း
[[Image:|200px]]
(၁၈၃၇-၁၈၄၆)
နန်းသက် ၅နှစ်
အမည်အပြည့်အစုံ
ငယ်မည် မောင်ခင်
ဘွဲ့အမည် သိရီပဝရာဒိတျ လောကာဓိပတိ ဝိဇယမဟာဓမ္မရာဇာဓိရာဇာ
အမည်ကွဲ ရွှေဘိုမင်း၊ ကုန်းဘောင်မင်း
နံတော်
မွေးဖွားသည့်နေ့
မွေးရာဇာတိ
ဖခမည်းတော် သတိုးမင်း​စော
မယ်တော်
ကိုးကွယ်သည့်ဘာသာ
ကြင်ရာတော်
နန်းစံရာ နေပြည်တော် အင်းဝအမရပူရ
နတ်ရွာစံသည့်နေ့
နတ်ရွာစံသည့်နေရာ
မြှုပ်နှံရာနေရာ
ဆက်ခံခဲ့သောမင်း ဘကြီးတော်မင်း
ဆက်ခံမည့်မင်း ပုဂံမင်း
မင်းဆက် ကုန်းဘောင်မင်းဆက် ၈ ဆက်မြောက်မင်း


သာယာဝတီမင်း (ခေါ်) ရွှေဘိုမင်း (ခေါ်) ကုန်းဘောင်မင်း(၁၈၃၇-၁၈၄၆) သည် ကုန်းဘောင်မင်းဆက်၏ ၈ ဆက်မြောက်မင်းဖြစ်သည်။ နန်းတက်ဘွဲ့မှာ သိရီပဝရာဒိတျ လောကာဓိပတိ ဝိဇယမဟာဓမ္မရာဇာဓိရာဇာ ဖြစ်သည်။ ငယ်မည်မှာ မောင်ခင်ဖြစ်သည်။ နောင်တော် ဘကြီးတော်မင်းကို ရွှေဘိုမှ ပုန်ကန်၍ နန်းတက်ခြင်းဖြစ်သည်။ ပုန်ကန်ရသည့်အကြောင်းရင်းမှာ နောင်တော်စိတ်မမှန်ဖြစ်နေသည်ကြောင့် တစ်ကြောင်း၊ နန်းတွင်းပြိုင်ဘက်ဖြစ်သည့် နန်းမတော်မယ်နုနှင့် ၄င်း၏အစ်ကိုဖြစ်သူ စလင်းမင်းသားကြီးမောင်အိုတို့၏ ဖိအားများကြောင့်တစ်ကြောင်းဖြစ်သည်။ ထို့ကြောင့် နန်းတက်လျှင် နောင်တော်နှင့် မယ်နုတို့ကို ကွပ်မျက်ခြင်းမရှိဘဲ အကျယ်ချုပ်ဖြင့် ကောင်းစွာနေစေသည်။ မောင်အိုနှင့် အပေါင်းအပါများကိုမူ ထောင်သွင်းအကျဉ်းချခဲ့သည်။ ထိုအထဲတွင် မြဝတီ ဝန်ကြီး ဦးစတစ်ယောက်လည်းပါဝင်ခဲ့သေးသည်။ သို့သော် နောက်ပိုင်းတွင် ကုန်းဘောင်နေဝန်း အစချီသော လင်္ကာကို ရေးစပ်ကာ ဆက်သခဲ့သည့်အတွက် အကျဉ်းမှလွတ်သည်။ နောင်တော်၏ သားဖြစ်သူ ညောင်ရမ်း(စကြာ)မင်းသားကို သားတော်များနှင့် တန်းတူထားကာမင်းသားကြီးအဆင့်ပေးသော်လည်း တစ်နှစ်ခန့်အကြာတွင် ပုန်ကန်ရန် ကြံစည်သည်ဟုဆိုကာ ရေချကွပ်မျက်သည်။ သုံးနှစ်ခန့်အကြာတွင် မယ်နုက ထောင်တွင်းမှ အစ်ကိုဖြစ်သူနှင့် အပေါင်းအပါများကို နန်းလုရန်ရည်ရွယ်ချက်ဖြင့် ပြန်လည်ကာဆက်သွယ်သည်ဟု ကြားပြန်သဖြင့် မယ်နုရေချကွပ်မျက်ကာ ဦးအိုနှင့် အပေါင်းအပါ ၁၁ယောက်ကို ထောင်တွင်းတွင်ပင် သတ်စေသည်။ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ၏ ရလာဒ်ဖြစ်သော ရန္တပိုစာချုပ်ကို လုံးဝအသိမှတ်ပြုခြင်းမရှိခဲ့ပေ။ ရန်ကုန်ထိ တပ်များစေလွှတ်ကာ အင်အားပြသစေသည်။ မင်းသားဘဝက အင်္ဂလိပ်သံတမန်တို့ကို ကောင်းစွာလက်ခံတွေ့ဆုံသော်လည်း မင်းအဖြစ်ရောက်ပြီးနောက် ကောင်းမွန်သောဆက်ဆံရေးထူထောင်ရန် မကြိုးပမ်းတော့ချေ။

နန်းတော်ကိုလည်း အမရပူရသို့ ပြန်လည်ရွှေ့ပြောင်းသည်။ အင်းဝတွင် အလွန်ပြင်းထန်သည့် ၁၈၄၁ ငလျင်ကြီးကြောင့် ဆိုးဝါးစွာပျက်ဆီးသွားရပြီဖြစ်သည်။နောက်ပိုင်းတွင် လောကီဆိုင်ရာ ပညာရပ်များကိုလိုက်စားကာ စိတ်မူမမှန်တော့သည့် အဖြစ်သို့ရောက်ရရှာသည်။ ထိုအချိန်များအတွင်း နန်းတွင်းတွင် မိဖုယားခေါင်ကြီး ကျပင်းမင်းသမီးနှင့် သားတော်ပုဂံမင်းသားတို့က လွှမ်းမိုးကြသည်။ ၄င်းတို့၏လက်ချက်ဖြင့် မိဖုရား မမြကလေး(လှိုင်ထိပ်ခေါင်တင်၏ မယ်တော်) ၊ ပုန်ကန်သူ သားတော်ကြီးပြည်မင်းသား(သာယာဝတီမင်း၏ အချစ်ဆုံးသားတော်၊ သာယာဝတီမင်းကိုယ်တိုင်က အစ်ကိုကြီးဟု ချစ်စနိုးခေါ်လေ့ရှိသူ) နှင့် အရေးပါသူများကို မင်းမိန့်ဟုဆိုကာ ကွပ်မျက်ခဲ့ကြသည်။ ပြည်မင်း၏ ညီတော်ရင်း ပခန်းမင်းသားမှာမူ လေနာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ သာယာဝတီမင်းကိုယ်တိုင် စိတ်ဖောက်ချိန်တွင် လှံဖြင့်ထိုးသဖြင့် ယောမင်းကြီးဦးဖိုးလှိုင်၏ဖခင် ယင်းတောဝန်ကြီး ကွယ်လွန်ရရှာသည်။ သာယာဝတီမင်းကိုမူ ကြေးပြသာဒ်ဟု သမုတ်သော ကြေးတိုက်တွင်ချုပ်ထားခဲ့ကြသည်။ အနားတွင်မူ မထင်မရှားသားတော်တစ်ပါးဖြစ်သည့် တရုတ်မျှော်မင်းသားကသာ စောင့်ရှောက်ခဲ့သည်။ နောက်ပိုင်းတွင် တရုတ်မျှော်မင်းသားပါ ကွပ်မျက်ခံရသည်။ မင်းတုန်းမင်းသားကိုမူ လွှတ်တက်မင်းသားကြီးအဖြစ် ဟန်ပြတင်ထားခဲ့သည်။ သာယာဝတီမင်း နန်းသက် ၉နှစ်အကြာတွင် နတ်ရွာစံရာ သားတော် ပုဂံမင်း နန်းတက်သည်။

  • အချို့သမိုင်းဆရာများက သားတော်ပုဂံမင်းသား လုပ်ကြံသည်ဟုလည်းဆိုသည်။

သာယာဝတီမင်း(မြန်မာ ၁၁၄၈−၁၂ဝ၈)[ပြင်​ဆင်​ရန်​]

ကုန်းဘောင်မင်းဟူ၍လည်းကောင်း၊ ရွှေဘိုမင်း ဟူ၍လည်းကောင်း၊ ထင်ရှားသော သာယာဝတီမင်းသည် ကုန်းဘောင်ရှစ်ဆက်မြောက်မင်းဖြစ်သည်။ အင်းဝမြို့မှ အမရပူရမြို့သို့ ပြောင်းရွှေ့၍ ဒုတိယကြိမ် ထပ်မံတည်တော်မူသဖြင့် အမရပူရဒုတိယမြို့တည် နန်းတည် မင်းတရားကြီးဟုလည်းခေါ်တွင်သည်။ အမရပူရ ပထမမြို့တည် နန်းတည် ဘိုးတော်ဘုရား၏ သားတော်ကြီး မဟာဥပရာဇာအိမ်ရှေ့မင်းကြီးနှင့် ပထမအိမ်ရှေ့မိဖုရားတို့၏ သားတော် လေးပါးအနက် ၁၁၄၈ ခုနှစ် တပေါင်း လပြည့်ကျော် ၁ဝ ရက်ညဉ့်တစ်ချက်တီးကျော် ၁၁ ရက်ဗုဒ္ဓဟူးနေ့သို့အဝင်ဖွားမြင်တော်မူသော ဒုတိယ အငယ်ဆုံး သားတော်ဖြစ်သည်။

သာယာဝတီမင်း ခေါင်းလောင်း

ရတနာပူရစတုတ္ထမြို့တည် ဘကြီးတော်မင်းတရားကြီး၏ ညီတော်ရင်းလည်းဖြစ်သည်။ ဘိုးတော်နောင် တော်တို့လက်ထက်သရက်၊ သာယာဝတီမြို့များကိုကံကျွေးခံရပြီးလျှင် အထွတ်အထိပ် ရောက်သောအခါ သာယာဝတီမင်းဟုတွင်သည်။ ဘထွေးတော် ပြည်မင်း၊ တောင်ငူမင်းများနှင့်လွှတ်တက်၍ စီရင်ရသည်။ သက်တော် ၂၃ နှစ်တွင် ဘထွေးတော် ပုဂံဘုရင်ခံသမီးတော် ကျပင်းမင်းသမီးနှင့်စုံဖက်တော်မူသည်။ သာယာဝတီမင်း၏ ငယ်မည်ကား မောင်ခင်တည်း။

၁၁၉၆ ခုနှစ်တွင်ဘကြီးတော်မင်းတရားကြီး ကိုယ်တော် ကျန်းခန့်တော်မမူသောအခါ နိုင်ငံအုပ်ချုပ်ရေးကို မိဖုရားခေါင်ကြီးနှင့် မောင်တော်စလင်းမြို့စားမင်းသားတို့အား လွဲအပ် ထားခိုက် စလင်းမြို့စားနှင့်အပေါင်းပါတို့က သာယာဝတီမင်းသားအပေါ် မှုခင်းရှာကြံ၍အိမ်တော်ကိုဝိုင်းသောကြောင့် သာယာဝတီမင်းသားသည် ၁၁၉၈ ခုနှစ်တွင် ရွှေဘိုသို့ နောက်တော်ပါများနှင့် အတူထွက်ခွါ၍ အခိုင်နေလေသည်။

နောင်တော်မင်းတရားကြီးကလည်း တပ်များစေလွှတ်၍တိုက်ခိုက်စေသည်။ သို့ရာတွင် သာယာဝတီ မင်းသားတပ်များကသာ အောင်လျက်ရှိသည်။ ညီတော် နောင်တော်ရင်းတို့ စိတ်ဝမ်းမကြည်ရှိကြသည်ကို အင်္ဂလိပ် ကိုယ်စားလှယ် မေဂျာဗားနေး(မယ်စယ်ဘော်ရနီ)သည် သာယာဝတီမင်းသားရှိရာ ရွှေဘိုသို့လိုက်သွားဖြန်ဖြေသော်လည်း အရေးမရသဖြင့် ဆရာတော်များကြွရောက်ဖြန်ဖြေစေ့စပ်ရသည်။ မကျန်းမမာဖြစ်နေသော နောင်တော်မင်းတရားကြီးသည် စလင်းမင်းသားနှင့်အပေါင်းပါတို့ကို ညီတော် သာယာဝတီ မင်းသားအားပေးအပ်၍ ၁၁၉၉ ခုနှစ်ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင်ထီးနန်းကိုပါ လွှဲအပ်လေသည်။ ယင်းသို့ ကုန်းဘောင်ရွှေဘိုမြို့မှနေ၍ မင်းအဖြစ်သို့ရသောကြောင့် ကုန်းဘောင်မင်း ဟူ၍လည်းကောင်း၊ ရွှေဘိုမင်းဟူ၍လည်းကောင်း တွင်ခြင်းဖြစ်သည်။

သာယာဝတီမင်းသည် ရွှေထီးရွှေနန်းကို သိမ်းမြန်းတော်မူပြီးလျှင် ၁၁၉၉ ခုနှစ်မှစ၍အမရပူရမြို့ကို ပြန်လည်ပြုပြင်၍ ၁၂ဝဝ ပြည့်နှစ်တွင်ပြောင်းရွှေ့စံတော်မူသည်။ ၁၂ဝ၂ ခုနှစ်ဝါဆိုလဆန်း၁ဝ ရက်နေ့တွင် မိဖုရားခေါင်ကြီးနှင့်အတူ ဘိသိက်ခံတော် မူ၍ သီရိပဝရာဒိတျာလောကဓိပတိ ဝိဇယမဟာ ဓမ္မရာဇာဓိရာဇာ တံဆိပ်နာမံခံ တော်မူသည်။ မိဖုရားခေါင်ကြီးကမူ သီရိပဝရတိလောကမဟာရတနာ ပဒုမဒေဝီတံဆိပ်နာမံကိုခံတော်မူသည်။ နောင်တော်မင်း တရားကြီးကိုလည်း နှလုံးတော်မပင်ပန်းစေရဘဲ မဟာသကျသီဟဘုရားအနီးရှိအိမ်ဖြူတော်နှင့်ထား၍ ခမည်းတော်ကဲ့သို့ စောင့်ရှောက်တော်မူသည်။

နောင်တော်၏သားတော် ညောင်ရမ်းမင်းသားကိုလည်း သားတော်အရင်းကဲ့သို့ အခွင့်အရေးပေးကာ လက်နက် ကိရိယာများအကုန်အစင်ပြန်၍အပ်နှင်းတော်မူသည်။ သို့ရာတွင် ၁၂ဝဝ ပြည့်နှစ်တံခူးလတွင် တူတော်ညောင်ရမ်းမင်းသား မသင့်သောအကြံပြုကြောင်း အခိုင်အလုံစစ်ဆေး သိရှိရသဖြင့် ထုံးစံနှင့်အညီရေတွင်ဖျောက်တော်မူသည်။ မရီးတော်မိဖုရားခေါင်ကြီး မယ်နုနှင့်စလင်းမင်းသားတို့သည် ပုန်ကန်မှုတွင် ရောယှက်ပါဝင်နေကြောင်းတွေ့ရှိသဖြင့် ထိုနှစ် ကဆုန်လဆန်း ၂ ရက်နေ့တွင် ထုံးစံနှင့်အညီ စီရင်တော်မူသည်။ သက္ကရာဇ် ၁၂ဝ၃ ခုနှစ်တော်သလင်းလပြည့်ကျော် ၆ ရက်နေ့တွင် မိဖုရားသားသမီးမှူးမတ် ခြွေရံအပေါင်း ခြံရံ၍ရန်ကုန်သို့စုန်တော်မူပြီးလျှင် ရွှေတိဂုံ(ဒဂုံဆံတော်ရှင်)ဘုရားသံလျင်ကျိုက်ခေါက်ဘုရားပဲခူးရွှေမောဓောဘုရား၊ ကုဿိန္နာရုံဘုရားများကို အဖူးအမြော်ထွက်တော်မူသည်။ ရွှေတိဂုံစေတီတော် အားလည်းရွှေတော်သပြာကျပ်ချိန် ၃၂ဝဝ ကိုခတ်သည့် ရွှေမျက်ပါးဖြင့် ထီးတော်ငှက်ပျောဖူးကသည် ဖိနပ်တော်အထိ ရွှေလုံးပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်သည်။ ကြေးချိန်ပိသာ ၂၅၉၄ ကျပ် ရှိ သော ကြေးခေါင်းလောင်းကြီးကိုလည်းသွန်းလှူဒါန်းသည်။ အနောက်နန်း မိဖုရားမမြလေးက ရွှေတိဂုံစေတီတော်၏ အနောက် စောင်းတန်း ဆောက်လုပ်လှူဒါန်းခဲ့သည်။

ထိုနှစ်တပို့တွဲလတွင် နေပြည်တော်အမရပူရသို့ ဆန်တက်ရာ နှောင်းတံခူးလဆန်း ၄ ရက်နေ့တွင်ရောက်သည်။ သာယာသတီမင်းတရားကြီးကား နောင်တော်မင်း တရားကြီး လက်ထက် ချုပ်ဆိုခဲ့သောရန္တပိုစာချုပ်ကို အသိ အမှတ်မပြု။ ဗြိတိသျှဧကရာဇ်မင်းနှင့်သာ တိုက်ရိုက်ဆက်ဆံလိုသဖြင့် သက္ကရာဇ် ၁၁၉၉ ခုနှစ်တွင်အင်္ဂလိပ်ကိုယ်စား လှယ် မေဂျာဗားနေးပြန်သွားရသည်။ နောက်တစ်နှစ်တွင် ဗြိတိသျှအစိုးရက ကိုယ်စားလှယ်အဖြစ် ကာနယ်ဗင်ဆန်ကို ထားလာပြန်သည်။ သို့ရာတွင်ဘုရင်အသိအမှတ် မပြု၍ ၁၂ဝ၂ ခုနှစ်တွင် ကိုယ်စားလှယ်အဖွဲ့အားလုံး ရုပ်သိမ်း ရသည်အထိ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ရသည်။ ဗြိတိသျှသမိုင်းဆရာများက သာယာဝတီမင်းအား ရန္တပိုစာချုပ် ဆန့်ကျင်ရေးသမား တစ်ဦးအနေနှင့် ရေးသားကြလေသည်။ ထိုကြောင့် ၁၂ဝ၃ ခုနှစ်တွင်သာယာဝတီမင်းတရားကြီး ရန်ကုန်သို့စုန်လာသော အခါ အင်္ဂလိပ်အစိုးရတို့ စိုးရိမ်မကင်းဖြစ်ကြ၍ ယင်းတို့သိမ်း ပိုက်ထားကြသော တနင်္သာရီနှင့် ရခိုင်နယ်များသို့ စစ်မက်အင်အား ဖြည့်တင်းပြင်ဆင်ခြင်းပြုကြလေသည်။

ယင်းသို့အင်္ဂလိပ်−မြန်မာဆက်ဆံရေးအဆင် မပြေမူကြောင့် နယ်ချဲ့လိုသော အင်္ဂလိပ်တို့အဖို့ အကြောင်းပြကောင်းဖို့ဖြစ်လာလေသည်။ ဤအချက်ကို အခွင့် ကောင်းယူ၍ သားတော်ပုဂံမင်းလက်ထက် အင်္ဂလိပ်−မြန်မာဒုတိယစစ်ပွဲဖြစ်ကာ အောက်မြန်မာနိုင်ငံအလုံး အင်္ဂလိပ် တို့လက်ထဲသို့ ကျရောက်ခဲ့ရလေသည်။

၁၂ဝရ ခုနှစ်တွင် သာယာဝတီမင်းတရားကြီး ကောင်းစွာကျန်းခန့်တော်မမူခိုက် သားတော်ပြည်စားမင်း မသင့်သောအကြံအစည်ကိုကြံသဖြင့် ထုံးစံနှင့်အညီ စီရင်တော်မူသည်။ အနောက်နန်းမိဖုရား မမြကလေးအားလည်း ပြည်စားနှင့်နှလုံးစိတ်ဝမ်းတူကြံစည်ကြောင်း စစ်မေးချက်ရသည်နှင့် ရေ၌ဖျောက်၍ ကြံရာပါဆွေမျိုးကျေးကျွန်တို့ကို ကွပ်မျက်တော်မူသည်။ ယောအတွင်းဝန်ဦးဘိုးလှိုင်၏အဘ ယင်းတောဝန်ကြီးအားလည်း ကြံရာပါသည်ဆိုကာ ကွပ်မျက်လိုက်သည်။


ထိုနှစ်တန် ဆောင်မုန်းလဆန်း ၅ ရက်နေ့တွင် သာယာဝတီမင်းသည်သားတော်ကြီး ပုဂံမင်းသားကိုအိမ်ရှေ့အပ်နှင်း၍ သားတော် လတ် မင်းတုန်းမင်းသားအား ဝန်ကြီးအတွင်းဝန်များနှင့် တိုင်ပင်၍ တိုင်းရေးပြည်မှုကို ကြည့်ရှု့စီရင်စေသည်။ ၁၂ဝ၈ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁ဝ ရက်နေ့တွင် နောင်တော်ဖလ်နန်းရှင်မင်းတရားကြီးသည် စံအိမ်တော်၌နတ်ရွာစံတော်မူရာ ခမ်းနားကြီးကျယ်စွာ သင်္ဂြုံလ်ခြင်းပြုသည်။ ထိုနှစ်တန်ဆောင်းမုန်း လပြည့်ကျော် ၁၄ ရက်နေ့တွင်သက်တော် ၆ဝ၊ စည်းစိမ်တော်ကိုးနှစ်နှင့် ခြောက်လတွင်သာယာဝတီမင်း နတ်ရွာစံတော်မူသည်။ နတ်ရွာမ စံမီစိတ်နှလုံးနောက်တော်မူသည်။ ယင်းတောဝန်ကြီးသတ်စဉ်ကပင် နောက်နေသည်ဟုဆိုသည်။

သာယာဝတီမင်းတရားကြီးသည် ရတနာသုံးပါးကို ယုံကြည်လေးမြတ်တော်မူသည်။ ပညာရှိတို့ ၏စကားကို လည်းနာယူလေ့ရှိသည်။ တိုင်းရေး၊ ပြည်ရေး၊ သာသနာတော်အရေးများကို သတိနှင့်စောင့်ရှောက်တော်မူသည်။ အပြစ်ရှိသူကိုလည်းအပြစ်အလျှောက် မထောက်မညှာဆုံးမတော်မူသည်။ ဆင်ကြန်၊ မြင်းကြန်၊ ပန်းချီပန်းပုအတတ်ကို သူမတူအောင် တတ်တော်မူသည်ဟု ပညာရှိတို့ချီးမွမ်းခြင်းခံရသည်။ ဆင်စီး မြင်းစီးကျွမ်းကျင်သည်။ နံနက်ခင်းညနေ ခင်းများတွင် ဆင်မြင်းနှင့်လှည့်လည်လေ့ရှိသည်။ ဆင်ကျုံးတွင် ဆင်သွင်းလျှင်ကိုယ်တိုင်ကြပ် မတ်သွင်းဆောင်လေ့ရှိ သည်။ ကိုယ်ရံတော်သက်တော်စောင့် မပါဘဲ တစ်ပါးတည်း ဆင်တစ်စီးမြင်းတစ်စီးနှင့် လှည့်လည်လေ့ရှိသည်။ တောင်ဘကေ် ရွှဆပ်သွားဘုရားကို ပြင်ဆင်စေသည့်အခါ မြင်းနှင့်နေ့ခြင်းပြန်သွားရောက် ကြည့်ရှုတော်မူသည်။ တင်ကူး၍ အဆင့်အဆိုမရှိဘဲ ရုတ်တရက် ထွက်လာတော်မူလေ့ ရှိသည်ကို သတိထား၍ အလုပ်များကိုကောင်းစွာလုပ်ဆောင်ကြရသည်။ အပေါင်းပါတို့နှင့်သွားသည့်အခါ သာယာဝတီမင်းတရားကြီး၏ဆင်ကို မီအောင်လိုက်နိုင်သူများမှာ ဆင်မင်းဝန်၊ ဆင်ဝန်စသော ဆင်အရာရှိကြီးများ တစ်စီးနှစ်စီးသာ ရှိသည်။

သာယာဝတီမင်းသည် အမှုများကိုကိုယ်တိုင် စစ်ဆေးလေ့ရှိသည်။ လူများကိုလည်းကိုယ်တိုင်ကွပ်မျက်လေ့ရှိသည်။ သာယာဝတီမင်း၏ထင်ရှားသောမိဖုရားငါးပါးမှာ သီရိပဝရတိလောကမဟာရတနာ ပဒုမ ဒေဝီဘွဲ့ခံမိဖုရား ခေါင်ကြီးတစ်ပါး ၊သီရိပဘာနန္ဒာဘိရတနာဒေဝီ ဘွဲ့ခံ မြောက်နန်းမိဖုရားတစ်ပါး၊ သီရိ မဟာစန္ဒာဘိရတနာဒေဝီဘွဲ့ခံ အလယ်နန်းမိဖုရားတစ်ပါး၊ သီရိမဟာသု့ရတနာစန္ဒာဒေဝီဘွဲ့ခံ အနောက် နန်းမိဖုရားတစ်ပါးနှင့် သီရိသုစန္ဒာမဟာ ဒေဝီဘွဲ့ခံတောင်ဆောင်တော်မိဖုရားတို့ဖြစ်သည်။

မင်းတရားကြီးတွင် သားတော်သမီးတော်သုံးကျိပ်တစ်ပါး ရှိသည်အနက် မိဖုရားခေါင်ကြီးမှမြင်သော သားတော် ပုဂံမင်းသား၊ သမီးတော်ရတနာဒေဝီ၊ အလယ်နန်းမိဖုရားမှ မြင်သည့်သားတော်ပြည်မင်းသား၊ ပုခန်းမင်းသား၊ တောင်ဆောင်တော်မိဖုရားမှမြင်သောသားတော် မင်းတုန်းမင်းသားနှင့် ကနောင်မင်းသား၊ အနောက်နန်းမိဖုရားမှ မြင်သောသမီးတော် လှိုင်မြို့စားမင်းသမီးတို့မှာထင်ရှားသည်။

သာယာဝတီမင်းတရားကြီးလက်ထက် ထင်ရှားသော စာဆိုတော်ကြီးများမှာမြဝတီမင်းကြီးဦးစ၊ ဦးပေါ်ဦး၊ စိန္တကျော်ထင်ဘွဲ့ခံကန်ပြင်ရွာစားစာဆိုတော်ဦးမင်း၊ ဝက်မစွတ် မြို့စားနဝဒေး၊ ဘိုးသူတော်ဦးမင်း၊ အနောက်နန်းမိဖုရား မမြကလေး၊ ဆီမီးခုံရွာစားဦးရွှန်း၊ မှာတမ်းရေးဆရာမောင်စံသူ၊ ပြဇာတ်ရေးဆရာ ဦးကြင်ဥ၊ နာခံတော်ဦးရွှေခြည် တို့ဖြစ်ကြ သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)