ရှင်မုတ္ထီးဘုရား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ရှင်မုတ္ထီးဘုရား

ရှင်မတ္ထီး ဘုရားသည် တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့မှ တောင်ဖက် မြိတ်မြို့သွား မော်တော်ကားလမ်းမတွင်ရှိသော ရှင်မုတ္ထီးရွာတွင် တည်ရှိသည်။ မြောလေးမြောရှင်ကိုးရှင်တွင် တစ်ဆူ အပါအဝင် ဖြစ်သည်။ ရှင်မုတ္ထီးရွာသည် ထားဝယ်မြို့နယ်တွင် ပါဝင်၍ ထားဝယ်မြို့မှ ခြောက်မိုင်(တစ်ဆယ် ကီလိုမီတာ)ခန့် ကွာဝေး၏။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အေဒီ ၁၄၃၈ ခုနှစ် သက္ကရာဇ် ၈ဝဝ ပြည့်နှစ်တစ်ခိုတွင် သီဟိုဠ်ကျွန်း၌ အုပ်စိုးလျက်ရှိသော ဆဋ္ဌသီရိ ပရက္ကမဗာဟုမင်းသည် သာသနာတော်ကို ကြည်ညိုသည့်အတိုင်း ပင်လယ်ရပ်ခြား ဒေသများ၌ သာသနာထွန်းကားစေလိုသဖြင့် ဗောဓိညောင်သားဖြင့် ဘုရားရှင်ကိုယ်စားရုပ်ပွားတော် လေးဆူကို ထုလုပ်ကာ ဖောင်လေးစင်းတွင် အသီးအသီး တင်ဆောင်၍ ပင်လယ်သို့ မျှောလေသည်။ ဆင်းတုတော် အသီးအသီး၏ အောက်၌ ကျောက်ပြားဝိုင်း (အလယ်တွင် အပေါက်နှင့် လှည်းဘီးဝိုင်း ပုံသဏ္ဌာန်ဖြစ်၏။)ကို ပလ္လင်အဖြစ်ခံလျက် ဗောဓိတစ်ပင်စီ ကိုလည်း စိုက်လျက် ထည့်လိုက်လေသည်။

ထိုဆင်းတုတော်လေးဆူအနက် တစ်ဆူသည် ပုသိမ်မြို့ သို့လည်းကောင်း (ယခု ရွှေမုဋ္ဌောဘုရားခေါ်သည်ဟု ဆို၏။) တစ်ဆူသည် ကျိုက်ထိုမြို့သို့၎င်း (ယခု ကျိုက်ပေါလောဘုရား ဟု ခေါ်၏။) တစ်ဆူသည် ကျိုက္ခမီမြို့သို့၎င်း (ယခု ကျိုက္ခမီ ရေလယ်ဘုရားဟု ခေါ်၏။) ကျန်တစ်ဆူသည် ထားဝယ်မြို့ ဒေသသို့၎င်း ရောက်ရှိလာလေသည်။

ရှင်မုတ္ထီးဘုရားသို့သွားရာနတ်လမ်း

ထားဝယ်မြို့ဖက်သို့ ရောက်ရှိလာသော ဆင်းတုတော်တင် ဖောင်သည် ပထမ မြိတ်မြို့သို့ ရောက်ရှိပြီးမှတစ်ဖန် မျောထွက်လာလျက် မြောက်ဖက်ဆန်၍ ထားဝယ်မြစ်အတွင်း ဝင်လာကာ မြစ်လယ်သောင်ခုံတွင် ဆိုက်နားလေသည်။ ထိုအခါ ဝေဒီမြို့ (ယခုအခါ ထားဝယ်မြစ်အနောက်ဖက်ရှိ ဒေဝီရွာ)တွင် မင်းလုပ်အုပ်စိုးနေသော မင်းစောသီလ သတင်းကြားသဖြင့် ဘုရားဖောင်အား လာရောက်ပင့်ဆောင်လေရာ မရရှိချေ။ ထိုသောင်ခုံမှ တစ်ဖန် အရှေ့ဘက်ရှိ ထားဝယ်မြစ်ခွဲဖြစ်သော စော်ချောင်းသို့ ဘုရားဖောင်ဝင်သွားလျက် သေတစ်ရွာကမ်းတွင် ဆိုက်နားလေသည်။ ထိုနေရာတွင်လည်း ဘုရားဆင်းတုတော်အား မည်သူမျှ ပင့်တင်၍ မရလေ။ သေတစ်ရွာနေ သီလရှင် မယ်အေသီ (လူအမည် မန်းမွှီး)သည်သာလျှင် ညဉ့်တွင် နတ်သိကြားတို့ အိပ်မက်ပေးချက်အရ ပင့်ဆောင်မှ ကြွလိုက်ပေသည်။ ဘုရားရုပ်ပွားတော်အား ပင့်တင်သည့်အချိန်မှာ သက္ကရာဇ် ၈ဝဝ ပြည့် နှစ် တန်ဆောင်မုန်း လပြည့်ကျော် ၃ ရက် တနင်္ဂနွေနေ့ ဖြစ်လေသည်။

ရှင်မုတ္ထီးဘုရားမုခ်ဦး

ဘုရားရုပ်ပွားတော်အား ပင့်တင်ပြီးပြီဟူသော သတင်းကိုကြားလျှင် ဒေဝီမင်းစောသီလ ကြွရောက်လာကာ ဘုရားရုပ်ပွား ဆင်းတုတော်အား သိမ်တန်ဆောင်းများ ဆောက်လုပ် လှူဒါန်းလေသည်။ ဗောဓိညောင်ပင်ကို ဘုရားသိမ်အနီးတွင် စိုက်ပျိုးလျက် ကျောက်ပြားဝိုင်း လှည်းဘီးကိုလည်း ညောင်ပင်အောက်တွင် အများကိုးကွယ်နိုင်ရန် ထားရှိပေသည်။ ထိုကျောက်ပြားဝိုင်းလှည်းဘီးကြီးသည် အချင်း တစ်တောင့်တစ်ထွာ၊ ထုလေးလက်မမျှ၊ အပေါက်အချင်း သုံးလက်မမျှ ရှိသည်။ ယခုအခါ ထိုရုပ်ပွားဆင်းတုတော်သည် ရှင်မုတ္ထီးဘုရားဟု ဘွဲ့မည်သညာဖြင့် တန်ခိုးထင်ပေါ် ကျော်စောပေသည်။ ရှင်မုတ္ထီး ဘုရားဟု ဘွဲ့မည် ထင်ရှားရခြင်းမှာလည်း အင်းဝ ပထမမင်းခေါင်သည် မင်းအဖြစ် မရောက်သေးမီ ဆင်းရဲသောဘဝနှင့် လှည့်လည်သွားလာနေယင်း ထားဝယ်ဒေသသို့ ရောက်ရှိခဲ့စဉ် ဆံပင်လှသော ဆံရှည်သူမတစ်ဦးနှင့် အကြောင်းပါခဲ့သည်၊ ထိုဆံရှည်သူမတွင် သားယောက်ျားတစ်ဦး ဖွားမြင်၍ အရွယ်ရောက်လျှင် ခမည်းတော်စံရာ အင်းဝမြို့သို့ လိုက်သွားသည်။ ဘုရင်မင်းခေါင်လည်း မိမိ၏သားတော် မှန်းသိ၍ သားတော်အား မင်းတရားဘွဲ့နှင့် အဆောင်အယောင်များ ပေးကာ ဇာတိဌာနေ ပြန်စေလျက် တစ်ထီးတစ်နန်း အုပ်စိုးစေသည်။ မင်းတရားသည် ထားဝယ်ဒေသရောက်လျှင် သက္ကရာဇ် ၇၇၉ ခုနှစ်၌ မုတ္တသုခမြို့ဟု မြို့နန်းသစ် တည်ထောင်စိုးစံခဲ့ဘူးသည့်နေရာကို အကြောင်းပြု၍ ရှင်မုတ္ထီးဘုရား ခေါ်ထွင်ခြင်းဖြစ်သည်ဟု ဆိုလေသည်။ ယခု ဖူးမြင်ရသော ရှင်မုတ္ထီးဘုရားမှာ ဉာဏ်တော် တစ်တောင့်တစ်ထွာ ရှိသည်။ သို့သော်လည်း ထိုဆင်းတုတော်အောက်ရှိ ပလ္လင်အတွင်း၌ ထားဝယ်ဒေသသို့ ကြွရောက်လာသော ဆင်းတု တော်အစစ်ကို ဌာပနာထားသည်ဟုလည်း ဆိုကြလေသည်။[၁]

ရေတွင်းကြီး[ပြင်ဆင်ရန်]

ရှင်မုတ္ထီးဘုရားအနီးတွင် အဝအကျယ် ၂၅ ပေ၊ အနက် ပေ ၄၀ ကျော်ရှိ ရေတွင်းကြီး တတွင်းရှိရာ မြန်မာပြည်တွင် အကြီးဆုံးရေတွင်းဟု မှတ်ယူကြသည်။ ‌ယင်းရေတွင်းသည် မြန်မာမင်းများလက်ထက်ကပင် ရှိပြီး၊ ဗြိတိသျှအစိုးရ လက်ထက်တွင် အုတ်‌ကျောက်တို့ဖြင့် ပြုပြင်သည်။ ၁၉၆၇ တွင် ထပ်မံပြုပြင်သည်။[၂]

အရူးပျောက်ဘုရား[ပြင်ဆင်ရန်]

ရှင်မုတ္ထီးဘုရားအနီး ဗုဒ္ဓရုပ်ပွားတော်တဆူမှာ အင်းဝဘုရင် မင်းခေါင်၏ သားတော် မင်းတရား၏ ကုသိုလ်ကောင်းမှု ဖြစ်သည်။ မင်းတရား စိတ်ဖောက်ပြန်သွားစဉ် စောပညာဆိုသူ အမျိုးသမီးက ကုသပေး၍ ရောဂါ ပျောက်ကင်းသွားသည်။ သို့ကြောင့် ၁၂ မေ ၁၄၁၈ တွင် ဆုတောင်းပြည့်ဘုရားကို အထိမ်းအမှတ်အဖြစ် တည်သည်။ ယင်းကို နောင် အရူးပျောက်ဘုရားဟု ‌ခေါ်တွင်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  2. ၂.၀ ၂.၁ တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၃၇၃။