ကြင်ဥ၊ ဦး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဦးကြင်ဥ
အမည်ရင်း ကြင်ဥ
မွေးသက္ကရာဇ် ၁၁၄၂ ခုနှစ်

ကွယ်လွန် မသိ
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ဗမာလူမျိုး
အလုပ်အကိုင် စာဆိုတော်ကြီး ၊ မင်းမှုထမ်း
မွေးရပ်ဇာတိ မြေထဲမြို့၊ စီရင်စုအပိုင်၊ ဆင်ပေါင်ဝဲရွာ(ယခုမကွေးတိုင်းဒေသကြီးဆင်ပေါင်ဝဲမြို့နယ်)
၁၉၅၄-ခုနှစ်ထုတ်၊ ဦးကြင်ဥ၏ ပဒေသာ သီချင်းများ

ဦးကြင်ဥသည် ကုန်းဘောင်ခေတ် ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော်(စစ်ကိုင်းမင်း)‌ လက်ထက်မှစ၍ ရွှေဘိုမင်း လက်ထက် (၁၁၉၉-၁၂၀၈)၊ပုဂံမင်းလက်ထက် (၁၂၀၈-၁၂၁၄) များတွင် ထင်ရှားကျော်စောသော စာဆိုတော်ကြီး ဖြစ်သည်။ ဦးကြင်ဥသည် ပြဇာတ်ခေါ် ဇာတ်ထုပ်ဇာတ်ဝင် ကဗျာတို့ကိုသာ ရေးသည်သာမဟုတ် ဇာတ်ချင်းခေါ် ပဒေသာသီချင်းတောဘွဲ့ရာသီဘွဲ့မျိုးမျိုးတို့ကိုလည်း ရေးသားခဲ့ပေသည်။ မြန်မာကဗျာ အဖွဲ့အနွဲ့ အမျိုးမျိုးရှိသည့်အနက် ပြဇာတ်အဖွဲ့အနွဲ့များတွင် ဆရာကြီး ဦးကြင်ဥ ရေးသားသော ပြဇာတ်များသည် ရှေးအကျဆုံးဖြစ်သည်။

ဇာတိ[ပြင်ဆင်ရန်]

ဦးကြင်ဥကို မြေထဲမြို့ စီရင်စုအပိုင်၊ ဆင်ပေါင်ဝဲရွာ(ယခုမကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်) တွင်မွေးဖွား၍ အမရပူရနေပြည်တော်တွင် ကြီးပြင်းခဲ့သည်။ ဦးကြင်ဥ၏ မွေးသက္ကရာဇ်မှာ အတိအကျ မရှိပေ။ မောင်သုတ(ဗိုလ်မှူးဘသောင်း) က ၁၁၄ဝ ပြည့်နှစ်ခန့်ဟု၎င်း၊ ဆရာဦးလူဖေဝင်းက သက္ကရာဇ် ၁၁၄၄ ဟု၎င်း၊ မလိခ၏ မြန်မာစာပေ အဘိဓာန် ၁၁၄၂ ခုနှစ်ဟု၎င်း အမျိုးမျိုး ခန့်မှန်းကြသည်။

စာပေသင်ကြားခြင်းနှင့် အမှုထမ်းခြင်း[ပြင်ဆင်ရန်]

ငယ်ရွယ်စဉ် အခါမှစ၍ လောကီလောကုတ္တရာ ကျမ်းအမျိုးမျိုးတို့ကို လေ့လာစည်းပူးခဲ့သည့် အပြင် ကဗျာဘက်တွင်လည်း ဝါသနာထက်သန်ခဲ့လေသည်။ ကြီးပြင်းလာသောအခါ နေပြည်တော်၌ပင် စာဆိုတော်အဖြစ် အမှုထမ်းခဲ့သည်။ ဒေသန္တရ ဗဟုသုတအပြင် အဂ္ဂိယတ်၊ ဆေးဝါး ၊ နက္ခတ်တာရာသုံးပုံဖဲ စသည့် အဘက်ဘက်တွင်လဲ နှံ့စပ်သိမြင်ကြောင်း သူ၏ကဗျာများတွင် တွေ့ရသည်။

ရေးသားခဲ့သော စာပေများ[ပြင်ဆင်ရန်]

ဦးကြင်ဥသည် ဘာသန္တရ ဗဟုသုတအပြင် ဒေသန္တရ ဗဟုသုတနှင့်လည်း ပြည့်စုံသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ အကြောင်း ယုတ္တိလုံလောက်ပါက ရှေးထုံးစဉ်လာကို သာမက အသစ်အဆန်းတို့ကိုလည်း ထိုးထွင်းဉာဏ်ဖြင့် တီထွင်သွားလိုသော ဆန္ဒရှိသည်။ ဝန်ကြီးပဒေသရာဇာသည် မြန်မာစာပေတွင် အသစ်အဆန်းတို့ကို တီထွင်သွားသကဲ့သို့ ဦးကြင်ဥသည်လည်း တီထွင်လေသည်။ ရှေးယခင်အခါများက နန်းတော်သူ၊ နန်းတော်သားများ ဖတ်ရှုရန် နန်းတွင်းဇာတ်တော်ကြီးများရှိခဲ့ရာ ဦးကြင်ဥလက်ထက်သို့ ရောက်သောအခါ ဖတ်ရှုရုံသာ မဟုတ်ပဲ ကပြရန်အတွက်ပါ ပြဇာတ်များကို တီထွင်ရေးသားခဲ့ပေသည်။ ဘုရားဟော ဝတ္ထုကို အခြေပြုရေးသားသော ဝေဿန္တရာနှင့် မဟော်သဓာပြဇာတ်တို့မှ တပါး ဒေဝကုမ္ဘဏ်ဝင်္ကန္တကာလကန္တီပါပဟိန် စသော ပြဇာတ်တို့သည် ဦးကြင်ဥ၏ ကိုယ်ပိုင်ဉာဏ်မှ ပေါက်ဖွားလာသော ဒဏ္ဍာရီပြဇာတ်များ ဖြစ်လေသည်။ ပြဇာတ်များအပြင် ရတုများ၊ ၁၂-လရာသီဘွဲ့ညည်းချင်းများ၊ သန်းခေါင်ဘွဲ့ညည်းချင်း၊ ဇော်ဂျီချင်း၊ မုဆိုးစကား၊ ဆိုင်းဆင့်စကား စသည်တို့ကိုလည်း ရေးသားခဲ့လေသည်။ ဦးကြင်ဥသည် စာဆိုတော်ကြီး စလေဦးပုည(၁၁၆၂-၁၂၃၃) နှင့်ခေတ်ပြိုင်စာဆိုဖြစ်သည်။

ပြဇာတ် (၈) ပုဒ်ရေးသားခဲ့ရာ -

  • (၁)မဟော်သဓာ ပြဇာတ်
  • (၂)ဝေဿန္တရာ ပြဇာတ်
  • (၃)ပါပဟိန် ပြဇာတ်
  • (၄)ဒေဝကုမ္မာန် ပြဇာတ်
  • (၅)ဝင်္ကန္တ ပြဇာတ်
  • (၆)ကာလကဏပြဇာတ် တို့ဖြစ်ကြသည်။

မြင်ဘူးမှ ယုံစဘွယ်ကဗျာ[ပြင်ဆင်ရန်]

ဦးကြင်ဥသည် အသက်အရွယ် ကြီးရင်လာသောအခါ ပြဇာတ်များကို မရေးသားလို ဇာတိမြေထဲမြို့ ကျေးရွာသို့ သွားရောက်နေထိုင်တော့မည်ဟု ဆုံးဖြတ်၍ သွားရောက်နေထိုင်ရာ ပုသိမ်မြို့ မော်တင်စွန်းသို့ ရောက်ခိုက် ငါးအမျိုးမျိုး၊ ခရုအမျိုးမျိုးတို့ကို မြင်ပြန်ရာ ဝါသနာလျှောက် အောက်ပါကဗျာကို ရေးစပ်ခဲ့၏။

ကြုံစဖူး၊ မြင်ဘူးမှ ယုံစဘွယ်။
ဖြူနီဝါ ပြာတစုနှင့်၊ ခရုထွေလာဆန်း၊
ကမ်းကွေ့ပတ်လယ်။
ရွှေမှင်တံသံပချုပ်နှင့်၊ ဟန်ရုပ်ပြသွယ်သွယ်၊
နတ်မယ်လျဆံထိုး။
ဝင်ကစွပ်၊ မြင်ဆွတ်က ကြည်ဘို့ရာ
ဟိုသို့လာ သည်သို့သွားနှင့်၊ အငှားခန္ဓာ မြှောင်ရတယ်၊
ဆန်းခေါင်ထိမျိုး။
(ဦးကြင်ဥ)

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁၉၆၁-ခု၊ မေလထုတ် ဦးကြင်ဥ ၏ ပဒေသာသီချင်းများ စာအုပ်မှ