ကျိုက္ခမီဘုရား
ကျိုက္ခမီဘုရားမှာ မြန်မာနိုင်ငံတွင် တန်ခိုးကြီးရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ မွန်ပြည်နယ် ကျိုက္ခမီမြို့၏အနောက်ဘက် ပင်လယ်ကမ်းခြေမှ တစ်ဖာလုံခန့် ဝေးကွာသော ကျွန်းပေါ်တွင် ကိန်းဝပ်တော်မူသည်။
ရုပ်ပွားတော်မှာ မြတ်စွာဘုရားသခင် ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည့်ပုံ ဖြစ်သည်။ ဉာဏ်တော် ၂ တောင်ခန့်ရှိ၍ နဂါးမင်းက ပါးပျဉ်းဖြင့် အုပ်မိုးပူဇော်နေဟန် ထုလုပ်ထားသည်။ ရုပ်ပွားတော် စံပယ်တော်မူရာ ကျောက်ဆောင်တွင် ပစ္စယံသဖွယ် အဆင့် ၂ ဆင့်ရှိသည်။ အပေါ်ဆင့်တွင် အရံရုပ်ပွားတော် ၈ ဆူရှိ၍ အောက်အဆင့်တွင် အရံရုပ်ပွားတော် ၁၂ ဆူ ရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကျိုက္ခမီဘုရားမှာ သီဟိုဠ်ကျွန်းမှ ဒေဝါနံပိယတိဿမင်းကြီးက အဓိဋ္ဌာန်ဖြင့်မျှောလိုက်သော ရုပ်ပွားတော် ၄ ဆူအနက် ရုပ်ပွားတော်တစ်ဆူ ဖြစ်သည်ဟု သမိုင်းအဆိုရှိသည်။ ဒေဝါနံပိယတိဿ မင်းကြီးသည် မြတ်စွာဘုရားအား မဖူးမြင်လိုက်ရသော ရှင်လူအများတို့ ကြည်ညိုအားထား ကုသိုလ်ပွားစေခြင်းငှာ သိကြားမင်း ဖန်ဆင်းပေးသော ရုပ်ပွားတော် ၄ ဆူကို ပင်လယ်ရေပြင်၌ မျှောတော်မူလေသည်။ ထို ၄ ဆူအနက် ကျောက်လှည်းဘီးခံသော ရုပ်ပွားတော်သည် ကျိုက်ထိုမြို့သို့ ရောက်ရှိ၍ ကျိုက်ပေါလောဘွဲ့အမည်ဖြင့် ထင်ရှားရှိသည်။ ကျွန်းတုံးခံသော ရုပ်ပွားတော်မှာ ရခိုင်ပြည်နယ်သို့ ဆိုက်ရောက်သည်ဟု ဆို၏။ ပုသိမ်မြို့သို့ ဆိုက်ရောက်သည် ဟုလည်း အဆိုရှိသည်။ သင်္ကန်းတုံးခံသော ရုပ်ပွားတော် ၂ ဆူအနက် တစ်ဆူမှာ ထားဝယ်မြို့သို့လည်းကောင်း၊ ကျန်တစ်ဆူမှာ တုံဇောင်းပီမြို့ (ယခု ကျိုက္ခမီမြို့) သို့လည်းကောင်း အသီးသီး ဆိုက်ရောက်တော်မူလာလေသည်။ ထားဝယ်မြို့သို့ ရောက်ရှိလာသော ရုပ်ပွားတော်ကို လူအများက ပင့်ဆောင်ကိုးကွယ်ထားရာ ရှင်မုဋ္ဌီး အမည်ဖြင့် အထင်အရှားရှိပေသည်။
တုံဇောင်းပီမြို့သို့ ဆိုက်ရောက်လာသော ရုပ်ပွားတော်သည် ရှေးမင်းများက ဆံတော်ဓာတ် ၁၁ ဆူ ဌာပနာ၍ တည်ထားခဲ့သော ဧကာဒသစေတီတော် တည်ရှိရာ ရေလယ်ကျောက်ဆောင်အနီးသို့ ဆိုက်ရောက် လာလေသည်။ မြို့သူမြို့သားအပေါင်းတို့သည် ရုပ်ပွားတော်မြတ်ကို အမျိုးမျိုးကြိုးစား၍ ပင့်ဆောင်ကြသော်လည်း ရုပ်ပွားတော်သည် ရွေ့လျားခြင်းမရှိလေ။ နောက်ဆုံး၌ ငါးပါးသီလကို ခါးဝတ်ကဲ့သို့ မြဲမြံအောင် စောင့်ထိန်းသော မုဆိုးမတစ်ဦးက အဓိဋ္ဌာန်ပြု၍ ပင့်ဆောင်သောအခါမှ သာသနာနှစ် ၂၃၇ ခု နတ္တော် လဆန်း ၁၅ ရက်နေ့တွင် ကြွတော်မူလေသည်။
ရုပ်ပွားတော်ကို ရှေးဦးစွာ ဘုရားအရှေ့ဘက်မုတ်တွင် ပင့်ဆောင်ထားသော်လည်း တောင်ဘက်စူးစူးသို့သာ မျက်နှာတော်လှည့်၍ စံနေတော်မူသဖြင့် တောင်ဘက်မုတ်သို့ ပြောင်းရွေ့ ပင့်ဆောင်ထားရလေသည်။ ရုပ်ပွားတော်သည် တောင်ဘက်သို့သာ မျက်နှာမူလျက် စံပယ်တော်မူသည်မှာ ထားဝယ်မြို့ရှိ ရှင်မုဋ္ဌီးရုပ်ပွားတော်ကို မျှော်ကြည့်ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။ ထိုသို့ မျှော်ကြည့်သည်ကို အစွဲပြု၍ ဤရုပ်ပွားတော်ကို မွန်ဘာသာဖြင့် ကျိုက်ဟမီဟု ခေါ်ဝေါ်သမုတ်၏။ မြန်မာဘာသာဖြင့် ဘုရားမျှော်ဟု အဓိပ္ပာယ်ရရှိသည်။ နောင်ကာလကြာသောအခါ ကျိုက်ဟမီမှ ကျိုက္ခမီဟု စကားရွေ့လျောလာ ခဲ့သည်။ ထိုမျှမကသေး ဘုရား၏ဘွဲ့တော်ကို အစွဲပြု၍ တုံဇောင်းပီမြို့ကိုလည်း ကျိုက္ခမီမြို့ဟု ခေါ်တွင်လာခဲ့လေသည်။ ရုပ်ပွားတော်မြတ် ရောက်ရှိ၍ ကာလကြာလတ်သော် ဧကာဒသစေတီ ပျက်စီးယိုယွင်းသွားသဖြင့် ဌာပနာတိုက်ကျောက်တုံးကြီးသာ ကျန်ခဲ့လေသည်။ ထို့နောက် ဝတ်ကျောင်းကြီး ဆောက်လုပ်ကာ ရုပ်ပွားတော်ကို ထိုကျောင်းအတွင်းသို့ ပင့်ဆောင်ကိုးကွယ်ကြသည်။ ကျိုက္ခမီရုပ်ပွားတော် တည်ရှိရာ ဝတ်ကျောင်းပေါ်သို့ လှိုင်းတံပိုး မည်မျှပင်ကြီးစေကာမူ ရေမလွှမ်းခြင်းမှာ ဘုရား၏တန်ခိုးတော်ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားဝတ်ကျောင်းပေါ်သို့ မိန်းမများ မတက်ကြရချေ။ တက်ရောက်မိလျှင်လည်း အခါမဲ့ လေပြင်း မုန်တိုင်းကျခြင်း၊ မိုးကြီးသည်းထန်စွာ ရွာခြင်းများ ဖြစ်တတ်သည်ဟု ဆို၏။ ထိုသို့ တက်ရောက်မိသော မိန်းမများတွင်လည်း ဝေဒနာတစ်ခုခု စွဲကပ်တတ်သည်ဟု စွဲလန်းယုံကြည်ကြသည်။ ထို့ကြောင့် မိန်းမများ သည် ရုပ်ပွားတော်၏ ရှေ့ဖက်တူရှုတွင် ဆောက်လုပ်ထားရှိသော အာရုံခံဇရပ်ပေါ်မှသာလျှင် ဖူးမြော် ကြည်ညိုလေ့ ရှိကြသည်။
၁၂၈၇ ခုနှစ်ခန့်တွင် ဘုရားကို မီးပူဇော်ရာမှ မီးစတင် လောင်ကျွမ်းသဖြင့် ကျောင်းပြာသာဒ်များ ပျက်စီးကြလေသည်။ ထို့နောက် ဝံသာနုခေါင်းဆောင်ကြီး ဦးချစ်လှိုင် ကြီးမှူး၍ အုတ်တိုက်ကျောင်းပြာသာဒ်ကို အများ၏ကုသိုလ်ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့၏။
ဘုရားပွဲတော်
[ပြင်ဆင်ရန်]ကျိုက္ခမီဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၂ ရက်နေ့မှ လပြည့်နေ့အထိ ကျင်းပလေ့ရှိသည်။ ထိုဘုရားသို့ မော်လမြိုင်မြို့မှ မော်တော်ကားဖြင့်ဖြစ်စေ၊ သင်္ဘောဖြင့် ဖြစ်စေ တိုက်ရိုက်သွားရောက်နိုင်သည်။ သို့မဟုတ် မော်လမြိုင်မြို့မှ ၃၅ မိုင်ခန့် ဝေးသော သံဖြူဇရပ်မြို့သို့ မီးရထားဖြင့်သွား၍ ယင်းမှတစ်ဆင့် မော်တော်ကားဖြင့်သွားရောက်နိုင်လေသည်။ [၁]
ပြခန်း
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)