ကျိုက္ကဆံစေတီတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကျိုက္ကဆံစေတီတော်
DSC03395 Kyitekasan pagoda.jpg
အချက်အလက်များ
တည်နေရာရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမြန်မာနိုင်ငံ

ကျိုက္ကဆံစေတီတော်မြတ်ကြီးသည် ဘုရားကိုးဆူ အဓိဋ္ဌာန်ဝင် ဘုရားတစ်ဆူဖြစ်ပြီး ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်း မြို့နယ် အတွင်း တန်ခိုးကြီးစေတီတော်အဖြစ် ထင်ရှားလျက် ရှိသည်။

ဘုရားသမိုင်း[ပြင်ဆင်ရန်]

ကိုးတိုင်းကိုးဌာန သာသနာပြုခရီးမှသည်[ပြင်ဆင်ရန်]

ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးအတွက် ကိုးတိုင်းကိုး ဌာနသို့ သာသနာပြုခရီးနှင်ခဲ့သည်။ ရဟန္တာအရှင်မြတ် တို့သည် ဘုရားရှင်၏ ဆံတော်မြတ် (၁၆)ဆူနှင့် စက်တော် (၃၂)ဆူတို့အား သာသနာပြု ဓာတုစေတီတော်များ၊ တည်ထား ကိုးကွယ်ရန် အလို့ငှာ တပါတည်း ပင့်ဆောင်ပူဇော်ခဲ့ကြသည်။ သထုံပြည် ဒုတိယ သီရိဓမ္မာသောကမင်းကြီးနှင့် တိုင်းသူ ပြည်သားများသည် ကြိုဆိုပင့်ဆောင်လျှက် လှူဒါန်းပူဇော်မှုများလည်း ပြုကြ၏။ မူလကိုးတိုင်းကိုးဌာန သာသနာပြုခရီးစဉ်နှင့် သာသနာပြု ရောက်ရှိလာမည့် ရှင်ဥတ္တရ၊ ရှင်သောဏ ဦးဆောင်သည့် သာသနာပြု ရဟန္တာကြီးများနှင့် ၎င်းတို့၏ တပည့်ရဟန်းတော်များ နှင့်လည်းတွေ့ဆုံခွင့်ရခဲ့၏။ ရဟန္တာအရှင်မြတ်တို့သည်မြန်မာနိုင်ငံ၏ သာသနာ ပြုလုပ်ငန်း အခြေအနေနှင့်သာ သာသနာတော် ထွန်းကားပြန့်ပွား မှုအတွက် သာသနာပြုမှုဆိုင်ရာ စကားများအား လျှောက်ထား ဦးခိုက်ခွင့်လည်း ရခဲ့၏။

ရဟန္တာ အရှင်မြတ်တို့သည် အနာဂတံသေ ဉာဏ်တော်နှင့် အမြင်အရ ဓမ္မခရီးစဉ်၏ ဦးတည်ချက်ဖြစ်သည့် ဘောဂသေန ဘွဲ့ခံ သီဟပဒမင်း အုပ်ချုပ်သည့် မဏိဒီပကျွန်း (သံလျင်တည်ကျွန်း)သို့ ကြွရောက်တော်မူနိုင်၏။ ထိုအချိန်က မဏိဒီပကျွန်း၊ ဥဒ္ဒဒီပကျွန်း၊ တြိယင်္ဂကျွန်း၊ တြိင်္တာကျွန်း၊ သီဟဒီပကျွန်း၊ သံလျင်ကျွန်း၊ တညင်ကျွန်း၊ ဥတ္တရင်္ဂကျွန်း ဟူသည့်အမည်များ နှင့် ထင်ရှားခဲ့ကြောင်း သမိုင်းအထောက်အထားများရှိခဲ့သည်။ ရှင်ယသအမှူးပြုသည့် ရဟန္တာအရှင်မြတ်တို့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်တော်မူပုံနှင့် ဗုဒ္ဓဘုရားရှင်၏ တရားတော်များအား သီဟဒီပမင်း နှင့်တကွ မင်းပရိသတ်တို့အား ဟောကြားတော်မူခဲ့သည်။ ထို့အတူ ဗုဒ္ဓဘုရားရှင်၏ ဆံတော်မြတ်နှင့် ဓာတ်တော်များအား ကိုးကွယ်နိုင်ရန် အလို့ငှာ လွှဲအပ်ပေးခဲ့သည်။ ထိုအခါ သီဟဒီပမင်းနှင့်တကွ မင်းပရိသတ်တို့သည် ရဟန္တာပုဂ္ဂိုလ်ထူးများအားဖူးမျှော်ရရုံမက တရားတော်ကိုပါ နာကြားရသဖြင့် ဝမ်းမြောက်ဝမ်းသာ ကြည်ညို သဒ္ဓါပွားရပြန်သည်။ သီဟဒီပမင်းကြီး ကိုယ်တိုင်လည်း "ငါဟဲ့ ယောက်ျား၊ ဘုန်းမောက် ကြွားသမို့ ဗုဒ္ဓဆံတော်မြတ်နှင့်တကွ ဗုဒ္ဓတရားတော်အစစ်တို့အား ရဟန္တာအရှင်မြတ်ကြီးများ ကိုယ်တိုင် ကြွရောက်ချီးမြှင့်ခဲ့ပြီး ငါက ကံကောင်းလေစွ၊ ငါကား သာသနာ့ဒါယကာဖြစ်ပြီ" ဟု ဝမ်းသာပီတိ နှင့် လက်ရုံးဆန့်တန်းကာ ကြုံးဝါးခဲ့၏။

ဦးစွာတည်သည့် ကျိုက္ကဆံ[ပြင်ဆင်ရန်]

ဗုဒ္ဓမြတ်စွာ၏ ဆံတော်၊ ဓာတ်တော်များအား ဘယ်သို့သော အရပ်တွင် ဌာပနာပြု၍ ဓာတုစေတီတည်ရသော် အဓွန့်ရှည် မည်နည်း ဟု သီဟပဒမင်းက ရဟန္တာအရှင်မြတ်တို့အား မေးမြန်း လျှောက်ထား၏။ ထိုအခါ ရဟန္တာအရှင်မြတ်တို့က ဘုရားရှင်၏ ဗျာဒိတ်တော်နှင့်အညီ ဗုဒ္ဓ၏ပရိဘောဂဓာတ်တော် ဆံတော်မြတ်များ ကိန်းဝပ်စံပါယ်တော်မူရာ ရွှေတိဂုံစေတီတော် တည်ရှိသည့် မဟာသိင်္ဂုတ္တရကုန်းတော်၏ အရှေ့မြောက်စွန်း တာ(၁၅၀၀) အကွာ၌ တည်ရှိသော ပထမပတိကကုန်းမြေ၌ စေတီတည်ထား ကိုးကွယ်ရန်ညွှန်ပြ၏။ ပထမ ပတိက ကုန်းမြေဆိုသည်မှာ ဘုရားအလောင်းတော် ဟင်္သာမင်း ဖြစ်စဉ် ကာလက သမုဒ္ဒရာသို့ ပျံသန်းရာ လေပြင်းမုန်တိုင်းဒဏ်ကြောင့် ရေသို့ကျခဲ့၏။ အလောင်းတော် ဟင်္သာမင်း ရေထဲကျရာနေရာ၌ ပေါ်ထွန်းလာ သည့် ကုန်းမြေသည် ပထမ ပတိက ကုန်းမြေဖြစ်၏ ဟု ကျမ်းကပြဆို၏။

ရဟန္တာအရှင်မြတ်တို့က ရေမြေရှင်မင်းမြတ် ဤပထမပတိကကုန်းမြေ၌ ဘုရားရှင်ဆံတော်၊ဓာတ်တော်မြတ်အား၊ ဌာပနာလျှက် တြိယဝဲဂမင်း၊ သကြားမင်းနှင့် ရသေ့ဂေါက်တို့မှ စေတီတစ်ဆူ ဦးစွာ တည်ထားခဲ့ဘူး၏။ ပထမစေတီတည်ခဲ့ဘူးသဖြင့် ယခုအခါ ဒုတိယအကြိမ် တည်ထားရခြင်း ဖြစ်သည်ဟု မိန့်ကြားလျှင် သီဟဒီပမင်းသည် ကျေနပ်ဝမ်းမြောက် ခံစားခဲ့ရ၏။ ထို့နောက် အရှင်မြတ်တို့ ညွှန်ရာတွင် စေတီတည်အံ့ ဟုမိန့်ကြားပြီး ဆံတော်မြတ်(၆)ဆူနှင့် အတူ ဓာတ်တော်မြတ်တို့အား၊ ရဟန္တာတို့မှ ပင့်ဆောင် ဦးဆောင်ပြီး သကာလ ပထမပတိကကုန်းမြေသို့ ကြွတော်မူခဲ့၏။

ရဟန္တာအရှင်မြတ်၊ သီဟဒီပမင်းတို့နှင့်အတူ မင်းမိဖုရား၊ အမှူးပြုသည့်မင်းညီမင်းသား၊ ပုဏ္ဏား၊ သူဌေးသူကြွယ် များကုန်သည်လယ်ယာလုပ်သူများ စသည့်မင်းပရိသတ်စုံညီစွာဖြင့် ဆံတော်ဓာတ်တော်များအားမင်းခင်းမင်းနားဖြင့် ပင့်ဆောင်ခဲ့၏။ ပထမပတိကကုန်းတော်သို့ ရောက်လျှင် ဆံတော်နှင့်အတူ ဓာတ်တော်များအား၊ ခုနှစ်ရက်တိုင်တိုင် ပူဇော်ပွဲသဘင် ဆင်ယင်ကျင်းပခဲ့၏။ ထို့အတူ ထိုနှစ် တပို့တွဲလပြည့် မင်္ဂလာအခါတော်နေ့၌ ရွှေအုတ်၊ ငွေအုတ်၊ ပတ္တမြားအုတ် စသည့် ရတနာ အုတ်ကျောက်များ ဆောက်လုပ်အပ်သည့် ဂန္ဓာကုဋီတိုက် တော်ဝယ် ဆံတော်(၆)ဆူ၊ ဓာတ်တော်(၁၀)ဆူတို့အား၊ ရွှေ ကြုတ်၊ ငွေကြုတ်၊ ပတ္တမြားကြုတ်စသည့်ကြုတ်(၇)ထပ်စီတန်းလျှက် ဌာပနာပြုတော်မူခဲ့၏။ ယင်းကဲ့သို့ပင် ရဟန္တာအရှင်မြတ်တို့ ရှိခိုးပူဇော်ဟန် ရုပ်ထုအား လည်းကောင်းသီဟဒီပမင်းကြီးမှ ပူဇော်နေဟန် ရုပ်ထုတော်ကိုလည်းကောင်း ရွှေအတိဖြင့်သွန်းလောင်းလျက် ဌာပနာတိုက်အတွင်းသို့ သွင်းလျှက် စေတီတော်ကြီးအား တည်ထားကိုးကွယ်တော်မူခဲ့၏။

ရှင်ယသ သိမ်တော်


ကျိုက္ကဆံစေတီတော်နှင့် ရှင်ယသသိမ်တော်အား တည်ထားသမုတ်တော်မူပြီးနောက် ရဟန္တာ(၈)ပါး၏ ဦးစီး ခေါင်းဆောင် ရှင်ယသမထေရ်မြတ် ပရိနိဗ္ဗာန်စံတော်မူခဲ့၏။ သာသနာပြုလုပ်ငန်းစတင်ချိန်၌ ရှင်ယသ ရဟန္တာ အရှင်မြတ် ပရိနိဗ္ဗာန်ပြုခဲ့သည့်အတွက် ကြေကွဲဝမ်းနည်းခဲ့ရ၏။ ရဟန္တာအရှင်မြတ်၏ ရုပ်အလောင်းအား ခမ်းနားကြီးကျယ်စွာ ပူဇော်သဂြိုဟ်မှုပြုခဲ့၏။ ရှင်ယသ၏ အရိုးဓာတ်တော်အား ဌာပနာ၍ စေတီတည်ထားကိုးကွယ်ရာ ရှင်ယသဓာတုစေတီဟု တွင်၏။ ရှင်ယသဓာတုစေတီမှာ သမိုင်းဝင် ကျိုက္ကဆံ စေတီတော်၏ အနောက်တောင်ဘက် ပေ (၁၀⁠၀၀) နီးပါးခန့်အကွာ၌ တည်ရှိ နေ၏။ ရှင်ယသရဟန္တာအရှင်မြတ် ပရိနိဗ္ဗာန် ပျံလွန်တော် မူခဲ့သော်လည်း မူလသာသနာပြု လုပ်ငန်းစဉ်အတိုင်း ဆက်လက်ချီတက်ခဲ့၏။ သီဟဒီပမင်းသည် ကျန်ရှိနေသော ဆံတော် (၁၀)ဆူ ၊ ဓာတ်တော် (၁၂)ဆူတို့အား မဟာသူရသေန စစ်သူကြီး အမှူးရှိသည့် အမတ်သူရဲကောင်း (၁၀)ဦးတို့အား ပေးအပ်ပြီး ရဟန္တာအရှင်မြတ်များ ဦးဆောင်လျှက် စေတီတည်ထားရန် လမ်းညွှန်ခဲ့၏။

  • မှတ်ချက်။ ။ထိုစေတီသည် ယနေ့တိုင် "ကျိုက္ကဆံ"စေတီဟူ၍ ထင်ရှား၏။ ရဟန္တာ(၈)ပါး ဦးဆောင်မှုဖြင့်သီဟဒီပတည်ထား ကိုး ကွယ်ခဲ့သည်။ ပထမဆုံးစေတီဖြစ်၏။ ထို့အတူ ရှင်ယသနှင့် ရဟန္တာ များသည် သီဟိုဠ်နည်းအတိုင်း သာသနာအကျိုး မျှော်ကိုးလျှက် ကျိုက္ကဆံစေတီတော်၏ အနောက်ဖက် ပေ(၁၀၀)ခန့်၌ ရဟန္တာ သိမ်တော်ကြီးတစ်ခု တည်ထားပြီး သိမ်သမုတ်ခဲ့၏။ အကြီးအမှူး ရှင်ယသ၏ဘွဲ့အမည်ကို အစွဲပြုလျှက် "ရှင်ယသသိမ်" ဟု တွင်ခဲ့သည်။ ထိုသိမ်သည် ရန်ကုန်မြို့တွင် ရဟန္တာကြီးများ သမုတ်ခဲ့သည့် သိမ်ကြီး (၉)ခုအနက် ပထမဆုံး သိမ်သမုတ်ခဲ့သည့် သိမ်ဖြစ်သည်။

ဘွဲ့အမည်[ပြင်ဆင်ရန်]

ရှေးဟောင်းသမိုင်းကျမ်းများ အဆိုအရ "ကျိုက္ကဆံ စေတီတော်" ဟူသော ဘွဲ့အမည်မှာ "ကျိုက်အရှန်" ဟူသော မွန်ဘာသာအမည်မှ ဆင်းသက်လာပြီးနောင်ကာလ ရွေ့လျားကာ ကျိုက္ကဆံဟူသည့် ဘွဲ့အမည်သို့ ခေါ်တွင်ခဲ့ကြောင်း မှတ်တမ်း ရှိသည်ဟု အဆိုရှိ၏။ မွန်ဘာသာအရ - ကျိုက် = ဘုရား၊ အရှန် = ရဟန္တာ စသည်ဖြင့် အဓိပ္ပါယ်ရသည်။ ရဟန္တာများတည်ထားသည့်စေတီ ဟု အဓိပ္ပါယ်ရ၏။ သမိုင်းမှတ်တမ်းများအရ ကျိုက္ကဆံစေတီသည် ရွှေတိဂုံစေတီတော်၏ အနောက်မြောက်ဘက် တာပေါင်း (၁၅၀၀) အကွာတွင်တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် (၂၃၅.၇၅) အမြင့်ရှိသည်။

ကျိုက္ကဆံသည် ကျစ်သင်-ဆိုတဲ့ မွန်ဝေါဟာရက ဆင်းသက်သည်။

  • ကျစ်-(ကျိုက်လို့ အသံထွက်တယ်)= ဘုရား။
  • သင်= သင်္ဃာ၊
  • သင်္ဃာများ ဆည်းကပ်ကိုးကွယ်သည့် ဘုရား-ဟု အဓိပ္ပါယ်ရသည်။ [၁]

ကျိုက္ကဆံ စေတီတော်၏ တတိယပစ္စယံ တံတိုင်း လေး မျက်နှာတို့၌ အနဝတတ်အိုင်ပမာ ခံတွင်းမှ ရေကျဆင်းနိုင်ရန် အရပ်မျက်နှာအလိုက် တိရိစ္ဆာန်ဦးခေါင်းပုံများ ထုလုပ်ထားသည်။

  1. အရှေ့မျက်နှာ၌ နွားရုပ်
  2. မြောက်ဘက်မျက်နှာ၌ မြင်းရုပ်
  3. အနောက်ဘက်မျက်နှာ၌ ခြင်္သေ့ရုပ်
  4. တောင်ဘက်မျက်နှာ၌ဆင်ရုပ် စသည်တို့ဖြစ်သည်။

အရှေ့တောင်ဘက် တံတိုင်းအနီး၌ ပရိဘောဂစေတီ ထိုက်သော မြတ်ဗုဒ္ဓအရှင် အမှီပြုပွင့်တော်ခဲ့ရာ မဟာဗောဓိပင် ကြီးတစ်ပင်နှင့် ရင်ပြင်တော် တောင်ဘက်မျက်နှာ၌ လင်းလွန်းပင်၊ အင်ကြင်းပင်၊ ဇမ္ဗူသပြေပင်စသည့် ဗုဒ္ဓဝင်ဆိုင်ရာ အပင်ကြီး များဖြင့် အရိပ်အာဝါသ ကောင်းမွန်လျှက် စိမ်းလန်းဝေဆာစွာ တည်ရှိနေ၏။ မူလက ကျိုက္ကဆံစေတီတော် အနောက်ဘက် မုခ်ဦးအနီး၌ မင်းတုန်းမင်းကြီး၏ ကုသိုလ်တော်အဖြစ် ဇရပ်ကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်းထားကြောင်း သိရ၏။

ကျိုက္ကဆံစေတီတော်မြတ်ကြီးအား သာသနာတော် ၂၃၁၇- ခုနှစ်တွင် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်နေသည်ကို စကုမြို့သား ရှင်သာရကိတ္တိအရှင်သူမြတ်မှ ဦးဆောင်ပြုပြင်မှုပြုခဲ့သည်ဟု မှတ်တမ်းရှိသည်။ သာသနာသက္ကရာဇ် ၂၃၇၆-ခုနှစ်တွင် ပျက်စီးယိုယွင်းလာပြန်သဖြင့် ဝန်ရှင်တော်မင်းကြီးမင်းလှရာဇာမှ ပြုပြင်ပြီး ရွှေထီးတော်ကြီးတွင် အထွတ်တင်လှူခဲ့ ပြန်သည်။ သာသနာတော် ၂၃၉၂-ခုနှစ်၌ ဟံသာ၀တီအရေးပိုင် ဝန်ထောက် မင်းကြီး သတိုးမင်းကြီး မဟာမင်းခေါင်ရာဇာသူနှင့် လက်အောက် အမှုတော်ထမ်းများ ဆိုင်ရာနယ်များမှ ရွာသူရွာသား များမှ ပြုပြင်ကြရာ တတိယဖောင်းရစ်ဌာပနာတိုက်အတွင်းမှ ဓာတ်တော်ငါးဆူ၊ ငွေဆင်းတူ ငါးဆူနှင့် ကြေးဆင်းတုတစ်ဆူတို့ကို တွေ့ရှိကြမည်။ သုံးလတာ ကာလပတ်လုံးပူဇော်ကြပြီး ပြန်လည် ဌာပနာပြုကြသည်။ သာသနာတော် ၂၃၉၄-ခုနှစ်၌လည်း ၎င်းဝန်ထောက်မင်း နှင့် မိသားစုများက မူလပြုပြင်စဉ်က အပြီးမသတ်ခဲ့သည့် အုတ်ရိုး၊ အင်္ဂတေလုပ်ငန်းများကို အပြီးသတ်ပြုပြင်ဆောင်ရွက်ခဲ့သည်။ ဆည်းလည်းလုံးရေ၁၆၄လုံးကိုလည်း စုပေါင်းလှူ ဒါန်း ခဲ့သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ခင်မင် (ဓနုဖြူ) (မင်္ဂလာမောင်မယ် ၂၀၁၀-ပြည့် ဇူလိုင်လ)
  2. ကျိုက္ကဆံ ဆံတော်ရှင် သမိုင်းသစ် (ရှင်လက္ခဏာ)