မယ်လမုစေတီတော်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မယ်လမုစေတီတော်
MalLaMu.jpg
တည်နေရာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ
ဉာဏ်တော် ၉၈ ပေ

မယ်လမုစေတီတော်သည် ရန်ကုန်မြို့ မြောက်ဥက္ကလာပတွင် တည်ရှိသည်။

သမိုင်းကြောင်း ​[ပြင်ဆင်ရန်]

မယ်လမုစေတီတော်ကို မယ်လမု၏သားတော်ဖြစ်သော ဥက္ကလာပ မင်းကြီးက တည်ထား ကိုးကွယ်ခဲ့သည်ဟု အဆိုရှိခဲ့သည်။

မယ်လမုဟူသော အမည်နှင့်ပတ်သက်၍ ပုံပြင်အလား ရှေးသမိုင်းစကား ရှိခဲ့သည်။ မင်းကြီး၏ မယ်တော် မယ်လမုသည် လူစင်စစ်က မွေးဖွားသည်မဟုတ်ဟု ဆိုခဲ့ကြသည်။ ရှေးသရောအခါ သိင်္ဂုတ္တရ ကုန်းကို အလယ်ဗဟိုထား၍ ရသေ့၊ ဇော်ဂျီ၊ တပသီတို့ ပျော်မွေ့ကြလေရာဝယ် တစ်ခုသော တောအုပ်တွင် တရားဓမ္မကျင့်သုံးနေထိုင်တော်မူပေသော တိဿရသေ့ကြီးမှာ တစ်နေ့သောအခါဝယ် တစ်ခုသောဇနပုဒ်သို့ ဆွမ်းခံထွက်လေရာ လမ်းခရီးတောအုပ်၌ လမုပင်တစ်ပင်ထက် ကြီးမားဆန်းကြယ် မက်စဖွယ်သီးနေသော လမုသီးကြီးကို တွေ့မြင်တော်မူ၍ မိမိ၏ ကျောင်းသင်္ခမ်းသို့ ဆွတ်ခူးကာ ယူခဲ့လေ၏။ သို့နှင့်များမကြာမီ ရက် အတောအတွင်း၌ပင် ထိုလမုသီးကြီးထဲမှ ရှုချင်စဖွယ် တင့်တယ်လှပသော သတို့သမီးငယ်ကို ဖွားမြင်ခဲ့လေ ရာ တိဿရသေ့ကြီးမှာ အလွန်ဝမ်းမြောက် အံ့ဩမိပြီးလျှင် မိမိလက်ညှိုးအား နို့ရည်ထွက်စေရန် ဓိဌာန်၍ ထို အမျိုးသမီးငယ်အား မွေးမြူခဲ့လေသည်။ ရုပ်ရည်ဆင်းပြင် တင့်တယ်လှပသော အမည်အားဖြင့် မွန်ဘာသာ မိကမု၊ မြန်မာဘာသာဖြင့် မယ်လမုသည် အရွယ်ရောက်လတ်သော် တာဝတိံသာ၌ သိကြားမင်း၏ ပဏ္ဍုကမ္ပလာမြကျောက်ဖျာသည် တင်းမာခြင်း ဖြစ် လာသောကြောင့် လူ့ပြည်သို့ ရှုကြည့်ရာသည်တွင် လူ-နတ်-ဗြဟ္မာတို့၏ သခင်ဘုရားရှင် ပွင့်တော်မူသည့် အကြောင်း ထိုဘုရားရှင်၏ လက်ထက်တော်တွင် ရှေးနောင်တော် ဘုရားတို့၏ ဓာတ်မွေပစ္စည်းများနှင့်အတူ ဆံတော်ရှစ်ဆူကို ဌာပနာ၍ စေတီ တည်ထားကိုးကွယ်လိမ့်မည် ဖြစ်ကြောင်း သို့ဌာပနာတည်ထား ကိုးကွယ် မည့် ဒါယကာမှာ သိင်္ဂုတ္တရကုန်း၏ အရံကုန်းတို့၌ မွေ့လျော်သော ရသေ့သူမြတ် မွေးထားသည့် မယ်လမုက မွေးဖွားသည့်သားမှသာ ဒါယကာ ဖြစ်နိုင်မည့်အကြောင်း ထိုမယ်လမုအား ရတနာပုတ္တ မွေးဖွားရလေအောင် မနုဿလူတို့ သန္ဓေပေးခြင်းငှာ မထိုက်တန် တာဝတိံသာမှ နတ်တို့၏ သေဌ်နင်း သိကြားမင်းသန္ဓေပေးမှ အရေးပုံလှမည့်အကြောင်းများကို ထင်ရှားသိမြင်လေသည်။ ထို့ကြောင့် သိကြားမင်းသည် လူ့အသွင် ဖန်ဆင်းပြီး ရှင်ရသေ့နှင့် မယ်လမုတို့ထံ ဆင်းသက်၍ သမီးလှကို တောင်းယူခဲ့သည်။ သိကြားမင်းသည် ရှင်ရသေ့ကြီး၏ သဘောတူညီချက်ဖြင့် မယ်လမုကို ထိမ်းမြားပြီးနောက် ရသေ့ကြီးထံတွင် အပ်နှံထားခဲ့၍ တာဝတိံသာသို့ ပြန်လေ၏။ သိကြားမင်းသည် လူ့ပြည်တွင်ကျန်ရစ်သူ သန္ဓေသူမယ်လမု၏ လွမ်းဆွတ်ပူဆွေး တသမှုအကြောင်းစုံကို သိ ရှိသော်လည်း လူ့ပြည်သို့ဆင်းရန် မဖြစ်နိုင်သဖြင့် တာဝတိံသာမှ နတ်ကျေးလုလင်အား မြကျည်တောင့်သုံးခု ကို ယူဆောင်စေ၍ ကြင်ယာတော်မယ်လမုအား သုံးဆောင်ရန်ပေးလိုက်လေ၏။ သို့သော် သိကြားမင်း၏ မိဖုရားများဖြစ်သော သုဇီတာ၊ သုမာလာ၊ သုစိတ္တာ၊ သုနန္ဒာဟူသော နတ်သမီးတို့ သည် လမ်းခုလတ်တွင် နှောင့်ယှက်ဖျက်ဆီးမှုကို ပြုကြ၍ မြကျည်တောင့် တစ်လုံးကိုသာလျှင် မယ်လမု သောက်သုံးရ၍ အထက်ဖော်ပြခဲ့ပြီးသော ဥက္ကလာပမင်းကြီးအား သန္ဓေတည်ကာ ဖွားမြင်တော်မူခဲ့ကြောင်း သမိုင်းများက ဆိုခဲ့ကြသည်။ ကျန်ရှိသော မြကျည်တောင့် နှစ်လုံးမှာ တစ်လုံးသည် ဟိမဝန္တာတောသို့ ကျ ရောက်၍ ဆဒ္ဒန်ဆင်မသည် သောက်သုံးရသဖြင့် ဆဒ္ဒန်ဆင်ပျံကို မွေးဖွားသည်ဟု ဆို၏။ တစ်လုံးမှာ သမုဒ္ဒရာ အလယ်သို့ ကျရောက်၍ မိကျောင်းမတစ်ကောင် သောက်ရသဖြင့် ငမိုးရိပ် မိကျောင်းကို မွေးဖွားသည်ဟု ဆို လေသည်။ ဤသို့သာလျှင် သိကြားမင်းကြီး မယ်လမု ဥက္ကလာပမင်းကြီး၏ သမိုင်းတို့ကို သိရှိခဲ့ကြလေသည်။ (အခြားဒဏ္ဍာရီ ဆန်ဆန်မူကွဲများလည်း ရှိသည်) ထိုသားငယ် အရွယ်ရောက်သောအချိန်တွင် သိကြားမင်းဆင်းသက်လာ၍ ဥက္ကလာပဘွဲ့အမည်နှင့် တိုင်းပြည် ထီးနန်း တည်လုပ်အပ်နှင်းတော်မူသည်။ ထိုနောက် ဥက္ကလာပပြည်ကြီးကို အစိုးရသောမင်းသည် မြတ်စွာ ဘုရားသခင်၏ ဆံတော်ရှစ်ဆူကို ရလိမ့်မည်။ သိဂုင်္တ္တရကုန်းတော်၌ ဌာပနာရမည်။ သာသနာ့ဒါယကာ ဖြစ်ဦး မည်။ ထိုအခါ၌ သိကြားမင်းသည် နတ်အပေါင်းများစွာနှင့် လာတော်မူဦးမည်ဟု မှာကြားခဲ့ပြီး တာဝတိံသာသို့ ပြန်လေ၏။ အလွန့်အလွန် ရှေးကျသော လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က အကြောင်းအရာများဖြစ်သဖြင့် စိတ်ချလောက်သည့် အကိုးအကားပါသော ကျောက်စာ မှတ်တမ်း ရာဇဝင်အခိုင်အမာ မရှိချေ။ သို့ဖြစ်သော ကြောင့် လက်လှမ်းမီသမျှ သမိုင်းစကားတို့ကိုသာ အားထားရလေရာ သိဂုင်္တ္တရကုန်းကို ရံသော မြို့လေးမြို့ အနက် ဥက္ကလာပသည် မြောက်ဘက်ကျသော မြို့ဖြစ်ကြောင်း သုဝဏ္ဏနဒီမြစ်ရှိကြောင်း သမိုင်းတွင် အတိ အလင်းဆိုထားရကား သမိုင်းအဆိုကို အမှန်ယူရသော် ယခုရန်ကုန်မြို့သည်ဥက္ကလာပမြို့ မဖြစ်နိုင်တော့ချေ။ အကယ်၍ ရန်ကုန်သည် ဥက္ကလာပမြို့ဖြစ်သော ရွှေတိဂုံသမိုင်းသည် မမှန်မကန်ရေးထားသော အချက်များ ပါသည့် သမိုင်းသာဖြစ်ရပေလိမ့်မည်။ သို့ဖြစ်သောကြောင့် ဥက္ကလာပနေပြည်တော် ဖြစ်ခဲ့သော မြို့နေရာ ကား သိင်္ဂုတ္တရကုန်း မြောက်ဘက် အဘယ်နေရာဒေသတွင် ရှိနေပေလိမ့်မည်နည်း။ ရွှေတိဂုံသမိုင်းကို ယုံကြည်သဖြင့် အထက်ပါမေးခွန်းကို မေးလျှင် အဘယ်ပညာရှိသည် မှန်ကန်သောအဖြေနှင့်တကွ ထွက်ပေါ် လာပါမည်နည်း။ ကျွန်ုပ်တို့ကား မမှန်းဆနိုင်ပါကြောင်း အမှန်ပင်ဖြစ်သည်။ သို့သော် သိင်္ဂုတ္တရကုန်း၏ မြောက် ဘက်ကျသော မင်္ဂလာဒုံနှင့် တံတားလေးအကြား အချို့နေရာဒေသများတွင် တူးဆွကြည့်လျှင် မြို့ဟောင်း နေရာ တွေ့ကောင်းတွေ့လေမည်လားဟု တွေးတောမှန်းဆ ကြည့်မိသည်။ အကြောင်းကား ရှေးဟောင်းစေတီ ရုပ်ပွားတော်များကို ထိုနေရာတဝိုက်မှ လွန်ခဲ့သောနှစ်အတန်ကြာက တူးဖော်တွေ့ရှိဘူးကြောင့် သိရသော ကြောင့်ဖြစ်သည်။ မယ်လမုဘုရားသည် ယခင်က ထူးခြားသော ဘုရားငုတ်တိုတစ်ဆူ ဖြစ်ခဲ့ပြီး အနီးကပ် ဖူးမြော်ကြည်ညိုခွင့် ရကြသည်။ စေတီဟု ဆိုသောလည်း အပေါ်ပိုင်းမှာ ပျက်စီးယိုယွင်းနေပြီး အောက်ခြေပိုင်းသာ ရှိသည်။ ထူးခြားချက်မှာ ဤစေတီ၏ အလည်တည့်တည့်မှ အထက်သို့ ပင်လုံးတက်သွားပြီး ခက်လက်များဖြာ၍ စိမ်း လန်းဝေဆာစွာဖြင့် နပဲပင်ကြီးက ထီးမိုးထားသကဲ့သို့ ရှိနေခြင်းပင်ဖြစ်သည်။ ထိုဆန်းပြားသော အနေ အထားမြင်ကွင်းကြောင့် အနီးအပါးမှ ဖြတ်သန်းကြသော ခရီးသွားတို့မှာ စိတ်ဝင်စားစွာဖြင့် ခေတ္တရပ်နားကာ ဘုရားငုတ်တိုအား ဖူးမြော်တတ်ကြသည်။ ၁၉၆၀-ခုနှစ် မြန်မာသက္ကရာဇ် ၁၃၂၂-ခုနှစ် နယုန်လဆန်း (၈)ရက် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ဘုရားငုတ်တိုအား ဒေါ်စောညွန်ရီသည် အဖော်များနှင့် လာရောက်ဖူးမြော်ရာမှ မောင်ဖြစ်သူက စေတီတော် အပေါ်သို့တက်၍ ကြည့်ရှုရာမှ မမျှော်လင့်ဘဲ မှန်စီထားသော ကြုတ်ကလေးတစ်ခုကို ရရှိသည်။ ကြုတ်၏ အတွင်း၌ ထုလုပ်ထားသော မိန်းမပုံတစ်ခုကို တွေ့ရသည်။ ယင်းကြုတ်ကလေး၏ လက်ရာ အနေအထားမှန် ပုံသဏ္ဌာန်များကိုပါ ကြည့်ရှု၍ ရှေးနှစ်ပေါင်း ၄၀၀ကျော်၊ ၅၀၀ ခန့်က ပစ္စည်းတစ်ခုဖြစ်မည်ဟု ထင်ကြောင်း နှင့် ပုံမှာမိန်းမပုံဟု ထင်ရကြောင်းကို ရှေးဟောင်းသုတေသနမှ အတွေ့အကြုံရှိပြီးသူများမှ စုံစမ်းသိခဲ့ရသည်။ ယင်းကိစ္စကို ပိုမိုတိကျ မှန်ကန်စေရန် ရှေးဟောင်းစေတီသမိုင်းများ စုံစုံလင်လင်ရှိသော ရွှေတိဂုံဘုရားရှိ သမိုင်းစာပေများအရ အဆိုရှိခဲ့သော ဥက္ကလာပမင်းကြီး၏ အထောက်အထားတစ်ခု ရှိကြောင်း၊ ဘုရားကြီး၏ အလယ်ပစ္စယံတွင် သိကြားမင်း၏ ပုံတော်အောက်၌ရှိသော မယ်တော်မယ်လမု၏ ပုံကို သွားရောက် လေ့လာ သော် ကြုတ်အတွင်းမှ ရရှိသော ပုံတော်နှင့်လက်အနေအထား အနည်းငယ်ကွဲသည် မှတစ်ပါး ဦးခေါင်း၊ ဆံထိုး၊ ထိုင်နေဟန်တို့မှာ တထေရာတည်း တူညီကြောင်း တွေ့ရှိသည်။ အကြောင်းသော် နှစ်ပေါင်း ၄၀၀ ကျော်ကို ပြန်လည် ကြည့်ရှုပါလျှင် မြတ်စွာဘုရား၏ သာသနာတော်သည် မယ်တော်ဘုရင်မကြီး ရှင်စောပုနှင့် သားမက်တော် ဓမ္မစေတီမင်းကြီးတို့ လက်ထက်တော်တွင် အလွန်ပင် ပွင့် လင်းထွန်းကားခဲ့ဘူးကြောင်းကို ရာဇဝင်အစောင်စောင်တို့တွင် တွေ့မြင်ဖတ်ရှု ကြရပေရာ ထိုဘုရားငုတ်တို မှာ ရှေးဟောင်းစေတီတစ်ဆူ ဖြစ်နိုင်သည်ဟု ယူဆနိုင်ပေသည်။ ဤအထောက်အထားများကို ထောက်ရှု၍ ဘွဲ့မည်တော်မရှိဘဲ ဘုရားငုတ်တိုဟု ခေါ်ဝေါ်သမုတ်နေကြသည့် အစား အများအမြင်တွင် မမှားနိုင်သော ဘွဲ့မည်တော် သမုတ်ရာ၌ ပထမ မယ်လမုစေတီ၊ နောက်မှထပ်ဆင့် ညှိနှိုင်းကြကာ ‘ဆုတောင်းပြည့် မယ်လမုစေတီတော်’ ဟူ၍ ဘွဲ့မည်တော်ကို သမုတ်လိုက်ကြရသည်။ ထူးခြားသော ဌာပနာများ နပဲပင်ကို ခုတ်လှဲကာ စေတီတော်ကို စတင်ဖြိုလျက် ရှင်းလင်းကြရာ ပထမ ရွှေရောင်အနည်းငယ်ဖြင့် ဘုရား ဆင်းတုတော်တစ်ဆူ၊ ထိုနောက် ဆေးဘုရားတစ်ဆူ၊ ကြေးဆင်းတုတော်ကြီး တစ်ဆူကို တူးဖော်ရရှိကာ ဖူး မြော်ကြရသည်။ ဒုတိယနေ့ ဆက်လက်တူးဖော်ကြရာ နဂါးပတ်၊ နဂါးရုံ၊ နဂါးဖောင် လျောင်းတော်မူ ဆင်းတုရုပ်ပွားတော်များ နှင့် လမုသီးသဏ္ဌာန် အားဖြင့် ထုလုပ်ထားသော ကျောက်သား လမုသီးကို အောက်မှ ပလ္လင်ခံလျက် တွေ့ရ သည့်ပြင် ရသေ့အသွင် လျောင်းတော်မူ ကျောက်ဆင်းတု ပုံတော်ကိုပါ တူးဖော်တွေ့ရှိကြရသည်။ ဗုဒ္ဓ၏ ဆင်းတုတော်များသည် အရှေ့အရပ်သို့ မျက်နှာတော်မူလျက် ဌာပနာထားသည်ကို မြင်တွေ့ဖူးမြော်ရ သည်။ ထိုဆင်းတုတော်များသည် သိကြားမင်းအသွင်နားကင်းများတပ်ဆင်လျက် လက်ကောက်၊ နားတောင်း၊ ခြေကျင်းတော်များပါ ပါရှိသည်ကို တွေ့မြင်ကြရသည်။ ‘ဆုတောင်းပြည့်မယ်လမုစေတီတော်သမိုင်း’ ပါပုံများအရဆိုလျှင် ဘိုးတော်တိဿရသေ့ကြီး လျောင်းတော်မူ ပုံ၊ နဂါးလိမ်ပလ္လင်ဆင်းတုတော်၊ မယ်လမုပုံ၊ ဥက္ကလာပမင်းအသွင် ဘုရားရှင်ပုံတော် နှစ်ပုံ၊ သိကြားမင်း အသွင် သုံးပုံ။ နဂါးရုံတွင် ပလ္လင်ခွေတစ်ပုံ၊ ကျောက်ဆင်းတုတစ်ပုံ၊ နဂါးဖောင်ဘုရားရှင် လျောင်းတော်မူပုံ ခြောက်ပုံ၊ ကြေးဆင်းတုတစ်ပုံ၊ ရုပ်တုပုံများတွင် ပလ္လင်အနိမ့်အမြင့်၊ နဂါးဦးခေါင်းအမြီး အနည်းငယ် ခြားနား သည်သာ ကွဲပြားသည်။ ကျောက်ခွေများဆင့်၍ စေတီပုံသဏ္ဌာန် တည်ထားသော ကျောက်ခွေစေတီ တစ်ဆူ ကိုလည်း တွေ့ရှိရသည်။ ပြန်လည်တည်ထားသောစေတီမှာ ဉာဏ်တော်အမြင့် ၇၀ ရှိပြီး ၂၀၁၃ ခုနှစ်တွင် ဉာဏ်တော် ၉၈ ပေသို့ တိုးမြှင့်ပြုပြင် ပူဇော်ထားရှိသည်။

ရုပ်ပုံများ[ပြင်ဆင်ရန်]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]