ဂူပြောက်ကြီး (မြင်းကပါ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဂူပြောက်ကြီးစေတီ
Gubyaukgyi-Bagan-Myanmar-06d-gje.jpg
  • စေတီပုထိုးအမှတ် = ၁၃၂၃/၆၄၇

မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် ဂူပြောက်ကြီး နှစ်ဆူရှိသည်။ ဝက်ကြီးအင်းအရပ်ရှိ ဂူဘုရားကို ဝက်ကြီးအင်းဂူပြောက်ကြီး ဟုခေါ်ကြပြီး မြင်းကပါအရပ်ရှိ ဂူဘုရားကို မြင်းကပါဂူပြောက်ကြီး ဟု ခွဲခြားခေါ်ကြသည်။

သမိုင်း[ပြင်ဆင်ရန်]

ဂူပြောက်ကြီး (မြင်းကပါ)သည် ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်ဂူ ဘုရားဖြစ်ပြီး အေဒီ(၁၁၁၃) တွင် အမတ်ကြီး ရာဇကုမာရ် (ကျန်စစ်သားမင်း နှင့် သမ္ဘူလ မိဖုရား တို့၏သား)က တည်ခဲ့သည်။ ကျန်စစ်သားမင်းသည် အေဒီ (၁၀၈၄) တွင် ပုဂံထီးနန်းကို ရရှိခဲ့ပြီး နန်းစံနှစ် (၂၈) နှစ် အေဒီ (၁၁၁၃) အရောက်တွင် မကျန်းမမာ ဖြစ်ခဲ့သည်။ ထိုအချိန်တွင် ကျန်စစ်သား နှင့် သမ္ဘူလ မိဖုရား တို့မှ မွေးဖွားသည့် ရာဇကုမာရ်သည် ဖခင်၏ ကျေးဇူးကို အောင့်မေ့သတိရကာ ရွှေဆင်းတု တစ်ဆူ ပြုလုပ်၍ ဖခင် ကျန်စစ်သားမင်းထံ သွားရောက်ပြီး ဤဘုရားကို ဖခင်အတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဖခင်ပေးထားသော ကျွန်သုံးရွာကို လည်းဤဘုရားအား လှူကြောင်း လျှောက်ထားခဲ့သည်။ ကျန်စစ်သားမင်းက ရာဇကုမာရ်၏ မိဘကျေးဇူး သိတတ်မှုအတွက် နှစ်သက် ဝမ်းမြောက်စွာနှင့် သာဓုခေါ်ကာ ရေစက်သွန်းခဲ့သည်။ ရာဇကုမာရ်သည် ထိုဘုရားကို ဌာပနာ၍ ဂူပြောင်းကြီး (မြင်းကပါ) ဘုရားကို တည်ခဲ့သည်။

မြစေတီကျောက်စာ (ယခု ရာဇကုမာရ် ကျောက်စာ) တွင် ဘုရား၏ မူလဘွဲ့တော် မပါရှိသော်လည်း ဂူဘုရားသည် မြင်းကပါရွာတွင် တည်ရှိပြီး ဂူဘုရား အတွင်း အပြင် အပြောက် အပြိန်းတို့ဖြင့် မွမ်းမံ တန်ဆာဆင်ထား၍ ဂူပြောက်ကြီး ဘုရားဟု ခေါ်တွင်ခဲ့သည်။

ဗိသုကာ လက်ရာများ[ပြင်ဆင်ရန်]

ဂူပြောက်ကြီး (မြင်းကပါ) တိုက်မအထက်တွင် ဆင်ခြေလျော အမိုး၊ ပစ္စယာများဖြင့် တည်ဆောက်ထားပြီး ကွမ်းတောင်ပေါက် ထားသည်။ ကွမ်းတောင် ပတ်လည် လေးမျက်နှာတွင် လေးထောင့် ဖောင်းပြားများ ဖော်၍ ကြက်လျာတွင် မုခ်ကပ်သုံးခု ပါရှိသည်။ နံရံဆေးရေး ပန်းချီကားများ၊ အင်္ဂတေ ပန်းတော့ လက်ရာများ၊ ကျောက်ဆစ် ပန်းတမော့ လက်ရာများ ရှိသည်။

အာရုံခံအမိုးတွင် ခြေတော်ရာပုံများကို ပန်းခက် ပန်းနွယ်များဖြင့် တန်ဆာဆင်ထားသည်။ ဂန္ဓကုဋိဘုရားဆောင်အတွင်း ဆင်းတုပလ္လင် တစ်ဝိုက်တွင် မာရ်နတ်စစ်သည်ပုံများကို အဆန်းတကျယ် ရေးခြယ် ထားလေသည်။

ဂူပြောက်ကြီး (မြင်းကပါ) ဘုရားအတွင်း နံရံဆေးရေးပန်းချီများမှာ ဗုဒ္ဓဝင် ပန်းချီများဖြစ်သည့် မြတ်စွာဘုရား တာဝတိံသာမှ ဆင်းလာခန်း၊ မြတ်စွာဘုရား တရားဟောခန်း နှင့် ဘုရား ဝေသာလီပြည်သို့ လှေဖြင့် သွားပုံ၊ ငါးရာ့ငါးဆယ်ဇာတ်ကွက်များ၊ ကောသလမင်း အိပ်မက် (၁၆)ချက်၊ (၅၄၄)ဘီစီတွင် ရာဇဂြိုဟ်ပြည် အဇာတသတ်မင်း လက်ထက် ပထမသင်္ဂါယနာ တင်ပွဲ၊ (၄၄၄)ဘီစီတွင် ဝေသာလီပြည် ကာဠာ သောကမင်းလက်ထက် ဒုတိယသင်္ဂါယနာ တင်ပွဲ၊ (၃၀၉) ဘီစီတွင် ပါဋလပုတ်ပြည် သီရိဓမ္မာသောက မင်းကြီး (အသောက) မင်းလက်ထက် တတိယသင်္ဂါယနာ တင်ပွဲ အပါအဝင် အခြား ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အကြောင်းအရာ များဖြစ်သည့် သီဟိုဠ်နိုင်ငံ ဧဠာရမင်းသည် နန်းတော်ရှေ့တွင် တရားခေါင်းလောင်း ချိတ်ဆွဲကာ တရားသဖြင့် အုပ်ချုပ်ပုံ၊ သီဟိုဠ်နိုင်ငံ ဒေဝါနံပီယမင်း နှင့် ရှင်မဟိန္ဒတို့ အမေးအဖြေခန်း ပန်းချီများ ဖြစ်သည်။ ထို့ပြင် နတ်သား နတ်သမီးများ ကနေပုံ၊ နန်းတွင်းသူ နန်းတွင်းသားများပုံ၊ ပုဂံခေတ် အမျိုးသား အမျိုးသမီးပုံ များလည်း ရှိသည်။ (၁၉၈၄) မှစ၍ ရှေးဟောင်း သုတေသနဦးစီးဌာန သည် ကုလသမဂ္ဂ အကူအညီဖြင့် ဂူပြောက်ကြီး (မြင်းကပါ) ဘုရား အတွင်းရှိ နံရံဆေးရေး ပန်းချီများနှင့် မင်စာများကို ဓာတုဗေဒနည်းဖြင့် ပြန်လည် ထင်ရှား ပေါ်လွင်လာအောင် ဆောင်ရွက်ခဲ့သည့် အတွက် ဘုရားရှိ နံရံဆေးရေး ပန်းချီများ နှင့် ရှေးဟောင်း မွန်ဘာသာ ကမ္ပည်းစာများကို ဖတ်ရှု လေ့လာနိုင်ပြီ ဖြစ်သည်။

ဂူပြောက်ကြီး (မြင်းကပါ) ဘုရား၏ အပြင်မျက်နှာစာ များရှိ ဘီလူးပန်းဆွဲ၊ ထောင့်ဘောင်ပန်း အင်္ဂတေပန်း စသည့် အင်္ဂတေ၊ ပန်းတော့ လက်ရာများနှင့် ဘုရားရှိ ကျောက်လေသာ ပြူတင်းပေါက်များ ဖောက်ထားပုံကို လေ့လာနိုင်သည်။ ဂူဘုရားရှိ အလယ်ဗဟို ဂန္ဓကုဋီတိုက် ပတ်လည်တွင် စင်္ကြပတ်လမ်းရှိပြီး စင်္ကြအတွင်း နံရံ မုခ်ကပ်များရှိ ဗုဒ္ဓရုပ်ပွား ကျောက်ဆစ် ပန်းတမော့ လက်ရာများကို လေ့လာနိုင်သည်။[၁]

ဂူပြောက်ကြီး ကျောက်စာ[ပြင်ဆင်ရန်]

လှူဒါန်းခဲ့သော ကောင်းမှု အစုစုကို ပျူ၊မွန်၊ ပါဠိ၊ မြန်မာဘာသာဖြင့် လေးမျက်နှာပါ ကျောက်စာနှစ်တိုင်ကို ရေးထိုးခဲ့သည်။ ထို ကျောက်စာတိုင်များကို မြစေတီဘုရားအနီးမှာ တွေ့သဖြင့် ရှေးက မြစေတီကျောက်စာဟူ၍ တွင်ခဲ့သည်။ ယခုအခါ အချို့က ရာဇကုမာရ် ကျောက်စာဟု လည်းကောင်း၊ ဂူပြောက်ကြီး ကျောက်စာ ဟု လည်းကောင်း ခေါ်ကြသည်။ ကျောက်စာအငယ်တစ်တိုင်မှာ ပုဂံပြတိုက်တွင် ထားရှိ၍ အကြီးတစ်တိုင်မှာ ကျိုးပဲ့လျက်ရှိပြီး ဆက်စပ်ကာ မြစေတီဘုရားအနီး၌ စောင့်ရှောက်ထားလေသည်။ ဘာသာလေးမျိုးဖြင့် ရေးထိုးထားသဖြင့် စာပေနှင့် သမိုင်းအတွက် အထူးအရေးပါသည်။ ဤကျောက်စာပါ ပျုစာများသည် အရှည်ဆုံးဟု ဆိုရပေမည်။ ပျူစာကို အဓိပ္ပါယ်ဖော်နိုင်ရန် ကြိုးစားခဲ့သော ဒေါက်တာ စီ၊ အို၊ ဗလက်ဒင်သည် ဤကျောက်စာ၏ အကူအညီဖြင့် ၁၉၁၁ ခုနှစ်တွင် အောင်မြင်စွာ အဓိပ္ပါယ်ဖော်နိုင်ခဲ့လေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ
  2. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ