စားတော်ဝန်ဦးခဲ

ဝီကီပီးဒီးယား မှ

စားတော်ဝန်ဦးခဲသည် ကုန်းဘောင်ခေတ်မင်းတုန်းမင်းလက်ထက် စားတော်ဝန် ဖြစ်သည်။ သာယာဝတီမင်းနှင့် ပုဂံမင်းတို့လက်ထက် စားတော်ဝန်၏ အမည်ကို မသိရှိရပေ။ မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) လက်ထက်တွင်မူ စားတော်ဝန်ဦးခဲမှာ အမည်ထင်ရှားခဲ့သည်။ ဦးခဲသည် မဟာမင်းလှရွှေတောင်ဘွဲ့ခံ စားတော်ဝန်ဖြစ်ပြီး မင်းတုန်းမင်း၊ မိဖုရားကြီး စကြာဒေဝီ နှင့် သားတော် သမီးတော်များအတွက် အစားအသောက်များကို စီမံချက်ပြုတ်ရသူဖြစ်သည်။ စားတော်ဝန်ဦးခဲ၏ လက်အောက်တွင် အစ္စလာမ်ဘာသာဝင် မုန့်တော်ခေါင်း မင်းဦးရွက်ဆိုသူက အမှုထမ်းခဲ့ရ၏။ စားတော်ဝန် ဦးခဲမှာ မင်းတုန်းမင်းနှင့် ရုပ်ချင်းအတော်ဆင်သူ ဖြစ်သည်။ ၁၈၅၅ ခုနှစ်က အသာဖယ်ရာ ဦးဆောင်သော ဗြိတိသျှသံအဖွဲ့ အမရပူရနေပြေည်တော်သို့ လာရောက်စဉ် စားတော်ဝန်ဦးခဲအား မင်းတုန်းမင်းအမှတ်ဖြင့် မှားယွင်းအရိုအသေပြုခဲ့ဖူးသည်။ နန်းတွင်းသူ နန်းတွင်းသားများကလည်း ဦးခဲအား မင်းတုန်းမင်းနှင့် မကြာခဏ မှားယွင်းတတ်ကြသည်။ သို့ဖြင့် ကင်းဝန်မင်းကြီးက စားတော်ကဲ ဦးခဲအား မုတ်ဆိတ်ကျင်စွယ် မထားရန်နှင့် လမ်းသွားလျှင် တောင်ဝှေး တစ်ချောင်းကိုင်ထားရန် အမိန့်တော်ချမှတ်ခဲ့၏။ ဦးခဲသည် ရေစကြိုနယ်သားဖြစ်ပြီး ရေစကြိုခုံတော် ဦးမှိုင်းက နန်းတွင်းသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ဦးခဲသည် မင်းတုန်းမင်း နန်းတက်စကပင်အမှုထမ်းခဲ့သည်။

မင်းတုန်းမင်းက သူ့အား ရေစကြိုလေးရွာစား အဖြစ်ချီးမြှင်ခဲ့ပြီး မဟာမင်းလှရွှေတောင်ဘွဲ့ကို ပေးအပ်ခဲ့သည်။ ၁၆ ဇန်နဝါရီ ၁၈၇၃ ရက်စွဲပါ အမိန့်တော်တွင် စားတော်ဝန်ဦးခဲအား ယခင်မင်းတုန်း တောင်စဉ်ခုနှစ်ရိုင်ဝန်ကို ပေးအပ်ထားသည့် တောင်ဘက်ကိုးခရိုင် ဆည်ရေသောက်လယ်များကို ထပ်မံပေးသနားခဲ့ကြောင်း ဖော်ပြပါရှိသည်။


ဘုရင့်ပွဲတော်အုပ်များ အတွက် တာဝန်ယူ စီမံ ချက်ပြုတ်ရသည်။ ဦးခဲသည် မင်းတုန်းမင်းထက် အသက် အနည်းငယ် ကြီးသော်လည်း အဂါင်္ရုပ်မှ စ၍ အသံနေ အသံထား ကိုယ်လုံးကိုယ်ထည်သွားပုံလာပုံ စသည်တို့မှာ ဘုရင်မင်းတရားကြီးနှင့်ခွဲမရအောင် တူသည်ဟု ဆိုသည်။ ဦးခဲအား ဘုရင်နှင့် တူလွန်း၍ နန်းတော်သူများပင် အမှတ်မှား တတ်ကြသည်။ ဘုရင်နှင့် အဝေးမှ ကြည့်ခွဲရသည် ရှိသော် ဦးခဲ ဝတ်ဆင်သော အဝတ်တန်ဆာကို ကြည့်၍သာ ခွဲခြားနိုင်သည်။ ကင်းဝန်မင်းကြီးက ဦးခဲအား မုတ်ဆိတ်ကျင်စွယ် မထားရန်နှင့် လမ်းသွားလျှင် တောင်ဝှေးတစ်ချောင်း ကိုင်ထားရန် အမိန့်ချခဲ့သည်။ အင်္ဂလိပ် သံအမတ် မေဂျ ာဖယ်ယာသည်AD 1855 ခုက မင်းတုန်းမင်းအား အမရပူရမြို့ တွင် ဖူးမြှော်ခွင့်ရသဖြင့်ရွှေ မျက်နှာတော်ကို မှတ်မိနေသည်။ ရတနာပုံရွှေမြို့ တော်သို့ ပြောင်းလာပြီးနောက်AD 1863 လောက်တွင် မေဂျ ာဖယ်ရာနှင့်သံအဖွဲ့ ရောက်ရှိလာပြီး မင်းတရားကြီးကို ဖူမြော်ရန် ဇေတဝန်ဆောင်တွင် စောင့်စိုင်း နေကြရာ ဦးခဲသည် ရုတ်တရက် ရောက်လာပြီး ဇေတဝန်ဆောင်ဘက်သို့ ကွေ့ချိုးလိုက်ရာတွင် ဖယ်ယာတို့လူစုသည် ဘုရင်မင်းမြတ် ကြွလာသည် အထင်နှင့် အားလုံးတစ်ပြိုင်နက်အရိုအသေပြုကြသည်။ ထို့နောက်မှ ဧည့်ခံနေသော ဝန်ထောက်တော်က ဦးခဲအားပြုံးရယ်ပြီး နုတ်ဆက်သည်တွင် ဖယ်ယာတို့လူစု လူမှားမှန်း သိလာကြသည်။ ဦးခဲသည် AD 1869 ခုတွင် ရေစကြိုမြို့ အောင်မြေသာယာကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ဦးချမ်းမြ၊ နန်းဓလေ့