ကံ့ကော်တောဘုရား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကံ့ကော်တော ဘုရား

ရှေးနှစ်ပေါင်းများစွာကပင် ထင်ပေါ်ကျော်ကြားလျက်ရှိခဲ့လေသော၊ ကံ့ကော်တောဘုရားဟု ခေါ်ဝေါ်သမုတ်လျက်ရှိသော ရှေးဟောင်း ပေါ်တော်မူမြတ်စွာဘုရား ရုပ်ပွားတော်နှစ်ဆူသည်ကား ရခိုင်ပြည်၊ ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ်၏ ဂုံးချိန်ကျေးရွာတောင်ဘက် ကံ့ကော်ပင်များရှိရာ အရပ်၌ တည်ရှိနေလေသည်။ အဆိုပါ တန်ခိုးကြီး ရှေးဟောင်းပေါ်တော်မူ ရုပ်ပွားတော်မြတ်ကြီးနှစ်ဆူသည်သီတင်းသုံး ကိန်းဝပ်တော်မူရာ သိမ်တော်မှာ ကျောက်ဖြူမြို့နှင့် (၅)မိုင်ကျော်ခန့် ကွာဝေးသော နေရာတွင်တည်ရှိပြီး ဂုံးချိန်ကျေးရွာနှင့်မူ (၂)ဖာလုံခန့်သာ ဝေးလေသည်။ ထို တန်းခိုးကြီးရှေးဟောင်း ရုပ်ပွားတော်မြတ်နှစ်ဆူ၏ ဘုရားပူဇော်ပွဲတော်မှာ နှစ်စဉ်နှစ်ဆန်း တစ်ရက်နေ့တွင်သာ ပြုလုပ်ကျင်းပလေ့ ရှိပေသည်။ ဤကဲ့သို့ သင်္ကြန်လွန်စ ထူးမြတ်သောနှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပပြုလုပ်သော ဘုရားပူဇော်ပွဲမျိုးကားမရှိသလောက် အလွန်ပင်ရှားလှပေသည်။

ကံ့တော်တော ဘုရားသမိုင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသခင် ပရိနိဗာန် စံလွန်တော်မူပြီးစ အချိန်အခါမှစ၍ ပေါ်ပေါက်လျက်ရှိသော စကားရပ်များမှာ ကံ့ကော်တောဘုရား ရုပ်ပွားတော်များနှင့် ဆက်စပ်လျက်ရှိသော စကားတစ်ရပ်ပင်ဖြစ်လေသည်။ ရှေးသရောအခါ၌ ကောတုန်တရစ်တိုင်းဟူ၍ တိုင်းကြီးတစ်တိုင်းမှာ ထင်ရှားစွာရှိခဲ့လေသည်။ ၎င်းတိုင်း၏အကျယ်အဝန်းမှာ ရှေ့ဘက်သို့ မော်တင်စွန်းအထိနှင့် အနောက်ဘက်သို့ ဘင်္ဂလားအော်အထိ ကျယ်ပြန့်လေသည်။ အဆိုပါတိုင်းပြည်တွင် မဒ္ဒရာဇ်မင်းကြီး စိုးစံအုပ်ချုပ်ပြီး သားတော်(၃)ပါး ထွန်းကားလျက်ရှိလေသည်။ ၎င်းတို့ မှာ နောင်တော်ကြီး၊နောင်တော်လေးနှင့် အာဝ ဟူ၍ အသီးသီး ခေါ်တွင်ကြလေ၏။ အခါတစ်ပါးသောနေ့၌ ဘခမည်းတော် မဒ္ဒရာဇ်မင်းကြီး နတ်ရွာလားလေသော် သားကြီးဖြစ်သော နောင်တော်ကြီးမင်းသားအား ထီးနန်းရိပ်ရာ အပ်နှင်းကြလေသည်။ ညီတော် အလတ် နောင်တော်လေးက အိမ်ရှေ့စံအဖြစ်လည်းကောင်း၊ ညီတော် အာဝမင်းသားအား စစ်သူကြီးရာထူးဖြင့် အသီးသီးဝေမျှ အုပ်ချုပ် ကြလေသည်။ ထိုသို့ ညီနောင်(၃)ဦး စီးမံအုပ်ချုပ်မင်းလုပ်နေကြစဉ် အတွင်း ပြည့်ရှင်မင်းဖြစ်သော နောင်တော်ကြီးသည် ဥပုသ်ဆောင်ဝင်လိုလှသော အာသီသစိတ် ပြင်းထန်လာသဖြင့် ညီတော်လတ်ဖြစ်သည့် နောင်တော်လေး အိမ်ရှေ့မင်း သားအား ဆုံးမဩဝါဒပေးပြီး နန်းရပ်ထီးဖြူ အပ်နှင်းတော်မူပြီး တောအရပ်သို့ ထွက်ခွာသွားတော်မူလေသည်။ ထိုသို့ နောင်တော်ကြီးဘုရားတောထွက်၍ နှစ်လများ အတန်ကြာညောင်းလေသော် ပြည့်ရှင်မင်းနောင်တော်လေးသည်လည်း အစ်ကိုနောင်တော်ကြီးနည်းတူပင် အညရဝါသီ တောရပ် မှီးလေတော့သတည်း။ ထီးနန်းအရိပ်အရာအား ညီတော် အငယ်ဆုံး အာဝမင်း အုပ်ချုပ်လေတော့သည်။ သို့နှင့် နောင်တော်လေးမင်းကြီးသည် ထီးနန်းစွန့်ပြီး နောင်တော်ကြီးသွားရာ အရပ်ဘက်သို့ ရှေးရှုပြီးလိုက်လေသော် တိုင်းပြည်တော် နှင့်အလွန်ဝေးလွန်းသော တောင်တန်းတစ်ခုတွင် တွေ့ဆုံကြလေ၏။ ထို့သို့တွေ့ဆုံရာတွင် တိုင်းပြည်ရေးရာ အကျိုးအကြောင်းနှင့် စပ်လျဉ်း၍ ပြောဆိုကြပြီး သော် မိမိအားလည်း နောင်တော်နှင့် အတူတစ်ကွ တရားအားထုတ်ခွင့်ပြုပါရန် လျှောက်ထား တောင်းပန်လေသော် နောင်တော်ကြီးက ငါ့ညီတော် တရားအား ထုတ်လိုသော် ဟိုဘက်တောင်တန်းမှာ နေလေတော့ဟု ညွှန်ကြားလိုက်လေသည်။ ညီနောင်နှစ်ဦးတို့လည်း မိမိတို့နေရပ်၌ ပင် တရားကျင့်သုံး၍ အသက်ထက်ဆုံးနေကြလေကုန်၏။ ၎င်းအရပ်သည် ရမ်းဗြဲကျွန်း မြောက်ဘက်ကျသည့် ပင်လယ်ထဲတွင်ရှိကြလေ၏။ ထိုနေရာအား နောင်တော်ကြီးတောင်နှင့် နောင်တော်လေးတောင်ဟူ၍ ယခုထက်တိုင် ခေါ်ဝေါ်သုံးစွဲလျက် ရှိကြလေသည်။ ထိုစဉ်အခါ ကောတုန်တရာဇ်တိုင်းပြည်၌ ညီငယ်တော် အာ၀မင်းသားသည် မင်းကျင့်တရားဆယ်ပါး၊ နာယကဂုဏ်ခြောက်ပါးနှင့် ညီညွတ်မှု မရှိလေသောကြောင့် တိုင်းပြည်တော်သည် ခိုးသားဓားပြ မကောင်းမှုများ ရောပြွန်းလျက်ရှိခြင်းတို့ကြောင့် တိုင်းသူပြည်သားလူအများတို့ ငတ်မွတ်ခေါင်းပါးသော ဘေးကပ်ဆိုးကြီး ဆိုက်ရောက်နေလေ၏။ တိုင်းပြည်ကြီးသည်လည်း မငြိမ်မသက်ဖြစ်လေတော့သည်။ အဆိုပါတိုင်းပြည်တွင် တိုင်းသူ ပြည်သားအပေါင်းတို့ ပူဇော်ကိုးကွယ် ကြည်ညိုကြသော တန်းခိုးကြီးရုပ်ပွားတစ်ဆူ ရှိလေ၏။ (တစ်ချို့က နှစ်ဆူရှိသည်ဟူ၍လည်း ပြောကြသည်) ထိုတန်ခိုးကြီးရုပ်ပွားတော်ကြီးအား မရိုသေ မကိုင်းရှိုင်းကြပဲ မသင့်လျော်သော အမှုကို ပြည်သူများ ပြုကျင့်ကြကုန်၏။ ထိုတိုင်းပြည်၌ သီလ၊ သမာဓိမြဲသော င/ပု အမည်ရှိ အဘိုးအိုလင်မယားနှစ်ဦး (တစ်ချို့က င/ပု နှင့် င/လာ ညီအစ်ကို နှစ်ယောက်ရှိကြောင်းပြောကြသည်။) က မိမိတို့ ကိုးကွယ်သော တန်ခိုးကြီး ဘုရားအား ဤသို့ပြုကျင့်နေကြခြင်းမှာ မသင့်လျော်ကြောင်းများ ပြောဆိုဟန့်တားသော်လည်း မရရှိခဲ့ပေ။ င/ပု လင်မယားမှ လွဲ၍ ၎င်းတို့၏ သားသမီးများပင်လျင် မကောင်းသော အမှု ဖြင့် ဘုရား၌ပြုကျင့်ကြကုန်၏။

နတ်များအိပ်မက်လာပေးခြင်း[ပြင်ဆင်ရန်]

တစ်ညသော အခါ၌ င/ပု လင်မယားအိပ်ပျော်နေစဉ် သမာဒေဝနတ်များ လာပြီး ဤကောတုန်တရာဇ်တိုင်းအား ရက်သတ္တပါတ်အတွင်း နဂါးတို့ရေနှစ်ကစားတော့မည် ဖြစ်၍ သင်တို့လင်မယားလွတ်ရာသို့ ပြေးကြလေကုန်။ ထိုသို့သွားသော အခါ၌ လည်း သင်တို့နှစ်ဦးမှလွဲ၍ မည်သူ့အားမှ အသိမပေးကြဘဲ ဘုရားပင့်ဆောင်ပြီး ယူကြလေဟု အိပ်မက်၌ ပြောကြားခဲ့လေ၏။ င/ပု အဘိုးအို အိပ်ရာမှ လန့်နိုးလတ်သော် အနီးတွင် ငွေထောင်ထုပ်ကို တွေ့ရှိရလေ၏။ နံနက်မိုးသောက်အလင်းရောက်သော် အဘိုးကြီးသည် ဇနီးသည် အဘွားကြီးအား အိပ်မက်အကြောင်းများပြောကြား၍ ငွေထုပ်အားပေးပြီး တစ် စုံတစ်ယောက်သောသူအား မပြောကြားရန်မှာထားလေ၏။ အဘွားကြီးကား မိခင်ဖြစ်ခြင်းကြောင့် သားသမီးနှစ်ဦးတို့အား တိတ်တစ်ဆိတ်ပြောထားလေရာ သွားချိန်နီးတွင် င/ပု အဘိုးကြီးဘုရားသွားရောက်ပင့်လေသော် ပင့်မရဘဲရှိနေလေ၏။ ထိုအခါ င/ပု အဘိုးသည် ဘုရားရုပ်ပွားတော်အား အကြိမ်ကြိမ် အဖန်ဖန်ကြိုးစား၍ ပင့်ယူပါသော်လည်း အချီးအနှီးဖြစ်နေလေသောကြောင့် အဘွားကြီးအား မှန်ရာပြောရန် မေးမြန်းရာ အဘွားကြီး က သားသမီးများအား ထုတ်ဖော်ပြောမိပါကြောင်းဝန်ခံလေ၏။ ထို့ကြောင့်ဘုရားအားပင့်မရခြင်းဖြစ်ကြောင်း အမှန်မုချ သိရှိသဖြင့် အဆိုပါနေ့ရက်တွင်မသွားတော့ဘဲ နောင်တွင် မည်သူမျှ လုံး၀အသိမပေးတော့ဘဲ တိတ်တဆိတ်ဘုရားအားသွားရောက်ပင့်ယူရာ လွယ်ကူစွာ ရခဲ့ခြင်းကြောင့် အဘွားကြီးအား နတ်ပေးသော ရွှေထုပ်အားရွက်စေကာ ကောတုန်တရာဇ်တိုင်းပြည်မှ တိတ်တဆိတ်ထွက်လာကြလေ၏။ ထိုသို့ထွက်လာရင်းပင် ယခုအခေါ် လိပ်ခမော် ရွာဟောင်းအနီးရှိ တောင်ငယ်တစ်ခုသို့ရောက်ရှိ၍ အပန်းဖြေရပ်နားကြလေ၏။ ၎င်းတောင်ငယ်ကို ယခုထက်တိုင် င/ပု တောင်မော် ဟု ခေါ်တွင်လျက်ရှိနေလေသည်။

ရှာမတွေ့သော မဟာ မြတ်မုနိအရပ်[ပြင်ဆင်ရန်]

အဘိုး င/ပု လင်မယားတို့သည် ၎င်းတောင်ငယ်၌ အမောအပန်းဖြေနေကြပြီး မိမိတို့ လာရာလမ်းအတိုင်း အနောက်ဘက်သို့ မျှော်၍ ကြည့်ကြလေသော် ကောတုန်တရာဇ်တိုင်းပြည်နေရာတွင် သမုဒ္ဒရာပင်လယ်ရေပြင်ကြီးအတိ ဖြစ်နေသည်ကို သာ တွေ့မြင်ရလေ၏။ ထိုပင်လယ်ကမ်းစပ်တွင် ယခု ဂေါ်တူခေါ်ရွာငယ်တစ်ခုရှိလေ၏။ (တစ်ခါတစ်ရံ အလွန်ဖြားစစ်ချိန်(ဒီရေကျချိန်)တွင် ပင်လယ်သမုဒ္ဒရာထဲရှိ နန်းခေါင်တိုင်အား မြင်ကြရကြောင်းကြားဘူးခဲ့ရပေသည်။) င/ပု လင်မယားတို့ ကား ခရီးတစ်ထောက်ဆက် လျှောက်ရပြန်သော် အလွန်ပင်ပန်းနွမ်းရိလာခြင်းတို့ကြောင့် အဘွားအိုက ဤဘုရားရုပ်ပွားတော်နဲ့ ငွေထုပ်အား ထားခဲ့ကြရန်ပြောကြားသော်လည်း င/ပု အဘိုးအိုကား ရှေ့သို့ဆက်၍ ယူလာရန်သာ ပြောပြီး ခရီးတရွေ့ရွေ့ ဆက်၍ သွားလေ၏။ သို့နှင့် ယခုကျောင်းကလေးအနီးရှိ သရက်တောအုပ်ကြီးထဲသို့ ရောက်လာကြလေသည်။ ဤနေရာတွင်ရပ်တန့် အမောဖြေကြပြီးလျှင် ငွေထုပ်အား သရက်ပင်များအောက်တွင် မြှုပ်နှံ၍၎င်း၊ ဘုရားရုပ်ပွားတော်မြတ်အား သင့်လျော်သော နေရာတွင်ထား၍ ပူဇော်ကန်တော့ခြင်းပြုလုပ်ကြပြီး မဟာမုနိအရပ်ဘက်သို့ ထွက်သွားကြလေသည်။ (မဟာမုနိအရပ်ကား အဘယ်ကိုခေါ်လေသနည်း။ ကျောက်တော်ဘက်ရှိ မဟာမုနိဘုရားအရပ်ကို ခေါ်လေသလားဟု ယခုတိုင် အတိအကျ မသိရသေးချေ။)

ကျောက်ဖြူ ကံ့ကော်တောအရပ်[ပြင်ဆင်ရန်]

ရှေးလွန်လေပြီးသော အခါက လူနေအိမ်ခြေ လှေကားတစ်ထောင်ရှိသော ရွာကြီးတစ်ရွာသည် ကျောက်ဖြူတောင် အနီးတွင်တည်ရှိခဲ့၍ ကျောက်ဖြူရွာဟု ခေါ်တွင်လေသည်။(ယခုထက်တိုင် ကျောက်ဖြူတောင်ခြေရင်နားတွင် အတော်ကြီးမားသော ကျောက်ဖြူလုံးကြီးနှစ်လုံး ရှိနေသည်။ အချို့က ၎င်းကို ကျောက်မောင်နှစ်မ ၊အချို့က ကျောက်လင်မယားဟု အမျိုးမျိုးပြောဆိုကြသည်။ ၎င်းကျောက်ဖြူနှစ် လုံးကို အစွဲပြု၍ ကျောက်ဖြူတောင်၊ ကျောက်ဖြူရွာဟု ခေါ်ခြင်းဖြစ်လေသည်။ ထိုရွာတွင်လူကြီးအဖြစ်အုပ်ချုပ်သော င/ပုရှေဆိုသူ တောသို့သွား၍ င/ပု လင်မယားထားခဲ့သော ရုပ်ပွားတော်အား တွေ့ရှိရ၍ မိမိနေရာသို့ပင့်ယူလာရာ ကျောက်ဖြူရွာအနီးရှိ ချောင်းကမ်းထိပ်သို့ရောက်လေသော် အမောအပမ်းဖြေရပ်နားရာတွင် ဘုရားရုပ်ပွားတော်ပြန်လည်ပင့်ဆောင်မရ ဖြစ်နေလေ၏။ ထိုအခါရွာသားများအား ခေါ်ငင်ပြီးရထားပြုလုပ်၍ ဆွဲကြလေသော် လွန်ကြိုးသာ အလီလီပြတ်၍ ပင့်မရခြင်းကြောင့် ထိုနေရာတွင်ပင် ကျောင်းတော်ဆောက်၍ ကိုးကွယ်ကြရလေ၏။ ဘုရားပင့်မရခြင်းအကြောင်းသော်ကား ထိုချောင်းငယ်သည် ရွာသားများမစင်စွန့်ရာ ချောင်းဖြစ်၍ မဖြတ်လိုခြင်းကြောင့်လည်းကောင်း ၊ ယခုတိုင် ၎င်းချောင်းနေရာကို ချီးတောချောင်းဟု ခေါ်ကြလေသည်။) ဘုရားရုပ်ပွားတော် သီတင်းသုံးတော်မူရန် သင့်လျော်လျောက်ပတ်သော မြေသန့်မြေမြတ်သို့ ရောက်ရှိတော်မူ၍ လည်းကောင်း ၊ထိုနေရာမှ ပင့်ဆောင်မရဘဲ ဖြစ်နေလေသည်။ ထိုနေရာတွင် ကံ့ကော်ပင်များ တောအုပ်သဖွယ်ပေါက်နေကြခြင်းကို အစွဲပြု၍ ကံ့ကော်ကော ဘုရားဟု နာမ ထင်ပေါ် ခေါ်ဝေါ် ခဲ့ကြခြင်းဖြစ်လေသည်။ ဤကား တောင်ဘက်မှ သီတင်းသုံးနေတော်မူသော ရုပ်ပွားတော်ငယ်၏ သမိုင်း အကြောင်းရပ်တည်း။(ထို့ကြောင့် ရုပ်ပွားတော်ငယ်မှာ ကံ့ကော်တောအုပ်သို့ ဦးစွာရောက်ရှိကြောင်းထင်ရှားပေသည်။)

မြောက်ဘက်မှ သီတင်းသုံးတော်မူသော ရုပ်ပွားတော်ကြီးအကြောင်း[ပြင်ဆင်ရန်]

ဤရုပ်ပွားတော်ကြီးအား ကျောက်ဖြူရွာသားတံငါသည် င/သထာသည် ငပြီတောင်မော်စွန်းအနီး ပင်လယ်ကမ်းစပ်တွင် သွားရောက်ငါးဖမ်းရာ ပိုက်ကွန်အတွင်း၌ အဆိုပါရုပ်ပွားတော်ကြီး ငြိတွယ်ပါလာ၏။ င/သထာသည် ကြောက်လန့်ကြီးစွာ သူ၏ပိုက်ကွန်အတွင်း၌ ဘုရားပုထိုးတစ်ဆူပါလာကြောင်း ရွာသားများအားပြောကြားလေသော် ရွာအုပ်ချုပ်သူ င/ပရှေ နှင်ရွာဆော် မောင်ဝန်းတို့သည် ရွာသားများအားခေါ်ယူပြီး ဘုရားရုပ်ပွားတော်ကြီးအား ပင့်ဆောင်ခဲ့ရာ ကံ့ကော်တောအုပ်အနီး ရွာသားများအခေါ်ယူပြီး ဘုရားရုပ်ပွားတော်ကြီးအား ပင့်ဆောင်ခဲ့ရာ ကံ့ကော်တောအုပ်အနီး ချောင်းကမ်းစပ်တွင် ရပ်နားကြစဉ် ယခင်ရုပ်ပွားတော်ကဲ့သို့ပင် ပင့်ယူမရ ဖြစ်ကြရပြန်သည်။ ဘုရားရုပ်ပွားတော်ကြီးသည်လည်း ဤမစင်ချောင်းကို မဖြတ်လိုခြင်းကြောင့်လည်းကောင်း၊ မြေထွက်မြေမြတ်တွင် ယခင်ရုပ်ပွားတော်နှင့်အတူ သီတင်းသုံးတော်မူလိုခြင်းကြောင့် ပင့်ဆောင်မရခြင်းဖြစ်လေသည်။ ထိုရုပ်ပွားတော်ကြီးအား တစ်ချို့သောသူများက သီဟိုဌ်ကျွန်းမှ ကြွလာတော်မူသည်ဟု ပြောကြပေသည်။ တစ်ချို့တစ်ချို့သောသူများကမူ ကောတုန်ကရာဇ်တိုင်းမှ င/ပုညီ င/လာဆိုသူ ပင့်ယူလာခဲ့သော ဘုရားဖြစ်ပြီး လောင်းလှေမှောက်၍ ရေထဲကျသွားခြင်း ဖြစ်ကြောင်းအချို့သော သက်ကြီးဝါကြီးများက ပြောကြပေသည်။ င/လာ နေခဲ့ခြင်းကြောင့် ယခုထက်တိုင်လည်း င/ပြီတောင်တစ်ဘက်တွင် င/လာကုန်ဘောင် (ကုန်းမြင့်မှာ) ထင်ရှားစွာ ရှိပေသေးသည်။ ဤတန်ခိုးကြီးရုပ်ပွားတော်မြတ်နှစ်ဆူအားသမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များ ထာဝစဉ် စောင့်ရှောက်လျက်နေကြကြောင်းထင်ရှားလှပေသည်။ တစ်ခုသောနှစ်ဆန်းတစ်ရက်နေ့တွင် နတ်သဘင် ပေါင်းစုံစည်းဝေးရန်ကြုံလာသောကြောင့် ဤဘုရားတွင် ထိုနေ့ထိုရက်၌အစောင့်အရှောက်များကင်းမဲ့ နေမည်ဖြစ်၍ မသူတော်များလာရောက်ဖျက်ဆီးခြင်းမခံရစေရန် နှိုးဆော်စောင့်ရှောက် စေခြင်းဖြစ်သည်။ ပွဲတော်ချရန်ရေအခက်အခဲ၊ဟင်းအခက်အခဲများ တွေ့နေရစဉ် ရေကို ဘုရားအနီးတွင် တူးဖော်ရရှိပြီး ဤပိန်းတောကြီးမှ ခူးယူချက်ပြုတ်ခြင်းဖြင့် ဟင်းအဖြစ်ပြုလုပ်၍ပွဲတော်ချနိုင်ကြောင်း အိပ်မက်ပေး၍ ဘုရားတန်ခိုးတော်အားယုံကြည်မြတ်နိုးခြင်းဖြင့် ပွဲတော်ပြုလုပ်လာခဲ့သည်မှာယခုတိုင်ဖြစ်ပါတော့သတည်း။

ကံ့ကော်တောဘုရားပွဲ[ပြင်ဆင်ရန်]

ကံ့ကော်တောဘုရား

ဤကံ့ကော်တော်ဘုရားပွဲတော်သည်ကားကျောက်ဖြူမြို့နယ်တစ်ခုလုံးတွင် အထူးထင်ပေါ်ကျော်ကြားသောဘုရားပွဲတော်ကြီးဖြစ်ပေသည်။ ရှေးဟောင်းရုပ်ပွားတော်မြတ် (၂)ဆူ၏တန်ခိုးတော်သတင်းစကားများတို့ကြောင့်လည်း အရပ်ရပ်မှလာရောက်ဖူးမျှော်ကန်တော့ ကြပေသည်။ မြန်မာသက္ကရာဇ် နှစ်ဆန်း(၁)ရက်နေ့သည်ကားဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် အလွန်ထူးမြတ်သောနေ့ကောင်းနေ့မြတ်တစ်ရက်ပင်ဖြစ်ပေသည်။ ထို့ကြောင့်ပင် နှစ်ဟောင်းမှ မကောင်းသော ဘေးဒဏ်၊ရန်မာန် အပေါင်းကင်းဝေးစေကြောင်း အလို့ငှာ သင်္ကြန်အခါတွင်း၌ အိမ်ဦးခန်းတွင်အန္တရာယ်ကင်းအဖြစ် သပြေပန်းနှင့် ရေချမ်းအိုးများ တည်ကြခြင်း၊တစ်ချို့လူကြီးမိဘများတို့သည် မိမိတို့သားသမီးများအားရွှေရည်၊ငွေရည်၊တရော်ကင်မွန်းရည်များဖြင့် ခေါင်းဆေးမင်္ဂလာဆံရေလျှော်ပေးခြင်းများ ပြုလုပ်ပေးပြီး အန္တရယ်အပေါင်းကင်းဝေးပြီးကျန်းမာချမ်းသာ ရွှင်လန်းကြစေရန် ဆုတောင်းမေတ္တာပို့ပေးခြင်းများပြုလုပ်ကြပေသည်။ ဤသို့ထူးမြတ်သော နှစ်ဆန်း(၁)ရက်နေ့တွင်ကံ့ကော်တောဘုရားပွဲပြုလုပ်ရန်အတွက် သင်္ကြန်အတက်နောက်ဆုံးရက်တွင်လူအပေါင်းတို့သည် မခေါ်မဖိတ်ပဲလျက်နှင့် မိမိတို့စိတ်ဆန္ဒအလျောက်မြို့ရောတောပါ ရွာပေါင်းများစွာတို့မှ လူကြီးလူငယ်၊ ယောက်ျားမိန်းမ၊ကလေးလူငယ်ပါမကျန်၊အပျိုလူပျိုများ အားလုံး စုပေါင်းပြီလျင်သီဆိုကခုန်တီးမှုတ်၍ ဆီမီးပန်းနံ့သာ အမျိုးမျိုးဖြင့်လည်းကောင်း၊ရေချမ်းအိုးများ ကိုယ်စီရွက်လာကာ လာရောက်ရေသပ္ပါယ် ကန့်တော့ကြသည်မှာပွဲတော်တစ်မျှ စည်ကားလှပေသည်။ ဤ ကံ့ကော်တောဘုရားပွဲတော်ဖြစ်မြောက်ရေးအတွက် ဂုံချိန်ရွာမှ ဘုရားဂေါပက အ ဖွဲ့ဝင်ဥပသကာလူကြီးများမှာ ကြာသပတေးနေ့တိုင်း ငါးခရီးဝေးကွာသောကျောက်ဖြူမြို့ပေါ်သို့ အပါတ်စဉ် မှန်မှန်တက်ရောက် အလှူခံခဲ့ကြပေသည်။အမျိုးသမီးကြီးများအဖွဲ့ကလည်း ပွဲတော်ရက်မတိုင်မီ တစ်လခန့် အလိုတပေါင်းလမှပင် မြို့ပေါ်သို့ သွားရောက်ပြီး အိမ်တိုင်းစေ့ဝင်ကာ ဆန်နှင့်အလှူငွေများကို စေတနာပေါက် တတ်အားသမျှ ပါဝင်လှူဒါန်းကြပါရန်ပြောဆိုအလှူခံယူကြပေသည်။ ၎င်းရသော အလှူငွေများဖြင့်ပွဲတော်လာပရိတ်သတ်များအား စတုဒီသာ နေ့လုံးပေါက်ထမင်းကျွေးမွေးနိုင်ရေးအတွက် လိုအပ်သော ငါးပိငါးခြောက်မှအစ ပစ္စည်းများကိုပြည့်စုံစွာ ဝယ်ယူသွားကြပေသည်။ ကျောက်ဖြူမြို့နယ်တစ်ခုလုံးနှင့်အရပ်ရပ်မှ အလှူရှင်များကလည်းဤ ကံ့ကော်တော ဘုရားပွဲတော်အတွက်စေတနာထက်သန်စွာ ဖြင့် ပါဝင်လှူဒါန်းကြပေသည်။ ဤသို့ဖြင့်တန်ခိုးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ကံ့ကော်တောပေါ်တော်မူဘုရားပွဲတော်သည် နံနက်(၄)နာရီ အာရုံဆွမ်းတော်ကပ်လှူချိန်ကပင်စတင်ကျင်းပခဲ့ရာ ညနေ(၄)နာရီအထိ တစ်နေ့တာမျှ ပြုလုပ်သောဘုရားပွဲတော်ဖြစ်ပေသည်။ ဤသို့တစ်နေ့တစ်ရက်တည်းပြုလုပ်သောဘုရားပွဲတော်ဖြစ်ခြင်းကြောင့်လည်း တစ်ခြားဘုရားပွဲတော်များကဲ့သို့အငြိမ့်၊ဇာတ်ပွဲများ လုံး၀မပါရှိပေ။ သို့သော်နံနက်ပိုင်းဆွမ်းပို့ချိန်တွင်မူ ရွာပေါင်းများစွာတို့မှ မိမိရပ်ရွာဓလေ့ထုံးစံအလိုက် အမျိုးမျိုးသော ကခုန်သီဆို တီးမှုတ်ခြင်းတို့ဖြင့်လှူဒါန်းဖွယ်ရာများနှင့် ဆွမ်းအိုးများကိုယ်စီရွက်၍ ဘုရားသိမ်တော်အားသုံးခေါက်ပတ်၍ တစ်ချို့ရွာများမှ ငါးခေါက်လှည့်ပတ်၍လည်းကောင်း ၊တစ်ချို့သောရွာများမှ ခုနှစ်ခေါက်လှည့်ပတ်၍ လည်းကောင်း ဘုရားသိမ်တော်အားလှည့်ပတ်ဦးခိုက် ပူဇော်သက္ကာရပြုကာ ကန်တော့ပွဲကျင်းပနေကြသည့်သိမ်ပတ်ပွဲမှာ ကြည့်မဝ ရှုမဆုံးအောင် အလွန်ပျော်ရွှင်ကြည်နူးဖွယ်ရာအတိဖြစ်ကြရပေ၏။ ပွဲတော်နေ့လယ်ပိုင်းအချိန်တွင်ကား ရခိုင်လူမျိုးတို့၏ဘုရားပွဲတော်တိုင်းတွင် ပါရစမြဲဖြစ်သော ရိုးရာပွဲတစ်ပွဲဖြစ်သည့်ကျင်ကိုင်ပွဲမှာလည်း နှစ်စဉ်ပါဝင်ပြုလုပ်ခဲ့ပေသည်။ ကျင်ကိုင်ပွဲ တွင်ပထမရရှိသောသူသည် ရွှေမောင်း(ရွှေခွက်)၊ ဒုတိယရရှိသောသူသည်ငွေမောင်း(ငွေခွက်)ရရှိကြပေသည်။ ရွှေမောင်းငွေမောင်းဆွဲချိတ်ပြီးအိမ်အပြန်လှလိုကြသော ကျင်သန် (ကျင်လုံးသူ)များမှာတစ်ဦးနှင့်တစ်ဦးအကြိတ်အနယ် ဗိုလ်လုကြ၏။ ဤပွဲတော်မှာ အထူးစည်ကားခြင်းရှိပေတော့သည်။ ထို့ပြင် နေ့လုံးပေါက်ကျွေးမွေးနေသော စတုဒီသာမဏ္ဍပ်ကြီး၌လည်း နာမည်ကျော်ပြိန်းဟင်း (ပိန်းဟင်းချက်)အား တိုးခွေ့တောင်းယူစားသောက်ကြခြင်းဖြင့် ပျော်ရွှင်ဖွယ်ရာ တစ်မျိုးဖြစ်ပေသည်။ဤသို့ဖြင့်ကံ့ကောင်ရှင်ရုပ်ပွားတော်မြတ်နှစ်ဆူ၏ တန်ခိုးတော်များမှာအံ့ဩ၍မကုန်နိုင်လောက်အောင် များပြားလှခြင်းတို့ကြောင့် မိဘ ဘိုးဘေးဘီဘင်အစဉ်အဆက်ဆက်ကပင် ယုံကြည်မြတ်နိုးခြင်းဖြင့် ကြည်ညိုစွာကိုးကွယ်ခဲ့ကြသည်မှာ ယခုထက်တိုင်ပင်ဖြစ်ပါတော့သည်။ထို့ကြောင့်လည်းကံ့ကော်တောဘုရားခေါ် ရှေးဟောင်းရုပ်ပွားတော်နှစ်ဆူ၏အံ့ဖွယ်ရာ တန်ခိုးသတင်းများအား ရပ်နီးရပ်ဝေးရှိကြကုန်သောရဟန်းရှင်လူသူတော်စဉ်များအားလုံး သိရှိကုသိုလ်ပွားများနိုင်ကြစေရန် ရေးသားဖော်ထုတ်လိုက်ရပါသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရွှေဖြူခင်မြလတ် (အရီးဒေါ်မြလတ်) ၏ ကျောက်ဖြူမြို့ ကံကော်တောဘုရား သမိုင်း။