သင်္ဂဇာဆရာတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

စကားအရာတွင် တင်္ခဏုပ္ပတ္တိဉာဏ်ထက်မြက် တော်မူသော သင်္ဂဇာဆရာတော် (မြန်မာ ၁၁၇၇-၁၂၄၈) သည် ပုဂံမင်းမင်းတုန်းမင်းသီပေါမင်း ဟူသော မင်းသုံးဆက်တိုင်တိုင် ထင်ရှားတော်မူခဲ့သည်။ ဆရာတော်ကို စစ်ကိုင်းတိုင်းမြောင်မြို့နယ် ကျေးလက်ပေါက်ချောင်းရွာတွင် မြန်မာသက္ကရာဇ် ၁၁၇၇-ခုနှစ် (ခရစ်နှစ် ၁၈၁၆) နယုန်လဆန်း ၁၄ရက် တနင်္ဂနွေနေ့တွင်ဖွားမြင်သည်။ ငယ်မည်မောင်ပို ဖြစ်၏။

မောင်ပို ၁၃နှစ်သားအရွယ်တွင် ရှင်သာမဏေပြုသည်။ ဘွဲ့မှာရှင်အဂ္ဂဓမ္မဖြစ်သည်။ ရတနာပူရ အင်းဝမြို့၊ သဲအင်းသာသနာပိုင် ဆရာတော်ထံသွားရောက် စာပေသင်ယူလျက် ၁၁၉၇ ခုနှစ်တွင်သဲအင်း တိုက်၌ပင် ထီးလင်းဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ရဟန်းဖြစ်သည်။ သုံးဝါရသောအခါ ရွှေဘိုမြို့အနောက် ဘက်သီးလုံးဆရာတော် ရှင်စန္ဒိမာထံ သွားရောက် စာပေသင်ယူသည်။ ထိုနောက်စစ်ကိုင်းမြို့၊ အင်းဝမြို့တို့သွားရောက်သီတင်းသုံးသည်။ ဆရာတော်အား မင်းတုန်းမင်းက ပင့်ကာသင်္ဂဇာချောင်းအနီးတွင် ကျောင်းဆောက်တင်လှူသဖြင့်ထိုကျောင်း၌ သီတင်းသုံးသည်ကို အစွဲပြုပြီးလျှင် သင်္ဂဇာဆရာတော်ဟုတွင်ခေါ် ကျော်စောသည်။ အဂ္ဂဓမ္မာလင်္ကာရ ကဝိဓဇမဟာဓမ္မ ရာဇာဓိ ရာဇဂုရု ဘွဲ့တံဆိပ်တော်လည်း ကပ်လှူခြင်းခံရသည်။

၁၂၄ဝ ပြည့်နှစ်တွင် မင်းတုန်းမင်း နတ်ရွာစံပြီးနောက် ဆရာတော်သည် နန်းတွင်းရေးတွင် ဝင်မစွက်လိုသဖြင့် တန်ဆောင်မုန်းလဆုတ် ၁၄ရက်နေ့တွင် ရန်ကုန်သို့ စုန်ဆင်းကြွလာတော်မူ၍ ရွှေတိဂုံစေတီတော်ကြီးအရှေ့ဘက် ကျောင်းတော်ရာတိုက်အတွင်း သီတင်သုံးနေတော်မူသည်။ ထိုမှတစ်ဆင့်မြန်မာနိုင်ငံ အောက်ပိုင်းမြို့ရွာအသီးသီးတို့မှ ပင့်ဆောင်ချက်အရ ကြွရောက်တော်မူကာ တရားဓမ္မဟောပြောတော်မူခြင်းဖြင့် သာသနာပြုတော်မူသည်။ ဆရာတော်အား မော်လမြိုင်မြို့မှ သိမ်သမုတ်ရန်ကိစ္စအတွက် ပင့်ဆောင်ကြသဖြင့် မော်လမြိုင်မြို့သို့ကြွရောက်ကာ ကျိုက်သံလန်စေတီတော်၏ အရှေ့မြောက်ယွန်းယွန်း ဒီပါရုံကျောင်းမှအနောက်မျက်နှာတာ ၃ဝ ခန့်ကွာသောမြေပြန့်၌ သာသနာ ၅ဝဝဝ ပတ်လုံးမပျက် တည်စေခြင်းငှာ ဓမ္မဝိလာသနိအမည်ရှိသော သိမ်ကြီးကို ကြပ်မပေး တော်မူသည်။

မော်လမြိုင်တွင် သိမ်သမုတ်ပေးပြီးနောက် ရန်ကုန်မြို့သို့ပြန်ကြွလာကာ ၁၂၄၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံကာလကတ္တားမြို့သို့ကြွရောက်၍ ညောင်အုပ်မင်းသား အိမ်တော်၌ တစ်ပတ်သီတင်းသုံးတော်မူသည်။ သီဟိုဠ်ကျွန်းသို့ သွားရန်ပါ ရည်ရွယ်တော်မူသော်လည်း မအောင်မြင်ချေ။ ၁၂၄၇ ခုနှစ်နတ်တော်လဆန်း ၅ ရက်နေ့တွင် ဆရာတော်ဘုရားကြီးအား မော်လမြိုင်မြို့မှ ဒုတိယအကြိမ် ပင့်ဆောင်ပြန်ရာ ကျိုက်သံလန်စေတီတော် တောင်ဘက် မန်ကျည်းတောကျောင်းတိုက်၌ ခေတ္တတည်းခို ဝါဆိုတော်မူသည်။ မြန်မာသက္ကရာဇ် ၁၂၄၈ ခုနှစ် (ခရစ်နှစ် ၁၈၈၇) ဝါခေါင်လဆန်း ၁ဝ ရက်နာရီပြန် ၂ ချက်တီး အချိန်တွင် သင်္ဂဇာဆရာတော်ဘုရားသည်ဝါတော် ၅၂ သက်တော် ၇၂တွင် မန်ကျည်းတော ကျောင်းတိုက်၌ပင်ပျံလွန်တော်မူသည်။

သင်္ဂဇာဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကြောင်းအရာ ကျောက်စာကိုလည်းထိုအခါက မော်လမြိုင် မြို့တွင် ဖွဲ့စည်းလျက်ရှိသော သမာနောဝါဒအသင်းသားတို့က စရိတ်ကြေးငွေ စိုက်ထုတ်ကာ ဝဇီရာရာမ ဆရာတော်ကိုယ်တိုင် ကြပ်မကြည့်ရှုတော်မူလျက် မြန်မာသက္ကရာဇ် ၁၂၅၁ခုနှစ်ဝါဆိုလဆန်း ၁၅ ရက်နေ့၌ ကျိုက်သံလန် စေတီတော်၏ တံတိုင်းအတွင်းဝယ် ကျောက်သလင်းကို ထု၍ပြုစုရေးသားစိုက်ထူထားသည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

ဆရာတော်ဘုရားကြီးရေးသားပြုစုခဲ့သော ကျမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ကာယပစ္စဝေက္ခဏာ ကျမ်း၊
  2. စတုရာရက္ခ ကျမ်း၊
  3. ဓာတွတ္ထဒီပက ပါဠိနိသျ၊
  4. ဓမ္မပဒပါဠိတော် နိသျသစ်၊
  5. ဝိမတိဝိနောဒနီဋီကာ နိသျ၊
  6. ဥပသကောဝါဒ စာကိုယ်၊
  7. ဥပသကောဝါဒ ဋီကာ၊
  8. သိင်္ဂါလောဝါဒ ဆုံးမစာ၊

ဆရာတော်သည်ကျမ်းတတ်စာတတ်ဖြစ်ရုံမက ဉာဏ်လည်း ထက်မြက်သည်။ စကားအရာလည်းကြွယ်ဝ ကျွမ်းကျင်သည်။ ဆရာတော်ဟောပြောဆုံးမလျှင် ဥပမာများ စကားပုံများဖြင့်သာဟော ပြောလေ့ရှိသည်။ ဆရာတော်၏ စကားပုံများကိုကြားနာရသည်မှာ ပြုံးစရာရွှင်စရာဖြစ်သည်။ ဗဟုသုတတိုးစရာလည်းဖြစ်သည်။

'ရှင်မေဓာပုဂ္ဂိုလ်တုံးတိုနှင့်ရေကူးသလို'၊ 'အရက်ပြတ်၍ခွက်ကပ်နှင့်မူးသလို' ၊'သက်သေခံလက်ငင်းမအပ်နိုင်၍ မျက်စဉ်းခတ်ခံရပုံ' စသောစကားပုံများသည် သင်္ဂဇာဆရာတော် ပြောဆိုမိန့်ကြား ခဲ့သောစကားပုံများဖြစ်သည်။ ဆရာတော်မိန့်ကြားခဲ့သည့် စကားပုံနှင့်ပုံတိုများကို စုဆောင်း၍ ဥပမာသမူဟဂီရက္ကမကျမ်း ဟူသော အမည်ဖြင့်ထုတ်ဝေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)