ဗန်းမော်ဆရာတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဗန်းမော်ဆရာတော်
ဗန်းမော်ဆရာတော်
မွေးသက္ကရာဇ် မြန်မာသက္ကရာဇ် ၁၁၆၈-ခုနှစ်
နိ်ုင်ငံ Flag of Myanmar.svg မြန်မာ
အမည်ရင်း မောင်ဖြူဝင်း
မိဘအမည်
မွေးဖွားရာ ဒေသ ပဲခူးတိုင်း၊ ရွှေတောင်မြို့၊ ကွမ်းညှပ်စင်ရွာ
ထင်ရှားကျော်ကြားမှု ဓမ္မ ကျမ်းပြုဆရာတော်

ဗန်းမော်ဆရာတော်[ပြင်ဆင်ရန်]

ငယ်ဘဝ[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၁၁၆၈-ခုနှစ် ပဲခူးတိုင်း၊ ရွှေတောင်မြို့၊ ကွမ်းညှပ်စင်ရွာ၌ ဖွားမြင်သည်။ ငယ်နံမည် မောင်ဖြူဝင်း ဖြစ်သည်။ ရဟန်းဘွဲ့မှာ ဦးပဏ္ဍိတ ဖြစ်သည်။ ဆရာတော်သည် သင်္ကန်းနိုင်စကပင် ကိုရင်ဝတ်ခဲ့သည်။ ရတနာပုံ နေပြည်တော်သို့ တက်ကာ စာပေပရိယတ္တိ သင်ယူသည်။ ရတနာပုံနေပြည်တော်ကား သာသနာထွန်းကားစည်ပင်ရာဖြစ်ပါသည်။ အနယ်နယ်အရပ်ရပ်မှ သံဃာတော်များ စုဝေးရောက်ရှိရာလည်း ဖြစ်ပါသည်။ ထို့ကြောင့် ဆွမ်းကွမ်းကိစ္စ အခက်အခဲရှိတတ်သည်။ အထူးသဖြင့် ငယ်ရွယ်သူ ရှင်သာမဏေများအတွက် ပို၍ အခက်အခဲရှိတတ်သည်။ ဤဒဏ်ကို ကြာကြာမခံနိုင်ဘဲ ကိုရင်ဘဝ လူထွက်ကာ ကွမ်းညှပ်စင်ရွာသို့ ပြန်ခဲ့သည်။ ရွာတွင် ကြာကြာမနေနိုင်၊ ကိုရင်ပြန်ဝတ်သည်။ နေပြည်တော်သို့ သွားသည်။ စာပေကြိုးစားသင်ယူသည်။

အောင်မြင်မှုများ[ပြင်ဆင်ရန်]

မြင်းဝန်မင်းကြီး၏ ကောင်းမှုကြောင့် စာပြန်ပွဲဝင်သည်။ ထိပ်ဆုံးမှ အောင်မြင်ခဲ့သည်။ ရှင်ပဏ္ဍိတသည် သာမဏေဘဝကပင် စာစပ်ဝါသနာပါသည်။ ကဗျာဖွဲ့ဆိုမှု၌ နိုင်နင်းသည်။ သက်တော်(၂၁)နှစ်တွင် မိဖုရားခေါင်ကြီးက ပဉ္စင်းခံပေးသည်။ ဘိုးတော်မင်းတရားကြီး၏ မိဖုရား ဝေသာလီမင်းသမီး၊ ဗန်းမော်မြို့စား ဥပေါတရာ ဆောက်လုပ်လှူဒါန်းသော ဗန်းမော်ကျောင်းတွင် သီတင်းသုံးသည်။ ထို့ကြောင့် ဗန်းမော်ဆရာတော် ဟု တွင်သည်။ ကဗျာစာဆိုကျော် စလေဦးပုညသည်ပင်လျှင် ဆရာတော်ထံ ဝင်ရောက်ကာ နည်းယူသည်။ အားကိုးအားထား ပြုသည်။

ဆရာတော်သည် မင်းတုန်းမင်းတရားကြီး လက်ထက်တွင် အလွန်ထင်ရှား ကျော်စောသည်။ သင်္ဂဇာဆရာတော်ရွှေကျင်ဆရာတော်သက်ပန်းဆရာတော် တို့နှင့် ခေတ်ပြိုင်ဖြစ်သည်။ မင်းတုန်းမင်းတရားကြီးက`ပဏ္ဍိတ ဝံသာဘိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု´ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည်။

ဆရာတော်သည် စကားအရာ၌ လိမ္မာပါးနပ်ပြီး တရားဟောလည်းကောင်းသည်။ ထိုခေတ်က ဗန်းမော်ဆရာတော်အပြင် ထိုနည်းတူဆရာတော်တစ်ပါးလည်းရှိလေသည်။ ထိုဆရာတော်မှာ ထွဋ်ခေါင်ဆရာတော် ဖြစ်လေသည်။ ဆရာတော်နှစ်ပါးတို့သည် စကားပရိယာယ်ကြွယ်ဝကြသဖြင့် တစ်ပါးနှင့်တစ်ပါး စကားနာထိုးတက်ကြလေသည်။

ဆရာတော်သည် ဘာသာရေး၊ တိုင်းရေးပြည်ရေး တို့တွင် အမှုမဲ့ အမှတ်မဲ့ မနေ၊ တစ်ပါးသူတို့၏ ကောင်းကျိုးဆိုးပြစ်များကိုလည်း အမြဲပင် ဆင်ခြင်သုံးသပ်လေ့ရှိပေသည်။ ဆရာတော်သည် မိမိမှန်သည်ထင်လျှင် ဆိတ်ဆိတ်မနေဘဲ ပြောတတ် ရေးတတ်သည်။ ထို့ကြောင့်လည်း တခါက မင်းဒဏ်သင့်ဘူးသည်။ ဗန်းမော်သို့ ပြောင်းရွေ့ သီတင်းသုံးစေသည်။ ကာလအတန်ကြာမှ မိဖုရားကြီး၏ လျှောက်ထားမှုကြောင့် ဗန်းမော်မြို့မှ ပြန်လည်ပင့်ခေါ်သည်။ ဆရာတော်သည် မန္တလေးသို့ မပြန်ဘဲ မင်းကွန်း ဘက်၌သာ သီတင်းသုံးနေထိုင်တော်မူသည်။ ဗန်းမော်ဆရာတော်သည် ထက်သည်။ ဝိနည်း အရာတွင် ကျွမ်းကျင်နှံ့စပ်သည်။ ဆရာတော်သည် ရုပ်လက္ခဏာကြံ့ခိုင်ခံ့ညားသည်။ အသံတော်သည်လည်း လွန်စွာ နက်ကျယ်ပြတ်သားသည်။ ဆွမ်းဘောဇဉ် ဘုဉ်းပေးရာ၌လည်း သာမန်ရဟန်းတော်တို့ထက် ပိုမိုဘုဉ်းပေးတော်မူ နိုင်သည်။

မင်းတုန်းမင်းကြီး၏ လက်ထက်တွင် ပစ်စာ၊ သရော်စာများ ရှိခဲ့ဖူးသည်ကို တွေ့ရသည်။ ဗန်းမော်ဆရာတော်၏ လက်ချက်ဖြစ်သော ပစ်စာအများပင် ပေါ်ခဲ့ဖူးသည်။

ပြုစုခဲ့သောကျမ်းများ[ပြင်ဆင်ရန်]

မင်းကွန်းချောင်တွင် သီတင်းသုံးတော်မူစဉ် သိမ်သမုတ်ရာ၌ လိုက်နာရမည့် နည်းများကို ကျောက်ထက်အက္ခရာ ထိုး၍ မော်ကွန်းတင်ခဲ့သည်။ ဆရာတော်ပြုစုခဲ့သော ကျမ်းများမှာ -

  1. ကထိနဝိသောဓနီကျမ်း
  2. ဝိနယဓရဗဟုသုတဝိနိစ္ဆယ
  3. ဝိဝတ္တဘေဒနီကျမ်း
  4. သီမဘေဒဝိဘာဝနီကျမ်း
  5. အသုဘဒဿနဝိနိစ္ဆယ
  6. ဥပုသ်အဆုံးအဖြတ်

ဘဝနိဂုံး[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၁၂၃၉-ခုနှစ် ဝါဆိုလ၊ သက်တော်(၇၁)နှစ်တွင် စစ်ကိုင်းတောင်၊ ခိုတောင်တောရ၌ ပျံလွန်တော်မူသည်။ ဆရာတော်၏ စာ၊ ဆရာတော်၏ ဥပမာ၊ ထုံးတို့သည် ယနေ့တိုင် မှတ်ယူနည်းမှီ၍ သုံးမကုန်နိုင်သော ပညာသမုဒ္ဒရာကြီးနှင့် တူလှပေသည်။

ကိုးကား[ပြင်ဆင်ရန်]

နေဘုန်းဝေ`စာချီအကျော် ဗန်းမော်ဆရာတော်´