ရွှေချက်သိုစေတီ





ရွှေချက်သိုစေတီ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ ရွှေဘုံရတနာ မင်္ဂလာနန်းတော်၏ မြောက်ဘက်တွင် တည်ရှိသည်။ ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းမင်းတရားကြီး (ဦးအောင်ဇေယျ) မွေးဖွားရာ ချက်မြှုပ်ခဲ့သည့် နေရာဖြစ်သဖြင့် ချက်သိုစေတီကို ဆောက်လုပ်လှူဒါန်းခဲ့ရာမှ ရွှေချက်သိုစေတီဟု ထင်ရှားလာခဲ့သည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကုန်းဘောင်မင်းဆက်ကို စတင်တည်ထောင်သည့် အလောင်းမင်းတရားကြီးသည် မိမိချက်မြှုပ်ရာ ဇာတိအိမ်နေရာကို အထိမ်းအမှတ်ပြုရန်အတွက် မယ်တော် ခမည်းတော်တို့၏ မင်္ဂလာအိမ်တော်ရာတွင် စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ပြီး "ရွှေချက်သိုစေတီ" ဟု ဘွဲ့တော်သမုတ်ခဲ့သည်။ ယင်းစေတီတော်ကြီးသည် သက္ကရာဇ် ၁၁၁၅ ခုနှစ် ရတနာသိင်္ဃမြို့တည်ရာတွင် တပြိုင်နက်သတ်မှတ်ခဲ့သော နန်းတည်ခုနစ်ဌာနအနက် တစ်ခုအပါအဝင် ဖြစ်သည်။ [၂] အလောင်းမင်းတရားကြီးသည် ရွှေဘို (မုဆိုးဘို) ရွာသားဘဝမှ မြန်မာနိုင်ငံ ဒုတိယအင်ပါယာကို ပြန်လည်စုစည်းတည်ထောင်နိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ဤစေတီတော်သည် သမိုင်းဝင် ထင်ရှားသော စေတီတစ်ဆူ ဖြစ်လာခဲ့သည်။
ဗဟိုခေါင်းလောင်းတော်
[ပြင်ဆင်ရန်]ရွှေချက်သိုစေတီတော်ဝင်းအတွင်း၌ ကုန်းဘောင်ခေတ်ဦး အလောင်းမင်းတရားကြီးလက်ထက်က သွန်းလုပ် စိုက်ထူခဲ့သည့် သမိုင်းဝင် "ဗဟိုခေါင်းလောင်းတော်" တည်ရှိသည်။ ဤခေါင်းလောင်းတော်သည် ရွှေဘိုမင်းနေပြည်တော်ကြီး တည်ထောင်စဉ်အခါက နန်းတွင်းနှင့် မြို့ကွက်အတွင်းရှိ ပြည်သူများ အချိန်နာရီ အချက်ပေးချက်ကို သိရှိနိုင်စေရန်အတွက် အချိန်မှန် တီးခတ်ခဲ့သည့် ဗဟိုခေါင်းလောင်းကြီး ဖြစ်သည်။ ဗဟိုရ်ခေါင်းလောင်းကြီးပေါ်တွင် ခြင်္သေ့၊ ကျား၊ ဆင်၊ မြင်း ရုပ်များ၊ ပတ်ပတ်လည်၌ ဂါထာမန္တန်များနှင့် “ဇေယျတု။ ။တရာတပါး လူမျိုးများလည်း ကျော်ကြာသတင်း စောရန်ခွင့်ကို မညှဉ်ဆန် ပုံကန်မစော်မော်နည်လျက် အလွန်ပတ်ကန် မွေ့လျက်ကိုယူကြန်ပိုင်တော်မူစေသော်” ဆိုသောလင်္ကာကို ရေးထိုးထားပြီး ၎င်းသည် သမိုင်းဝင် အမွေအနှစ်တစ်ခုအဖြစ် ယနေ့တိုင် အထင်အရှား တည်ရှိနေဆဲ ဖြစ်သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]| ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |