လက်ဝဲနော်ရထာ

ဝီကီပီးဒီးယား မှ

လက်ဝဲနော်ရထာ(မြန်မာ ၁ဝ၈၅-၁၁၅၃၊ခရစ်နှစ်၁၇၂၃-၁၇၉၁)[ပြင်ဆင်ရန်]

လက်ဝဲနော်ရထာဘွဲ့ဖြင့်ထင်ရှားသော အတွင်းသေနာပတိအမတ်ကြီး ဦးမြတ်သာနေသည် တနင်္ဂနွေမင်းတရားကြီးလက်ထက် မုံရွာမြို့နယ်အပါအဝင် မုံရွာမြို့၏ အရှေ့ တောင်ယွန်း မုံရွေးရွာ၌ သက္ကရာဇ် ၁ဝ၈၅ ခုနှစ်၊ ဝါဆိုလတွင် ဖွားမြင် သည်။

အမတ်ကြီး၏အမည်ရင်းမှာ ဦးမြတ်သာနေဖြစ်သော်လည်း မုံရွေးမှ ပုဂ္ဂိုလ်များက အဖျားဆွတ်၍ ဦးနေဟုလည်းကောင်း၊ ဦးမြတ်သာဟုလည်း ကောင်း ခေါ်ကြသည်။ ယင်းသို့ ဦးမြတ်သာဟုခေါ်ကြရာမှ သာကို ပီသ အောင်မခေါ်ဘဲ စာဟုခေါ်ကြရာ ဦးမြတ်စာဟု တွင်နေသဖြင့် မကျည်းတုံရွာ ဇာတိ လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံနှင့် အမှတ်မှားနေကြလေသည်။ ဦးမြတ်သာနေကား မင်းအဆက်ဆက် ဘွဲ့ ၁၁ ဘွဲ့ဖြင့် ချီးမြှင့်သူကောင်းပြု ခံရသော ပညာရှိအမတ်ကြီးဖြစ်လေသည်။

ဦးမြတ်သာနေ အသက် ၂ဝ အရွယ် သက္ကရာဇ် ၁၁ဝ၅ ခုနှစ်တွင် ဟံသာဝတီရောက် မင်းတရားကြီးလက်ထက် ဝင်ရောက်အမှုထမ်းရာ သား တော်ကြီး စစ်ကိုင်းဘုရင် သီရိမဟာ သုဓမ္မရာဇာ၏ အကြီးတော်အရာ ခန့် ထားအပ်နှံခံရသည်။ ယင်းသို့ ထမ်းရွက်နေစဉ် ရန္တကျော်စွာဟူသောဘွဲ့ ချီး မြှင့်ခံရသည်။ သားတော်မရှိသည့်နောက် ပျံချီကျော်ထင်ဟူသောအမည်နှင့် ဒဝယ်ဆောင်တွင် မြဲစွဲခဲ့ရသည်။

၁၁၁၃ ခုနှစ်တွင် အင်းဝမြို့တော် မွန်တို့လက်သို့ရောက်၍ ဟံသာ ဝတီရောက်မင်းကို ဟံသာဝတီသို့ ဆောင်ယူသွားသည်အထိ ဦးမြတ်သာနေ သည် တောင်ငူရာဇာနှင့်အတူ မွန်တို့၏ရန်ကို နှိမ်နင်းလျက် အရှင့်သစ္စာ တော်ကို စောင့်ထိန်းခဲ့သည်။ အင်းဝပျက်သော် မိမိရပ်ရွာ၌ ပြန်နေသည်။ ၁၁၁၄ ခုနှစ်တွင် အလောင်းမင်းတရားကြီးက ခေါ်တော်မူသောကြောင့် မုဆိုးဖိုသို့ရောက်သည်။ ၁၁၁၅ ခုနှစ်တွင် ရတနာသီခမြို့တော်ကို တည် ထောင်စဉ် အခါလည်းပေး၊ မြို့ပုံလည်းဆက်ရသည်။ အခါတော်ဆက် ဦးမြတ်သာနေကို အလောင်းမင်းတရားကြီးက မင်းတိုင်ပင်အရာ၌ထား၍ မပြတ်တိုင်ပင်တော်မူသည်။ ၁၁၁၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ တနင်္လာနေ့ ပြာသာဒ်တော်ကြီး သိမ်းတော်မူသောအခါ မင်းတိုင်ပင် အမတ်ကြီး ဦးမြတ်သာနေအား အလောင်းမင်းတရားကြီးက လက်ဝဲသုန္ဒရဟူ သောဘွဲ့ဖြင့် ချီးမြှင့်လေသည်။ ၁၁၁၆ ခုနှစ်တွင် အလောင်းမင်းတရားကြီး ဟံသာဝတီကိုစုန်၍ တပ်ချီရာတွင် အမတ်ကြီးသည် တပ်မတော်၌ တပ်ရေး အဖြစ် လိုက်ပါရသည်။ စနည်းနာ အမိန့်တော်ပြန်စာရေး ရာဇသံရေး အလုပ်များကိုလည်း အမတ်ကြီးပင် ဆောင်ရွက်ရသည်။ ဟံသာဝတီကို အလိုတော်ပြည့်၍ ၁၁၁၉ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်နေ့တွင် မြို့စောင့် နတ်များကို အမိန့်တော်ပြန်ရရာ အမတ်ကြီးကိုယ်တိုင် အမိန့်တော်စာကိုရေး ၍ မြေနန်းရှေ့တွင် အမိန့်ပြန်ရသည်။ အင်္ဂလိပ်မင်းတို့ထံမှ လက်ဆောင် ပဏ္ဏာများရောက်၍ ရာဇသံစာ ပြန်လည်ပေးအပ်ရသည့်အခါလည်း အမတ် ကြီးပင် ရေးသားခဲ့ရသည်။

ထိုနှစ် ဝါဆိုလဆန်း ၁၄ ရက်နေ့တွင် ဟံသာဝတီရွှေနန်းထက်၌ မှူးတော် မတ်တော်တို့ကို ဘွဲ့အမည်သနားတော်မူသည်တွင် လက်ဝဲသုန္ဒရ အား လက်ဝဲနော်ရထာဘွဲ့ကို သနားတော်မူပြန်သည်။ အလောင်းမင်းတရားကြီးသည် ဟံသာဝတီမှ ရွှေမြို့တော်သို့ ပြန် လည်ကြွတော်မူ၍ ၁၁၁၉ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ဝ ရက် ဗုဒ္ဓဟူးနေ့တွင် ရတနာသီခမြို့တော်သို့ အစီအစဉ်နှင့် ချီဝင်တော်မူရာ မင်း တရားကြီး၏ဝေါတော်ကို ရွှေမြို့တော်သား ကျွန်တော်ရင်းတို့သာ ထမ်းရ သည်၌ လက်ဝဲတော်က အမတ်ကြီး လက်ဝဲနော်ရထာသည် ဝေါတော်ရှေ့ တွင် ဝေါတော်ပေါင်ကိုကိုင်၍ လိုက်ပါရလေသည်။ ၁၁၂ဝ ပြည့်နှစ်တွင် ကောင်းမှုတော်စေတီ ဌာပနာသွင်းရာ၌ အမတ်ကြီးသည် ဓာတ်တော်၊ မွေတော်များကို ကြပ်မတ်ဆောင်ယူခဲ့ရသည်။ အလောင်းမင်းတရားကြီး နတ်ရွာစံလွန်တော်မူသောအခါ ၁၁၂၂ ခုနှစ်တွင် သားတော်နောင်တော်ကြီးမင်းနန်းတက်၍ ထိုနှစ် တပေါင်းလဆန်း ၆ ရက် တနင်္လာနေ့တွင် ကျင်းပသော မဟာဥကင်တော်ဖွင့် မင်္ဂလာသဘင် ၌ အမတ်ကြီးသည် အတွင်းဝန်အဖြစ်နှင့် မင်းတရားကြီး၏ ဘွဲ့ပုံကို ခင်းရ ပြီးလျှင် ကိုယ်တိုင် နာမည်တော်ရေးခဲ့ရကြောင်းဖြင့် ဥကင်တော်ဖွင့် မင်္ဂလာ ကြီးစာတမ်း၌ ဖော်ပြထားလေသည်။ နောင်တော်ကြီးမင်းလက်ထက်တွင် မင်းလက်ဝဲနော်ရထာသည် စည်သူကျော်ထင်ဘွဲ့ အသနားခံရသည်။ လက်ဝဲ နော်ရထာလျှောက်ထုံး၌ ၁၁၂၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ ရက်နေ့ တွင် စည်သူကျော်ထင်အမည်နှင့် လျှောက်ထားကြောင်းတွေ့ရှိရသည်။ လက်ဝဲနော်ရထာဘွဲ့နှင့် နောက်ဆုံးလျှောက်ထားသောနေ့ကား ၁၁၂၂ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်နေ့ဖြစ်ရကား ထုံးတမ်းစဉ်လာအတိုင်း ဥကင်တော် ဖွင့် မင်္ဂလာသဘင်တွင် မှူးတော် မတ်တော်တို့အား ဘွဲ့နှင်းမည်ဖြစ်သည် အလျောက် ထိုသဘင်၌ပင် စည်သူကျော်ထင်ဘွဲ့ ချီးမြှင့်ခံရသည်ဟု မှတ်ယူ ဖွယ်ဖြစ်သည်။ မုံရွေးဆရာတော် ထပ်ဆင့်ရေးထိုးသော တိလောက ခေါင်း လောင်းစာတွင် နောင်တော်ကြီးမင်းတရားလက်ထက် နန္ဒသူရကျော်ထင်ဘွဲ့ ရသေးကြောင်း ဖော်ပြပါရှိသော်လည်း အခြားမည်သည့် အထောက်အထားမျှ မတွေ့ရှိရသေးချေ။

နောင်တော်ကြီးမင်းနတ်ရွာစံ၍ ညီတော် မြေဒူးမင်းသားသည် ဆင်ဖြူရှင်မင်းအဖြစ် နန်းတက်တော်မူသောအခါ သက္ကရာဇ် ၁၁၂၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်နေ့တွင် ဥကင်တော်ကြီး ဖွင့်တော်မူရာ ဆွေ တော် မျိုးတော် မှူးတော် မတ်တော်တို့အား ဘွဲ့သနားတော်မူသည်။ အမတ် ကြီးအား နယုန်လပြည့်ကျော် ၈ ရက်နေ့တွင် ဗြဲတိုက်တော်၌ နေမျိုးသီရိ ဇေယျကျော်ထင်ဘွဲ့ သနားတော်မူ၍ အတွင်းဝန်ခန့်တော်မူသည်။ ၁၁၂၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်နေ့ စနေနေ့တွင် မှူးတော် မတ် တော် သူရဲသူခက် ကျွန်တော်မျိုးအပေါင်းကို ရွေးကောက်သီးသန့်တော်မူ၍ လေးဆယ်တော် ငါးဆယ်တော် အတွင်းသွေးသောက် အပြင်သွေးသောက် ဖွဲ့ တော်မူရာ အမတ်ကြီးသည် လူပေါင်း ၂၄ ဦး ပါဝင်သော လေးဆယ်ကျော် နေမျိုးသင်္ခယာသွေးသောက်၌ ပါဝင်ရသည်။ ၁၁၂၇ ခုနှစ်တွင် အင်းဝမြို့ကို ပြန်လည်တည်ထောင်ပြီးနောက် ဆက်လက်တိုးချဲ့ရာတွင်လည်း အမတ်ကြီး နေမျိုးသီရိဇေယျကျော်ထင်ပင် မြို့ပုံကို ဆက်သွင်းခဲ့ရကြောင်း စေတီယ ကထာ ရာဇဝင်ချုပ်၌ဆိုသည်။ ဆင်ဖြူရှင်းမင်း လက်ထက်၌ပင် ထပ်ဆင့်၍ နေမျိုးမဟာကျော်ထင်ဘွဲ့ကိုလည်းကောင်း၊ နေမျိုးမဟာ အသင်္ခယာကျော်ထင် ဘွဲ့ကိုလည်းကောင်း ချီးမြှင့်ခံရလေသည်။ ၁၁၃၈ ခုနှစ်တွင် ဆင်ဖြူရှင်မင်း တရားကြီး နတ်ရွာစံ၍ သားတော် စဉ့်ကူးမင်း နန်းတက်သောအခါ ဦးမြတ် သာနေအား မင်းကြီးကျော်ထင်ဟူသောဘွဲ့နှင့် ထပ်မံချီးမြှင့်တော်မူသည်။ ၁၁၄၄ ခုနှစ်၊ အမရပူရမြို့တည် ဘိုးတော်မင်းတရား လက်ထက်တော်တွင် ကား မင်းကြီးမဟာသီဟသူရဘွဲ့ဖြင့် အမရပူရမြို့ဝန် ခန့်ထားခြင်းခံရသည်။ ယင်းသို့ မင်းခြောက်ဆက်တိုင်တိုင် ဘွဲ့ထူးအမျိုးမျိုးဖြင့် အဆင့်ဆင့်ချီးမြှင့်ခံ ခဲ့ရသော ပညာရှိအမတ်ကြီး ဦးမြတ်သာနေသည် ၁၁၅၃ ခုနှစ်တွင် ကွယ် လွန်လေသည်။

ဦးမြတ်သာနေတွင် သားနှစ်ယောက်ထွန်းကားသည်။ ဦးချမ်းငြိမ်း ရာနှင့် ဦးချမ်းငြိမ်းသာတို့ ဖြစ်ကြရာ နှစ်ဦးစလုံးပင် အတွင်းသေနာပတိ အရာ ဝန်ထောက်တော်အရာတို့နှင့် အသီးအသီးမှုထမ်းခဲ့ကြသည်။ အမတ် ကြီး၏ အခြားထင်ရှားသော ဆွေမျိုးသားချင်းတို့မှာ ညီအရင်းဖြစ်သူ ဦးမြတ်သာဝေနှင့် တူအရင်းဖြစ်သူ ရွှေကျောင်းဦးပုတို့ ဖြစ်ကြသည်။ ဦးမြတ်သာဝေခေါ် ဦးဝေသည် အလောင်းမင်းတရားကြီးလက်ထက်ကပင် အစ်ကိုပညာရှိအမတ်ကြီးကို အမှီပြု၍ မင်းမှုစိုးခွင် ဝင်ရောက်အမှုထမ်း ဆောင်ရာ ဝေဠုသုန္ဒရဟူသောဘွဲ့မည်နှင့် ချီးမြှင့်ခြင်းခံရ၍ အစဉ်အဆက် ကြီးပွားခဲ့ပြီးလျှင် ဘွဲ့ထူးအမျိုးမျိုး ရာထူးအမျိုးမျိုးကို တိုးတက် ရခဲ့လေရာ အမရပူရမြို့တည် ဘိုးတော်ဘုရားလက်ထက်တွင် မဟာသီရိသီဟသူဘွဲ့ဖြင့် အဂ္ဂမဟာသေနာပတိရာထူးကို ချီးမြှင့်ခြင်းခံရလေသည်။ မုံရွေးရွာ လေး ကျွန်းရန်အောင် စေတီတော်ဒါယကာတည်း။ တူရွှေကျောင်း ဦးပုမှာလည်း ဘကြီးများကဲ့သို့ပင် ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတု ရေးသားမှုတို့၌ ဝါသနာပါ သည့်အလျောက် စန္ဒကုမာရပျို့နှင့် ကုသပျို့တို့ကို ပြုစုရေးသားခဲ့သည်။ ဦး ကြီးများကဲ့သို့ မင်းမှုထမ်းအလုပ်ကို မဆောင်ရွက်ဘဲ မုံရွေးရွာ၌ သူဌေး ဘွဲ့ဖြင့် ပညာဗဟုသုတ ဆည်းပူးနေထိုင်သည်။ ဇေတဝန်ရွှေကျောင်း ဆောက်လုပ်လှူဒါန်းသဖြင့် ရွှေကျောင်းဦးပုတွင်သည်။

အမတ်ကြီး ဦးမြတ်သာနေ ပြုစုရေးသားခဲ့သော စာပေများမှာ အများအပြားရှိသည်။ ယင်းတို့အနက် အလောင်းမင်းတရားကြီးအရေးတော်ပုံ (၁၁၁၉ ခုနှစ်)၊ ယိုးဒယားနိုင်မော်ကွန်း (၁၁၂၉ ခုနှစ်)၊ ဓညဝတီနိုင်မော်ကွန်း (၁၁၄၇ ခုနှစ်)၊ မြန်မာသံယောဂဒီပနီ(ပင့်ရစ်ဋီကာ) (၁၁၂၂ ခုနှစ်)၊ မုဒ္ဓါဘိသေကမော်ကွန်း (၁၁၄၆ ခုနှစ်)တို့သည် အမတ်ကြီး၏ လက်ရာ အစစ်ဖြစ်ကြောင်း အထောက်အထား ခိုင်လုံစွာရှိသည်။ ရာဇာနီတိပျို့၊ ဟန်လင်းသမိုင်းပျို့တို့ကိုလည်း ပြုစုရေးသားခဲ့သည်ဟု အဆိုရှိသည်။ အချို့ ကလည်း ဦးမြတ်သာနေသည် မော်ကွန်းသာရေးသည်။ ပျို့မရေးဟု ဆိုသည်။ မ ကာရ လောပဟု ဆိုကြသော တောင်တွင်းဆရာတော် ခင် ကြီးဖျော်သည် စာဆိုအမတ်ကြီးနှင့် ဆရာဒါယက အလွန်ရင်းနှီးခဲ့သည့် အလျှောက် အမတ်ကြီးသည် မရှင်းလင်းသောကိစ္စ၊ ကူညီချီးမြှင့်ရန်ကိစ္စတို့၌ ဆရာတော်ထံ လျှောက်ထားခဲ့သော စာများကိုစု၍ လက်ဝဲနော်ရထာ လျှောက်ထုံးဟူ၍ စာတစ်စောင် ပေတစ်ဖွဲ့ တွေ့ရှိရသည်။ အမတ်ကြီးသည် မိမိဇာတိ မုံရွေးရရွာတွင် ကုသိုလ်တော်များ အမှတ်တရပြုခဲ့သည်။ ၁၁၂ဝ ပြည့်နှစ်၊ တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့တွင် ဇေတဝန်သုံးထပ်ကျောင်း ဆောက်လုပ်လှူဒါန်းသည်။ အလောင်းမင်းတရားကြီးက မောင်နေကျောင်းသည် ငါ့ကျောင်းပင်ဖြစ် သည်။ ဆင်ကပ်ပတ်လည်၊ မဟာရံအုတ်ပေါင်းကူများနှင့် ဆောက်လုပ်လှူ ဒါန်းစေ အမိန့်တော်ရှိသည်။ အမတ်ကြီး၏ကောင်းမှု ကိုယ်စားတော် ကျောင်းကြီးကို ဌာနတံဆိပ် မချီးမြှင့်သွားရရှာဘဲ အလောင်းမင်းတရားကြီး နတ်ရွာစံရာ စာဆို၏လျှောက်ထားချက်အရ ခမည်းတော်၏ အရိုက်အရာကို ဆက်ခံစိုးစံသော သားတော် နောင်တော်ကြီးမင်းက ကလျာဏီရွှေကျောင်းဟူ သော ဌာနတံဆိပ်ကို လှူတော်မူပြီးလျှင် ၁၁၂၂ ခုနှစ်၊ နတ်တော်လဆန်း ၁ဝ ရက်နေ့တွင် ကမ္ပည်းတပ်ခဲ့သည်။ ကလျာဏီရွှေကျောင်းဦးရှိ ဘုရား၌ ခေါင်းလောင်းစာသုံးဂါထာနှင့် အနက်ကို ၁၁၂၂ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်နေ့တွင် တောင်တွင်းဆရာတော်က စီကုံးပေးခဲ့လေသည်။ ၁၁၂၇ ခုနှစ် တပို့တွဲလပြည့်နေ့တွင် တိလောကဘုရားရှင်၌ ကြေးချိန် ၂ဝဝ ရှိ ဒုတိယ ခေါင်းလောင်း သွန်းလုပ်လှူဒါန်းသည်။ ယင်းခေါင်းလောင်းကြီး ပျက်စီး ယိုယွင်းမည် စိုးရိမ်သဖြင့် မုံရွေးဇေတဝန်ဆရာတော် အရိယာဝံသအာဒိစ္စရံသီ ပုဂ္ဂိုလ်သူမြတ်က ၁၁၉ဝ ပြည့်နှစ်တွင် ဇေတဝန်ကျောင်းရှေ့သို့ ပြောင်းရွှေ့ စိုက်ထူခဲ့ရာ ယခုတိုင် တွေ့မြင်နိုင်သေးသည်။ မူလဒါယကာ အမတ်ကြီး၏ အဆိုအတိုင်း ပါဠိဂါထာဖြင့် အဆန်းတကြယ်ဖွဲ့ဆိုထားသော ခေါင်းလောင်း စာအပြင် ခေါင်းလောင်းရွှေ့ပြောင်းသူ ဆရာတော် ထပ်ဆင့်ရေးထိုးသည့်စာ များကား အမတ်ကြီး၏ ဘွဲ့အမည် အရည်တို့ကို ဖော်ထုတ်ရန် အထူး အထောက်အထား ရခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)