မြင်ကွန်းမင်းသား

ဝီကီပီးဒီးယား မှ
မြင်ကွန်းမင်းသားပုံ

မြင်ကွန်းမင်းသားကြီးကို သက္ကရာဇ် ၁၂၀၅-ခု၊ တပို့တွဲလဆုတ် (၁၄)ရက်၊ စနေနေ့၊ ညဉ့် (၃)ချက်တီးကျော်၊ တပေါင်းလဆန်း(၁)ရက်နေ့ အဝင်၊ တနင်္ဂနွေနေ့ အရုဏ်တက်လုနီးအချိန်တွင် ခမည်းတော် သီရိပဝရ ဇယာ နန္တယသပဏ္ဍိ တြိဘဝနာဒိတျာဓိပတိ မဟာဓမ္မရာဇာ ဓိရာဇာ တံဆိပ်နာမံ ခံတော်မူသော ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတရားကြီး မင်းတုန်းမင်း နှင့် မယ်တော် တောင်ရွှေရေး မိဖုရားကြီး ရတနာဒေဝီမှ ဖွားမြင်သည်။ [၁] မင်းတုန်းမင်း အမရပူရမြို့၊ အိမ်နိမ့်စံအဖြစ် စံတော်မူစဉ် ဖွားမြင်တော်မူသော သားတော်ဖြစ်သည်။ ငယ်နာမည်မှာ မောင်မျိုးအေးဖြစ်ပြီး ပထမဆုံးရသောဘွဲ့တော်မှာ သီလဝ ဖြစ်သည်။ မြင်ကွန်းမင်းသားသည် ပုဂံမင်းလက်ထက်ကပင် သတိုးမင်းလှကျော်စွာဘွဲ့နှင့် မတဲမြို့ကို စားရ၏။ ခမည်းတော် မင်းတုန်းမင်း နန်းတက်သောအခါ သုမဟာသီရိဓမ္မရာဇာဘွဲ့နှင့် မြင်ကွန်းမြို့ကို စားရသောကြောင့် မြင်ကွန်းမင်းသားဟု ခေါ်ဆိုကြလေသည်။

မင်းတုန်းမင်း၏ သားတော်များတွင် အသက်အားဖြင့် အကြီးဆုံးဖြစ်သည်။ သတ္တိဗျတ္တိ အကောင်းဆုံးနှင့် စိတ်ဓာတ်အားဖြင့် အထက်ဆုံးဖြစ်ပြီး ညီတော်၊ နှမတော်များကိုလည်း ချစ်ခင်သောကြောင့် ညီတော်၊ နှမတော်အားလုံးက အထူးပင် ချစ်ကြောက်ရိုသေရလေသည်။ [၂]

မြင်ကွန်းမင်းသား ငယ်စဉ်က ရုပ်ရည်လက္ခဏာ ကြန်အင်္ဂါတို့နှင့် ပြည့်စုံသည့်အပြင် တည်ကြည်ဖြောင့်မတ်သော စိတ်ရင်းနှလုံးသား ထားရှိခြင်း၊ ရဲရင့်ခြင်းတို့ကြောင့် ပုဂံမင်း၏ ချစ်ကြည်မြတ်နိုးခြင်းကို ခံရသည်ဟု သိရှိရသည်။ သို့ဖြစ်၍လည်း ပုဂံမင်းက မြင်ကွန်းမင်းသားအား သားတော်ကြီးတစ်ပါးအရာထား၍ မွေးစားတော် မူခဲ့သည်။ ငယ်စဉ်ကပင် သီရိသုဓမ္မာ မဟာရာဇာ ဟူသော ဘွဲ့တော်ကိုလည်း ပေးသနားခြင်း ခံရသည်။ မင်းတုန်းမင်းသား ဘုရင်ဖြစ်လာသောအခါ သားတော် မြင်ကွန်းမင်းသားကို နန်းကျ ပုဂံမင်းထံမှ ပြန်လည်ခေါ်ယူပြီး အာသောကာ ရာမတိုက် ဆရာတော် ဦးကောသလ္လထံ အပ်နှံ၍ လောကီ လောကုတ္တရာ စာပေများကို သင်ကြားစေခဲ့သည်။

ဆိုးသွမ်းမှု[ပြင်ဆင်ရန်]

  • မင်းတုန်းမင်းတရားသည် သားတော်ကြီးများ စုံညီစွာခစားမိလျှင် ပြုံးတော်မူလျှက် `ကိုင်း ငါ့သားများ ခမည်းတော်ဘုရားကို ပွဲတော်ဟင်းများ ကိုယ်ချက်တတ်ရာ သား၊ ငါးများကို ကိုယ်တိုင်ချက်၍ ဆက်ကြစမ်းပါ။ မြိန်ရှက်စွာ ပွဲတော်တည်လိုတယ်´ ဟု စင်စစ်အားဖြင့် ဆန္ဒမရှိသော်လည်း ကျွမ်းဝင်ချစ်ခင်သည်ဟူသော ပရိယာယ်ဖြင့် မိန့်တော်မူလျှင် အချို့သော သားတော်များမှာ ဝမ်းမြောက်စွာဖြင့် မည်သည့်ဟင်းချက်တတ်ကြောင်း၊ ကိုယ်တိုင်ချက်၍ ဆက်သကြသည်။ မြင်ကွန်းမင်းသားအလှည့်တွင် `မှန်လှပါ။ ဘုရားသားတော် အမဲသားဟင်း ချက်တတ်ကြောင်းပါဘုရား´ဟု လျှောက်ထားလိုက်သည်။ မင်းတုန်းမင်းသည် အမဲသားဟင်းကို ကိုယ်တိုင်လည်း ပွဲတော်မတည်၊ တိုင်းသူပြည်သား၊ ရဟန်းရှင်လူအားလုံး မစားသောက်ရန် တင်းကျပ်စွာ တားမြစ်ထားရာ ရုတ်တရက် မြင်ကွန်းမင်းသား လျှောက်တင်ချက်ကို ကြားသောအခါ `ဟင်´ဟု သာ တစ်လုံးတည်း နှုတ်မှထွက်ကာ မျက်နှာတော်ညို၍ အတွင်းတော်သို့ ဝင်တော်မူသည်။ ထိုအကြောင်းကို ကြားသိရသော ငယ်ကျွန်များက `အရှင်က ဒါတော့ လွန်လွန်းထင်ပါ့ဘုရား´ ပြောရာ မြင်ကွန်းမင်းသားက `မဟုတ်တရုတ် နေရာရှာလို့၊ ငါတို့ကို ဟင်းချက်ခိုင်းနေရသေးတယ်၊ လခပေးထားတဲ့ စားတော်ကဲတွေ အရှိသားနဲ့၊ ဒါနဲ့ ငါကလည်း သူတားမြစ်ထားတဲ့ နွား အမဲသားချက်တတ်ကြောင်း အရွဲ့တိုက်ပြီး သံတော်ဦး တင်လိုက်တာပဲဟေ့´ဟု မိန့်တော်မူသည်။ မြင်ကွန်းမင်းသားသည် တမင်အရွဲ့တိုက်လျက် တင်ခြင်းဖြစ်သည်။
  • မင်းတုန်းမင်းသည် သားတော်များကို ဟင်းချက်ခိုင်းသည်သာမဟုတ်၊ မိဖုရားများကိုလည်း ရံဖန်ရံခါ အားလုံးကိုခေါ်ပြီးလျှင် ဟင်းချက်ခိုင်းတော်မူခြင်း၊ မုန့်လုပ်ခိုင်းတော်မူခြင်းရှိသည်။ တနေ့၌ မိဖုရားများအား လုပ်တတ်သော မုန့်များကို ကိုယ်တိုင်လုပ်၍ ဆက်သစေ၏။ ဆက်သလာသော မုန့်အမျိုးမျိုးထဲတွင် လက်နှင့်စမ်းလိုက်လျှင် ပျော့ပျော့ပျောင်းပျောင်း နူးနူးညံ့ညံ့ ရှိသော်လည်း စားမည်ဟုဖဲ့လိုက်သောအခါ မည်သို့မျှ ဖဲ့မရ၊ ဖြတ်မရသော မုန့်ကို တွေ့၍ ဒီမုန့် ဘယ်မိဖုရားလုပ်တာလည်းဟု စစ်မေး၏။ သို့သော် ယင်းမုန့်ကို လုပ်သူ လက်သည် မပေါ်ဘဲ မည်သူမျှ စား၍မရဘဲ လွှင့်ပစ်လိုက်ရ၏။ လွှင့်ပစ်သောအခါ ခွေးများပင်ကိုက်စား၍မရဘဲ ကျီးများ၊ စွန်များ ချီသွားခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ ထိုမုန့်ကား ဘုရင်တွင် စားစရာ ပေါများပါလျက် အကြောင်းရှာပြီး မိဖုရားများကို မုန့်လုပ်ခိုင်းရမည်လောဟု ဒေါပွနေသည့် မြင်ကွန်းမင်းသားက သူ၏ မယ်တော်ဆောင်မှ အပို့လွှတ်သောသူကို နှုတ်ပိတ်ပြီး ဖလှယ်ပေးလိုက်သော မုန့်ပင်ဖြစ်သည်။ တမင်တကာရှာကြံပြီး ဆင်သေ၏ သိုကြီးကို ဓားဖြင့်လှီးဖြတ်ကာ မုန့်နှင့်တူအောင်ကြော်၍ ပေးလိုက်သော ဆင်၏သိုသားပင် ဖြစ်၏။
  • တစ်နေ့၌ မြင်ကွန်းမင်းသားညီနောင်တို့သည် ငယ်ကျွန်များနှင့်တကွ ဥယျာဉ်တော်ထဲတွင် ကစားနေကြသည်။ အကစားလွန်ပြီး မိုးချုပ်သွားသောအခါ အိမ်တော်၌လည်း အစောင့်မကျန်ရစ်ခဲ့သဖြင့် ထမင်းဟင်းချက်ပြုတ်ထားမည့်သူ မရှိဘဲ ဖြစ်နေလေသည်။ ထိုအခါ မြင်ကွန်းမင်းသားညီနောင် နှစ်ပါးသည် လေးသိန်းတံခါး အထွက် ကျုံးတော်အနီး၌ မြက်စားနေကြသော ဘုရင်၏ မင်္ဂလာနွားဖြူ တစ်ရှဉ်းလုံးကို ဖမ်း၍သတ်ကာ ချက်ပြုတ်၊ ကြော်လှော်ပြီး စားသောက်လိုက်ကြသည်။ မင်းတုန်းမင်းသိသောအခါ အကျဉ်းချရန် ညီတော် ကနောင်မင်းသားကို တာဝန်ပေးသည်။ အိမ်ရှေ့မင်းသားကြီးက နှစ်ပတ်ချုပ်ပြီး ပြန်လွှတ်ပေးလိုက်ပါသည်။ ထိုအဖြစ်ကြောင့်ပင် အိမ်ရှေ့ကိုယ်တော်ကြီးအား မြင်ကွန်းမင်းသားက ပိုမိုအငြိုးပြင်းထန်လာခဲ့သည်။
  • မြင်ကွန်းမင်းသားညီနောင်ပုန်ကန်ရန် ဆုံးဖြတ်ချက်ချသည်ကို အိမ်ရှေ့စံ ကနောင်မင်းသား၏ သမီးတော်၊ မြင်ကွန်းမင်းသား၏ မိဖုရားက သိရှိလေသောကြောင့် လျှို့ဝှက်စွာ ခမည်းတော်အား သံတော်ဦးတင်၏။ ထိုအကြောင်းကို မြင်ကွန်းမင်းသား သိသောအခါ `သယ်..သင့်အဖေ ရှင်ဘုရင်ဖြစ်တော့ သင့်ကို မိဖုရားမြှောက်မတဲ့လား၊ ငါရှင်ဘုရင်ဖြစ်မှ သင်းမိဖုရားဖြစ်မှာတော့ သူမကြည့်ဘူး၊ ဒါလောက် အဖေကို လင်ထက်ပိုချစ်လှတဲ့ သတ္တဝါမ၊ သွားမြဲလမ်းကိုသာ သွားတော့´ဟု ပြောဆိုကြိမ်းဝါးပြီး အင်္ဂတေထောင်းသော မောင်းဆုံထဲသို့ အရှင်လတ်လတ်တုတ်နှောင်ကာ ထည့်ထောင်း၍ ရက်ရက်စက်စက် သတ်ပစ်လိုက်လေသည်။ (သမီးတော်ကို မြင်ကွန်းမင်းသား သတ်ပစ်ကြောင်း ကနောင်မင်းသား သိသော်လည်း အရေးမယူပဲ `သားသမီးပဲ နောင်များစွာရနိုင်သေးသည်´ဟု ဆိုကာ အေးအေးနေခဲ့လေသည်။)
  • ညီတော် မြင်းခုန်တိုင်မင်းသားကလည်း သက်တော် ၁၆နှစ်၊ ၁၇နှစ်တိုင်အောင် တောင်ဥယျာဉ်တော်အတွင်းရှိ ရေကန်တွင် ငှက်ပျောတုံးကို ဖောင်ဖွဲ့၍ တက်စီးပြီး ရှေ့ကကြိုးတတ်လျက် လူနှစ်ယောက်က ဆွဲရလေသည်။ နေ့စဉ် ပြုလုပ်ရသောကြောင့် မှူးမတ်ကြီးများမှစ၍ အရာရှိများက ကွယ်ရာတွင် မြင်းခုန်တိုင်ဟု မခေါ်ဘဲ လူတေလေးဟု ခေါ်လေသည်။ [၃]

ကြံစည်ကြပုံ[ပြင်ဆင်ရန်]

မြင်ကွန်းမင်းသားသည် မိမိ၏ အထွေထွေ မကျေနပ်မှုကို အကောင်အထည်ဖော်ရန် ညီတော်မြင်းခုန်တိုင်မင်းသားနှင့် တိုင်ပင်သည်။ ခမည်းတော်နှင့် ဘထွေးတော်တို့ကို ပုန်ကန်ပြီး ထီးနန်းသိမ်းပိုက်ရန် ကြံစည်သည်။ ထိုအကြံအစည်ကို ရတနာပုံနေပြည်တော်ရှိ အင်္ဂလိပ်ကိုယ်စားလှယ်များက အားပေးအားမြှောက်ပြုသည်။ နိုင်ငံတော် ခေတ်မီရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေသော ကနောင်မင်းသားမရှိလျှင် ခေတ်မီရေးလုပ်ငန်းများ ရပ်စဲကုန်လိမ့်မည်ဟု အင်္ဂလိပ်တို့က တွေးထင်ယုံကြည်ကြပုံပေါ်သည်။

စရိုက်ကြမ်းပြီး မိမိလုပ်ကိုင်ချင်ပြီဆိုလျှင် မည်သည့်အရေးကိုမျှ မငဲ့ကွက်၊ မည်သူ့မျက်နှာကိုမှ မထောက်သော မြင်ကွန်းမင်းသားသည် ထီးနန်းစည်းစိမ် လုယူရေးအတွက် လူယုံများကို စုသည်။ စာပေပညာရှင်၊ ဗေဒင်ပညာရှင် ဖြစ်သော စလေဦးပုညက အခါတော်ပေးသည်။ မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ဦးပုည တွက်ချက်ပေးသော အခါတော်အတိုင်း လှုပ်ရှားရန် ပြင်ဆင်ကြသည်။ (ပထမဆုံးလုပ်ကြံရန် ဦးပုညထံ အခါတောင်း၍ ကြိုးစားကြရာ၌ မင်းတုန်းမင်းတရား လယ်ထွန်မင်္ဂလာဆင်းချိန်တွင် လုပ်ကြံရန် ဖြစ်သည်။ သို့သော် စစ်အင်္ဂါလေးပါးနှင့် ဘုရင်ကို ဝိုင်းရံထားကာ ကြွမြန်းသောကြောင့် လုပ်ကြံရန် မအောင်မြင်ခဲ့ကြောင်း သိရှိရပေသည်။)[၄]

မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း[ပြင်ဆင်ရန်]

သက္ကရာဇ်၁၂၂၈-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်(၇)ရက်၊ ခရစ်နှစ် ၁၈၆၆-ခုနှစ်၊ ဩဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် ရတနာပုံနေပြည်တော် တစ်ခုလုံး အုံးအုံးကျွတ်ကျွတ် ဆူညံသွားစေသည့် အရေးအခင်းကြီးပေါ်လာသည်။ ထိုနေ့တွင် အိမ်ရှေ့စံ ကနောင်မင်းသားကြီး လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်။ မင်းသားများသည် ခမည်းတော်ဖြစ်သော မင်းတုန်းဘုရင်ကိုပါ လုပ်ကြံဖို့ရာမှာ မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ဘုရင်ပိုင် ရေနန်းစင်္ကြာ သင်္ဘောနှင့် အောက်ပိုင်း မလွန်အရပ်ကို စုန်ပြီး ပုန်ကန်ခဲ့သည်။ မကြာခင် အရေးနိမ့်သွားသည့်အတွက် အင်္ဂလိပ်သိမ်းထားသော မြန်မာပြည်အောက်ပိုင်းကို ဝင်ရောက်ခိုလှုံသွားသည်။

မြင်ကွန်းမင်းသား ညီနောင်တို့သည် နောက်လိုက်အခြွေအရံ အနည်းငယ်နှင့် ရန်ကုန်သို့ ထွက်ခွာလာရာ အလွန်မောပန်းတော်မူသဖြင့် တောစပ်တစ်ခု၌ အိပ်ပျော်နေစဉ် နယ်ချဲ့အင်္ဂလိပ်တို့က မလွတ်တမ်း အစောင့်အကြပ် ပြင်းထန်စွာဖြင့် ဖမ်းဆီးပြီးလျှင် အလွန်ကျဉ်းမြောင်းလှသော အချုပ်အနှောင်တို့ဖြင့် ကပ္ပလီကျွန်းသို့ ပို့လေသည်။ ထိုမြို့၌လည်း စိတ်မချရသေးသဖြင့် ကာလကတ္တားသို့ ၎င်း၊ ထိုမှတဆင့် ချူနာမြို့သို့၎င်း၊ တဖန် ဗာရာဏသီမြို့သို့ ၎င်း ပို့ဆောင်ကာ မည်သည့်ကိုမျှ ထွက်ခွင့် မပြုတော့ချေ။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၀၈-ခုနှစ်၊ ဒီဇင်ဘာလ(၁၄)ရက်တွင် မြင်ကွန်းမင်းသား၏ မိခင် တောင်ရွှေရေးမိဖုရားသည် ဗီယက်နမ်နိုင်ငံ၊ ဆိုင်ဂုံမြို့ (ယခု-ဟိုချီမင်းမြို့)၌ ကွယ်လွန်သည်။

၁၉၂၁-ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်တွင် မြင်ကွန်းမင်းသားကြီး (၁၈၄၂-၁၉၂၁)သက်တော် (၇၉)နှစ်သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကံကုန်သည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်း ရေး ညောင်ရမ်းမင်းသား၏ နောက်ဆုံးနေ့များနှင့် အခြားစာတမ်းများ၊ စာ-၁၅၅
  2. မောင်ပုဆိုးကြမ်း၏ ကနောင်မင်းသား
  3. ဒဂုန်ခင်ခင်လေး၏ မြင်ကွန်းညီအစ်ကိုနှင့် ပတိမ်းမင်းသားပုံကန်မှု (အဋ္ဌာရသ မဂ္ဂဇင်း၊ အမှတ်တစ်)
  4. မြကေတု၏ နန်းဓလေ့မှတ်တမ်းများ
  5. သန်းဝင်းလှိုင် ရေး ၂ဝရာစု မြန်မာ့သမိုင်း၊ ၂၀၀၉-ခု၊ မေလ(ပထမအကြိမ်)