သပြေတန်း ခံတပ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သပြေတန်းခံတပ်

သပြေတန်းခံတပ်၊ ရွှေကြက်ယက်ခံတပ်၊ ခံတပ်တော်ကြီးဟူ၍ အမည်အမျိုးမျိုးနှင့် ထင်ရှားခဲ့သော ဤခံတပ်ကို မင်းတုန်းမင်းလက်ထက်၊ ၁၈၆၈-ခုနှစ်ခန့်လောက်က တည်ဆောက်ခဲ့သည်ဟု ခန့်မှန်းရသည်။ ခံတပ်တော်ကြီးကို မူလက တော်ဝင်နန်းသုံး အမည်ပေးခဲ့သော်လည်း အမည်မတွင်ဘဲ ရွှေကြက်ယက် တောင်ကုန်းကိုစွဲ၍ ရွှေကြက်ယက် ခံတပ်ဟု၎င်း၊ သပြေတန်းရွာငယ်ကို စွဲ၍ သပြေတန်း ခံတပ်ဟု၎င်း ခေါ်တွင်ခြင်းဖြစ်ဟန်ရှိသည်။

တည်နေရာ[ပြင်ဆင်ရန်]

သပြေတန်းခံတပ်သည် မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်၊ မန္တလေးစစ်ကိုင်းကားလမ်းနံဘေး အင်းဝတံတားကြီး၏ အရှေ့ဘက်ထိပ် တွင် တည်ရှိသည်။ သပြေတန်းခံတပ်ကို ဧရာဝတီမြစ်ကမ်းနဖူး ဒုဋ္ဌဝတီ(ခေါ်)မြစ်ငယ်မြစ်နှင့်ဆုံရာ သန်လျက်စွန်းတွင် ဆောက်လုပ်ထားသည်။ မန္တလေး နေပြည်တော်နှင့် မြစ်ကမ်းတဖက်တည်းတွင် ရှိသည်။ နေပြည်တော်နှင့်အနီးဆုံး ခံတပ်ဖြစ်သည်။ ထိုနေရာ တဝိုက်တွင် ဧရာဝတီမြစ်ကမ်းနဖူးများ၌ မြန်မာတို့၏ ခံတပ် သုံးခုကို တြိဂံအနေအထားဖြင့် တည်ဆောက်ထားသည်ကို တွေ့ရသည်။ ၎င်းတို့မှာ ဒုဋ္ဌာဝတီမြစ် တစ်ဘက်ကမ်း ဧရာဝတီမြစ် နဖူးတွင် အင်းဝခံတပ်(ခေါ်) ဆင်ကျုံးခံတပ်၊ စစ်ကိုင်းဘက်ကမ်းတွင် စစ်ကိုင်းခံတပ်(ခေါ်) အစေခံခံတပ်နှင့် သပြေတန်းခံတပ်တို့ ဖြစ်သည်။

သပြေတန်းခံတပ်ကို မင်းတုန်းမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၂၃၆-ခုနှစ်၊ ဒိုင်းဝန်မင်း၊ ကသည်းမြင်းဝန်မင်းနှင့် အီတလီလူမျိုး ကွန်မိုတို ဆိုသူတို့ ဦးစီးကွပ်ကဲ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သပြေတန်းခံတပ်ကို (၄)နှစ်ခန့် အချိန်ယူ၍ တည်ဆောက်ခဲ့ရသည်။ [၁] မည်မျှကုန်ကျသည့် အချက်အလက်များ ရှာမတွေ့ပေ။ ၁၈၇၀-ပြည့်နှစ် (၁၂၄၀-ပြည့် ပြာသိုလဆန်း ၁၀-ရက်နေ့) တွင် သီပေါမင်းနန်းတက်ပြီး လေးလခန့်အကြာတွင် ခံတပ်ပြီးစီးသည့် အခမ်းအနား ကျင်းပကြောင်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြထားသည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

ခံတပ်အလယ်ရှိ မြေကွက်လပ်

ခံတပ်တည်ဆောက်ပုံမှာ မြေတိုက်သဖွယ် ဖြစ်သည်။ အပြင်နခမ်းသားမှ တဆင့်ပြီး တဆင့် မြေဖို့ထားသည်။ အတွင်းထပ်ပါ သုံးဆင့် လေးထပ်ဖြစ်သည်။ ခံတပ်အလယ်ဗဟိုတွင် ကွက်လပ်ကျယ်ကြီးတစ်ခု ပြုလုပ်ထားသည်။ ၎င်းကွက်လပ်မှ အရှေ့ဘက် (၁၃၇)ပေ၊ တောင်ဘက်(၁၂၃)ပေ၊ အနောက်ဘက်(၁၅၁)ပေနှင့် မြောက်ဘက်(၁၇၆)ပေ အသီးသီးရှိသည်။ အပေါ်ထပ်မှ အတွင်းဘက် အောက်ထပ်များသို့ ဆင်းရန် ဒေါင့်လေးဒေါင့်တွင် လှေခါးများ ရှိသည်။ အပေါ်ဆုံးထပ်မှ ဗဟိုကွက်လပ်ကျယ်ကြီးသို့ ဆင်းရန် အရှည် ၁၈' အကျယ် ၁၄'၆"ရှိ အုတ်လှေခါးကြီး တစ်ခုကို အနောက်မြောက်ဒေါင့်တွင် ပြုလုပ်တပ်ဆင်ထားသည်။

ဗဟိုကွက်လပ်ကြီးမှ ခံတပ်အတွင်းသို့ ဝင်ရန် တောင်ဘက်မှ လိုဏ်ပေါက် သုံးပေါက်၊ အနောက်ဘက်မှ ရှစ်ပေါက်ရှိသည်။ လိုဏ်ပေါက် တစ်ခုစီ၏ အကျယ်မှာ ၆'စီရှိပြီး အမြင့်မှာ ၉' စီရှိသည်။ အတွင်းထပ်တွင် ဆင်ဝင်ပေါက်၊ ခဲယမ်းမီးကျောက်ထားရန် အခန်း၊ တပ်မှူးကြီးအခန်း၊ တပ်မှူးအခန်း၊ တပ်သားများအတွက် (၁၀)ခန်း၊ ရိက္ခာသိုလှောင်ရန် (၃)ခနိးတို့ကို စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားသည်။

ဆင်ဝင်ပေါက်ကို အထက်အလယ်ဆင့်နှင့် တဆစ်ချိုးဆက်သွယ်ထားသည်။ ဆင်ဝင်ပေါက်ပေါင်းကူးဥမင်ကြီး၏ အရှေ့အနောက်အရှည်မှာ ၄၈' ရှိပြီး တောင်မြောက် ၁၀၄' ရှည်လျားပေသည်။


သပြေတန်းခံတပ်၏ အနိမ့်ဆုံးအဆင့် အုတ်ခုံသည် စောက်သုံးပေခန့်ရှိ၏။ မြောက်ဘက်နှင့် အနောက်ဘက် အခြမ်းသည် လက်နက်သိုလှောင်ရာ အုတ်လက်နက်တိုက်များအပါအဝင် ထုလေးထပ်လေးဆင့်ရှိ၏။ အရှေ့ဘက်နှင့် တောင်ဘက်ခြမ်းသည် အခြေခံဖိနပ်နှင့် အုတ်လက်နက်တိုက်များ အပါအဝင် ထုသုံးထပ် သုံးဆင့်ရှိသည်။ ခံတပ်အပြင်ဘက် အုတ်ဖိနပ်သည် သုံးပေမြင့်သည်။ ထို့နောက် လေးပေကျယ်သော ပြင်ညီပတ်လည်ရှိသည်။ ထိုနောက်တွင် ဆယ်ပေမြင့်၍ ဆင်ခြေလျှော အနံပေ ၂၀-ရှိသော ခံတပ်ရိုးရှိသည်။ ခံတပ်ရိုးအခြေကို အုတ်ဖြင့် သုံးပေပိုးထား၊ မ,ထားသည်။

ဤခံတပ်ရိုးအောက် လေးပေအနိမ့်တွင် ၂၅-ပေကျယ်သော သူရဲပြေးစင်္ကြံပတ်လည်ရှိသည်။ ထိုစင်္ကြံတဖက်အနားမှ ဒုတိယတပ်ရိုးတခု ထပ်မံတည်ဆောက်ထားသည်။ ဒုတိယတပ်ရိုးသည် ပေ ၂၀-မြင့်၍ ဆင်ခြေလျှောပေ ၂၀-ကျယ်သည်။ ဒုတိယတပ်ရိုးအတွင်းဘက်မျက်နှာ ဆင်ခြေလျှောတွင် လေးပေအမြင့် အုတ်ပေါင်ကတုတ် ကာထားသည်။ ထို့နောက် ပေ ၂၀-အကျယ် အုတ်စီသူရဲပြေးစင်္ကြံတခု လာပြန်သည်။ ထိုဒုတိယစင်္ကြံ၏အောက်တွင် လက်နက်တိုက်များရှိသည်။ အတွင်းဘက်အနားတလျှောက်တွင် လေးပေမြင့်လျှောသော အုတ်ပေါင်ကတုတ် ကာထားသည်။ ခံတပ်အတွင်းသည် ၁၅၅-ပေ ကျယ်သည်။

လက်နက်တိုက်များသို့ လေးဖက်လုံးမှ ဝင်နိုင်သည်။ တဖက်လျှင် ဝင်ပေါက်တစ်ပေါက်စီရှိသည်။ ခံတပ်ရှေ့ဘက်တွင် ဝင်ပေါက်ကြီးတခုရှိသည်။ နောက်ဘက်တွင် ခံတပ်ရိုးနှစ်ခုအကြားနေရာသို့ ပေါက်သော မလွယ်ပေါက်တခုရှိသည်။ ထိုအပေါက်များအနီးတွင် ခံတပ်ရိုးပေါ်သို့တက်ရန် လှေကားထစ်များရှိသည်။ အရှေ့ဘက်ဝင်ပေါက်ကြီးအပေါ်တွင် ရဲမက်များ အလွယ်တကူ ဆက်သွယ်နိုင်ရန် ပေါင်းကူးတံတားတခုရှိသည်။ ရှေ့ဘက်ဝင်ပေါက်ကြီး ရှေ့တည့်တည့် ပေ ၅၀-အကွာတွင် ကန့်လန့်ဖြတ်ဆောက်ထားသော မြေတံတိုင်းကြီးတစ်ခု ရှိသည်။ ပေ ၈၀-ရှည်၍ ပေ ၅၀-ကျယ်ကာ ၁၈-ပေ မြင့်သည်။ တံတိုင်းထိပ်သည် ၅-ပေကျယ်သည်။ ခံတပ်နှင့်ကပ်လျက် တောင်ဘက်တွင် ပေ ၅၀-ရှည်၍ ၁၀-ပေကျယ်သော မြင်းဇောင်းသုံးခုရှိသည်။

တောင်ဘက်နှင့် အရှေ့ဘက်တွင် တပ်သားများနေထိုင်ရာ သက်ငယ်မိုးဝါးတဲများရှိသည်။ တပ်သားများကို သုံးလတကြိမ် မန္တလေးမှလာ၍ လူစားလဲသည်။ ခံတပ်၏ တောင်ဘက် ပေ ၂၅၀-အကွာတွင် အိမ်ခြေ ၁၅-အိမ်ခန့်ရှိသော သပြေတန်းရွာငယ်ရှိ၏။ ရွာ၏တောင်ဘက်တွင် သစ်ပင်ကြိုးကြားနှင့် နှစ်မိုင်ခန့်ကျယ်သော ကိုင်းတောကြီးရှိသည်။ ကိုင်းပင်များသည် ၆-ပေမှ ရ-ပေထိရှည်သည်။ ခံတပ်၏အနောက်ဘက်တွင် မြစ်ငယ်မြစ်ထိ ပြောင်းခင်း၊ ပဲခင်းများရှိသည်။ အရှေ့ဘက်ခြေလှမ်း ၂၀၀၀-ခန့်အကွာတွင် ရွှေကြက်ယက်စေတီရှိသည်။ ဘုရားကုန်းသည် ခံတပ်ကို စီးမိုးနေသော အနေအထားရှိသည်။

၁၈၈၅-ခုနှစ် နိုဝင်ဘာလ ၂၈-ရက်နေ့တွင် ဂျင်နရယ်ပရင်ဒါဂတ် ဦးစီးသော ဗြိတိသျှတပ်များ သပြေတန်းခံတပ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ၎င်းခံတပ်မှ ခြောက်ပေါင်ဒါ သံသွန်းအမြောက်ခုနစ်လက်၊ ကျည်မွှေကြေးအမြောက် ငါးလက်၊ အမြောက်ငယ် နှစ်လက်၊ စိန်ပြောင်းတစ်လက် သိမ်းဆည်းရရှိကြောင်း ဖော်ပြထားသည်။

ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်အပြီး မြန်မာတို့သည် အထက်မြန်မာနိုင်ငံ လုံခြုံရေးကို အထူးဂရုစိုက် လုပ်ဆောင်လာခဲ့ကြသည်။ ရေကြောင်းမှ အလွယ်တကူ ဝင်ရောက်မစွက်ဖက်လာနိုင်အောင် အချက်အချာကျသော နေရာများတွင် ခံတပ်ကြီးများ ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့ကြသည်။ ထို့ကြောင့် ကာကွယ်ရေးအစီအရင်များအဖြစ် ဆင်ပေါင်ဝဲစစ်အောင်ခန်းခံတပ်ပန်းတော်ပြင်ကတုတ်ထူးပေါက်ကတုတ်မင်းလှခံတပ်ဂွေးချောင်းခံတပ်အဝခံတပ်စစ်ကိုင်း ခံတပ်၊ သပြေတန်းခံတပ်တို့မှာ အထူးထင်ရှားသည်။ ၎င်းခံတပ်များကို ၁၈၈၅-ခုနှစ် နိုဝင်ဘာလတွင် ဂျင်နရယ်ပရင်ဒါဂတ် ဦးစီးသော ဗြိတိသျှတပ်များက သိမ်းပိုက်ခဲ့၍ မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်သို့ ကျရောက်သွားခဲ့ရလေသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. လွင်မောင်၊ မှတ်တမ်းသမိုင်း မန်းဇေယျာတိုင်း၊ ၁၉၇၃-ခု၊ ဇွန်လ
  2. ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်) (မင်္ဂလာမောင်မယ် ၂၀၀၉-ခု ဇွန်လ)