အင်းဝမင်းဆက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အနော်ရထာလက်ထက်မှ စတင်ကာ အင်အားကြီးခဲ့သော ပုဂံသည် ၁၃ရာစုအလယ်မှစကာ အကြောင်းအမျိုးမျိုးကြောင့် အင်အားနည်းပါးလာပြီး နောက်ဆုံးတွင် မြောက်ဖက်မှတရုတ်နိုင်ငံကို သိမ်းပိုက်ပြီး တောင်ဖက်သို့ ဆက်လက်နယ်ချဲ့လာသည့် မွန်ဂိုတို့၏ တိုက်ခိုက်ဖျက်စီးမှုကြောင့် ပျက်စီးခြင်းသို့ရောက်ရသည်။ မွန်ဂိုတို့ အပြန်တွင် ကျစွာမင်း ကိုပုဂံတွင် နန်းတင်ခဲ့သော်လည်း အမှန်တကယ် ဩဇာကြီးနေသည် မှာ ရှမ်းညီနောင် သုံးဦးဖြစ်သည်။ ပုဂံမင်းများ လုံးဝ ဩဇာမရှိတော့ချိန်တွင် ထိုရှမ်းညီနောင်သုံးဦးမှ ဆင်းသက်လာသည့် သတိုးမင်းဖျားက အင်းဝတွင် နန်းတည်ကာ အင်းဝမင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅)ကို တည်ထောင်သည်။ တည်ထောင်စတွင် အထက်မြန်မာနိုင်ငံရှိ ဒေသများကို သိမ်းသွင်းနိုင်ကာ အင်အားကြီး မင်းနေပြည်တော်ဖြစ်လာခဲ့သည်။ ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင် ၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊၎င်း၏သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထိုနောက်သိုဟန်ဘွား နန်းတက်သည်။ သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိတို့ လက်ထက်များတွင် ဟံသာဝတီကို သိမ်းပိုက်လိုက်သည့် တောင်ငူမှ တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုနောက်နန်းတက်သည့် စစ်ကိုင်းနရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။

အင်းဝမင်းဆက်ကို လေ့လာလျှင် စတင်တည်ထောင်သူ သတိုးမင်းဖျားမှ ကလေးကျေးတောင်ညို ထိကို သတိုးဆက်ဟူ၍လည်းကောင်း၊ မိုးညှင်းသတိုးမှ ရွှေနန်းကျော့ရှင်နရပတိ ထိကို မိုးညှင်းဆက်ဟူ၍လည်းကောင်း၊ သိုဟန်ဘွား၊အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိ သုံးဆက်ကို ရှမ်းဆက်ဟူ၍လည်းကောင်း၊ စည်ကိုင်းနရပတိစည်သူ(စည်သူကျော်ထင်)ထိ သတ်မှတ်ကြသည်။ သို့သော် အချို့သမိုင်းပညာရှင်များက စည်ကိုင်းနရပတိစည်သူ နှင့်အတူ ဘုရင့်နောင်၊နန္ဒဘုရင်တို့လက်ထက်များတွင် လက်အောက်ခံအဖြစ် နန်းတင်သည့် သတိုးမင်းစောမင်းလက်ယာ နှင့် မင်းရဲကျော်စွာတို့ကို မြန်မာဆက်ဟူ၍လည်းကောင်း ခွဲခြားသတ်မှတ်သည်လည်း ရှိပါသည်။

နှင်းကျသည် အင်းဝတည် ဆိုရိုးစကားအရ (နှင်း = ၇ ၊ ကျ = ၂ ၊ သည် = ၆) ၇၂၆-ခုနှစ်၌ တည်ထောင်သည်။ [၁]

အင်းဝမင်းများ[ပြင်ဆင်ရန်]

ပထမအင်းဝခေတ် မင်းဆက်များ[ပြင်ဆင်ရန်]

  1. သတိုးမင်းဖျား (၁၃၆၄-၁၃၆၇)
  2. မင်းကြီးစွာစော်ကဲ (၁၃၆၇-၁၄၀ဝ)
  3. ဆင်ဖြူရှင် တရဖျား (၁၄၀ဝ)
  4. ပထမ မင်းခေါင်ကြီး (၁၄၀ဝ--၁၄၂၂)
  5. ဆင်ဖြူရှင် သီဟသူ (၁၄၂၂-၁၄၂၅)
  6. မင်းလှငယ် (၁၄၂၅)
  7. ကလေးကျေးတောင်ညို (၁၄၂၅-၁၄၂၆)
  8. မိုးညှင်းမင်းတရား (၁၄၂၆-၁၄၃၉)
  9. မင်းရဲကျော်စွာ (၁၄၃၉-၁၄၄၂)
  10. နရပတိ (အင်းဝ) (၁၄၄၂-၁၄၆၈)
  11. ပြည်စုန်မင်းသီဟသူ (၁၄၆၈-၁၄၈၀)
  12. ဒုတိယ မင်းခေါင် (၁၄၈၀-၁၅၀၁)
  13. ရွှေနန်းကျော့ရှင်နရပတိ (၁၅၀၁-၁၅၂၇)
  14. သိုဟန်ဘွား (၁၅၂၇-၁၅၄၂)
  15. အုန်းဘောင်ခုံမှိုင်း (၁၅၄၂-၁၅၄၅)
  16. မိုးဗြဲနရပတိ (၁၅၄၅-၁၅၅၁)
  17. စည်သူကျော်ထင် (၁၅၅၁-၁၅၅၅)

ဒုတိယ အင်းဝခေတ်၊ ညောင်ရမ်းခေတ်[ပြင်ဆင်ရန်]

  1. မင်းရဲနန္ဒမိတ် (၁၅၉၇-၁၆၀၅)
  2. အနောက်ဘက်လွန်မင်း (၁၆၀၅-၁၆၂၈)
  3. သာလွန်မင်း (၁၆၂၈-၁၆၄၈)
  4. ပင်းတလဲမင်း (၁၆၄၈-၁၆၆၁)
  5. ပြည်မင်း (၁၆၆၁-၁၆၇၂)
  6. နရာဝရမင်း (၁၆၇၂)
  7. မင်းရဲကျော်ထင် (၁၆၇၂-၁၆၉၈)
  8. စနေမင်း (၁၆၉၈-၁၇၁၄)
  9. တနင်္ဂနွေမင်း (၁၇၁၄-၁၇၃၃)
  10. ဟံသာဝတီပါမင်း (၁၇၃၃-၁၇၅၁)

တတိယ အင်းဝခေတ်[ပြင်ဆင်ရန်]

  1. ဆင်ဖြူရှင်မင်း (၁၇၆၃-၁၇၇၆)
  2. စဉ့်ကူးမင်း (၁၇၇၆-၁၇၈၂)
  3. ဖောင်းကားစား မောင်မောင် (၁၇၈၂) (၇)ရက်

စတုတ္ထအင်းဝခေတ်[ပြင်ဆင်ရန်]

  1. ဘကြီးတော်(စစ်ကိုင်းမင်း) (၁၈၁၉-၁၈၃၇)


ဘုရင်ခံများ[ပြင်ဆင်ရန်]

  1. သတိုးမင်းစော
  2. မင်းလက်ယာ
  3. မင်းရဲကျော်စွာ

သတိုးမင်းစော၊၎င်းနောက် နန္ဒဘုရင် နန်းစောင့်ထားသည့် မင်းလက်ယာ နှင့် နန္ဒဘုရင်၏သားတော် အိမ်ရှေ့မင်းဖြစ်လာမည့် မင်းရဲကျော်စွာတို့ကို ပါရေတွက်ကာ မင်းဆက် ၂၀ အထိလည်း ပြဆိုတတ်ပါသည်။

  1. ဂီတစာဆို ယုဝစိုးမြင့် ရေး၊ ကူနီနန်းမှ ပခန်းကျော် နှင့် နတ်သမိုင်းစစ်တမ်းများ၊ ၁၉၈၇-ခုနှစ်၊ အောက်တိုဘာလ၊ စာ- ၁၅