မိုးညှင်းသတိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မိုးညှင်းမင်းတရား (မြန်မာ ၇၈၈ - ၈၁၁)[ပြင်ဆင်ရန်]

မိုးညှင်းသတိုးဟူ၍လည်းတွင်သော မိုးညှင်းမင်းတရား သည် အင်းဝရွှေနန်းကို သက္ကရာဇ် ၇၈၈ ခုနှစ်မှ ၈၁၁ ခုနှစ် တိုင် စိုးစံသော မြန်မာမင်းဖြစ်သည်။ မိုးညှင်းမင်းတရားကြီး သည် ပုဂံနရပတိစည်သူ၏ မိဖုရားငယ်တွင်မြင်သည့် သမီး တော်နှင့် ခင်ပွန်း အနန္တသူရိယအမတ်တို့၏ တီတော်သူ ပေါက် မြိုင်မင်းပုလဲနှင့် ငါးစီးရှင် သမီးတို့ စုံဖက်ရာတွင် မြင်သော သား မြေနဲစောဒိကာ၏ သားဖြစ်သည်။ ငယ်မည်ကား မင်းနံစီ ဖြစ်၏။ နောင်သော ဥဒိန်အမည်နှင့် အင်းဘဲကို စားရသည်။ ပထမ မင်းခေါင်မင်းမဖြစ်မီ မင်းဆွေဘဝက မင်းဥဒိန်သည် မင်းဆွေအား အထိန်းတော်ငခင်ညို၊ ငခင်ဘားတို့အတူ ပင်ပန်း ငြိုငြင်စွာ ရှာဖွေကျွေးမွေးခဲ့သည်။ မင်းဥဒိန်သည် ငခင်ညို၊ ငခင်ဘားတို့လောက် အဆင်းရဲမခံနိုင်သဖြင့် မင်းဆွေနှင့်ရှင်သိဒ္ဓ တို့ထံမှခွာပြီးလျှင် ဦးရီးတော်တူရွင်းတိုင်စား မင်းစောကျိုင်း၏ ထံသို့ ဝင်၍ အမှုတော်ထမ်းသည်။ မင်းခေါင်အထွတ်အထိပ်သို့ ရောက်သောအခါ ဆင်းရဲစဉ် ရောင်းရင်းဖက်ဖြစ်သော မင်းဥဒိန် အားသတိုးအမည်နှင့် မြို့လှကို စားစေသည်။ နောက် မိုးညှင်း ကို စားစေသောကြောင့် မိုးညှင်းသတိုးတွင်သည်။

ပထမမင်းခေါင်ဘုရင်၏နောက် သက္ကရာဇ် ၇၈၃ ခုနှစ် မှ ၇၈၇ ခုနှစ်အထိ မင်းခေါင်၏သားတော် ဆင်ဖြူရှင် သီဟသူ စိုးစံသည်။ အုန်းဘောင်စော်ဘွား တိုက်လာရာတွင် မြားသင့်၍ အနိစ္စရောက်သောကြောင့် သားတော်မင်းလှငယ် သည် ၃ လမျှ နန်းစံ၏။ မိဖုရားဘို့မယ် ဆေးဖြင့်ခတ်၍ အနိစ္စရောက်၏။ မိဖုရားဘို့မယ်၏ အကူအညီဖြင့်ပင် ကလေး ကျေးတောင်ညို နန်းတက်သည်။ ကလေးကျေးတောင်ညိုကား မင်းကြီးစွာစော်ကဲ၏ သားတော်အကြီး တရဖျား၏ သားတော် တည်း။ ကလေးကျေးတောင်ညို ၇၈၇ ခုနှစ် နတ်တော်လတွင် နန်းတက်၊ တပေါင်းလတွင် မိုးညှင်းသတိုး လာရောက် တိုက် ခိုက်သည်။ ကလေးကျေးတောင်ညိုကို စစ်ကူပေးနေသော အုန်း ဘောင်စော်ဘွားကိုလည်း လက်ဆောင်ကြီးစွာပေး၍ တပ်နုတ် ပြန်စေပြီးသော် အင်းဝကိုရံသည်။ ကလေးကျေးတောင်ညို ရခိုင် သို့သွားမည်ပြုရာ လမ်းတွင်လွန်သည်။ ဤသို့ဖြင့် မိုးညှင်း သတိုးသည် သက္ကရာဇ် ၇၈၈ ခုနှစ် နယ်ယုန်လဆန်းတွင် အင်းဝရွှေနန်းကိုသိမ်းပိုက်သည်။ ထိုသောအခါ သက်တော် ၄၇ နှစ်ရှိလေပြီ။

မိုးညှင်းမင်းတရားကြီးသည် နန်းသက်တစ်လျှောက်၌ ပုန်ကန်ခြားနား ထိပါးလာသော ရန်အသွယ်သွယ်ကို နှိမ်နင်းရ လေသည်။ ဤမင်းလက်ထက် တောင်ငူ၊ တောင်တွင်း၊ ရမည်း သင်း၊ ပင်လယ်မြို့များက ခြားနားကြသည်။ ရပ်စောက်၊ နောင် မွန်၊ အုန်းဘောင်ရှမ်းတို့က မြန်မာနိုင်ငံအတွင်းရေးတွင် လာ ရောက် စွက်ဖက်သောကြောင့် မြန်မာဘုရင်က ထိုမြို့စားတို့ကို ပဏ္ဏာကာရအများနှင့် စေတော်မူ၍ မဟာမိတ်ပြုရသည်။

ဟံသာဝတီက ပြည်မြို့ကို လုပ်ကြံလာသည်နှင့် ဟံသာဝတီမင်း ဗညားရံကို တူမတော်နှင့် ဆောက်နှင်း၍ မိတ်ပြုရသည်။ ဆင်ဖြူရှင် သီဟသူလက်ထက်မှစ၍ မိဖုရားဖြစ်ခဲ့သော မွန်ဘုရင် ရာဇာဓိရာဇ်၏ သမီးတော်ရှင်စောပုကိုလည်း မိဖုရား မြှောက်ထားခဲ့ရာတွင် မိုးညှင်းမင်းတရား ချစ်ချစ်ခင်ခင် မရှိ သောကြောင့် မွန်မိဖုရားသည် မွန်ရဟန်း ဓမ္မဓရ၊ ဓမ္မဉာာဏ တို့၏ အကူအညီဖြင့် ဟံသာဝတီသို့ထွက်ပြေးသည်။ မိုးညှင်း မင်းတရားသည် ပထမမင်းခေါင်၊ သီဟသူ၊ မင်းလှငယ်၊ ကလေးကျေးတောင်ညို၊ ဤမင်းလေးဆက်တွင် နန်းတင်သော မိဖုရားရှင်ဘို့မယ်ကိုပင် နန်းတင်လေသည်။

သက္ကရာဇ် ၇၈၈ ခုနှစ်တွင် အထက်နန်းတော် ဟောင်းနွမ်းသဖြင့် နန်းတော်သစ် တည်ဆောက်သည်။ သက္ကရာဇ် ၇၉ဝ ပြည့်နှစ်တွင် သီဟိုဠ်ကျွန်းမှ မဟာထေရ်နှစ်ပါး သရီရဓာတ်တော် ငါးဆူကို ပင့်ဆောင်၍ ရောက်ရှိလာသည်။ ထိုမထေရ်နှစ်ပါး သင်္ဘောနှင့် ပုသိမ်ဆိပ်သို့ ရောက်ရှိကြရာတွင် ဗညားရံက ချုပ်သော်လည်း နေတော်မမူ သဖြင့် သာယာစွာသော ဖောင်နှင့် ပြည်သို့ ပို့လာရသည်။

မိုးညှင်းတရား ကြားတော်မူလျှင် လှော်ကားကြော့လှေ ၄ဝ နှင့် ပြည်တိုင်အောင် ဆီးကြိုပင့်ဆောင်လေရာ ရွာသစ်သို့ရောက် သော် မိဖုရား မောင်းမမိဿံ မှူးမတ်အပေါင်း ခြံရံလျက် ရွှေ ဖောင်တော်နှင့် ကြို၏။ ထိုအခါ မြေငလျင်လှုပ်၏။ သာသနာ တော်မြင့်ရှည်စွာ ပွင့်လင်းထွန်းပစွာဖြစ်မည်ဟု နိမိတ်ဖတ်သည်။ သရီရဓာတ်တော် ငါးဆူကိုပင့်ဆောင်၍ စစ်ကိုင်းအနောက်ဘက် သာယာစွာသော မြေအပြင်၌ ရတနာစေတီဘုရားရှင်ကို တည် တော်မူသည်။

မြန်မာသက္ကရာဇ် ၇၉၆ ခုနှစ် (ခရစ် ၁၄၃၅) ခန့်တွင် ဗင်းနစ်မြို့သား နိကိုလိုဒီကွန်တီအမည်ရှိ ကုန်သည်တစ်ဦးသည် ပထမ တနင်္သာရီသို့ ရောက်လာ၍ ထိုနောက် ရခိုင်ပြည်သို့ ရောက်၏။ ဧရာဝတီမြစ်ကို ဆန်တက်ပြီးနောက် အင်းဝသို့ ရောက်၍ အင်းဝက စုန်ဆင်း၍ ပဲကူးသို့ရောက်၏။ မိမိ တွေ့မြင်ခဲ့သည်တို့ကို မှတ်တမ်းတင် ရေးသားခဲ့လေသည်။

မိုးညှင်း မင်းတရားသည် သက္ကရာဇ် ၇၉၈ ခုနှစ်တွင် ပြည်ထဲရေးရာ ရှိသည်တို့ကို ပိဋကတ် ဗေဒင်တတ်သော ဆရာ တော်အပေါင်းတို့နှင့် တိုင်ပင်တော်မူလေသော်၊ စကြိုသူမြတ်၊ မင်းကျောင်းသူမြတ်တို့က သက္ကရာဇ်ဖြိုကိန်း ရောက်ကြောင်း အမိန့်ရှိကြလေသည်။ မိုးညှင်းမင်းတရားလည်း ခပ်သိမ်းသော သတ္တဝါအပေါင်း ချမ်းသာခြင်းသို့ ရောက်မည်ကို သိမြင်လျက် ငါသို့သော မင်းသည် သေဘေးကို ကြောက်၍ မဖြိုချေသော် ကမ္ဘာမကြေသရွေ့ ဥဒါန်းမော်ကွန်း ဖြစ်လေတော့မည်ဟူ၍ မိန့်တော်မူပြီးလျှင် ပိဋကတ်ဗေဒင်တတ်သော ပညာရှိ အပေါင်း တို့နှင့် တိုင်ပင်တော်မူပြီးနောက် အခမ်းအနားဖြင့် သက္ကရာဇ် ၈ဝဝ ပြည့်တွင် ၇၉၈ ကို ဖြိုလျက်၂ ခု တည်၍ ထားတော်မူ သည်။ သို့ရာတွင် သက္ကရာဇ်မပြိုဘဲ ရှိလေသည်။ မိုးညှင်းမင်းတရားသည် သက္ကရာဇ် ၈၁၁ ခုနှစ်တွင် ကံတော်ကုန်သည်။[၁]မိုးညှင်းမင်းတရားလွန်လျှင် မင်းရဲကျော်စွာ အင်းဝတွင် နန်းတက်စိုးစံသည်။

ထူးခြားချက်မှာ ဆင်ဖြူရှင် သီဟသူလက်ထက်တည်းက အင်းဝသို့ရောက်ရှိနေခဲ့သည့် မွန်မိဖုရား ရှင်စောပု ဟံသာဝတီသို့ ထွက်ပြေးခြင်းဖြစ်သည်။ အခြား ထူးခြားချက်မှာ အင်းဝကို သတိုးမင်းဖျားစတင်တည်ထောင်ချိန်မှ စကာ ပထမဆုံးအနေဖြင့် နန်းတော်ကို အသစ်ပြုပြင်ခြင်းကိုလည်း ဆောင်ရွက်ခဲ့သည်။ ထို့ပြင် မင်းရဲကျော်စွာ၏သား မင်းငယ်ကျော်ထင်က ပင်လယ်မှနေ၍ လယ်တွင်း ၁၁ခရိုင်ကို သိမ်းပိုက်ပုန်ကန်သည်နှင့်လည်း ရင်ဆိုင်ရသေးသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  2. နှစ် ၆၀ဝပြည့် အင်းဝ-ရွှေကိုင်းသား