နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
မြန်မာနိုင်ငံ ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် | |
---|---|
![]() | |
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ် လစ်လပ် ၁ ဖေဖော်ဝါရီ ၂၀၂၁ မှစ၍ | |
စံအိမ် | နေပြည်တော် |
အဆိုပြုသူ | ပြည်ထောင်စုလွှတ်တော် |
ခန့်အပ်သူ | မြန်မာနိုင်ငံ၏ သမ္မတ |
စတင်ထမ်းဆောင်သူ | ဒေါ်အောင်ဆန်းစုကြည် |
ဖွဲ့စည်းခြင်း | ၆ ဧပြီ ၂၀၁၆ |
ဝက်ဘ်ဆိုဒ် | statecounsellor.gov.mm |
![]() |
ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တစိတ်တဒေသ ဖြစ်သည် |
မကြာမီက ရွေးကောက်ပွဲများ |
အခြားအကြောင်းအရာများ |
ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပါဝင်သော ဆောင်းပါးများ |
အစိုးရ ခေါင်းဆောင် ဒီမိုကရေစီရေး လှုပ်ရှားမှုများ နေအိမ် အကျယ်ချုပ် ရွေးကောက်ပွဲများ ရေးသားခဲ့သည့် စာအုပ်များ ရုပ်ရှင်များ မိသားစု ![]() |
မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သည် မြန်မာအစိုးရအဖွဲ့ရှိ ရာထူးနေရာတစ်ခု ဖြစ်သည်။ ဤရာထူးကို ၂၀၁၆ ဧပြီ ၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား စတင်ခန့်ထားခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အများစုအနိုင်ရရှိခဲ့သော်လည်း သူမအား နိုင်ငံတော် သမ္မတအဖြစ် တင်မြှောက်ရန် အခြေခံဥပဒေ ပြဋ္ဌာန်းချက်များက အတားအဆီးဖြစ်နေခဲ့သည်။[၁]
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ၂၀၁၆ ဧပြီ ၁ ရက်နေ့တွင် လည်းကောင်း၊ ပြည်သူ့လွှတ်တော်က ၂၀၁၆ ဧပြီ ၅ ရက်နေ့တွင် လည်းကောင်း အသီးသီး အတည်ပြုခဲ့ပြီး သမ္မတ ဦးထင်ကျော်က ဧပြီ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။[၁][၂]
တာဝန်နှင့် လုပ်ပိုင်ခွင့်များ[ပြင်ဆင်ရန်]
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးသည် အစိုးရအဖွဲ့အတွင်းရှိ လုပ်ငန်းများကို ချုပ်ကိုင်ထားနိုင်သော နိုင်ငံတော် ဝန်ကြီးချုပ်ရာထူးနှင့် ဆင်တူပြီး ပြည်ထောင်စုအင်္ဂါစဉ်တွင် သမ္မတပြီးလျှင် နံပါတ်၂နေရာတွင် ရှိသည်။[၃] အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး နှစ်ခုအကြား အချိတ်အဆက်လည်း ဖြစ်သည်။ ရာထူးသက်တမ်းမှာ နိုင်ငံတော် သမ္မတ၏ ရာထူးသက်တမ်းအတိုင်းပင် ဖြစ်သည်။[၄]
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ[ပြင်ဆင်ရန်]
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ၂၀၁၆ခုနှစ် ဧပြီလ၆ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုးကာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
နိဒါန်း[ပြင်ဆင်ရန်]
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် ဈေး ကွက်စီးပွားရေးစနစ်တို့ကို ကျင့်သုံးလျက် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရန် လည်းကောင်း၊ ပြည်သူများ လိုလားတောင့်တနေကြသော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကို ခိုင်မာစွာ တည်ဆောက်နိုင်ရန်လည်းကောင်း ပြည်ထောင်စု လွှတ်တော်က ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)[ပြင်ဆင်ရန်]
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရ မည်- (က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဆိုလိုသည်။ (ခ) အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုသည်မှာ အခန်း(၂) ပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ဤဥပဒေ အရ တာဝန်ပေးအပ်ခြင်း ခံရသူကို ဆိုလိုသည်။
အခန်း(၂)[ပြင်ဆင်ရန်]
ရည်ရွယ်ချက်များ
၃။ (က) ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ (ခ) ဈေးကွက်စီးပွားရေးစနစ် ပီပြင်ရေး၊ (ဂ) ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး၊ (ဃ) ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး။
အခန်း(၃)[ပြင်ဆင်ရန်]
တာဝန်ပေးအပ်ခြင်း
၄။ ၂၀၁၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်သည်။
အခန်း(၄)[ပြင်ဆင်ရန်]
တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ
၅။ အတိုင်ပင်ခံပုဂ္ဂိုလ်၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်- (က) ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အ ကျိုးစီးပွားများအတွက် အကြံပြုချက်များ ပေးရမည်။ (ခ) အကြံပြုချက်များ၊ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ခံရမည်။ (ဂ) အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဤဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ် ဆောင်ရွက်နိုင်သည်။ (ဃ) အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရာထူးအလျောက်ရရှိသည့် လစဉ်ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်နှင့် အခွင့်အရေးများကို ခံစားခွင့်ရှိသည်။ (င) အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များအတွက် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေ အရအသုံးဆိုင်ရာ ဥပဒေတွင် ခွဲဝေသတ်မှတ် ထားရှိရမည်။
အခန်း(၅)[ပြင်ဆင်ရန်]
အထွေထွေ
၆။ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ် သည်။
၇။ ဤဥပဒေသည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလတွင် တာဝန်ထမ်းဆောင် သည့် နိုင်ငံတော်သမ္မတ၏ သက်တမ်းကာလအတွက်သာ ဖြစ်စေရမည်။
၈။ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ လိုအပ်သော နည်းဥပဒေ များကို ထုတ်ပြန်နိုင်သည်။[၅]
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်များ စာရင်း[ပြင်ဆင်ရန်]
№ | ပုံ | အမည် (မွေးဖွား-ကွယ်လွန်) |
ရာထူးသက်တမ်း | နိုင်ငံရေးပါတီ | အစိုးရအဖွဲ့ | ပြည်ထောင်စုလွှတ်တော် | |||
---|---|---|---|---|---|---|---|---|---|
တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | |||||||
1 | ![]() |
ဒေါ်အောင်ဆန်းစုကြည် (၁၉၄၅–) |
၆ ဧပြီ ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၇၆၂
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | II | NLD—Mil. | ဒုတိယအကြိမ် (၂၀၁၅) |
နိုင်ငံခြားရေး ဝန်ကြီး နှင့် သမ္မတရုံး ဝန်ကြီး အဖြစ် ပူးတွဲ တာဝန်ထမ်းဆောင် |
အခြားကြည့်ရန်[ပြင်ဆင်ရန်]
- မြန်မာနိုင်ငံ၏ နိုင်ငံရေး
- မြန်မာနိုင်ငံ၏ သမ္မတ
- မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ
- မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ Aung San Suu Kyi to become 'State Counsellor' of Myanmar။ ABC News။
- ↑ "Aung San Suu Kyi becomes Myanmar state counselor: spokesman"၊ 6 April 2016။ 6 April 2016 တွင် ပြန်စစ်ပြီး။
- ↑ NLD lead government protocol list | LinkedIn
- ↑ Myanmar MPs approve Suu Kyi as ‘advisor to state'။ Anadolu Agency။
- ↑ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ။ မြန်မာဥပဒေ သတင်းအချက်အလက်စနစ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး။