ဂျပန်ကိုလိုနီခေတ်

ဝီကီပီးဒီးယား မှ
အခြားကြည့်ရန်။ ဂျပန်ခေတ်မြန်မာပြည်

ဂျပန် ကိုလိုနီခေတ်ဆိုသည်မှာ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့ မြန်မာနိုင်ငံအား အုပ်စိုးခဲ့သည့် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် ကြားကာလဖြစ်သည်။ မြန်မာနိုင်ငံအား ကိုလိုနီနယ်အဖြစ် အုပ်စိုးနေသည့် ဗြိတိသျှတို့အား မောင်းထုတ်ကာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရနိုင်ရန် မျှော်လင့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် စစ်သင်တန်းတက်ရောက်ရန် ဂျပန်သို့ သွားရောက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ဗိုလ်မှူးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ (ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် မတ်လတွင် ဂျပန်တို့သည် မြန်မာနိုင်ငံအား ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား လွတ်လပ်ရေးကြေညာပေးခဲ့သည်။ ဂျပန်တို့က ဒေါက်တာဘမော် ဦးဆောင်သည့် ရုပ်သေးအစိုးရကို စင်တင်ပေးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ကာ ဗမာ့ လွတ်မြောက်ရေး တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ) ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

ဂျပန်တပ်များ မဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်းနှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအင်အေတပ်ကို ဦးဆောင်၍ မဟာမိတ်တို့နှင့် ပူးပေါင်းကာ ဂျပန်ကျူးကျော်သူများအား တိုက်ထုတ်ခဲ့လေသည်။ နောက်အကျိုးဆက် အနေဖြင့် ဗြိတိသျှနှင့် မြန်မာအကြား လွတ်လပ်ရေးအတွက် ဆွေးနွေးမှုများ စတင်ခဲ့သည်။


ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]