မြန်မာနိုင်ငံရှိ သဘာဝ ထိန်းသိမ်းရေး နယ်မြေများ
ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေးအတွက် မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများနည်းတူ သဘာဝနယ်မြေများအား သတ်မှတ်တည်ထောင်လျက် ရှိသည်။ ပထမဦးဆုံး သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် တောင်ကြီး ငှက်ဘေးမဲ့တောအား ၁၉၂၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။ ၁၉၈၀ အစောပိုင်းနှစ်များတွင် မြန်မာနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းပြီး သဘာဝဝန်းကျင် ထိန်းသိမ်းရေး နှင့် အမျိုးသားဥယျာဉ်များ စီမံကိန်း (Nature Conservation National Park Project - NCNPP) ကို စတင်ခဲ့ပြီး ခေတ်သစ် ထိန်းသိမ်းကာကွယ်ရေးအား စတင်ခဲ့သည်။ NCNPP အတွင်း သစ်တောဦးစီးဌာနအောက်တွင် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနအား ဖွဲ့စည်းပြီး သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု နှင့် ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းခြင်းကို တာဝန်ယူ ဆောင်ရွက်စေခဲ့သည်။
မြန်မာ့သစ်တောမူဝါဒ (၁၉၉၅) တွင် သဘာဝထိန်းသိမ်းရေးနယ်မြေများအား နိုင်ငံဧရိယာ၏ ၅% ဖြစ်စေရန် သတ်မှတ်ထားသည်။ ၂၀၀၀ ပြည့်နှစ်တွင် ရေးဆွဲခဲ့သော အမျိုးသားသစ်တောကဏ္ဍ နှစ်(၃၀) ပင်မ စီမံကိန်း (၂၀၀၁-၀၂ - ၂၀၃၀-၃၁) တွင် သဘာဝထိန်းသိမ်းရေးနယ်မြေများအား နိုင်ငံဧရိယာ၏ ၁၀% ဖြစ်စေရန် တိုးချဲ့သတ်မှတ်ခဲ့သည်။ လက်ရှိတွင် နိုင်ငံဧရိယာ၏ ၅.၇၅% ရှိပြီး မြောက်မြားလှသော ဂေဟစနစ်များကို ကိုယ်စားပြုသည့် သဘာဝထိန်းသိမ်းရေး နယ်မြေ (၃၉) ခုအား တည်ထောင်ပြီးဖြစ်ကာ မြန်မာ့သစ်တောမူဝါဒပါ ရည်မှန်းချက်အား ပြည့်မီပြီးဖြစ်သည်။
၁၉၉၆ ခုနှစ်အထိ သဘာဝထိန်းသိမ်းရေးနယ်မြေများမှာ နိုင်ငံဧရိယာ၏ ၁% အောက်တွင် သာရှိပြီး အရွယ်အစားအားဖြင့် ၀.၄၇ မှ ၂၁၅၀ စတုရန်းကီလိုမီတာ ရှိသည်။ ၁၉၉၆ ခုနှစ် နောက်ပိုင်းတွင် သဘာဝထိန်းသိမ်းရေးနယ်မြေများအား မျိုးစိတ်ကိုသာ ထိန်းသိမ်း ကာကွယ်ခြင်းထက် ဂေဟစနစ်များကိုပါ ထိန်းသိမ်းခြင်းအတွက် တည်ထောင်လာပြီး အရွယ်အစား ကြီးမားသော သဘာဝထိန်းသိမ်းရေးနယ်မြေများ ပါဝင်လာသည်။ မြန်မာနိုင်ငံ၏ သဘာဝထိန်းသိမ်းရေးနယ်မြေများသည် မြောက်ဘက်ပိုင်း အယ်လပိုင်းသစ်တော များမှ တောင်ဘက်ပိုင်း ဒီရေတော နှင့် အပူပိုင်းမိုးသစ်တောများအထိ ကိုယ်စားပြုသည်။ သဘာဝထိန်းသိမ်းရေးနယ်မြေ (၃၉) ခုအနက် (၇) ခုမှာ အာဆီယံ အမွေအနှစ်ဥယျာဉ် စာရင်းတွင် ပါဝင်ပြီး နိုင်ငံအလိုက် အရေအတွက်အားဖြင့် အများဆုံးဖြစ်သည်။ အာဆီယံ အမွေအနှစ်ဥယျာဉ်များအဖြစ် သတ်မှတ်ခံထားရသော သဘာဝထိန်းသိမ်းရေး နယ်မြေများ မှာ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ နတ်မတောင် အမျိုးသားဥယျာဉ်၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော နှင့် လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်တို့ ဖြစ်သည်။
မိုးယွန်းကြီးအင်း ဘေးမဲ့တောအား ကမ္ဘာလုံးဆိုင်ရာ အရေးပါသော ငှက်မျိုးစိတ်များ ကျက်စားနေမူကြောင့် Ramsar Site အဖြစ် ၂၀၀၅ ခုနှစ်မှစ၍ သတ်မှတ်ထားသည်။ နိုင်ငံဧရိယာ၏ ၁.၀၉% ရှိသော နေရာ (၇) ခုအား သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် တည်ထောင်ရန် အဆိုပြုကြေညာချက် ထုတ်ပြန်ထားပြီး အတည်ပြုဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထိုကြောင့် သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၅) ခု၊ နိုင်ငံဧရိယာ၏ ၆.၈၄% ရှိလာမည်ဖြစ်ပြီး အမျိုးသားသစ်တောကဏ္ဍ နှစ် (၃၀) ပင်မစီမံကိန်းပါ ရည်မှန်း ချက်ပြည့်မီရန် နောက်ထပ် ၃.၁၆% ကျန်ရှိမည်ဖြစ်သည်။ ကချင်ပြည်နယ်တွင် အီမောဘွန်းအမျိုးသားဥယျာဉ်အားလည်း သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် တည်ထောင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ [၁]
အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့၏ သဘာဝနယ်မြေ အမျိုးအစား သတ်မှတ်ချက်
[ပြင်ဆင်ရန်]အပြည်ပြည်ဆိုင်ရာသဘာဝအရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့ International Union for the Conservation of Nature and Natural Resources (IUCN) သည် ၁၉၄၈ ခုနှစ်တွင် စတင်တည်ထောင်ပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အခြေစိုက်ရုံးဖွင့် လှစ်ထားသည်။ သဘာဝအရင်းအမြစ်များအပေါ် စနစ်တကျ ရေရှည်တည်တံ့ရေး ထိန်းသိမ်းဆောင်ရွက်သည့် အဖွဲ့အစည်းကြီးလည်းဖြစ်သည်။ IUCN၏ လုပ်ငန်းအဖွဲ့ခွဲတစ်ခုဖြစ်သည့် ကမ္ဘာ့သဘာဝ နယ်မြေများ ထိန်းသိမ်းရေးကော်မရှင်(World Commission on Proected Areas- WCPA) သည် IUCN Protected Area System Category အဖြစ် သဘာဝနယ်မြေအမျိုးအစားများကို အောက်ပါအတိုင်း အတန်းအစား (၆) ခု ခွဲခြားသတ်မှတ်ထားပါသည်-
- (၁) I a – Strict Nature Reserve – တားမြစ်သဘာဝထိန်းသိမ်းရေးနယ်မြေ၊ I b – wilderness Area – တောရိုင်းနယ်မြေ၊
- (၂) II –National Park- အမျိုးသားဥယျာဉ်၊
- (၃) III – Natural Monument – သဘာဝအထိမ်းအမှတ်နယ်မြေ၊
- (၄ ) IV – Habitat/ Species Management Area – နေရင်းဒေသ သို့မဟုတ် မျိုးစိတ်များ စီမံအုပ်ချုပ်မှုနယ်မြေ၊
- (၅) V – Protected Landsacpe/Seascape – ကာကွယ်ထားသည့် နယ်မြေ သို့မဟုတ် ကာကွယ်ထားသည့် ပင်လယ်ပြင်ဒေသ၊
- (၆) VI– Management Resource Protected Area စီမံအုပ်ချုပ်မှုဖြင့်သယံဇာတကာကွယ်ထားသည့်နယ်မြေ၊
မြန်မာနိုင်ငံ၏ သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ခြင်း
[ပြင်ဆင်ရန်]ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ(၂၀၁၈)အရ သတ်မှတ်ထုတ်ပြန်ကြေညာထားသော သဘာဝထိန်းသိမ်းရေးနယ်မြေ အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်[၂]-
- (၁) သိပ္ပံကြိုးဝိုင်း၊
- ( ၂) အမျိုးသားဥယျာဉ်၊
- (၃) အဏ္ဏဝါအမျိုးသားဥယျာဉ်၊
- (၄) သဘာဝကြိုးဝိုင်း၊
- (၅) တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊
- (၆) ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေ၊
- (၇) ဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေ။
တည်ထောင်ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေများ
[ပြင်ဆင်ရန်]အဆိုပြုသဘာဝထိန်းသိမ်းရေးနယ်မြေများ
[ပြင်ဆင်ရန်]| စဉ် | အမည် | တည်ထောင်သည့်ခုနှစ် | ဧရိယာ (စတုရန်းကီလိုမီတာ) | တည်နေရာ |
|---|---|---|---|---|
| ၁ | ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော | ၂၀၀၁ | ၁၃၂.၆၅ | ချင်းပြည်နယ် |
| ၂ | မဟာမြိုင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော | ၂၀၀၂ | ၁၁၈၀.၃၉ | စစ်ကိုင်းတိုင်းဒေသကြီး |
| ၃ | တနင်္သာရီ အမျိုးသားဥယျာဉ် | ၂၀၀၂ | ၂၅၈၉.၉၉ | တနင်္သာရီတိုင်းဒေသကြီး |
| ၄ | လေညာ အမျိုးသားဥယျာဉ် | ၂၀၀၂ | ၁၇၆၆.၃၇ | တနင်္သာရီတိုင်းဒေသကြီး |
| ၅ | လေညာအမျိုးသားဥယျာဉ်(တိုးချဲ့) | ၂၀၀၄ | ၁၃၉၈.၅၉ | တနင်္သာရီတိုင်းဒေသကြီး |
| ၆ | ရှင်ပင်ကြက်သောက် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော | ၂၀၀၆ | ၇၁.၉၀ | ပဲခူးတိုင်းဒေသကြီး |
| ၇ | ဗောဓိတစ်ထောင် သဘာဝထိန်းသိမ်းရေးနယ်မြေ | ၂၀၀၈ | ၇၂.၅၂ | စစ်ကိုင်းတိုင်းဒေသကြီး |
| ၈ | မြောက်ဇာမရီ ဆင်ထိန်းသိမ်းရေး သဘာဝနယ်မြေ | ၂၀၁၂ | ၉၈၃.၂၁၃ | ပဲခူးတိုင်းဒေသကြီး |
မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ
[ပြင်ဆင်ရန်]ဇီဝမျိုးစုံမျိုးကွဲ ဆိုသည်မှာ ကုန်းမြေ၊ လေထု၊ ပင်လယ် နှင့် အခြားသော ရေပြင်ဆိုင်ရာ ဂေဟစနစ်များအပါအဝင် အရင်းအမြစ်များအားလုံးရှိ သက်ရှိသတ္တဝါများ ကွဲပြားခြားနား စွာ တည်ရှိမှု နှင့် ၎င်းတို့ပါဝင်သည့် ဂေဟစနစ်အမျိုးမျိုး ကွဲပြားတည်ရှိမှုပင် ဖြစ်သည်။
မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ကွဲပြားခြားနားသော ဒေသကြီး (၃) ခု ဖြစ်သည့် မြောက်ဘက်တွင် ဟိမဝန္တာဒေသ၊ အရှေ့ဘက်တွင် အင်ဒိုချိုင်းနားဒေသ နှင့် တောင်ဘက် တွင် မလေး ကျွန်းဆွယ်ဒေသတို့အကြားတည်ရှိသည်။ ၎င်းကဲ့သို့ ဒေသကြီး (၃)ခု နှင့် ဆက်စပ်တည်ရှိသည့်အပြင် နိုင်ငံတွင်းရှိ ကွဲပြားခြားနားသော မိုးရေချိန်၊ မြေမျက်နှာ သွင်ပြင်အနေအထား နှင့် ပေါများသော မြစ်ချောင်းများသည် မြန်မာနိုင်ငံတွင် အမျိုးအစား စုံလင်လှသော သဘာဝသစ်တောများကို ဖြစ်ပေါ်တည်ရှိစေသည်။
ထို့ကြောင့် မြန်မာနိုင်ငံအား အာရှ နှင့် ပစိဖိတ်ဒေသတွင် ဇီဝမျိုးစုံမျိုးကွဲ အကြွယ်ဝဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်သတ်မှတ်ထားပြီး သဘာဝတောအမျိုးအစား အများအပြားအား အောက်ပါအတိုင်း တွေ့ရှိရသည်။
အမျိုးအစားစုံလင်လှသော မြန်မာ့သစ်တောများတွင် ကျား၊ ဆင်၊ ကျားသစ်၊ ပြောင်၊ စိုင် အပါအဝင် နို့တိုက်သတ္တဝါ (၂၅၂) မျိုး၊ မိကျောင်း၊ စပါးကြီးမြွေ အပါအဝင် တွားသွားသတ္တဝါ (၂၉၃)မျိုး၊ ငှက်မျိုးစိတ် (၁၀၅၆) မျိုး၊ ကုန်းနေရေနေသတ္တဝါ (၁၃၉) မျိုး၊ ရေချို နှင့် ရေငံငါးမျိုးစိတ် (၇၇၅)မျိုး နှင့် ဝါး၊ ကြိမ်၊ သစ်ခွ နှင့် ဆေးဘက်ဝင်အပင် အပါအဝင် မျိုးစိတ်ပေါင်း (၁၁၈၂၀) ကျော်တို့အား မှတ်တမ်းတင်ထားသည်။
ထို့အပြင် မြန်မာနိုင်ငံသည် ဒေသရင်းမျိုးစိတ် (Endemic Species) များကို ပိုင်ဆိုင် လျက်ရှိပြီး ၎င်းဒေသရင်းမျိုးစိတ်များတွင် နို့တိုက်သတ္တဝါ (၁) မျိုး၊ တွားသွားသတ္တဝါ (၂၂) မျိုး၊ ကုန်းနေရေနေမျိုးစိတ် (၆) မျိုး၊ ငှက်မျိုးစိတ် (၆) မျိုး နှင့် အပင် မျိုးစိတ် (၈) မျိုး တို့ပါဝင်သည်။ [၄]
အဓိကအရေးပါသော ဇီဝမျိုးစုံမျိုးကွဲ တည်ရှိနယ်မြေများ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်တွင် သက်ဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ နှင့် တွေ့ဆုံမေးမြန်းခြင်း၊ ကျွမ်းကျင်သူပညာရှင်များ၏ အကြံဉာဏ်များကို တောင်းခံခြင်း နှင့် ပုံနှိပ်ထုတ်ဝေထားသည့် ဆောင်းပါးစာတမ်းများအား သုံးသပ်ခြင်းတို့ဖြင့် ဇီဝမျိုးစုံမျိုးကွဲ တည်ရှိနယ်မြေများ ဆန်းစစ်ဖော်ထုတ်ခြင်းကို ၂၀၀၂-၃ ခုနှစ်တွင် ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံတွင် Key biodiversity areas - KBA ၇၆ ခုရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)မှ ၂၀၁၁ ခုနှစ်တွင် သက်ဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ နှင့် တွေ့ဆုံမေးမြန်း၍ KBA များအား လေ့လာဆန်းစစ်ခဲ့ရာ နောက်ထပ် KBA ၇၄ ခု ဆန်းစစ်ဖော်ထုတ်နိုင်ခဲ့ပြီး အပြီးသတ်တွင် မြန်မာနိုင်ငံတွင် ၁၃၂ ခုရှိကြောင်း ဖော်ထုတ်သတ်မှတ်နိုင်ခဲ့သည်။ KBA ၁၃၂ ခုအနက် ၃၅ ခုမှာ သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် တည်ထောင်ထားရှိပြီး ၆ ခုမှာ သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် တည်ထောင်ရန် အဆိုပြုထားသည်။ [၅]
ထိန်းသိမ်းရေး ဆက်စပ်ဧရိယာများ
[ပြင်ဆင်ရန်]ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်ထိန်းသိမ်းကာကွယ်ရန်အတွက် ဆက်စပ်နေသော နယ်မြေ ဧရိယာများပါဝင်သည့် ထိန်းသိမ်းရေးဆက်စပ်ဧရိယာ(Conservation corridors)များ လိုအပ်သည်။ ၂၀၀၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာဆန်းစစ်မှုအရ Corridor ၁၅ ခုရှိပြီး သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ လေ့လာသုံးသပ်မှုအရ မြန်မာနိုင်ငံတွင် Corridor ၁၄ ခုရှိကြောင်း ပြင်ဆင်သတ်မှတ်နိုင်ခဲ့သည်။[၅]
| စဉ် | အမည် | အမျိုးအစား | ဧရိယာ (စတုရန်းကီလိုမီတာ) |
|---|---|---|---|
| ၁ | ချင်းတောင်တန်း ထိန်းသိမ်းရေး ဆက်စပ်ဧရိယာ | ကုန်းတွင်းပိုင်း | ၃၆,၂၇၂ |
| ၂ | ပဲခူးရိုးမ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာ | ကုန်းတွင်းပိုင်း | ၁၆,၁၄၃ |
| ၃ | အနောက်ရှမ်းရိုးမ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာ | ကုန်းတွင်းပိုင်း | ၂၇,၇၄၂ |
| ၄ | အထက်ချင်းတွင်း ရေဝေရေလဲ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာ | ကုန်းတွင်းပိုင်း | ၅၀,၁၅၆ |
| ၅ | အောက်ချင်းတွင်း ရေဝေရေလဲ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာ | ကုန်းတွင်းပိုင်း | ၄၀,၀၈၇ |
| ၆ | တနင်္သာရီဒေသ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာ | ကုန်းတွင်းပိုင်း | ၄၂,၈၈၀ |
| ၇ | ရခိုင်ရိုးမ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာ | ကုန်းတွင်းပိုင်း | ၄၇,၉၁၄ |
| ၈ | အထက်ဧရာဝတီ ရေဝေရေလဲ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာ | ကုန်းတွင်းပိုင်း | ၁၀၁,၃၉၄ |
| ၉ | သံလွင်မြစ် ထိန်းသိမ်းရေး ဆက်စပ်ဧရိယာ | မြစ် | ၇,၆၉၂ |
| ၁၀ | ချင်းတွင်းမြစ် ထိန်းသိမ်းရေး ဆက်စပ်ဧရိယာ | မြစ် | ၅,၂၉၉ |
| ၁၁ | ဧရာဝတီမြစ် ထိန်းသိမ်းရေး ဆက်စပ်ဧရိယာ | မြစ် | ၁၉,၇၉၈ |
| ၁၂ | စစ်တောင်းမြစ် ထိန်းသိမ်းရေး ဆက်စပ်ဧရိယာ | မြစ် | ၃,၀၄၈ |
| ၁၃ | တနင်္သာရီ အဏ္ဏဝါ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာ | အဏ္ဏဝါ | ၅၈,၆၀၆ |
| ၁၄ | ရခိုင် အဏ္ဏဝါ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာ | အဏ္ဏဝါ | ၄၀,၆၉၈ |
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ သဘာဝနယ်မြေများ။ သစ်တောဦးစီးဌာန။ 11 May 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၄ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ သဘာဝထိန်းသိမ်းရေးနယ်မြေများ | Forest Department။ 2026-03-24 တွင် ပြန်စစ်ပြီး။
- 1 2 မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံ မျိုးကွဲများကြွယ်ဝမှု။ သစ်တောဦးစီးဌာန။ 23 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၄ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ။ သစ်တောဦးစီးဌာန။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၄ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- 1 2 အဓိကအရေးပါသော ဇီဝမျိုးစုံမျိုးကွဲ တည်ရှိနယ်မြေများ။ သစ်တောဦးစီးဌာန။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၄ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာ Conservation Corridor။ Myanmar Biodiversity။ ၄ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန 31 October 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- သစ်တောဦးစီးဌာန 23 October 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Myanmar Biodiversity 18 December 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း
- သားငှက်ထိန်းသိမ်းရေးအဖွဲ့