အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ် သည် ၁၄ ရာစုအလယ်တွင် အထက်ဖက်အင်းဝမှ မြန်မာတို့နှင့် အောက်ဖက်ဟံသာဝတီမှ မွန်တို့ နှစ်ဖက်က ဂုဏ်သတင်းကျော်ဇောလိုမှု၊ အနိုင်ယူရန်လိုမှု တို့ကြောင့်တစ်ဖက်နှင့်တစ်ဖက် အဆက်မပြတ်တိုက်ခိုက်ကြသည့်စစ်ပွဲ ဖြစ်သည်။ နှစ်လေးဆယ်စစ်ဟုခေါ်ရသည်မှာလည်း အဓိကစစ်ဘုရင်နှစ်ပါးဖြစ်သည့် ရာဇာဓိရာဇ်နှင့် မင်းခေါင်တို့နှစ်ဦး၏ နန်းသက်ကာလကိုသာ ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော် အမှန်တကယ်တွင် ထိုပဒေသရာဇ် စစ်ဘုရင်နှစ်ပါး နောက်တွင် အစဉ်အဆက်နန်းတက်ကြသည့် မွန်-မြန်မာဘုရင်များကလည်း အစဉ်အလာမပျက် စစ်ကိုခင်းကျင်းကြပြန်သဖြင့် ၁၄ ရာစုလယ်မှ စသည့်စစ်သည် ၁၅ ရာစုဦးအထိ ရာစုနှစ်တစ်ခု၏ သုံးပုံနှစ်ပုံကျော်မျှ တိုက်ခိုက်ခဲ့ကြသည်။ နှစ်ဖက်စစ်ပွဲများမရှိသည် ကာလများတွင် သက်ဆိုင်ရာ ပဒေသရာဇ်များသည် မိမိပိုင်နက်အတွင်းရှိ ပုန်ကန်သူများကို နှိမ်နှင်းနေသောကြောင့် လည်းကောင်း၊ နန်းတွင်းအရှုပ်တော်ပုံများနှင့် လုံးပမ်းနေရသည်ကြောင့် လည်းကောင်း စစ်ခင်းနေသည်နှင့် များစွာခြားနားသည်မရှိပေ။ ထို့ပြင် စစ်၏ဒဏ်ရာဒဏ်ချက်များကြောင့် နှစ်ဖက်စစ်ပန်းချိန်၊ ခြေကုန်လက်ပန်းကျချိန်၊ ဩဇာမှေးမှိန်ချိန် အရောက်တွင် သုရှင်တကာရွတ်ပိအုပ်စိုးသည့် ဟံသာဝတီသည် အင်အားကြီးလာသည့် တောင်ငူဘုရင်တပင်ရွှေထီး လက်အောက်သို့လည်းကောင်း၊ အင်းဝသည်လည်း မြောက်ဖက်တစ်လွှားမှ အင်အားကြီးလာသည့် ရှမ်းစော်ဘွားတို့၏ရန်စစ်ကို ခံရပြီး နောက်ဆုံးဘုရင်ဖြစ်သည့် ရွှေနန်းကျော့ရှင် နရပတိလက်ထက်တွင် မိုးညှင်းစလုံ လက်ထဲသို့လည်းကောင်း အသီးသီးကျဆင်းသွားရတော့သည်။

ဤသို့ဖြင့် တိုင်းပြည်စစ်ဘေးမှ ကင်းဝေးရန်မျှော်လင့်ချက်မှာ ဒုတိယပြည်ထောင်စု တည်ထောင် ကြသည့် တပင်ရွှေထီး၊ ဘုရင့်နောင် တို့လက်ထက်တွင် ပျောက်ကွယ်နေစဲဖြစ်ပြီး ဘုရင့်နောင်၏ နန်းသက်နောက်ဆုံးအချိန်များတွင် အတန်အတင့်အေးချမ်းသည်ဟုသာ ဆိုနိုင်ပေသည်။ ဘုရင့်နောင် လွန်၍ သားတော် နန္ဒဘုရင် နန်းစံလျှင် လက်နက်နိုင်ငံကြီးမှာ လက်အောက်ခံ နယ်စားပယ်စားများ၊ဘုရင်ခံများ၏ ပုန်ကန်မှုတွေကြောင့် လွယ်လွယ်နှင့် ပြိုကွဲကာ တိုင်းပြည်မှာ စစ်မီးလျှံများအတွင်း သက်ဆင်းရပြန်သည်။ထိုနောက် တစ်နယ်တစ်တစ်မင်း ထူထောင်ကြသည့် ပဒေသရာဇ်ငယ်များ၏ ရန်စစ်များ၊ စစ်ပွဲများမှာ အသောမသတ်နိုင်အောင်ပင် ဖြစ်ပွားခဲ့ပြီးနောက်ဆုံး ညောင်ရမ်းမင်းဆက်၏ တတိယမြောက်ဘုရင်ဖြစ်သည့် သာလွန်မင်းလက်ထက်ရောက်မှသာ တိုင်းပြည်အေးချမ်းပြီဟု ဆိုနိုင်သည့် အနေအထားသို့ ရောက်တော့သည်။ထိုမင်းလက်ထက်တွင်မှ မြန်မာ့သမိုင်းတစ်လျှောက် ပထမဆုံးသော စာရင်းဇယားကောက်ယူမှုများကို ပြုလုပ်ပြီး အုပ်ချုပ်ရေး၊နိုင်ငံရေး၊လယ်ယာစီးပွား အစရှိသည့် ကဏ္ဍကြီးများမှာ ပြန်လည်တည်ငြိမ်မှု ရှိလာခဲ့သည်။

စစ်သမိုင်းပညာရှင်များအတွက် အဆိုပါ အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ် မှာစားမြိန်ဝိုင်းကြီး သဖွယ် ပြောမကုန်၊ဆိုမပြီး ဖြစ်သော်လည်း ယဉ်ကျေးမှု သမိုင်းပညာရှင်များကမူ ထိုကဲ့သို့ရာစုနှစ် တစ်ခုကျော်ဖြစ်ပွားမည့် စစ်ပွဲကြီးကို အစပျိုးသည့် အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ် သာမဖြစ်ခဲ့လျှင်၊ အစမပြုခဲ့လျှင် ၁၄၊ ၁၅ ရာစုနှစ်များမှ မြန်မာ့ယဉ်ကျေးမှု၏ ဖြစ်ပေါ်တိုးတက်မှုသည် ပုဂံခေတ်ယဉ်ကျေးမှုထက်ပင် မြင့်မားရန် အခွင့်အလမ်းရှိနေသည်ဟု ဆိုကြပါသည်။