မြန်မာ့ပြည်တွင်းပဋိပက္ခများ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မြန်မာနိုင်ငံပြည်တွင်းပဋိပက္ခများ
Conflict zones in Myanmar.png
မြန်မာနိုင်ငံ မြေပုံနှင့် အုပ်ချုပ်ရေး နယ်မြေအပိုင်းအခြားများ
ရက်စွဲ၄ ဇန်နဝါရီ ၁၉၄၈ – လက်ရှိ
နေရာမြန်မာနိုင်ငံ
အခြေအနေ

ဆက်လက်ဖြစ်ပွားဆဲ

စစ်ရင်ဆိုင်သည့် နိုင်ငံများ

မြန်မာနိုင်ငံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ယခင်:
ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၄၈–၁၉၆၂)

စစ်အစိုးရ (၁၉၆၂–၂၀၁၁)

ဒီကေဘီအေ (၁၉၉၄–၂၀၁၀)

ဆန့်ကျင်တပ်ဖွဲ့များ[မှတ်စု ၁]:
မြန်မာနိုင်ငံ NUG

  • PDF (၂၀၂၁)

ABSDF (၁၉၈၈ မှစ၍)
ရက္ခိုင့်တပ်မတော် (၂၀၀၉ မှစ၍)
ဒီကေဘီအေ-၅ (၂၀၁၀ မှစ၍)
ကေအိုင်အို (၁၉၆၁ မှစ၍)

KNU (၁၉၄၉ မှစ၍)

ကရင်နီ တပ်မတော် (၁၉၄၉ မှစ၍)
MNLA (၁၉၅၈ မှစ၍)
MNDAA (၁၉၈၉ မှစ၍)
NDAA (၁၉၈၉ မှစ၍)
SSAN (၁၉၇၁ မှစ၍)
SSAS (၁၉၉၆ မှစ၍)
TNLA (၁၉၉၂ မှစ၍)
UWSP (၁၉၈၉ မှစ၍)

...နှင့် အခြားအဖွဲ့များ
အထောက်အပံ့ပေးသူများ
 တရုတ် (စွပ်စွဲ)[၁]
 ထိုင်း (၁၉၉၅ အထိ)[၂][၃]

တပ်မှူးများနှင့် ခေါင်းဆောင်များ

မြန်မာနိုင်ငံ ဦးဝင်းမြင့်
(မြန်မာနိုင်ငံ၏ သမ္မတ)
မြန်မာနိုင်ငံ မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး
(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)
မြန်မာနိုင်ငံ ဝေလွင် (ဒုတိယဗိုလ်ချုပ်ကြီး)
(ကာကွယ်ရေး ဝန်ကြီး)
မြန်မာနိုင်ငံMyanmar Police Emblem.png ဆွေသက်မြင့်
(ရဲချုပ်)

ထွန်းမြတ်နိုင်
ညိုထွန်းအောင်
နှုတ်ခမ်းမွှေး
နော်စီဖိုးရာစိန်
စောမူတူးဆေးဖိုး
ဖုန်ကြားရှင်
ရန်မိုးလျှံ
ရွက်ဆစ်
Bao Youxiang
Wei Hsueh-kang

စစ်အင်အား

၄၉၂,၀၀၀[မှတ်စု ၃]
Myanmar Police Emblem.png ၉၃,၀၀၀[၈]

၆၀၀[၁၀]–၁,၀၀၀[၁၁]
၁၀,၀၀၀[၁၂] [၁၃]
၁,၅၀၀[၁၄]
၈,၀၀၀[၁၅]
၆,၀၀၀[၁၁]–7,000[၁၆]
၅၀၀[၁၁]–1,500[၁၆]
၈၀၀+ (အရန် ၂,၀၀၀)[၁၇]
၃,၀၀၀–၄,၀၀၀[၁၈]
၃,၀၀၀[၁၉]–၄,၀၀၀[၁၂]
၈,၀၀၀[၁၂]
၆,၀၀၀[၁၆]–၈,၀၀၀[၁၂]
၁,၅၀၀+[၂၀]
၂၀,၀၀၀[၂၁]–25,000[၂၂]
အခြားတပ်ဖွဲ့များမှ မသိရသောအင်အားများ


၆,၀၀၀ (၁၉၅၁)[၁]
၄,၀၀၀+ (၁၉၅၁)[၁]
၁၄,၀၀၀ (၁၉၅၀)[၆]


စုစုပေါင်း
၇၀,၀၀၀–၈၀,၀၀၀[၁၂]

အသေအပျောက်

၁၃၀,၀၀၀[၂၆]–၂၅၀,၀၀၀[၂၇] စုစုပေါင်း ကျဆုံး

၆၀၀,၀၀၀–၁,၀၀၀,၀၀၀ စစ်ပြေးရ[၂၈]

လက်နက်ကိုင်တော်လှန်မှုများသည် လွတ်လပ်ရေးရသည့် ၁၉၄၈ ကပင် စခဲ့သည်။ နိုင်ငံတော်အား ကာကွယ်နေသည်ဟု မိမိဘာသာအသိအမှတ်ပြုထားသော တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်အမျိုးမျိုးနှင့် တိုက်ခိုက်ခဲ့သည်။ အပစ်ရပ်သည်များလည်း ရှိခဲ့သည်။ ၂၀၀၈ ခုတွင် တိုင်းရင်းသားအချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် သတ်မှတ်ပေးသော်လည်း မကျေလည်သေးဘဲ ဖက်ဒရယ်ပြည်ထောင်စုကိုသာ လိုလားဦးတည်နေကြသည်။ မြန်မာပြည်၏ပဋိပက္ခများမှာ ဆယ်စုနှစ် ၇ ခုခန့် ကြာမြင့်ပြီဖြစ်၍ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဖြစ်ပွားဆဲပြည်တွင်းစစ်အဖြစ် စာရင်းဝင်သည်။

နောက်ခံဖြစ်ရပ်[ပြင်ဆင်ရန်]

ဗြိတိသျှတို့လက်မှ လွတ်လပ်ရေးမရမီက တိုင်းရင်းသားအများစုတို့သည် ကိုလိုနီနယ်အဖြစ်မှ လွတ်မြောက်လိုသည့် တူညီသောစိတ်ဓာတ် ရှိခဲ့သည်။ ၁၉၄၇ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်သားများနှင့် အတူတကွလွတ်လပ်ရေးရယူရန် ပင်လုံညီလာခံ၌ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။ သိုသော် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးမရမီပင် လုပ်ကြံခံခဲ့ရကာ လွတ်လပ်ပြီးခေတ်အစိုးရသည်လည်း ပင်လုံညီလာခံဆိုင်ရာ အချက်အလက်များကို အလေးပေးနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ သို့‌ဖြစ်ရာ ဗမာလူမျိုးများနှင့် တိုင်းရင်းသားတို့၏ ဆက်ဆံရေးမှာ တင်းမာလာခဲ့ရသည်။

လွတ်လပ်ရေးရပြီးကာလ (၁၉၄၈-၆၂)[ပြင်ဆင်ရန်]

၁၉၄၈ ခု၊ ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်ရေးရသည်နောက် အကြီးဆုံး အတိုက်အခံအဖွဲ့များမှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် KNU ခေါင်းဆောင်သော ကရင်မျိုးချစ်များ ဖြစ်သည်။ နိုင်ငံအား မည်သို့ဦးဆောင်မည်ဟူသော နိုင်ငံရေးဝါဒကွဲပြားကာ ၁၉၄၈ ခု၊ ဧပြီလ ၂ ရက်တွင် ဗကပမှ ပဲခူးနယ်၊ ပေါက်ခေါင်းကြီးမှစ၍ လက်နက်ကိုင်ဆန့်ကျင်တော့သည်။

KNU တို့၏ လိုလားချက်မှာမူ လွတ်လပ်ရေးရသည်နောက် ကရင်လူမျိုးတို့ခေါင်းဆောင်သော သီးခြားနိုင်ငံဖြစ်လာရန်တည်း။ အဆိုပြုနယ်နိမိတ်တွင် ကရင်၊ ကရင်နီနယ်နှင့် ကရင်အများစုရှိရာ အောက်မြန်မာပြည်အစိတ်အပိုင်းတချို့တို့ ပါသည်။ နောက်ပိုင်းတွင် ဦးနုခေါင်းဆာင်သော ဗဟိုအစိုးရနှင့် ဆက်ဆံရေးပြေလည်သည့်အတွက် ကရင်တိုင်းရင်းသားတို့ ကိုယ်စားပြုခွင့်ရသော ဖက်ဒရယ်အစိုးရစနစ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ လိုလားချက်ပြောင်းသွားသည်။

နေဝင်းခေတ် ခေါ် မြန်မာပြည်ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ် (၁၉၆၂-၈၈)[ပြင်ဆင်ရန်]

ပါလီမန်အစိုးရ ၃ ဆက် အုပ်ချုပ်ပြီးသည်နောက် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တပ်မတော်က ၁၉၆၂ ခုတွင် အာဏာသိမ်းသည်။ ပါလီမန်အစိုးရအဖွဲ့ဝင်များနှင့် လူမျိုးစုခေါင်းဆောင်များကို လျှပ်တပြက်ဖမ်းဆီးကာ တရားခွင်မတင်ဘဲ လျော်ရာပုဒ်မဖြင့် ထောင်သို့ သွင်းသည်။ ထိုကာလတွင်ပင် ကချင်လွတ်မြောက်ရေးတပ်မတော်သည် ဖက်ဒရယ်စနစ်အား ပစ်ပယ်သော အစိုးရက စတင်တော်လှန်နေပြီ ဖြစ်သည်။

၁၉၆၇ ခုတွင် တရုပ်ပြည်၌ ယဉ်ကျေးမှုတော်လှန်ရေးဖြစ်သည်နည်းတူ မြန်မာ၌လည်း ရန်ကုန်မှစ၍ မြို့များတွင် တရုပ်-ဗမာအရေးအခင်း ဖြစ်ခဲ့သည်။ တရုပ်လူမျိုး ၃၁ ယောက်သေဆုံးသည့် ထိုအရေးအခင်းပြီးနောက် တရုပ်ပြည်သည် ဗကပအား အတိအလင်း ထောက်ခံလာသည်။

၁၉၇၂ ခုတွင် ဆိုရှယ်လစ်အစိုးရသည် ကချင်တပ်နှင့်၎င်း၊ ဗကပနှင့်၎င်း ငြိမ်းချမ်းရေးဆွေးနွေးရန် လုပ်သည်။ သို့သော် ပါတီစုံဒီမိုကရေစီစနစ်ကိုပင် လက်မခံသော အစိုးရ၏သဘောထားကြောင့် မအောင်မြင်ခဲ့။ ညှိနှိုင်းမှုများ မပြေလည်သည်နောက် တပ်မတော်ခွဲထွက် ဗကပနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ ဌာနချုပ်ရှိရာပြန်ပုံကို ပြည်တွင်းသတင်းစာများတွင် သူတို့ပြန်ကြလေပြီ ခေါင်းစဉ်ဖြင့် ဖေါ်ပြကြသည်။ ၁၉၇၄ အရောက်တွင် ပုဂ္ဂလစည်းစိမ်တို့ကို ပြည်သူပိုင်သိမ်းကာ ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကာ တပါတီစနစ်ဖြင့် နိုင်ငံကို ဦးဆောင်သည်။ ဗိုလ်ချုပ်နေဝင်း၏ ၂၆ နှစ်ကြာ ခေါင်းဆောင်မှုအောက်တွင် မြန်မာပြည်သည် သီးခြားနေ တိုးတက်မှုနည်းသော ချွတ်ခြုံမွဲနိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။

၁၉၈၈ ခုတွင် နိုင်ငံအဝှမ်း ကျောင်းသားဆန္ဒပြပွဲများ ပေါ်လာသည်။ ရလဒ်မှာ မဆလဥက္ကဋ္ဌ ဦးနေဝင်းပြုတ်ကျကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သော တပ်မတော်ခေါင်းဆောင်များက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောင်ရေးအဖွဲ့ (နဝတ) အနေဖြင့် အာဏာလွှဲယူလိုက်ခြင်းပင်တည်း။ ဒေါ်အောင်ဆန်းစုကြည်သည် ထို ရှစ်လေးလုံးအရေးအခင်းတွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုပြယုဂ်အဖြစ် ထွက်ပေါ်လာသည်။ ၁၉၉၀ ပြည့် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်ဆောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမည်ဖြင့် ပါဝင်ယှဉ်ပြိုင်သည်။ သို့သော် နဝတက ရွေးကောက်ပွဲရလဒ်ကို အတည်မပြုဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ထားကာ နိုင်ငံတော်အေးငြိမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဖွဲ့၍ တကျော့ပြန်အာဏာရှင်စနစ်သို့ ခရီးဆက်သည်။

နအဖခေတ် (၁၉၈၈-၂၀၁၁)[ပြင်ဆင်ရန်]

၁၉၉၇ ခုတွင် နဝတကိုဖျက်သိမ်းကာ နအဖကို တပ်မတော်အကြီးတန်းအရာရှိ ၁၁ ဦးဖြင့် ဖွဲ့သည်။ ၁၉၉၀ ကာလများ၌ တပ်မတော်သည် အခြေစိုက်စခန်းများ စစ်ဌာနချုပ်များကို တိုးချဲ့ကာ တိုင်းရင်းသားလက်နက်ကိုင်တို့ကို အတော်ပင် ဖိနှိပ်နိုင်ခဲ့သည်။

၂၀၀၆ ခုတွင် အင်အားကြီးလက်နက်ကိုင်ဖြစ်သော KNU ၏တပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ကို ထိုးစစ်စသည်။ စစ်ဘေးကြောင့် သန်းနှင့်ချီသော ဒုက္ခသည်တို့ ထိုင်းနယ်စပ်သို့ ပြေးကြသည်။ ဒုက္ခသည်များအပြင် သူငါခွဲသည့်အနေဖြင့် ကျေးရွာများကို တပ်မတော်မှ ရွှေ့ပြောင်းခိုင်းသည်များလည်း ရှိခဲ့သည်။

၂၀၀၇ ခုတွင် စက်သုံးဆီအား အစိုးရမှ စရိတ်ထောက်မှုဖြတ်သည်နောက် ရွှေဝါရောင်တော်လှန်ရေးခေါ် သံဃာ့သပိတ် ပေါ်လာသည်။ နောက် ဆန္ဒပြမှု၏ရည်ရွယ်ချက် မြင့်လာကာ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ လူနည်းစုအခွင့်အရေး ကာကွယ်ရေးနှင့် လွတ်လပ်သောရွေးကောက်ပွဲများထိ ကြွေးကြော်သံများ တိုးလာသည်။ သို့သော် မြို့ကြီးအချို့၌သာ ပျံ့နှံ့ပြီး မကြာခင်ပင် အစိုးရက အသံပျောက်အောင် လုပ်လိုက်နိုင်သည်။

၂၀၀၉ ခုတွင် တရုပ်အစိုးရနှင့် သဘောတူမှုရသည်နောက် ပြေးပေါက်ပိတ်နေသော မြန်မာ့အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ခေါ် ကိုးကန့်တပ်ကို တပ်မတော်မှ စတိုက်သည်။ ကိုးကန့်တို့မှာ ၎င်းတို့အခြေစိုက်နေရာပါ ဆုံးရှုံးရသည်။ ၎င်းဒေသမှ ဒုက္ခသည် ၃၀၀၀၀ ကျော်သည်လည်း နေရပ်ပျောက်ကာ တရုပ်နိုင်ငံ၊ ယူနန်နယ်သို့ ရောက်သွားသည်။

၂၀၁၀ ပြည့်တွင် ကရင်တပ်မှခွဲထွက်သည့် ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်နှင့် တိုက်ပွဲစသည်။ ကရင်ဒုက္ခသည် ၁၀၀၀၀ နီးပါး ထိုင်းနိုင်ငံသို့ ပြေးရပြန်သည်။

အရပ်သားအစိုးရလက်ထက် (၂၀၁၁-၂၁)[ပြင်ဆင်ရန်]

၂၀၀၈ ခုတွင် နှစ် ၂၀ ကြာရေးသည့် အခြေခံဥပဒေသစ်ကို ပြည်လုံးကျွတ်ဆန္ဒကောက်ပွဲဖြင့် အတည်ပြုပြီးနောက် ၂၀၁၁ ခုတွင် စစ်ဘက်အကြီးတန်းအရာရှိဟောင်းများ ခေါင်းဆောင်သည့် ဘောင်းဘီချွတ်အရပ်သားအစိုးရတက်လာသည်။ နိုင်ငံရေးပြောင်းလဲမှုအဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ကို ပြန်လွှတ်ခဲ့သည်။ ၂၀၁၄ ခု၊ နိုဝင်ဘာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် ရွေးနိုင်ရန် အခြေခံဥပဒေအား ပြင်ဆင်လိုကြောင်း အဆိုပြုချက်တင်သည်။ သို့သော် မအောင်မြင်ခဲ့။

အခြားဘာသာများနည်းတူ ဗုဒ္ဓဘာသာဝင် ကလေးများကိုလည်း ဘာသာရေးအသိတိုးစေရန် ဓမ္မကျောင်းဖွင့်သင့်သည်ဟူသော အတွေးအခေါ်ဖြင့် ၉၆၉ လှုပ်ရှားမှု ပေါ်ပေါက်လာသည်။ ကနဦးတွင် ရည်ရွယ်ချက်ကောင်းဖြစ်သော်လည်း နောက်ပိုင်းတွင် ဘာသာရေးမုန်းတီးမှုများကို ထည့်သွင်းသင်ကြားသဖြင့် တင်းမာမှုများ ရှိလာသည်။ ၂၀၁၃ ခုတွင် မွတ်စလင်ဆန့်ကျင်ရေးဆူပူမှုများ ပေါ်လာသည်။ ၉၆၉ လှုပ်ရှားမှုဖြင့် ဗုဒ္ဓဘာသာမျိုးချစ်ခေါင်းဆောင် ဘုန်းကြီး ဥူးဝီရသူ၏ လှုံ့ဆော်မှုကြောင့်ဟု အများစုက သတ်မှတ်ကြသည်။

၂၀၁၅ ခု၌ နိုင်ငံရေးပြောင်းလဲမှုများရှိလာသည်နောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်စသည်။ သို့သော် မညှိနှိုင်းမီကပင် အစိုးရက ကနဦးလိုလားချက်ကို တင်ကြိုသတ်မှတ်ပြီးဖြစ်သဖြင့် ဆက်၍ စကားပြောမရနိုင်ဖြစ်နေသည်။ သို့ပြင် လှုပ်ရှားဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အချို့ကလည်း ပွဲမတက်ပေ။ အစိုးရ၏လုပ်ဆောင်ချက်ကို အခြေခံဥပဒေပါ တပ်မတော်၏အခန်းကဏ္ဍများက ကန့်သတ်ထားပြီး လိုလားသည့်အတိုင်း ငြိမ်းချမ်းရေးအတွက် ဒီမိုကရက်တစ်အပြောင်းအလဲများ လုပ်၍မရနိုင်ဟု ထောက်ပြမှုများ ရှိသည်။ ၎င်းသို့ တပ်မတော်၏အခန်းကဏ္ဍကို ကျယ်ကျယ်လောင်လောင်ပြောဆိုသူများကိုလည်း နှုတ်ပိတ်သည်များရှိရာ အခြေခံဥပဒေဆိုင်ရာရှေ့နေ ဦးကိုနီလည်း တဦးအပါအဝင်ဖြစ်သည်။

ဤ ၂၀၁၅ ခုတွင်ပင် ပြန်၍ အားကောင်းလာသော ကိုးကန့်တပ်များနှင့် တိုက်ပွဲပြန်စသည်။

၂၀၁၆ ခု၊ အောက်တိုဘာလ ၉ ရက်တွင် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်က ဘင်္ဂလား-မြန်မာနယ်စပ်ရှိ နယ်ခြားစောင့်စခန်းများကို စတိုက်သည်။ နယ်ခြားစောင့်အရာရှိ ၉ ယောက် သေသည်။ တပ်မတော်မှ နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ရခိုင်ပြည်နယ်အတွင်းသို့ တပ်များ သွင်းသည်။ ၂၀၁၇ ခု၊ ဩဂုတ်လ ၂၅ ရက်၌ ရိုဟင်ဂျာတပ်က ထပ်တိုက်သည်နောက် ရခိုင်မြောက်ပိုင်းတွင် "မဲမဲမြင်လစ် အကုန်ပစ်" ဗျူဟာကို တပ်မတော်က စသည်။ ကနဦးရှိနှင့်ပြီး ဘင်္ဂလားဒုက္ခသည်စခန်းသို့ ဒုက္ခသည် ၁၀၀၀၀၀ ခန့် ရောက်လာသည်နောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးက လူမျိုးပျောက်ရှင်းလင်းခြင်း (လူမျိုးတခုအား မိမိနိုင်ငံ၌ မရှိစေရန် စီမံသည့်ဖြစ်ရပ်) ဟု နိုင်ငံတကာသို့ အသိပေးရသည်။

၂၀၁၆ ခု၊ နိုဝင်ဘာလ နှောင်းပိုင်းတွင် ရခိုင့်တပ်မတော်၊ ကချင်လွတ်လပ်ရေးတပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်တို့ ပေါင်းကာ မြောက်ပိုင်းမဟာမိတ်တပ်ဟူသောအမည်ဖြင့် စစ်ဆင်ရေးများ တပြိုင်နက်လုပ်သည်။ ရှမ်းပြည်မြောက်ပိုင်းရှိ တရုပ်-မြန်မာနယ်စပ်တွင် အဓိကလုပ်ပြီး နိုဝင်ဘာလ ၂၅ ရက်တွင် မုံးကိုးမြို့ကို သိမ်းလိုက်နိုင်သည်။ သို့သော် တပ်မတော်မှ လေကြောင်းစစ်ဆင်ရေးများဖြင့် နှိပ်နင်းသည့်အတွက် အရပ်သားများပါ မထိခိုက်စေရန် ဒီဇင်ဘာလ ၄ ရက်၌ မြို့မှ ခွါရသည်။

၂၀၂၁ အာဏာသိမ်းမှုနှင့် အကြမ်းဖက်လုပ်ရပ်များ[ပြင်ဆင်ရန်]

၂၀၂၁ ခု၊ ဖေဖေါ်ဝါရီလ ၁ ရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်သစ်မစမီတွင် တပ်မတော်မှ အာဏာသိမ်းကာ လက်ရှိခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံခေါင်းဆောင်ဖြစ်လာသည်။[၂၉] ခေါင်းဆောင်သစ်နှင့် အသစ်ဖွဲ့လိုက်သော နဝတလက်သစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အား ဖယ်ရှားရန် ပြည်လုံးကျွတ်ဆန္ဒပြပွဲများ ဖြစ်လာသည်။ ဆရာဝန်နှင့်ကျောင်းဆရာများပါဝင်သည့် အထွေထွေသပိတ်မှာ နအစ၏အုပ်ချုပ်မှုကို အထိနာစေသည်။

ဆန္ဒပြသူများအား အင်အားသုံးဖြိုခွင်းခြင်း၊ လူနေရပ်များ၌ လူစုလူဝေးမရှိစေရန် ခြိမ်းခြောက်ပစ်ခတ်ခြင်းများလုပ်ပြီးနောက် ၂၀၂၁ ခု၊ မတ်လနှောင်းပိုင်းတွင် ဆန္ဒပြသူများသည် နယ်စပ်ရှိတပ်များသို့သွားကာ လက်နက်ကိုင်တိုက်ပွဲဝင်ရန် သင်တန်းယူကြသည်။ နိုင်ငံ့အနှံ့ဖြစ်ပွားမည့် ပြည်တွင်းစစ်သို့ တာစူနေခြင်း ဖြစ်သည်။ ပြည်ပြေးအစိုးရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (ပလကတ) က တပ်မတော်နှင့်ရင်ဆိုင်ရန် ဖက်ဒရယ်တပ်မတော်ဖွဲ့လိုကြောင်း တိုင်းရင်းသားလက်နက်ကိုင်များကို အဆိုပြုသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လက်နက်ကိုင်ဆန္ဒပြသူများကို တပ်မတော်မှ စတွေ့ရသည်။ ၂၀၂၁ ခု၊ မတ်လ ၂၈ ရက်၌ သပိတ်စခန်းများကို ဖြိုခွင်းမည်ပြုစဉ် လက်လုပ်သေနတ်များ၊ တူမီးသေနတ်များဖြင့် ခုခံလာခြင်း ဖြစ်သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသည်အနေဖြင့် ကချင်တပ်နှင့် ကရင်တပ်တို့မှ တိုက်ပွဲများ စသည်။

၂၀၂၁ ခု၊ ဧပြီလ ၄ ရက်တွင် ပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွင် လက်မှတ်ထိုးထားသော အဖွဲ့ ၇ ခုမှ (ပလကတမှ ဖွဲ့ထားသည့်) အမျိုးသားညီညွတ်ရေးအစိုးရ (မညစ) နှင့်ပူးပေါင်းရန် သဘောတူကြသည်။ ၎င်းအနက် လက်နက်ကိုင်အဖွဲ့ကြီးအနေဖြင့် ကရင်တပ်ပါပြီး နိုင်ငံရေးအဖွဲ့ကြီးအနေဖြင့် ဗမာပြည်လုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ပါသည်။ အချို့အဖွဲ့များသည်လည်း အာဏာသိမ်းအစိုးရနှင့် အဆက်အဆံရပိဖားသညိ။

၂၀၂၁ ခု၊ ဧပြီလ ၂၆ ရက်တွင် ချင်းပြည်ကာကွယ်ရေးတပ်က ချင်းပြည်နယ်၊ မင်းတပ်၌ လက်နက်ကိုင်ခုခံမှု စသည်။

၂၀၂၁ ခု၊ မေလ ၅ ရက်၌ မညစက စစ်အာဏာရှင်အားဆန့်ကျင်ပြီး ဖက်ဒရယ်တပ်မတော်ဖြစ်လာမည့် ပြည်သူ့ကာကွယ်ရေးတပ်ကို ဖွဲ့စည်းကာ ကြေညာသည်။ မေလ ၂၃ ရက်တွင် တပ်မတော်နှင့် စတိုက်ပြီး တပ်မတော်သား ၁၃ ယောက်ထက်မနည်း အသက်ဆုံးသည်။ ကယားပြည်နယ်၊ လွိုင်ကော်၌လည်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်သည် တပ်မတော်မှအဖွဲ့များနှင့် တိုက်ခိုက်လျက် ရှိသည်။

အဓိကစစ်မျက်နှာများ[ပြင်ဆင်ရန်]

ကချင်[ပြင်ဆင်ရန်]

ကချင်တို့သည် ယခင်က မြန်မာစစ်တပ်တွင် စစ်သားများအဖြစ် တာဝန်ထမ်းဖူးသည်။ ၁၉၆၂ ၌ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းသည်နောက် ကချင်စစ်သားအများစုက တပ်မှပြေးကာ တိုင်းရင်းသားလက်နက်ကိုင်တို့ထံ ပူးပေါင်းသည်။ သို့ဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် ၎င်း၏လက်နက်ကိုင်မျက်နှာစာ ကချင်လွတ်မြောက်ရေးတပ် ဖြစ်လာသည်။ ကချင်အများစုမှာ ခရစ်ယာန်ဘာသာဝင် ဖြစ်နေသောကြောင့် ဗုဒ္ဓဘာသာကြီးစီးသော မြန်မာစစ်တပ်တွင် မနေလိုခြင်းသည် အဓိကအကြောင်းခံဖြစ်သည်။

၂၀၁၂ ခု တနှစ်အတွင်းပင် ကချင်နှင့်အစိုးရတပ်များ ထိတွေ့မှုများစွာဖြစ်ကာ နှစ်ဘက်အထိအခိုက် ၂၅၀၀ ပတ်ဝန်းကျင်ရှိခဲ့သည်။ စစ်တပ်ဘက်မှ ၂၁၁ ယောက်ပါသည်။ တိုက်ပွဲများကြောင့် ရွာပေါင်း ၃၆၄ ရွာမှ အရပ်သား ၁၀၀၀၀၀ ခန့် နေရပ်စွန့်ရသည်။

အစိုးရသတင်းအရ ၂၀၁၄ ခု၊ နိုဝင်ဘာလ ၁၉ ရက်တွင် ကချင်တို့ဌာနချုပ် လိုင်ဇာအနီးထိရောက်အောင် တိုက်နိုင်ခဲ့ပြီး ကချင်လက်နက်ကိုင် ၂၂ ယောက်ကို နှိမ်နင်းခဲ့ကြောင်း သိရသည်။

အပစ်ရပ်သဘောတူချက်ကို မကြာခဏပင် လက်မှတ်ထိုးကြသည်။ ကာလအရှည်ဆုံးတခုမှာ ၁၉၉၄ ခုက လက်မှတ်ထိုးမှုဖြစ်ပြီး ၁၇ နှစ်အကြာ ၂၀၁၁ ခု၊ ဇွန်လအထိ ခံသည်။ နောက် ဗန်းမော်အရှေ့ဘက် တပင်းမြစ်အနီးရှိ ကချင်လက်နက်ကိုင်တို့ကို အစိုးရတပ်များ တိုက်သည့်အတွက် သဘောတူမှုပျက်ခြင်း ဖြစ်သည်။ ၂၀၁၇ ခု၊ ဧပြီလတွင် ယခင်ကပင် ယာယီစခန်းအဖြစ် ရွှေ့ပြောင်းနေနေရသော စခန်း ၁၅၀ ကျော်မှ ဒုက္ခသည် ၉၀၀၀၀ တို့ ထပ်မံ နေရာရွှေ့ရသည်။ ပြည်တွင်းရွှေ့ပြောင်းမှုစောင့်ကြည့်ရေးစင်တာ၏ ခန့်မှန်းချက်အရ ၂၀၁၈ ခု၊ ဧပြီနှင့်မေလအကြား ကချင်နှင့်မြန်မာစစ်တပ်တို့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၄၀၀၀ ကျော် ပြောင်းနေရကြောင်း သိရသည်။

ကယား[ပြင်ဆင်ရန်]

ကယားပြည်နယ်မှ အကြီးဆုံးလက်နက်ကိုင်အဖွဲ့မှ ကရင်နီတပ်မတော်ဖြစ်သည်။ ကရင်နီတိုင်းရင်းသားတို့ လွတ်လပ်ရေးနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ပွဲဝင်ခြင်းဖြစ်သည်။ အစိုးရသည် ကယားပြည်နယ်တွင်းမှ သဘာဝသယံဇာတများကို ထုတ်ယူနေသော်လည်း ကရင်နီတိုင်းရင်းသားတို့မှာ အကျိုးခံစားရခြင်း မရှိ။ ထို့အပြင် ဆိုရှယ်လစ်ခေတ်တွင်လည်း စိုက်ပျိုးရေးကို အားပြုရသော တိုင်းရင်းသားများ၏ စပါးတို့ကို ဈေးနှိမ်ဝယ်ခြင်း၊ အစိုးရလယ်တွင် လုပ်အားပေးခေါင်းစဉ်ဖြင့် အခမပေးဘဲ ခိုင်းခြင်း၊ လက်နက်ကိုင်တို့နှင့်ဆက်စပ်သည်ယူဆသော ကျေးရွာများကို မီးရှို့ခြင်း၊ စစ်စခန်းနှင့်နီးရာသို့ ရွှေ့ပြောင်းကာ စောင့်ကြည့်ခံအဖြစ် ထားခြင်း၊ မသင်္ကာသူတို့ကို တရားလက်လွတ်ဖမ်းခြင်း စသော ဥပဒေမဲ့ကိစ္စများကို ကာလရှည်ခံစားရသော မိမိတို့ တိုင်းရင်းသားများအတွက် ကရင်နီတပ်မတော်က လက်နက်ကိုင်တော်လှန်ခြင်း ဖြစ်သည်။ လက်ရှိကာလတွင် ဗိုလ်ချုပ်ဘီထူးက ဦးဆောင်သည်။ အင်အား ၅၀၀-၁၅၀၀ အကြားတွင် ရှိသည်။

ကရင်[ပြင်ဆင်ရန်]

မြန်မာပြည်၏ တတိယအကြီးဆုံး လူမျိုးစုဖြစ်သော ကရင်တို့သည် မြန်မာပြည်အရှေ့ပိုင်း၌ အဓိကနေထိုင်သည်။ ၁၉၄၉ ကစ၍ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည်။ ၎င်းကာလ၌ ကရင်လူမျိုး ဗိုလ်ချုပ် စမစ်ဒွန်းကို တပ်မတော်မှ ထုတ်လိုက်သည်။ ယင်းအချက်မှာ တပ်မတော်၌ ဗမာမဟုတ်သောတိုင်းရင်းသားတို့ သဘောမတွေ့စရာအချက် ဖြစ်လာသည်။ စမစ်ဒွန်း၏နေရာကို မျိုးချစ်ဗမာ နေဝင်းက အစားထိုးယူကာ ဗမာကြီးစိုးသောတပ်ကို ဦးတည်ထူထောင်ပြီး မြန်မာနိုင်ငံကို အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သွားသည်။

ကရပ်တို့နှင့်တိုက်ခိုက်စဉ်က မြေလှန်စနစ်ခေါ်သော ရွာများကို ပြောင်းရွှေ့စေကာ နယ်မြေတခွင်၌ အရပ်သားနှင့်လက်နက်ကိုင် လူလုံးကွဲအောင် ပြုခြင်း၊ မြေမြှုပ်မိုင်းများဖြင့် အသွားအလာနည်းစေခြင်း၊ လက်နက်ကိုင်နှင့်အဆက်အဆံရှိသောရွာများကို မီးရှို့ကာ သာဓကပြခြိမ်းခြောက်ခြင်း စသော စစ်ဘက်အပြုအမူများအပြင် ပေါ်တာ ခေါ် ဝန်တင်လူအဖြစ်ခေါ်ကာ အဓမ္မခိုင်းစေခြင်း၊ မသင်္ကာသောနယ်မြေတို့၌ အရပ်သားများအား ဖြတ်သန်းစေကာ မိုင်းရှင်းလူအဖြစ် သုံးခြင်း၊ ဥပဒေစိုးမိုးမှုမရှိ တရားမျှတမဲ့ကင်းနေသော အရပ်သားမိန်းမပျိုများအား အဓမ္မကာမရယူခြင်း စသော စစ်ဘက်ပြစ်မှုများကို တပ်မတော်က လုပ်ဆောင်ကြောင်း ကရင်လက်နက်ကိုင်နှင့်ဒုက္ခသည်တို့က ဆိုသည်။ သို့သော် ထိုသို့ဖြစ်ပွားပါက သက်ဆိုင်ရာအရာရှိများကို ချက်ချင်းအရေးယူရန် ညွှန်ကြားထားသော်လည်း မည်သည့်အမှုတစုံတရာမှ ပေါ်ပေါက်မလာခြင်းကြောင့် ၎င်းသို့ဖြစ်ပွားခြင်းမရှိဟု တပ်မတော်မှ ငြင်းသည်။

ကရင်တို့၏ ကနဦးရည်မှန်းချက်ဖြစ်သော လွတ်လပ်သောနိုင်ငံကို၎င်း၊ ၁၉၇၆ ခု၌ တဆင့်လျှော့ခဲ့သည့် ကရင်တို့ကိုယ်စားပြုသော ဖက်ဒရယ်ပြည်နယ်ကို၎င်း တက်လာသောအစိုးရအဆက်ဆက်က သဘောမတူဘဲ လျစ်လျူရှုခဲ့သည်။ ၎င်းအချက်သည်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတိုင်း၌ ပါဝင်ခဲ့သော်လည်း ကရင်တို့အတွက် ရလဒ်ထွက်မလာခြင်းပင်။

၁၉၉၅ ခု၌ ကရင်တပ်တို့၏ အဓိကဌာနချုပ် ဝါးခသစ်စခန်းကို တပ်မတော်မှ တိုက်ခိုက်လိုက်သည်နောက် ရွှေ့ပြောင်းတပ်အဖြစ်သာ လှုပ်ရှားခဲ့သည်။ ၁၉၉၅ မတိုင်ခင်က ထိုင်း-မြန်မာနယ်စပ်ကို ထိုင်းအစိုးရက မျက်နှာလွှဲနေသော်လည်း အစိုးရနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ စီးပွားရေးသဘောတူညီချက်များ ရလာသည်နောက် နယ်စပ်ကို ထိုင်းအစိုးရက ကြပ်မတ်ခြင်းသည်လည်း ကရင်တို့ တကွက်နာရသည့်အချက် ဖြစ်သည်။

၂၀၁၅ ခုတွင် အရပ်သားအစိုးရနှင့် KNU တို့ ပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွင် လက်မှတ်ထိုးကြသည်။ အခြား လက်နက်ကိုင် ၇ ဖွဲ့လည်း ပါသည်။ သို့သော် ၂၀၁၈ ခု၊ မတ်လ၌ တပ်မတော်က KNU ထိန်းချုပ်နယ်မြေအတွင်း တပ်ရင်းနှစ်ခုကိုဆက်မည့် လမ်းဖေါက်ရန်ခေါင်းစဉ်ဖြင့် တပ်သား ၄၀၀ ခန့် လွှတ်လိုက်သည်နောက် အပစ်အခတ်များ ပြန်စသည်။ ဖာပွန်ခရိုင်၊ လာမူပလော၌ တိုက်ပွဲဖြစ်ရာ လူ ၂၀၀၀ ခန့် နေရပ်စွန့်ပြေးရသည်။ ၂၀၁၈ ခု၊ မေလ ၁၇ ရက်တွင် တပ်မတော်က ထိုလမ်းဖေါက်မှုကို ယာယီရပ်ထားမည်ဟု ကြေညာကာ တပ်ကို ပြန်ဆုတ်သည်။

၂၀၂၁ အာဏာသိမ်းသည်နောက် KNU က တိုက်ပွဲပြန်စသည်။ ဧပြီလ ၂၇ ရက်တွင် သံလွင်မြောက်အနောက်ခြမ်း၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ တပ်မတော်မှ စခန်းတခုကို ကရင်တို့ သိမ်းလိုက်သည်။ တပ်မတော်မှ လေကြောင်းပစ်ကူဖြင့် ပြန်သိမ်းရန် ကြိုးစားသည်။ နှစ်ဘက်ထိခိုက်မှု ထုတ်ပြန်ခြင်း မရှိ။

ရခိုင်[ပြင်ဆင်ရန်]

ရခိုင်၊ ရိုဟင်ဂျာနှင့် (ရခိုင်မြောက်ပိုင်းနှင့် ချင်းတောင်ပိုင်းအနီးတွင် လှုပ်ရှားသည့်) ချင်းလက်နက်ကိုင်တပ်များသည် ၁၉၅၀ ဝန်းကျင်ကပင် လွတ်လပ်ရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ကြသည်။

လူ့အခွင့်အရေးချိုးဖေါက်မှု[ပြင်ဆင်ရန်]

မြန်မာအစိုးရအား ကရင်ပြည်နယ်တွင်လုပ်ခဲ့သော မြေလှန်ဗျူဟာကြောင့် လူ့အခွင့်အရေးချိုးဖေါက်သည်ဟု စွပ်စွဲကြသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့တင်သော DLA Piper အဖွဲ့၏ အစီရင်ခံစာအရ အဆိုပါလုပ်ရပ်သည် ကရင်လူမျိုးစုအား လူမျိုးပျောက်ရှင်းလင်းခြင်းမှ သတ်မှတ်နိုင်သည်။

မြေမြှုပ်မိုင်းနှင့်ပတ်သက်၍ ရာနှင့်ချီသော အရပ်သားသေဆုံးမှုများအတွက် နှစ်ဘက်အပြန်အလှန် လက်ညှိုးထိုးကြသည်။ KNU အား ရွာနီးချုပ်စပ်များ၌ မိုင်းထောင်ကြောင်း အစိုးရမှ စွပ်စွဲသည်။ KNU ကမူ ထိုသို့ မိုင်းထောင်ရခြင်းမှာ အရပ်သားများအား တိုက်ခိုက်သော အစိုးရတပ်တို့ကို အားလျော့စေရန် ဖြစ်ကြောင်း ဆိုသည်။ သို့သော်လည်း ၎င်းမိုင်းကြောင့် အထိအခိုက်များသူမှာ အရပ်သားများသာ ဖြစ်သည်။ ထို့ပြင် ထိုင်းနယ်စပ်အထိသွား၍ ဆေးမကုနိုင်ပါကလည်း အသက်ဆုံးရနိုင်ချေ များသည်။ ဒေသတွင်းဆေးရုံဆေးခန်းများမှာ ကုသနိုင်သော ကိရိယာနှင့်ဆေးပစ္စည်းများ မရှိ။

ကလေးစစ်သားသုံးခြင်းမှာ နှစ်ဘက်စလုံးတွင်ရှိသည်။ ၂၀၁၂ ရောက်မှသာ တပ်နှင့် အခြားလက်နက်ကိုင် ၇ တပ်တို့ ကလေးများအား စစ်ဘက်နှင့် နိုင်ငံရေးအကျိုးစီးပွားအတွက် အသုံးချမည်မဟုတ်ကြောာင်း ယူနီဆက်နှင့် သဘောတူ လက်မှတ်ထိုးကြသည်။ သို့သော်လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း (ပလဖ) ကမူ သဘောတူမှုကို ဖေါက်ဖျက်ကာ ဆက်သုံးမြဲဖြစ်ကြောင်း ဆိုသည်။ ၂၀၁၂ နောက်ပိုင်းတွင် တပ်မတော်မှ ရာနှင့်ချီသော ကလေးစစ်သားတို့ကို ထွက်ခွင့်ပေးခဲ့သော်လည်း တပ်မတော်က ၂၀၁၃-၁၄ ကာလတွင်ပင် အသက်မပြည့်သူ အနည်းဆုံး ၃၄၀ ခန့်ကို စစ်သားစုခဲ့သည်ဟု ခန့်မှန်းကြောင်း၊ ၎င်းကာလတွင် အခြားလက်နက်ကိုင်များဖြစ်သော ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်တို့၌ ဆက်လက်စုဆောင်းနေသေးကြောင်း ပလဖက ဆိုသည်။

နိုင်ငံခြားအထောက်အပံ့[ပြင်ဆင်ရန်]

တရုပ်[ပြင်ဆင်ရန်]

တရုပ်သည် မြန်မာရှိ လက်နက်ကိုင်တို့၏ နောက်ခံဖြစ်ကြောင်း ကာလအတန်ကြာ သံသယအဖြစ်ခံရသည်။ သို့သော် ရှည်လျားသောနယ်နိမိတ်ထိစပ်မှုကြောင့် မြန်မာအစိုးရသည် တရုပ်နှင့် နီးစပ်သောဆက်ဆံရေး ရှိသည်သာမက လက်နက်ကိုင်များလည်း အလားတူဆက်ဆံရေး ရှိနေခြင်းဖြစ်သည်။ မော်စီတုံးခေါင်းဆောင်သော ၁၉၆၀-၇၀ ကာလများ၌ တရုပ်သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို အတိအလင်းထောက်ခံသည်။ သို့သော် စီးပွားရေးလိုလားသော တိန့်ရှောင်ဖန်လက်ထက်၌ မြန်မာအစိုးရနှင့် လက်တွဲကာ မြန်မာပြည်မှ သယံဇာတထုတ်ယူရန်ကို ပို၍ စိတ်ဝင်စားလာသည်။ ဗကပတို့ လက်နက်ကိုင်မှုစွန့်သည့် ၁၉၈၈ နောက်ပိုင်း၌လည်း ညီညွတ်သောဝတပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဦး စသော အခြားတိုင်းရင်းသားလက်နက်ကိုင်တို့ကို ကျောထောက်နောက်ခံပေးသည်ဟု ယုံကြည်ကြသည်။ ဒုတိယအဖွဲ့သည် မြန်မာပြည်နေ ဟန်တရုပ်များဖြစ်သည်။

၂၀၁၆ ခုတွင် တရုပ်သည် နယ်စပ်များသို့ စစ်သားများလွှတ်ကာ စည်းကြပ်သည့်နည်းတူ မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ ငြိမ်းချမ်းရေးဆွေးနွေးရန်ကိုလည်း ထောက်ခံအားပေးသည်။ ဆွေးနွေးကြရန် ရန်ပုံငွေ ဒေါ်လာ ၃ သန်းပင် ပေးခဲ့သည်။ သို့သော် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ဝအဖွဲ့ကို တရုပ်နှင့်ဆက်စပ်သည်ဟု သံသယရှိကြောင်း မြန်မာအစိုးရက ဖေါ်ပြခဲ့သည်။

ဣန္ဒိယ[ပြင်ဆင်ရန်]

ဣန္ဒိယနှင့်မြန်မာသည် ဣန္ဒိယအရှေ့မြောက်ဘက်ရှိ လက်နက်ကိုင်ဆန့်ကျင်မှုကြောင့် မဟာဗျူဟာမြောက်စစ်ဘက်ဆက်ဆံရေးကို စခဲ့သည်။ မြန်မာစစ်တပ်ကို လက်နက် သင်တန်းနှင့် နည်းဗျူဟာမြောက်ပစ္စည်းများ ပေးသည်။ အထူးသဖြင့် ရေတပ်အတွက် ရေဒါနှင့် သင်္ဘောတည်ဆောက်ရေး နည်းပညာတို့ ဖြစ်သည်။ ရေငုပ်သင်္ဘော မောင်းနှင်ထိန်းသိမ်းပြုပြင်ရေးအတွက်လည်း ကာလရှည် သင်တန်းပေးသည်။ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ၏နယ်စပ်တွင် ၁၉၉၀ နှစ်များကပင်ရှိနေသော လက်နက်ကိုင်တို့ကို ပူးပေါင်းနှိမ်နင်းရန် ဖြစ်သည်။ မြန်မာသည်လည်း အနောက်မြောက်ဘက်မှ သောင်းကျန်းသူတို့ကို ဖိဖိစီးစီးဖမ်းကာ ဣန္ဒိယအစိုးရထံ အပ်သည်။ ၂၀၂၀ ပြည့်၊ မေလတွင် ထိပ်တန်းခေါင်းဆောင်များအပါအဝင် လက်နက်ကိုင် ၂၂ ယောက်ကို ဣန္ဒိယသို့ လွှဲခဲ့သည်။ အလားတူပင် ဣန္ဒိယသည်လည်း အဖြစ်ဆိုးများကြောင့် ထွက်ပြေးလာသော ရိုဟင်ဂျာဒုက္ခသည်တို့ကို အင်အားသုံးကာ မြန်မာသို့ပင် ပြန်လွှတ်သည်။

ပါကစ္စတန်[ပြင်ဆင်ရန်]

၁၉၄၈-၅၀ ကာလ၌ ပါကစ္စတန်သည် ရခိုင်မြောက်ပိုင်းရှိ မူဂျာဟစ်တို့အား အထောက်အပံ့များ ပေးသည်။ ၁၉၅၀ ပြည့်တွင် ပါကစ္စတန်အစိုးရ မူဆလင်များအပေါ်ဆက်ဆံမှုနှင့်ပတ်သက်၍ သတိပေးချက်ပင် ထုတ်သည်။ ၎င်းအတွက် ဝန်ကြီးချုပ် ဦးနုသည် မူလဆင်ဖြစ်သူ သံအမတ် ဦးဖေခင်ကိုလွှတ်ကာ နားလည်မှုစာချုပ် သွားချုပ်စေသည်။ ပါကစ္စတန်က မူဂျာဟစ်တို့ကို မထောက်ပံ့တော့ရန်နှင့် ဒေသတွင်းလက်ကျန်တို့ကို ဖမ်းရန် သဘောတူလိုက်သည်။ ၁၉၅၄ ခုတွင် မူဂျာဟစ်ခေါင်းဆောင် ကာဆင်ကို ပါကစ္စတန်အာဏာပိုင်တို့က ဖမ်းလိုက်ပြီးနောက် မြန်မာမှ သူ့နောက်လိုက်တို့က မြန်မာအစိုးရထံ လက်နက်ချကြသည်။

ထိုင်း[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံသည် မြန်မာပြည်မှ လက်နက်ကိုင်ဆန့်ကျင်သူတို့အား အတိအလင်းထောက်ခံသူ ဖြစ်ခဲ့သည်။ ၎င်းနယ်စပ်မှဖြတ်ကာ လက်နက်ခဲယမ်းများ သွင်းနေသည်ကို မျက်စိမှိတ်ပေးသည်။ နောက်ပိုင်းတွင် ကာလရှည်ဒုက္ခသည်စခန်းဝန်ကို ပေါ့လိုသည့်ပြင် အာဆီယံအဖွဲ့ဝင်ဖြစ်လာသော မြန်မာနှင့် စီးပွားရေးသဘောတူချက်များ ရလာပြီးနောက် နယ်စပ်အားစည်းကြပ်ကာ အထောက်အပံ့အားလုံးကို ရပ်ဆိုင်းလိုက်သည်။

အမေရိကန်[ပြင်ဆင်ရန်]

၁၉၅၁ မှစ၍ စီအိုင်အေတို့က တရုပ်ပြည် ယူနန်နယ်မှ မြန်မာသို့ဝင်လာသော ကူမင်တန်တို့ကို အထောက်အပံ့များပေးသည်။ ၎င်းတွင် စက္ကူစစ်ဆင်ရေးအမည်ဖြင့် ၁၉၅၃ မတိုင်မီအထိ ထိုင်းနိုင်ငံမှတဆင့်ပေးသော လက်နက်မဟုတ်သောအထောက်အပံ့များလည်း ပါသည်။ နောက် စစ်သား ၇၀၀၀ အား ထိုင်ဝမ်သို့ လေကြောင်းဖြင့် ပို့ပြီးနောက် လက်ကျန်စစ်သားများကို ဆက်မထောက်ပံ့တော့။

မြောက်ကိုရီးယား[ပြင်ဆင်ရန်]

မြောက်ကိုရီးယားမှ ခြေလျင်သုံးအဝေးပစ်လက်နက်များ ထုတ်လုပ်ရန် နည်းပညာဝယ်ယူခဲ့သည်။ ပညာရှင်များကိုပါ ခေါ်ယူ၍ ပြည်တွင်း၌ သင်တန်းပေးရန် စီမံသော်လည်း နျူကလီးယားထုတ်ရန်ဟု သတင်းကြီးကာ အနောက်အုပ်စုမှ ဖိအားပေးလာခြင်းကြောင့် ၎င်းပညာရှင်တို့ကိုပါ ပြန်လွှတ်ရသည်။ ဝယ်ယူလက်စ ခြေလျင်သုံးအဝေးပစ်လက်နက်ထုတ်နည်းကို စစ်ဘက်ပညာရှင်များဖြင့် ဆက်လက်ဖန်တီးနေသည်။ ဆယ်စုနှစ်တခုကျော်ကြာပြီဖြစ်သော်လည်း မအောင်မြင်သေး။

ရုရှား[ပြင်ဆင်ရန်]

ယခင်က ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့သော်လည်း ၁၉၈၈ ခုနောက်ပိုင်းတွင် "ရန်သူ၏ရန်သူမှာ မိတ်ဆွေ" ဟူသော ဗျူဟာအတိုင်းပင် အနောက်အုပ်စုနှင့် မသင့်မြတ်သော ရုရှားနှင့် နီးကပ်သောဆက်ဆံရေး စခဲ့သည်။ မြန်မာဘက်မှ လက်နက်ဝယ်ယူခြင်း၊ လူကြိုက်နည်းသော ရုရှားတက္ကသိုလ်များသို့ ပညာသင်များ လွှတ်ခြင်းဖြင့် ရုရှားအတွက် ဝင်ငွေဖန်တီးပေးပြီး ရုရှားမှ အပြန်အလှန်အနေဖြင့် ကုလသမဂ္ဂ၌ မြန်မာစစ်တပ်အတွက် အမာခံပရိသတ်အဖြစ် နေသည်။

လက်နက်ရောင်းသူများ[ပြင်ဆင်ရန်]

၂၀၁၉ ခု စာရင်းအရ တပ်မတော်အား နိုင်ငံ ၇ နိုင်ငံမှ (တရုပ်၊ ဣန္ဒိယ၊ အစ္စရေး၊ မြောက်ကိုရီးယား၊ ဖိလစ်ပိုင်၊ ရုရှားနှင့် ယူကြိန်း) မှ ကုမ္ပဏီ ၁၄ ခုတို့က လက်နက်ရောင်းချပေးသည်။ ဣန္ဒိယမှ ရေငုပ်သင်္ဘာ၊ အစ္စရေးမှ အီလက်ထရောနစ်ထောက်လှမ်းရေးဆော့ဝဲနှင့် စနိုက်ပါတပ်မှန်ပြောင်းများ၊ ယူကြိန်းမှ ဘီးတပ်/ချိန်းတပ်တင့်များ၊ မြောက်ကိုရီးယားမှ အဝေးပစ်အမြောက်များ အထူးပြုရောင်းခဲ့သည်။ နည်းပညာအများဆုံးပေးသူဖြစ်လာသော တရုပ်မှ ကေအိတ် (K-8) တိုက်လေယာဉ်ထုတ်နည်း၊ ၁၂၂-မမ ဒုံးတွဲပစ်စင်ထုတ်နည်း၊ အလိုအလျောက်ပဲ့ထိန်း လေယာဉ်ပစ်ဒုံးထုတ်နည်းတို့အပြင် မောင်းသူမဲ့လေယာဉ်နှင့် စစ်ဘက်သုံးယာဉ်များ ရောင်းပေးသည်။

အခြားဖတ်ရန်[ပြင်ဆင်ရန်]

မှတ်စု[ပြင်ဆင်ရန်]

  1. အင်အားများအဖွဲ့များနှင့် လတ်တလော လှုပ်ရှားမှုရှိသော အဖွဲ့များသာ ဖြစ်သည်။ အပြည့်အစုံစာရင်းကို ဤစာမျက်နှာတွင် ကြည့်ပါ။
  2. The CIA aided Kuomintang soldiers fleeing from communist forces in Myanmar through Operation Paper, supplying them with non-lethal aid via Thailand until 1953, when they airlifted 7,000 soldiers back to Taiwan and stopped the operation.[၄][၅]
  3. Includes an additional 72,000 reserve personnel.[၇]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Richard Michael Gibson (2011)။ The Secret Army: Chiang Kai-shek and the Drug Warlords of the Golden Triangle။ John Wiley and Sons။ p. 88။ ISBN 978-0-470-83018-5
  2. Linter, B. (1995). Recent Developments on Thai-Myanmar Border. IBRU Boundary and Security Bulletin, 72-72.
  3. Alfred W. McCoy, with Cathleen B. Read and Leonard P. Adams II။ "The Shan Rebellion: The Road to Chaos", from The Politics of Heroin in Southeast Asia: CIA Complicity in the Global Drug Trade (2003 ed.)။ Lawrence Hill Books။ ISBN 1-55652-483-8။ 23 September 2011 တွင် မူရင်း အား မော်ကွန်းတင်ပြီး8 December 2011 တွင် ပြန်စစ်ပြီး Unknown parameter |deadurl= ignored (|url-status= suggested) (အကူအညီ)
  4. ၄.၀ ၄.၁ Richard Michael Gibson (2011)။ The Secret Army: Chiang Kai-shek and the Drug Warlords of the Golden Triangle။ John Wiley and Sons။ pp. 85–90။ ISBN 978-0-470-83018-5
  5. ၅.၀ ၅.၁ Steinberg, p. 44
  6. ၆.၀ ၆.၁ U Thant Myint (2006)။ The River of Lost Footsteps - Histories of Burma။ Farrar, Straus and Giroux။ pp. 274–289။ ISBN 978-0-374-16342-6
  7. International Institute for Strategic Studies; Hackett, James (ed.) (2010). The Military Balance 2010. London: Routledge, pp. 420-421. ISBN 1-85743-557-5.
  8. Myanmar Police Force Official Website။ 2 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 January 2021 တွင် ပြန်စစ်ပြီး။
  9. Heppner & Becker, 2002: 18–19
  10. ABSDF။ Myanmar Peace Monitor။ 2016-01-29 တွင် ပြန်စစ်ပြီး။
  11. ၁၁.၀ ၁၁.၁ ၁၁.၂ Burma Rotberg
  12. ၁၂.၀ ၁၂.၁ ၁၂.၂ ၁၂.၃ ၁၂.၄ Armed ethnic groups။ Myanmar Peace Monitor။ 2016-01-29 တွင် ပြန်စစ်ပြီး။
  13. ‘I Want to Stress That We Are Not the Enemy’။ 28 September 2015 တွင် ပြန်စစ်ပြီး။
  14. DKBA-5။ Myanmar Peace Monitor။ 2016-01-29 တွင် ပြန်စစ်ပြီး။
  15. AP, 4 May 2012, Myanmar state media report battles between government troops, Kachin rebels killed 31
  16. ၁၆.၀ ၁၆.၁ ၁၆.၂ Burma center for Ethnic Studies, Jan. 2012, "Briefing Paper No. 1" http://www.burmalibrary.org/docs13/BCES-BP-01-ceasefires(en).pdf
  17. NMSP။ Myanmar Peace Monitor။ 2016-01-29 တွင် ပြန်စစ်ပြီး။
  18. 47 Govt Troops Killed, Tens of Thousands Flee Heavy Fighting in Shan Stateirrawaddy.org
  19. NDAA။ Myanmar Peace Monitor။ 2016-02-28 တွင် ပြန်စစ်ပြီး။
  20. TNLA။ Myanmar Peace Monitor။ 2016-01-29 တွင် ပြန်စစ်ပြီး။
  21. Johnson, Tim (29 August 2009). China Urges Burma to Bridle Ethnic Militia Uprising at Border. The Washington Post.
  22. Wa army fielding new Chinese artillery, ATGMs။ IHS Jane's Defence Weekly။ 23 July 2015 တွင် ပြန်စစ်ပြီး။
  23. Pavković, 2011: 476
  24. Bertil Lintner (1999). Burma in revolt: opium and insurgency since 1948. Bangkok: Silkworm Press. ISBN 978-974-7100-78-5.
  25. Myanmar: Armed forces. Encyclopedia of the Nations.
  26. Modern Conflicts - Death Tolls .pdf
  27. De re militari: muertos en Guerras, Dictaduras y Genocidios။ 6 October 2014 တွင် ပြန်စစ်ပြီး။
  28. Janie Hampton (2012). Internally Displaced People: A Global Survey. London: Routledge. ISBN 978-1-136-54705-8.
  29. Myanmar Coup: With Aung San Suu Kyi Detained, Military Takes Over Government။ NPR (1 February 2021)။