မြန်မာနိုင်ငံ၏ စီးပွားရေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်သည် ပုဂ္ဂလိကပိုင်နှင့် အစိုးရပိုင် စီးပွားရေးပုံစံနှစ်မျိုး ရောစပ်ထား ခြင်း ဖြစ်သည်။ ပုဂ္ဂလိကပိုင်းက စိုက်ပျိုးရေးနှင့် အသေးစားစက်မှုလုပ်ငန်းများတွင် နေရာယူပြီး နိုင်ငံတော်ပိုင်းက စွမ်းအင်၊ အကြီးစားစက်မှုလုပ်ငန်းနှင့် ဆန်စပါး ရောင်းဝယ်ရေးအပိုင်းတို့ကို ရယူထားသည်။ ၁၉၈၉-၉၉၊ ၁၁ နှစ်တာကာလအတွင်း နိုင်ငံတော်၏ မူဝါဒမှာ တင်းကျပ်စွာ ဗဟိုမှ ထိန်းချုပ်သော စနစ်ကို ကျင့်သုံးရန် ရည်ရွယ်ခဲ့သော်လည်း မကြာမီကာလများက ဤပြုပြင်မှုများကို ရပ်တန့်ခဲ့သည်။ ဤသို့ဖြင့် ပုဂ္ဂလိကကဏ္ဍတွင် တိုးတက်မှုများ ပြလာသည်။

မာတိကာ

ကျယ်ပြန့်သော စီးပွားရေး၏ ဦးတည်ချက်[ပြင်ဆင်ရန်]

အောက်ပါဇယားသည် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုဂျီဒီပီကို ကာလပေါက်ဈေး ဖြင့် ခန့်မှန်း ချေ တန်ဖိုးအတိုင်း ပြထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး

ငွေကြေး-ကျပ်

ဘဏ္ဍာရေးနှစ်-အောက်တိုဘာလ(၁)ရက်မှ စက်တင်ဘာ(၃၀)ရက်ထိ

ကုန်သွယ်ရေးအဖွဲ.အစည်းများ-ဒဗလျူတီအို၊ အာဆီယံ

ဂျီဒီပီ(ပီပီပီ) - အမေရိကန်ဒေါ်လာ ၇၈.၇၄ ဘီလီယံ

ဂျီဒီပီတိုးနှုန်း-၂.၉ ရာခိုင်နှုန်း (၂ဝဝ၅ ခုနှစ်ခန့်မှန်း)

ဆင်းရဲနွမ်းပါးမှုအဆင့်

အောက်ရှိလူဦးရေ-၂၅ ရာခိုင်နှုန်း (၂ဝဝဝ ပြည့်နှစ် ခန့်မှန်း)

အလုပ်သမား၊ လုပ်ငန်းကဏ္ဍအလိုက် - စိုက်ပျိုး ရေး ၇ဝ ရာခိုင်နှုန်း၊ စက်မှု ၇ ရာခိုင်နှုန်း၊ ဝန်ဆောင်မှု ၂၃ ရာခိုင်နှုန်း (၂ဝဝ၁ ခုနှစ်)

အလုပ်လက်မဲ့ဦးရေ-၅ ရာခိုင်နှုန်း (၂ဝဝ၅ ခုနှစ်ခန့်မှန်း)

ကဏ္ဍအလိုက်လုပ်ငန်းများ-စိုက်ပျိုးထုတ်လုပ်မှု၊ ချည်မျှင်နှင့်ဖိနပ်၊ သစ်နှင့်သစ်ထွက်၊ သတ္တုကဏ္ဍ (ကြေးနီ၊ သံဖြူ၊ အဖြိုက်နက်၊ သံ)၊

ဆောက်လုပ်ရေး ပစ္စည်း၊ ဆေးဝါး၊ ဓာတ်မြေဩဇာ

ကုန်သွယ်ဖက်နိုင်ငံများ[ပြင်ဆင်ရန်]

ထုတ်ကုန်- အမေရိကန်ဒေါ်လာ ၃.၁၁၁ ဘီလီယံ (သင်္ဘောပေါ်ရောက်တန်ဖိုး)

မှတ်ချက်-တရားဝင်ထုတ်ကုန်ဈေးနှုန်းများမှာ ထိုင်း၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ နယ်စပ်မှ မှောင်ခိုတင်ပို့မှုကြောင့် များစွာ လျှော့ပြထားသည်။

ထုတ်ကုန်ပစ္စည်း-အဝတ်အထည်၊ ဓာတ်ငွေ့၊ သစ်ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊ ငါးနှင့် ဆန်စပါး

သွင်းကုန်-အမေရိကန်ဒေါ်လာ ၃.၄၅၄ ဘီလီယံ (ဆိပ်ကမ်း ရောက်တန်ဖိုး)

မှတ်ချက်-သွင်းကုန်တန်ဖိုးများမှာ ထိုင်း၊ တရုတ်၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့မှ မှောင်ခိုတင်သွင်းမှုကြောင့် များစွာ လျှော့ပြထားပါ သည်။ (၂ဝဝ၄)

သွင်းကုန်ပစ္စည်းများ-အထည်အလိပ်၊ ရေနံထွက်ပစ္စည်းများ၊ ပလတ်စတစ်၊ စက်ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးကိရိယာတန်ဆာပလါ၊

ဆောက်လုပ်ရေးပစ္စည်း၊ ရေ နံစိမ်း၊ စား သောက်ကုန်ပစ္စည်းများ။

အဓိကကုန်သွယ်ဖက်နိုင်ငံများ- တရုတ် ၂၉.၃ ရာခိုင်နှုန်း၊ ထိုင်း ၂၂.၂ ရာခိုင်နှုန်း၊ စင်ကာပူ ၁၈.၇ ရာခိုင်နှုန်း၊ မလေးရှား ၅.၄ ရာခိုင်နှုန်း (၂ဝဝ၅)

ပြည်သူ့ ဘဏ္ဍာကဏ္ဍ

နိုင်ငံတော် ကြွေးမြီ - အမေရိကန်ဒေါ်လာ ၆.၉၉ ဘီလီယံ (၂ဝဝ၅ ခုနှစ်ခန့်မှန်း)

အခွန်ရငွေ- အမေရိကန်ဒေါ်လာ ၄၇၃.၃ သန်း (ဘက္ဍာရေးနှစ် ဝ၄/ဝ၅ ခန့်မှန်း)

သုံးငွေ- အမေရိကန်ဒေါ်လာ ၇၁၆.၆ သန်း၊ ငွေလုံး ငွေရင်းသုံးငွေ-အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံ (ဘဏ္ဍက္ဍာရေးနှစ် ဝ၄/ဝ၅ ခန့်မှန်း)

စီးပွားရေးထောက်ပံ့ငွေ-ရငွေ အမေရိကန်ဒေါ်လာ ၁၂၇ သန်း (၂ဝဝ၁ ခုနှစ်ခန့်မှန်း)

စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (ကျပ်သန်း ပေါင်း)

၁၉၆၅ ၇၆၂၇

၁၉၇ဝ-၁ဝ၄၃၇

၁၉၈ဝ-၃၆၆ဝ၈

၁၉၈၅-၅၅၉၈၈

၁၉၉ဝ-၁၅၁၉၄၁

၁၉၉၅-၆ဝ၄၇၂၈

နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို အားပေး သော်လည်း အသင့်အတင့်သာ အောင်မြင်မှု ရှိသည်။ စစ်အစိုးရ၏ မူဝါဒများကို လက်ခံယုံကြည်ရန် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများမှ တွန့်ဆုတ်နေကြသည့်အပြင် စစ်အစိုးရအား ဝိုင်းကြဉ်ထားရန် နိုင်ငံတကာ ဖိအားပေးသောကြောင့် ဖြစ်သည်။ စစ်အစိုးရ၏ လူ့အခွင့်အရေး စိုးရိမ်ရမှုများရှိနေသဖြင့် အမေရိကန်အစိုးရက စီးပွား ရေးဒဏ်ခတ် အရေးယူထားသည်။ အစိုးရအပိုင်းကက္ဍမှာ ထိရောက်မှုမရှိဘဲ ညံ့ဖျင်းနေပြီး ပုဂ္ဂလိပိုင်းသို့ ကူး ပြောင်းရေး လုပ်ငန်းစဉ်မှာလည်း တန့်နေသည်။ နိုင်ငံခြားကုန်သွယ်မှု အခန်း ကဏ္ဍက္ဍမှာ မှောင်ခိုထုထည်ကြီးမားမှုကြောင့် တိကျစွာ သိရှိနိုင်ရန် ခက်ခဲသည်။ အဓိကဒုက္ခပေးနေသော ကိစ္စမှာ ငွေကြေးနှင့် ရသုံးမှန်းခြေကိစ္စရပ်များ တည်ငြိမ်ခိုင်မာမှု မရှိခြင်း ဖြစ်သည်။ ဤအချက်များ ကြောင့်ပင် မြန်မာနိုင်ငံ သည် လွန်ခဲ့သည့် ၁ဝ နှစ်ကျော်ကာလများကစ၍ ဆင်းရဲသည့်နိုင်ငံအဖြစ် တည်ရှိလျက်ရှိပြီး လူဦးရေအများစုကြီး၏ လူနေမှုအဆင့်အတန်းမှာ တိုးတက်လာစရာ မရှိပေ။ စီးပွားရေးတိုးတက်မှုအား အဓိကနှောင့်နှေး စေသော အကြောင်းအရာများမှာ နိုင်ငံ၏ စီမံကိန်းများ ညံ့ဖျင်း ခြင်း၊ ပြည်တွင်းငြိမ်သက်မှု မရှိခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းပါး ခြင်းနှင့် ကုန်သွယ်ရေး လိုငွေပြမှု ကြီးထွား ခြင်းတို့ဖြစ်သည်။ များမကြာမီ ကာလများက အစိုးရ၏ စွမ်းဆောင်ချက်မှာ မြန်မာနိုင်ငံ၏ ဓာတ်ငွေ့သိုက်ကြီးများအား ဖော်ထုတ်နိုင်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် တစ်ဦးချင်း ဂျီဒီပီစံနှုန်းအရ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်သည်။ (၂ဝဝ၅ ခုနှစ်က တစ်ဦးချင်းဂျီဒီပီမှာ အမေရိကန် ၉၇ ဒေါ်လာသာရှိသည်။)

စီအိုင်အေ၏ ကမ္ဘာ့အချက်အလက်စာအုပ်တွင်

'မြန်မာနိုင်ငံ။ ။ သယံဇါတ ပေါကြွယ်ဝသည်။ နေရာတကာတွင် နိုင်ငံတော်၏ ထိန်းချုပ်ထားသည်။ စီးပွားရေးမူဝါဒများက ညံ့ဖျင်းသည်။ ကျေးလက်များဆင်းရဲသည်။ ဆယ်စုနှစ်များစွာ 'မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်' အောက်တွင် မအောင်မြင်ခဲ့သည့် စီးပွား ရေးစနစ်ကို စစ်အစိုးရက ၁၉၉ဝ ပြည့်အစပိုင်း၌ ထိန်းချုပ်မှုများအား လျှော့ပေါ့ပေးရန် ခြေလှမ်း ပြင်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ အချို့သော ထိန်းချုပ်မှု လျှော့ပေးခဲ့သော ကက္ဍများကိုပင် ရပ်စဲပစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ငွေကြေးနှင့်ရသုံးမှန်းခြေ တည်ငြိမ်မှုမရှိချေ။ ထို့ကြောင့် ကျယ်ပြန့်သော စီးပွား ရေးကက္ဍတွင် တစ်ဖက် စောင်းနင်းများ ဖြစ်ပေါ်ပြီး ငွေကြေး ဖောင်းပွခြင်း၊ ငွေလဲနှုန်း ပေါင်းများစွာ ကျင့်သုံးသဖြင့် ကျပ်ငွေတန်ဖိုး မြင့်မားခြင်းနှင့် အတိုးနှုန်းများ မတည်မငြိမ်ဖြစ်ခြင်းတို့ကို ခံနေရသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုများအား ဖြိုခွင်းပြီးနောက် ဖွံ့ဖြိုးမှုအတွက် ထောက်ပံ့မှုများ ရပ်စဲသွားသည်။ ၁၉၉ဝ ပြည့်နှစ် ပါလီမန်ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သည်။ ၂ဝဝ၃ ခုနှစ် မေက ဒေါ် အောင်ဆန်းစုကြည်၏ ယာဉ်တန်းအား တိုက်ခိုက်ခဲ့သည့်နောက်ပိုင်းတွင် အမေရိကန်အစိုးသည် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုအသစ်များ ထပ်မံချထားပြီး မြန်မာထုတ်ကုန်များအား ပိတ်ဆို့ခြင်း၊ အမေရိကန်နိုင်ငံသားများ၏ ငွေကြေးကိစ္စ ဝန်ဆောင်မှုများကို တားမြစ်ခြင်းများ ပါဝင်သည်။ ရင်းနှီးမြှုပ်နှံမှု အခြေအနေကောင်းများ ကင်းမဲ့နေခြင်း ကြောင့် နိုင်ငံခြား ငွေအဝင်နှေးကွေးသည်။ ထုတ်လုပ်မှုအမြင့်ဆုံးကက္ဍများမှာ သယံဇာတ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ၊ ရေနံဓာတ်ငွေ့၊ သတ္တုတွင်းနှင့် သစ်ထုတ်လုပ်ရေးများ ဖြစ်သည်။ အခြားကက္ဍများ ဖြစ်သည့် ကုန်ပစ္စည်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု ကက္ဍများမှာ မပြည့်စုံသည့် အခြေခံအဆောက်အအုံများ၊ မရေရာသည့် သွင်းကုန်/ထုတ်ကုန်မူဝါဒများ၊ ချွတ်ခြုံကျနေသည့် ကျန်းမာရေးနှင့် ပညာရေးစနစ်များ၊ ခြစားခြင်းကိစ္စများ၏ ဒဏ်တို့က ဖိစီးလျက်ရှိသည်။ ၂ဝဝ၃ ခုနှစ်က ဘဏ်လုပ်ငန်း ပြဿနာကြီးတစ်ခုကြောင့် ပု လိကဘဏ်ပေါင်း ၂ဝ တို့ ပိတ်ခဲ့ရပြီး စီးပွားရေးစနစ် အကြီးအကျယ် ထိခိုက်ခဲ့သည်။ ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာတွင် အကြီးဆုံးသော ပုလိကပိုင်ဘဏ် ၂ဝ သည် တင်းကျပ်သည့် ကန့်သတ်ချက်များ အောက်တွင် လုပ်ငန်း ဆောင်ရွက်ရြပီး တရားဝင်ငွေကြေး ချေးငှားခြင်းကို ကန့်သတ်ခံခဲ့ရသည်။ တရားဝင် စာရင်းဇယားများမှာ မှန်ကန်ခြင်းမရှိဘဲ နိုင်ငံခြားကုန်သွယ်မှု ကိန်းဂဏန်းများမှာ ကြီးမားလှသည်။ မှောင်ခိုလုပ်ငန်းနှင့် တရားမဝင် ကုန်သွယ်မှုများမှာ တရားဝင် ကုန်သွယ်မှု နီးနီးရှိမည်ဟု ယူဆရသည်။ ထိုင်း၊ တရုတ်နှင့် အိန္ဒိယတို့နှင့် ကုန်သွယ်မှုမှာ တိုးလျက်ရှိသည်။ မြန်မာအစိုးရသည် အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သော ကုန်သွယ်မှု ဆက်ဆံရေးများ ရှိသော်လည်း ပိုမိုကောင်းမွန်သည့် ရင်းနှီး မြှုပ်နှံမှုများ တိုးတက်ဖွံ့ဖြိုးခြင်း၊ ထုတ်ကုန်နှင့် ခရီးသွားလုပ်ငန်းများ တွင်ကျယ်ခြင်းများ ဖြစ်စေရန် အားပေးရမည်ဖြစ်သည်။

စာရင်းအင်း[ပြင်ဆင်ရန်]

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု- ၇.၃၉၃ ဘီလီယံ ကီလိုဝပ်နာရီ (၁၉၉၈)

လျှပ်စစ်ဓာတ်အား-ထုတ်လုပ်မှုရင်း မြစ်အလိုက်

ရုပ်ကြွင်း လောင်စာ-၆၁.၇၂ ရာခိုင်နှုန်း

ရေအား-၃၈.၂၈ ရာခိုင်နှုန်း

အဏုမြူ-ဝ ရာခိုင်နှုန်း

အခြါး-ဝ ရာခိုင်နှုန်း (၁၉၉၈)

လျှပ်စစ်ဓာတ်အား-သုံးစွဲမှု ၆.၈၇၅ ဘီလီယံ ကီလိုဝပ်နါရီ (၁၉၈၈ ခုနှစ်)

လျှပ်စစ်ဓာတ်အား-တင်ပို့မှု ဝ ကီလိုဝပ်နါရီ (၁၉၉၈)

လျှပ်စစ်ဓာတ်အား-တင်သွင်းမှု ဝ ကီလိုဝပ်နါရီ (၁၉၉၈)

စိုက်ပျိုး ရေး-ထုတ်ကုန် ဆန်စပါး၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ကြံ၊ ပဲ၊ သစ်မာ

ငေွလဲလှယ်နှုန်း- ကျပ်/ဒေါ်လာ-၅.၈၂ (၂ဝဝ၅)၊ ၅.၇၄၅၉ (၂ဝဝ၄)၊ ၆.ဝ၇၆၄ (၂ဝဝ၄)၊ ၆.၅၇၃၄ (၂ဝဝ၂) ၆.၆၈၄၁ (၂ဝဝ၁) ဤကိန်းဂဏန်း များသည် တရားဝင်ငွေလဲနှုန်းများ ဖြစ်သည်။ ပြင်ပဈေးကွက်ပေါက်ဈေးမှာ ၂ဝဝ၄ ခုနှစ်တွင် တစ်ဒေါ်လာ=၈၁၅ ကျပ်မှ ၉၇ဝ ကျပ်ထိရှိပြီး၊ ၂ဝဝ၅ ခုနှစ်တွင် တရားမဝင်ငွေလဲနှုန်းမှာ ၁ ဒေါ်လာ- ၁ဝ၇၅ ကျပ်ဖြစ်သည်။

မြန်မာ့စီးပွားရေးသမိုင်း[ပြင်ဆင်ရန်]

၁၈၂၆[ပြင်ဆင်ရန်]

ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ ရလာဒ်အရ ဗမာပြည်၏ အချို့နယ်များကို ဗြိတိသျှအင်ပါယာအတွင်းသို့ သွတ်သွင်းခဲ့သည်။ ဗြိတိသျှတပ်များနှင့်အတူ အိန္ဒိယမှ ငွေရေးကြေးရေး အထူးကျင်လည်သော ချစ်တီးယားဟုခေါ်သော ငွေချေးသူများ အတူပါဝင်လာခဲ့သည်။ ရာစုနှစ်တစ်ခုအကြာတွင် ချစ်တီးယားများသည် ဗြိတိသျှအိန္ဒိယဒေသအနှံ့တွင် ငွေချေးခြင်းနှင့် စာရင်းအင်းလုပ်ငန်းများ ကြံဆခြင်းနှင့် ဟန္ဒီပုံစံ အလွတ်သဘော ငွေလွှဲခြင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ ၁၉၃၀ ခုနှစ်တွင် ချစ်တီးယားဘဏ်များသည် ဗြိတိသျှလက်အောက် ဗမာပြည်အနှံ့တွင် ရုံးခွဲပေါင်း ၁၆၅၀ထိရှိခဲ့ပြီး ဗမာပြည်အတွက် အခြေခံငွေကြေးစနစ်ကို အသက်သွင်းခဲ့သည်။ အဆိုပါဆောင်ရွက်မှုသည် ဒုတိယကမ္ဘာစစ်မတိုင်ခင် ဆောင်ရွက်ခဲ့သမျှထဲတွင် အရေးကြီးဆုံး လုပ်ရပ်ဖြစ်ခဲ့သည်။

၁၈၅၂[ပြင်ဆင်ရန်]

ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ။ မြန်မာပြည်အောက်ပိုင်း အင်္ဂလိပ်လက်ထက်သို့ ကျဆင်းခဲ့သည်။

မင်းတုန်းမင်းသည် မန္တလေးမြို့တွင် တော်ဝင်ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့သည်။ အဆိုပါ ကျပ်ဟုခေါ်သော ရွှေနှင့် ငွေဒင်္ဂါးများသည် ဗမာ့ပထမဦးဆုံး တရားဝင်ငွေများဖြစ်လာပြီး စက်များကို ပဲရစ်မှ ပုံစံများကို သုံးပြီး အင်္ဂလန်နိုင်ငံ ဘာမင်ဂန်မှ တင်သွင်းလာသော စက်များဖြင့် သွင်းလုပ်ရိုက်နှိပ်ခဲ့ပါသည်။ အနုတ်ငွေများမှာ ၁ ပဲ၊ ၁ မူး (၂ပဲ)၊ ၁ မတ် (၄ပဲ)၊ ၅မူး (၁၀ပဲ) နှင့် အိန္ဒိယရူပီး ၁ ရူပီးနှင့် တန်ဖိုးညီမျှသော ၁ကျပ်တို့ဖြစ်ကြပါသည်။ ရူပီးသည် ဗြိတိသျှအိန္ဒိယတွင် သုံးသောငွေကြေးဖြစ်ပြီး ပထမဦးဆုံးသော ငွေစက္ကူဖြစ်သည်ဟု မှတ်သားထားသည်။ ဒေါင်းဒင်္ဂါးများ၏ ကျောဘက်တွင် တော်ဝင်ဒေါင်းပုံစံရိုက်နှိပ်ထားပြီး ဗြိတိသျှများက ဒေါင်းရူပီးဟု နောက်ပိုင်းတွင် ခေါ်ဆိုကြသည်။

၁၈၆၁[ပြင်ဆင်ရန်]

အိန္ဒိယ ဘင်္ဂလားဘဏ်သည် ရန်ကုန်ဘဏ်ခွဲကို ဖွင့်လှစ်ခဲ့သည်။

၁၈၆၉[ပြင်ဆင်ရန်]

စူးအက်တူးမြောင်းဖွင့်သဖြင့် ဥရောပသို့သွားသောအချိန် တဝက်လျော့သွားပြီး ဗမာပြည်သည် အင်ပါယာကို ဆန်စပါးတင်ပို့ရန် အကောင်းဆုံး ပထဝီဝင်အနေအထားတွင် ရောက်ရှိလာခဲ့သည်။

၁၈၇၆[ပြင်ဆင်ရန်]

ဗြိတိသျှများအမြင်၌ ဗမာပြည်အနှံ့အပြားတွင် မြေယာပိုင်ဆိုင်မှုဟူသော ဓလေ့မရှိဟု သတ်မှတ်ထားသည်။

ဆန်စပါးစိုက်ပျိုးမှုကို မြှင့်တင် အားပေးရန်နှင့် အင်ပါယာ၏ ဝင်ငွေကို တိုးပွားစေရန် ဗမာပြည်မြေယာဥပဒေကို ပြဌာန်းခဲ့ပါသည်။ ဥပဒေထဲတွင် မြေနေရာတစ်ခုအတွက် ၁၂နှစ်အခွန်ဆောင်ပြီးလျှင် မြေပိုင်ဆိုင်ခွင့်ကို ပေးအပ်မည်ဟု ခွင့်ပြုထားသည်။

၁၈၈၅[ပြင်ဆင်ရန်]

တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ။ ဗမာတစ်ပြည်လုံးသည် ဗြိတိသျှအင်ပါယာ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။ ရူပီးများလည်း ကျပ်ငွေ၏ နေရာသို့ အစားထိုးခဲ့သည်။

၁၈၉၇[ပြင်ဆင်ရန်]

အိန္ဒိယအစိုးရသည် ဗမာရူပီးများတွင် မြန်မာစာရေးသွင်းပြီး ပုံစံအသစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။

၁၉၀၀[ပြင်ဆင်ရန်]

ဗမာပြည်သည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်လာခဲ့ပါသည်။

ပထမဦးဆုံးဒေသအခြေစိုက်ဘဏ်ကို အကရပ် (ယခု စစ်တွေ)တွင် ဖွင့်လှစ်ခဲ့ပါသည်။

၁၉၀၅[ပြင်ဆင်ရန်]

ချစ်တီးယားများ၏ လွှမ်းမိုးလားမှုကို လျှော့ချရန် တရားဝင်သမဝါယမ ချေးငွေစနစ်ကို မိတ်ဆက်ခဲ့ပါသည်။ ၁၉၂၉တွင် အဖွဲ့အစည်းပေါင်း ၄၀၀၀ထိ ကြီးထွားခဲ့ပြီး နှောင်းပိုင်းတွင် အကောင်အထည်ဖော်ဆောင်မှု အားနည်းသောကြောင့် ကျဆုံးခဲပါသည်။

၁၉၁၄[ပြင်ဆင်ရန်]

ကုမ္ပဏီလုပ်ငန်းများလုပ်လိုသူများအတွက် ဗမာ့ကုမ္ပဏီဥပဒေကို ထူထောင်ခဲ့ပါသည်။

၁၉၂၃[ပြင်ဆင်ရန်]

ဗမာပြည်သည် ဗြိတိသျှအိန္ဒိယအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ကြီးအဖြစ် အဆင့်မြှင့်ခံခဲ့ရသည်။

၁၉၂၀ နှင့် ၁၉၃၀ခုနှစ်များ[ပြင်ဆင်ရန်]

ချစ်တီးများကို ကိုလိုနီကိုဆန့်ကျင်သူများမှ ဦးတည်တိုက်ခိုက်ခံခဲ့ရသောကြောင့် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း ဖွံဖြိုးရေးအတွက် အရေးပါသောကဏ္ဍဖြင့် ပါဝင်ခဲ့သော်လည်း ၎င်းတို့၏ ဩဇာကျဆင်းခဲ့သည်။

သမဝါယမလုပ်ငန်းများ ခေါင်းထောင်လာခဲ့ပြီး ချစ်တီးများ၏ ချေးငွေစနစ်ကို အစားထိုးရန်ကြိုးစားခဲ့သော်လည်း အကောင်အထည်ဖော်မှု အားနည်းသောကြောင့် အချည်းနှီးဖြစ်ခဲ့သည်။ ချစ်တီးများခေတ်ကုန်လာချိန်တွင် ၎င်းတို့အား လုံလုံလောက်လောက် အစားထိုးရန် မရှိခဲ့ချေ။

တစ်ကမ္ဘာလုံးရှိ နိုင်ငံများကို ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေးကျဆင်းစေသော ကမ္ဘာ့စီးပွားရေးပျက်ကပ်သည်လည်း ဗမာနိုင်ငံနှင့် အရှေ့တောင်အာရှကို ထိလာသည်။ ဆန်ဈေးသည် ကျဆင်းသွားပြီး လယ်သမားများ အကျပ်အတည်းကို ဖြစ်စေသည်။

၁၉၃၇[ပြင်ဆင်ရန်]

ဧပြီ ၁- ဗမာပြည်ဆိုင်ရာ ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်အရ ဗမာပြည်ကို အိန္ဒိယမှ ခွဲထုတ်ပြီး လွတ်လပ်သော ပါလီမန်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ ငွေကြေးများနှင့် ဘဏ်လုပ်ငန်းများသည် ဗြိတိသျှတို့ ခန့်အပ်သော ဘုရင်ခံကသာ ဆက်လက်၍ အုပ်ချုပ်နေဆဲဖြစ်သည်။ အိန္ဒိယအရံငွေကြေးဘဏ် (RBI) ကို နှစ်နိုင်ငံ၏ ဘုံဗဟိုဘဏ်အဖြစ် တစ်ပြိုင်တည်း သုံးခဲ့သည်။

၁၉၃၈[ပြင်ဆင်ရန်]

မေ- ဇွန် - RBI ၏ ငွေစက္ကူများ “ထင်ရှားသော ဒီဇိုင်းဖြစ်စေရေး” အမိန့်အရ ၅ရူပီးတန်များကို မေလတွင် ဖြန့်ဝေခဲ့ပြီး ဇွန်လတွင် ၁၀ တန် ဖြန့်ဝေခဲ့သည်။ (အဆိုပါဆုံးဖြတ်ချက်တွင် ဗမာဘက်မှလူ မပါခဲ့ပါ။) ငွေစက္ကူများအပေါ်တွင် အင်္ဂလိပ်၊ ဗမာနှင့် ရှမ်းစာများ ရေးသားထားသည်။

၁၉၃၉[ပြင်ဆင်ရန်]

ဇူလှိုင်- ငွေသားများအဖြစ် ၅၊ ၁၀၊ ၁၀၀၊ ၁၀၀၀၊ ၁၀၀၀၀ ဗမာရူပီးများကို ဂျောချ့် ၆ ၏ပုံကတစ်ဘက် ဒေါင်း၊ ဆင်၊ ကျား၊ လှေ၊ နွားလှည်းများ ပုံများတစ်ဘက်ဖြင့် ထုတ်ဝေခဲ့သည့်။ ၎င်းတို့သည် ဗမာပြည်တွင်သာ တရားဝင်ပြီး အိန္ဒိယတွင် အသုံးမဝင်ပါ။ သို့သော် အိန္ဒိယရူပီးများသည် ဗမာပြည်တွင် သုံးနေသလို ဗမာပြည်ငွေစက္ကူများသည် RBI သို့ ငွေကြေးဖလှယ်ရန် စီးဆင်းနေသောကြောင့် အဆက်မပြတ် ငွေသားများ နည်းနည်းလာစေသည်။

၁၉၄၁[ပြင်ဆင်ရန်]

ဂျပန်ကျူးကျော်တပ်များ မရောက်ခင်အချိန်တွင် ဗမာပြည်တွင် ဘဏ် ၂၄ဘဏ်သည် လည်ပတ်နေပြီး ၎င်းတို့၏ ဌာနချုပ်များသည် Lloyds, HSBC, Thomas Cook and Son, Bank of China, National City Bank of New York (ယခု CitiBank)တို့မှ ဖြစ်ကြပါသည်။

၁၉၄၂[ပြင်ဆင်ရန်]

မတ် ၇ရက်- ဂျပန်တပ်များသည် ရန်ကုန်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါသည်။ တလအကြိုခန့်က ဘဏ်များသည် စာရွက်စာတမ်းများကို မိတ္တူကူးပြီး ကာလကတ္တားသို့ သင်္ဘောများ၊ ရထားများနှင့် ပို့ဆောင်ပြီး ဝန်ထမ်းများနှင့် အရံရွှေများကိုလည်း သယ်ဆောင်သွားခဲ့ပြီးဖြစ်ပါသည်။ ဘဏ်ဒါရိုက်တာတစ်ဦးသည် ရွှေများနှင့် ရတနာများကို မေမြို့တွင် မြေအောက်ခန်းတူးကာ ဝှတ်ထားခဲ့သည်။ နောက်တစ်ဦးသည်လည်း နောက်ဆုံးရထားလွတ်သွားသောကြောင့် အိန္ဒိယသို့ ခြေလျင်လျောက်သွားခဲ့ရပါသည်။ အိန္ဒိယအနွယ် ငွေချေးသူများလည်း လွတ်မြောက်ခဲ့ကြပါသည်။

ဂျပန်စစ်တပ်ရူပီးများကို ထုတ်ပြန်ခဲ့ပြီး ၎င်းတို့သည် ၁၀၀ ဆင့်ပိုင်းထားပြီး စက္ကူသက်သက်သာဖြစ်သည်။ နောက်တစ်နှစ်မှာပင် ၎င်းတို့ကို သက်တမ်းတိုသော ဂျပန်ကျပ်ငွေများနှင့် အစားထိုးခဲ့သည်။

၁၉၄၅[ပြင်ဆင်ရန်]

ဒုတိယကမ္ဘာစစ်ပြီးသည်။ ဂျပန်ကိုလည်း ဗြိတိသျှနှင့် မဟာမိတ်တပ်များမှ မြန်မာနိုင်ငံမှ မောင်းထုတ်ခဲ့သည်။ ဂျပန်များ ထုတ်ဝေခဲ့သည့် ငွေကြေးကိုလည်း အသိအမှတ်မပြုသောကြောင့် လူတော်တော်များများလက်ထဲတွင် စက္ကူစုတ်များသာ ကျန်ရစ်ခဲ့သည်။ ရူပီးများ ပြန်အသက်ဝင်ခဲ့သည်။

၁၉၄၆[ပြင်ဆင်ရန်]

ဇန်- မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားဘဏ်များ ပြန်လည်ဝင်ရောက်လာပြီး ပြန်လည်ဖွင့်လှစ်ခဲ့သည်။

၁၉၄၇[ပြင်ဆင်ရန်]

ဧပြီ ၁ - ဒေသတွင်းဘဏ်များနှင့် နိုင်ငံခြားဘဏ်များအကြား ငွေကြေးဖလှယ်ရန် ကြားဝင်ပေးရေးအတွက် ဗမာ့ငွေကြေးဘုတ်အဖွဲ့ကို လန်ဒန်မြို့တွင် အခြေစိုက်ကာ ဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တွင် ပါဝင်သော “the economic life of the Union shall be planned “ “ပြည်ထောင်စု၏ စီးပွားရေးပုံစံသည် ဗဟိုမှ စီစဉ်သည့်အတိုင်း ဖြစ်ရမည်။” (ဘာသာပြန်လွဲနိုင်သည်) ဟုရေးသားထားသည့်အတိုင်း နိုင်ငံတော်၏ စီးပွားရေးကို ဗဟိုမှ ထိန်းချုပ်ကာ သမဝါယမများနှင့် စီးပွားရေးအဖွဲ့အစည်းအငယ်စားများကို အလေးပေးခဲ့သည်။ အရင်းရှင်စနစ်ကို နယ်ချဲ့ဝါဒ၏ စနစ်အဖြစ် ထင်မြင်ခဲ့ကြသည်။

၁၈၄၈[ပြင်ဆင်ရန်]

ဇန် ၄- လွတ်လပ်ရေးရရှိခဲ့သည်။ သို့သော် ပြည်တွင်းစစ်ကြောင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု နှေးကွေးခဲ့သည်။

လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ခြင်းဥပဒေ (၎င်းကို ၁၉၅၃ တွင် ပြန်ပြင်ခဲ့သည်) ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ “The State is the ultimate owner of all lands” “နိုင်ငံတော်သည် နိုင်ငံအတွင်းရှိ မြေယာအားလုံး၏ အန္တိမပိုင်ဆိုင်သူဖြစ်ရမည်” (ဘာသာပြန်လွဲနိုင်သည်)ဟူသော စကားရပ်အရ ဥပဒေပြုခဲ့သည်။

ဗြိတိသျှမှ ထုတ်ပေးထားသောရူပီးငွေကြေးများကို ဗမာရူပီးဟုခေါ်သော ငွေကြေးဖြင့်အစားထိုးသည်။ ဗမာတစ်ရူပီးသည် ၁၆ ပဲနှင့် ညီမျှပြီး တစ်ပဲကို ၄ ပြားဖြင့် ညီမျှသည်။

၁၉၄၉[ပြင်ဆင်ရန်]

ခြင်္သေ့ပုံကျောဘက်တွင်ပါသော ပဲနှင့် ပြားစေ့ အကြွေများ ထုတ်ဝေခဲ့သည်။

၁၉၅၂[ပြင်ဆင်ရန်]

ကိုရီးယားစစ်ပွဲကြောင့် ဆန်ဈေးတက်ခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာ တိုးပွားခဲ့သည်။ နိုင်ငံတော်သည် “ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒ” သို့ ကူးပြောင်းခဲ့ပြီး နိုင်ငံခြားသားပိုင်လုပ်ငန်းများကို အသိအမှတ်မပြုဘဲ ထိန်းချုပ်မှုရနိုင်ရန် ဗဟိုပြုစီးပွားရေးစနစ်ကို ကျင့်သုံးခဲ့သည်။

ဝန်ကြီးချုပ်ဦးနုသည် အမေရိကန်အကြံပေးများ၏အကူအညီဖြင့် “ပြည်တော်သာစီမံကိန်း”ကို ရေးဆွဲခဲ့ပြီး ကိုလိုနီလက်အောက်ခံ ကုန်ကြမ်းစီးပွားရေးမှ ရုန်းထွက်နိုင်အောင် ကြိုးစားခဲ့သည်။

ဇူလိုင် ၁- ပြည်ထောင်စုဗမာနိုင်ငံဘဏ်ဥပဒေအရ “ဗမာ့ငွေကြေးဘုတ်အဖွဲ့”ကို ဖျက်သိမ်းကာ ပြည်ထောင်စုဗမာနိုင်ငံဘဏ်ကို ဗဟိုဘဏ်အဖြစ် ဖွဲ့စည်းခဲ့သည်။ ပြား ၁၀၀ နှင့် ညီမျှသော ခြင်္သေ့ခေါင်းပါ ကျပ်ငွေကို ရူပီးများအား အစားထိုးခဲ့သည်။ ပြားစေ့များကိုလည်း အကြွေအဖြစ် နောက်ပိုင်းတွင် ထုတ်ဝေခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ ဥပမာအတိုင်း နိုင်ငံပိုင် အပေါင်ဆိုင်များ ဖွင့်လှစ်ခဲ့သည်။ သုံးနှစ်အကြာတွင် နိုင်ငံပိုင်အပေါင်ဆိုင်များ စီမံခန့်ခွဲရေးဘုတ်အဖွဲ့၏ အမိန့်အရ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားသော အပေါင်ဆိုင်အားလုံး၏ လိုင်စင်သက်တမ်းကို ကုန်ဆုံးသွားပြီဟု အစိုးရမှ ကြေငြာခဲ့သည်။ တရုတ်လူမျိုး ငွေချေးသူများကို မောင်းထုတ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

၁၉၅၃[ပြင်ဆင်ရန်]

ဇွန်- နိုင်ငံတော်စိုက်ပျိုးရေးဘဏ်ကို ခရိုင်နဲ့ ကျေးရွာအဆင့် ချေးငွေများကို ပေးအပ်နိုင်ရန် ထူထောင်ခဲ့သည်။ မစုမနေရ စုငွေစနစ်ကို ကျင့်သုံးသည်။ (၎င်းသည် ယနေ့ခေတ် အသေးစားငွေရေးကြေးရေးချေးငွေများ၏ အမြူတေဖြစ်လာခဲ့သည်။) ငွေပြန်လည်ပေးဆပ်နှုန်းသည် ၁၉၅၃ မှ ၁၉၆၂ အထိ ၉၈.၇ ရာခိုင်နှုန်းဖြစ်သည်။

၁၉၅၄[ပြင်ဆင်ရန်]

ဇွန် ၁- အစိုးရစီးပွားရေးဘဏ် ထူထောင်ခဲ့သည်။ နောက်တစ်နှစ်တွင် အစိုးရအဖွဲ့အစည်းအားလုံး အဆိုပါ ဘဏ်နှင့်သာ အလုပ်လုပ်ရန် ညွှန်ကြားခဲ့သည်။

၁၉၅၆[ပြင်ဆင်ရန်]

၁၊ ၅၊ ၂၅၊ ၅၀ ပြားစေ့များနှင့် ၁ ကျပ်စေ့များကို ထုတ်ဝေခဲ့သည်။ နောက်ဆယ်စုနှစ်တစ်ခုအကြာတွင် ၎င်းတို့ကို အကြိမ်ကြိမ်ပုံစံပြောင်းခဲ့ပြီး၊ နောက်ပိုင်းတွင် ကုန်ဈေးနှုန်းကြီးမြင့်လာ၍ ရှားပါးသွားပါသည်။

၁၉၅၈[ပြင်ဆင်ရန်]

အောက် ၂၈- တိုင်းရင်းသားလက်နက်ကိုင်များနှင့်ဖြစ်သော ပြည်တွင်းစစ်ကြောင့် မတည်ငြိမ်မှုများ ဖြစ်လာကာ ဦးနေဝင်းဦးဆောင်သော တပ်မတော်မှ “အိမ်စောင့်အစိုးရ” အဖြစ် အာဏာသိမ်းယူခဲ့သည်။ ဦးနုထံသို့ ၁၉၆၀တွင် အာဏာပြန်အပ်ခဲ့သည်။

၁၉၆၁[ပြင်ဆင်ရန်]

စက်မှုဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို ဖွင့်လှစ်ခဲ့သည်။

၁၉၆၂[ပြင်ဆင်ရန်]

မတ် ၂- နောက်တစ်ကြိမ် ဦးနေဝင်းမှ အာဏာပြန်သိမ်းခဲ့ပြီး ပါလီမန်ဒီမိုကရေစီခေတ်ကို နိဂုံးချုပ်ခဲ့သည်။ ၁၉၄၇ ဖွဲ့စည်းပုံကို ဖျက်သိမ်းခဲ့သည်။

ဧပြီ- ဗမာ့နည်း ဗမာ့ဟန်ဆိုရှယ်လစ်လမ်းစဉ် ကို ကြေငြာခဲ့သည်။

ဗြိတိန်နိုင်ငံတွင် ကိုလိုနီခေတ်နှင့် ပါလီမန်ဒီမိုကရေစီခေတ်အထိ ရိုက်နှိပ်နေခဲ့သော ငွေသားရိုက်နှိပ်မှုကို ဆိုရှယ်လစ် အရှေ့ဂျာမဏီသို့ ပြောင်းရွှေ့ခဲ့သည်။

၁၉၆၃[ပြင်ဆင်ရန်]

ဖေ ၁၃ - ဘီအိုစီရေနံကုမ္ပဏီပိုင် ပစ္စည်းများကို နိုင်ငံပိုင်သိမ်းပိုက်ပြီးနောက် ဦးနေဝင်းသည် “ယနေ့မှစ၍ မည်သည့် ပုဂ္ဂလိကလုပ်ငန်းမျှ ခွင့်ပြုမည်မဟုတ်” ဟု ကြေငြာခဲ့သည်။ နောက်ပိုင်းတွင် ဘဏ်များလဲ မလွတ်ချေ။

ဖေ ၂၃- ဘဏ်များကို နိုင်ငံပိုင်သိမ်းသည်ဟု ကြေငြာလိုက်သည်။ အိန္ဒိယဗဟိုဘဏ်မှစ၍ မြန်မာပြည်အထက်ပိုင်းဘဏ်အထိ နိုင်ငံခြားဘဏ် ၁၄ ဘဏ်နှင့် ပြည်တွင်းဘဏ် ၁၀ ဘဏ်ကို ပြည်သူ့ဘဏ် ၁မှ ပြည်သူ့ဘဏ် ၂၄ အထိ အမည်ပြောင်းခဲ့သည်။ နိုင်ငံခြားဘဏ်များကို အစောပိုင်းနံပါတ်များပေး၍ ပြည်တွင်းဘဏ်များကို နောက်ပိုင်းနံပါတ်များ ပေးခဲ့သည်။ ၎င်းဘဏ်များ၏ အထွေထွေမန်နေဂျာများအဖြစ် စစ်ဗိုလ်များကို ခန့်အပ်ခဲ့သည်။ နိုင်ငံခြားဘဏ်များကို ၎င်းတို့ နဂိုယူဆောင်လာခဲ့သော ငွေကြေးများကို ပြန်ပေးခဲ့ပြီး နောက်ပိုင်းဝင်ငွေများကို ပြန်မပေးခဲ့ချေ။ ဘဏ်များကို လုပ်ငန်းအလိုက် တာဝန်ပေးခဲ့သည်။ (ဥပမာ ဘဏ် ၁- ချေးငွေ၊ ဘဏ် ၂- စုငွေ စသည်) အပ်ငွေများသည် ဘဏ်တစ်ဘဏ်လျှင် စာရင်းတစ်ခုသာဖွင့်ခွင့်ရှိသည်။ တစ်လလျှင် ကျပ်ငွေ ၁၀၀၀၀၊ တစ်နှစ်လျှင် ကျပ်ငွေ ၅၀၀၀၀ ထက်ပိုစုခွင့် မရှိပါ။ တစ်ပတ်လျှင် ၂ခါထက် ငွေပိုထုတ်ခွင့် မရှိပါ။ အနည်းဆုံးငွေ ၅ ကျပ်မှ စထုတ်ရပြီး စာရင်းစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းထက် တစ်ပြိုင်တည်း ထုတ်ခွင့်မရှိပါ။

မေ- ဦးနေဝင်းသည် ရွာအစည်းအဝေးတစ်ခုတွင် တက်ရောက်နေသူများကို “ခင်ဗျားတို့ နှစ်နှစ်လောက် အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ကြပါ။” ဟုပြောခဲ့သည်။

၁၉၆၄[ပြင်ဆင်ရန်]

မေ ၁၇- ငွေကြေးများတရားမဝင်ကြေငြာခြင်း။ ညနေ ၇နာရီမှ စ၍ ကျပ် ၅၀ တန်နှင့် ကျပ် ၁၀၀တန် ကိုင်ဆောင်ထားသူများသည် ငွေသိမ်းရာစုရပ်များသို့ ငွေလာရောက် အပ်နှံရန် ကြေငြာသည်။ အဆိုပါဥပဒေတွင် ငွေ ၄၂၀၀ အထက် ကိုင်ဆောင်ထားသူများသည် ပြည်သူမဟုတ် နိုင်ငံခြားသားအရင်းရှင်များဖြစ်ပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်သည်ဟု အကြောင်းပြပြီး နှိပ်ကွပ်ခဲ့ပါသည်။ ရလာဒ်အနေနှင့် လူအများသည် ငွေသားကို မကိုင်တော့ဘဲ ရွှေနှင့် ရတနာများ စုသည့်အခြေအနေသို့ ရောက်သွားခဲ့သည်။

၁၉၆၅[ပြင်ဆင်ရန်]

ဗမာနိုင်ငံပြည်သူ့ဘဏ်မှ ငွေရိုက်နှိပ်ခြင်းကို ပြုလုပ်ခဲ့သည်။ ဒီဇိုင်းအသစ်များလည်း ထုတ်ဝေခဲ့သည်။

၁၉၆၇-၆၉[ပြင်ဆင်ရန်]

ပြည်ထောင်စုဗမာနိုင်ငံပြည်သူ့ဘဏ်ဥပဒေအရ နိုင်ငံခြားဘဏ် ၁၅ဘဏ်နှင့် ပြည်တွင်းဘဏ် ၁၀ ဘဏ်ကို နိုင်ငံပိုင်ပြုလုပ်ပြီး ပေါင်းစည်းခဲ့ပါသည်။

၁၉၇၀[ပြင်ဆင်ရန်]

ကျန်ရှိနေသေးသော နိုင်ငံပိုင်ဘဏ်များကို ဗမာပြည်သူ့ဘဏ်သို့ သွတ်သွင်းလိုက်သည်။ ၁၉၉၂ ခုနှစ်မတိုင်မီထိ မည်သည့်ပုဂ္ဂလိကဘဏ်များ မတည်ရှိခဲ့ချေ။

၁၉၇၂[ပြင်ဆင်ရန်]

နိုင်ငံအတွင်း ငွေကြေးရိုက်နှိပ်မှုကို ပထမဦးဆုံးအကြိမ်အဖြစ် ဝါဇီစက်ရုံတွင် ရိုက်နှိပ်ခဲ့သည်။ ယနေ့အချိန်အထိ ငွေစက္ကူများ၊ ထီလက်မှတ်များနှင့် အမျိုးသားမှတ်ပုံတင်ကဒ်များကို ထိုနေရာတွင် ရိုက်နှိပ်နေဆဲဖြစ်သည်။

၁၉၇၄[ပြင်ဆင်ရန်]

ဇန် ၃- နိုင်ငံကို “ပြည်ထောင်စု ဆိုရှယ်လစ် ဗမာနိုင်ငံတော်” အဖြစ်ကြေငြာခဲ့သည်။ တော်လှန်ရေးကောင်စီသည် ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းခဲ့သည်။ နေဝင်းသည် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ထူထောင်ကာ အုပ်ချုပ်ခဲ့သည်။ ဆိုရှယ်လစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယခင် ၃၆ ခရိုင်ဖွဲ့စည်းပုံကို ဗမာလူမျိုးအများစု နေထိုင်သည့်နေရာများကို တိုင်းဟူ၍လည်းကောင်း၊ တိုင်းရင်းသားအများစုနေထိုင်ရာများကို ပြည်နယ်ဟူ၍လည်းကောင်း ပြောင်းလဲခဲ့သည်။

၁၉၇၅[ပြင်ဆင်ရန်]

တစ်ခုတည်းသောဘဏ်ကို ဗမာ့စီးပွားရေးဘဏ်ဗမာ့စိုက်ပျိုးရေးဘဏ်နှင့် ဗမာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ်အဖြစ် ကဏ္ဍအလိုက် ၃ ခုခွဲကာ ခွဲထုတ်ခဲ့ပြီး ဗဟိုဘဏ် (ပြည်ထောင်စုဗမာနိုင်ငံဘဏ်)နှင့် ပြည်ထောင်စုဗမာနိုင်ငံဘဏ်နှင့် ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာနမှ ပူးပေါင်းကိုင်တွယ်ခဲ့သည်။

၁၉၈၅[ပြင်ဆင်ရန်]

နို ၃- ဒုတိယအကြိမ် ငွေကြေးများ တရားမဝင်ကြေငြာခြင်း။ ကျပ် ၁၀၀ တန်၊ ၅၀ တန်များ (၎င်းတို့ကို ၁၉၆၄ ငွေကြေးဖျက်သိမ်းပြီးနောက် အသစ်ထုတ်ဝေခဲ့သည်။)နှင့် ၂၀ ကျပ်တန်များကို တရားဝင်မကြေငြာဘဲ ဖျက်သိမ်းလိုက်သည်။ အများဆုံးပြန်အမ်းငွေသည် ၅၀၀၀ ကျပ်ဖြစ်သည်။ ၎င်းတို့အစား ငွေစက္ကူအသစ်များအဖြစ် ၂၅ကျပ်တန်၊ ၃၅ကျပ်နှင့် ၇၅ ကျပ်တန်များအား အစားထိုးခဲ့သည်။

၁၉၈၇[ပြင်ဆင်ရန်]

ကမ္ဘာ့ကုလသမဂ္ဂသို့ ဖွံဖြိုးမှုအောက်ရောက်နေသောနိုင်ငံအဆင့် သတ်မှတ်ပေးရန် ဗမာနိုင်ငံမှ တောင်းဆိုခဲ့သောကြောင့် ခွင့်ပြုခဲ့သည်။

စက် ၅- တတိယအကြိမ် ငွေကြေးများ တရားမဝင်ကြေငြာခြင်း။ ၂၅ကျပ်တန်၊ ၃၅ကျပ်တန်နှင့် ၇၅ကျပ်တန်များကို ထုတ်ဝေပြီး ၂နှစ်အကြာတွင် တရားမဝင်ကြေငြာပြန်သည်။ အစောပိုင်းတွင် လုံးဝငွေလဲမပေးချေ။ နောက်ပိုင်းတွင် ကျောင်းသားများ နေရပ်ကို ပြန်နိုင်ရန်ဟူ၍လည်းကောင်း၊ ရန်ကုန်တွင် မတည်မငြိမ်ဖြစ်မည်ကို ကြောက်သောကြောင့်လည်းကောင်း ငွေ ၁၀၀ ကျပ်အထိ လဲလှယ်ပေးခဲ့သည်။

စက် ၂၂- ငွေစက္ကူအသစ်များ ၄၅ကျပ်တန်နှင့် ၉၀ကျပ်တန်အဖြစ် ဈေးကွက်ထဲ ရောက်လာပြန်သည်။ အများစုက အဆိုပါလုပ်ရပ်သည် ကိုးနဝင်းကျေအောင် ထုတ်သည်ဟု ယုံကြည်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ကျပ်ငွေကို စုငွေအဖြစ် ထားရှိရန် လုံးဝအယုံအကြည်ကင်းမဲ့သွားအောင်ထိ အောင်မြင်ခဲ့သည်။

၁၉၈၈[ပြင်ဆင်ရန်]

သြ- ကျောင်းသားများအရေးခင်းမှ အစပြု၍ တစ်နိုင်ငံလုံးတော်လှန်ရေးကို ဦးတည်စေခဲ့ပြီး နောက်ပိုင်းဖြိုခွင်းမှုများကြောင့် အကြမ်းဖျင်းလူ ၃၀၀၀ ခန့် သေဆုံးခဲ့သည်။ နေဝင်းလဲ ရာထူးမှ နှုတ်ထွက်ခဲ့သည်။

စက် ၁၈- နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)မှ အာဏာသိမ်းယူခဲ့ပြီး ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် ဆိုရှယ်လစ်ခေတ်ကို ဇာတ်သိမ်းပေးခဲ့သည်။

“ပြည်ထောင်စု ဆိုရှယ်လစ် ဗမာနိုင်ငံတော်”ကို “ပြည်ထောင်စု ဗမာနိုင်ငံတော်” ဟူ၍ အမည်ပြောင်းခဲ့သည်။

“ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာ ဖြစ်ပေါ်လာရေး” ကို နေ့စဉ်သတင်းစာများတွင် စီးပွားရေးဦးတည်ချက် ၄ ချက်၏ ဒုတိယမြောက်အချက်အဖြစ် ရေးသားထားသော်လည်း “နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး”နှင့် ၄ချက်မြောက်တွင် ပြန်လည် ကြိမ်တို့ထားသည်။

နောက်နှစ်အနည်းငယ်အကြာတွင် အရေးပါသော ဥပဒေများ အစီအရီထွက်ပေါ်လာသည်။ “မြန်မာနိုင်ငံ ရင်းနှီးမြုတ်နှံမှုဥပဒေ(၁၉၈၉)”၊ “နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ (၁၉၈၉)”နှင့် “ပုဂ္ဂလိကပိုင်စက်မှုလုပ်ငန်းများဥပဒေ(၁၉၉၀)”တို့ကို ပြဌာန်းပြီး ၁၉၆၅ ခုနှစ်တွင် ထုတ်ပြန်သော “မြန်မာ့ဆိုရှယ်လစ် စီးပွားရေးထူထောင်ရေး ဥပဒေ”ကို ဖျက်သိမ်းလိုက်သည်။

၁၉၈၉[ပြင်ဆင်ရန်]

ဗမာနိုင်ငံကို မြန်မာသို့ပြောင်းလဲခဲ့သည်။

၁၉၉၀[ပြင်ဆင်ရန်]

ရွေးကောက်ပွဲများ ကျင်းပခဲ့သော်လည်း ရလာဒ်များကို အသိအမှတ်မပြုဘဲ စစ်ဘက်မှ “စောင့်ရှောက်သူ”အဖြစ် အာဏာရယူခဲ့သည်။  အမေရိကန်နိုင်ငံမှ ကုန်သွယ်ရေးပိတ်ဆို့မှုပြစ်ဒဏ် ချခဲ့သည်။

စတုတ္ထဘဏ်ဖြစ်သော မြန်မာ့ရင်းနှီးမြုတ်နှံမှုနှင့် စီးပွားရေးဘဏ်ကို ဖွင့်လှစ်ခဲ့ပြီး စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားအောင် ရည်ရွယ်ခဲ့သည်။

စစ်ဘက်မှ ထိန်းချုပ်ထားသော မြန်မာ့စီးပွားဦးပိုင်လီမိတက်ကို တည်ထောင်ခဲ့သည်။

ဇူလှိုင်- မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေကို အတည်ပြုခဲ့ပြီး ယနေ့ခေတ် ငွေကြေးမူဝါဒကို တည်ထောင်ခဲ့သည်။

မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ဥပဒေကို အတည်ပြုခဲ့ပြီး ကျေးလက်တွင် အရင်းအနှီးရှားပါးမှုကို ဖြေရှင်းရန် ကြိုးစားခဲ့သည်။ မြန်မာ့ဘဏ္ဍာရေးအဖွဲ့အစည်းများဥပဒေကို အတည်ပြုခဲ့ပြီး နိုင်ငံပိုင်ဘဏ် ၄ခုကို ဖော်ထုတ်ခဲ့သည်။ ထို့အပြင် ၁၉၆၃ခုနှစ်နောက်ပိုင်း ပထမဦးဆုံး ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ်များမှ ကိုယ်စားလှယ်ရုံးများကို လက်ခံခဲ့သည်။ သို့သော် နိုင်ငံခြားဘဏ်များနှင့် တိုက်ရိုက် ငွေအကူးအပြောင်းလုပ်ခွင့် မရှိချေ။

အဆိုပါလမ်းစဉ်မှ မျှော်လင့်သည်မှာ နိုင်ငံခြားဘဏ်များကို ကနဦးတွင် ပူးတွဲပိုင်ဆိုင်မှုဖြင့် စတင်ပြီး နောက်ပိုင်းတွင် ထိုနိုင်ငံခြားဘဏ်များ လွတ်လပ်စွာလုပ်နိုင်ရေးဖြစ်သည်။ သို့သော် နဝတ/နအဖလက်ထက်တွင် အဆိုပါလမ်းစဉ်ကို မည်သူမျှ ရှေ့မရောက်ခဲ့ချေ။

၁၉၉၂[ပြင်ဆင်ရန်]

ပုဂ္ဂလိကဘဏ်များကို ပထမဦးဆုံးအကြိမ်အဖြစ် လိုင်စင်ထုတ်ပေးခဲ့သည်။

၁၉၉၃[ပြင်ဆင်ရန်]

အစိုးရ၏ ငွေတိုက်စာချုပ်များ ဈေးကွက်ကို ထူထောင်ခဲ့သည်။

နိုင်ငံခြားငွေလဲပိုက်ဆံ (FEC)များကို ငွေစက္ကူ ၁၊ ၅ နှင့် ၁၀ တန်များထုတ်ဝေခဲ့ပြီး ဒေါ်လာနေရာတွင် အစားထိုးခဲ့သည်။ နိုင်ငံခြားသားခရီးသွားတစ်ဦးလျှင် ဒေါ်လာ ၂၀၀ သာလဲခွင့်ရှိသည်။ (မတ် ၁၉၉၄ တွင် ဒေါ်လာ ၃၀၀ ဖြစ်လာခဲ့သည်)။ နိုင်ငံသားများသည်လည်း FEC များကို ဘဏ်တွင်အပ်နှံလို့ရသော်လည်း ၁၀% ဝန်ဆောင်ခပေးရပြီး မြန်မာငွေနှင့်သာ ပြန်ထုတ်ယူခွင့်ရသည်။ အဆိုပါ မလဲမနေရစနစ်ကို ၂၀၀၃ခုနှစ်တွင် ဖျက်သိမ်းပြီး FEC တွေကိုယ်တိုင်ပင် ၂၀၁၃ခုနှစ်တွင် ဇာတ်သိမ်းသွားခဲ့သည်။

၁၉၉၄[ပြင်ဆင်ရန်]

မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ထုတ်ပြန်ခဲ့သည်။

၁၉၉၅[ပြင်ဆင်ရန်]

အာရှဓနဘဏ်စတင်၍ အသက်ဝင်သည်။ ၂၀၀၃ ခုနှစ် ၎င်းမပြိုကွဲမီနှင့် လိုင်စင်အသိမ်းမခံရခင်အချိန်ထိ ပုဂ္ဂလိကဘဏ်များ အားလုံးတွင်သာမက ရှိသမျှဘဏ်အားလုံးတွင် အကြီးဆုံးဖြစ်လာခဲ့သည်။ အဆိုပါဘဏ်နှင့် အခြားဘဏ်အချို့တို့သည် မူးယစ်ဆေးဝါးမှရသောငွေများနှင့် ဆက်စပ်နေသည်ဟု စွပ်စွဲခံရပြီး အခြားဘဏ်တစ်ခုဖြစ်သော မြန်မာမေဖလားဝါးဘဏ်သည်လည်း “Poppy Flower Bank” ဘိန်းပန်းဘဏ်ဟု ခေါ်ဆိုကြကာ ငွေကြေးခဝါချမှုများရှိသည်ဟု ဆိုကြသည်။ အခြားဘဏ်များဖြစ်သော မြဝတီသမဝါယမနှင့် အခြားဘဏ်များကိုတော့ အစိုးရ ကျောထောက်နောက်ခံဖြင့် လုပ်ကိုင်ကြသည်။

နို- ပထမဦးဆုံးသော အေတီအမ်များကို မြန်မာမေဖလားဝါးဘဏ်မှ မိတ်ဆက်ခဲ့သည်။ (ယခုတော့ မရှိတော့)

၁၉၉၆[ပြင်ဆင်ရန်]

မြန်မာနိုင်ငံစတော့အိတ်ချိန်း ထူထောင်ခဲ့သည်။

အမေရိကန်၏ ကုန်သွယ်မှုပိတ်ဆို့မှု ထပ်တိုးခဲ့သည်။ ဥရောပသမဂ္ဂမှလည်း ပိတ်ဆို့ခဲ့သည်။

အာရှဓနဘဏ်မှ နိုင်ငံ၏ ပထမဦးဆုံးသော အကြွေးဝယ်ကဒ်များကို ထုတ်ဝေခဲ့သည်။

UNDP ၏ ပထမဦးဆုံး အသေးစားငွေရေးကြေးရေးလုပ်ငန်း ခွင့်ပြုခဲ့သည်။

၁၉၉၇[ပြင်ဆင်ရန်]

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖြစ် နာမည်ပြောင်းခဲ့သည်။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို တည်ထောင်ခဲ့သည်။

၂၀၀၁[ပြင်ဆင်ရန်]

အာရှဓနဘဏ်သည် ပထမဦးဆုံး အွန်လိုင်းဘဏ်စနစ်ကို မိတ်ဆက်ခဲ့သည်။

ဂျီ၇နှင့် စီးပွားရေးပူးပေါင်းမှုနှင့် ဖွံဖြိုးရေးအဖွဲ့အစည်း တို့မှ ဖွဲ့စည်းထားသော ငွေရေးကြေးရေးလုပ်ငန်များ ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) သည် မြန်မာနိုင်ငံကို ပူးပေါင်းပါဝင်မှု မရှိဟု သတ်မှတ်လိုက်သည်။ အဆိုပါအဖွဲ့၏ အဖွဲ့ဝင်များသည် အမည်ပျက်နိုင်ငံများမှ မူးယစ်ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းများကို အားပေးအားမြှောက်လုပ်သည့် အပြုအမူမဖြစ်စေရန် ငွေရေးကြေးရေးအကူးအပြောင်းလုပ်ခွင့် တားမြစ်ထားသည်။

၂၀၀၂[ပြင်ဆင်ရန်]

မေ- နိုင်ငံတကာမှ ဝေဖန်ချက်များဖြစ်သော မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးမှ ရလာသော ငွေမည်းများကို  ဘဏ်များမှနေတဆင့် ငွေကြေးခဝါချနေသည်ဟု စွပ်စွဲချက်များကို တုန့်ပြန်ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို အစိုးရမှ ထုတ်ပြန်ခဲ့ပြီး မြန်မာငွေကျပ် သန်း ၁၀၀ အထက် ငွေအကူးအပြောင်းတိုင်းကို အစီရင်ခံစာတင်ရမည်ဟု အမိန့်ထုတ်ခဲ့သည်။

မြန်မာနိုင်ငံဘဏ်အသင်းကို ဖွဲ့စည်းခဲ့ပြီး ဘဏ်လုပ်ငန်းတွင် လုပ်ကိုင်နေသော အငယ်တန်းနှင့် အလယ်အလတ်တန်း မန်နေဂျာများကို ဘဏ်ပညာ သင်ကြားပေးခဲ့သည်။

၂၀၀၂နှောင်း- ပထမဦးဆုံး ဘဏ်များအကြပ်အတည်းကို စတင်ကြုံဖူးသည်။ ချေးငွေအကျိုးအမြတ် အလွန်အမင်းပေးခဲ့သော အကျိုးဆောင်လုပ်ငန်းများ ပြိုလဲမှုနှင့်အတူ ဘဏ်များလဲ လိုက်သွားခဲ့ရသည်။ ဗဟိုဘဏ်မှလဲ ဝင်ရောက်ဆယ်ယူပေးနိုင်သော အခြေအနေမရှိသဖြင့် ၂၀၀၃ ခုနှစ် စီးပွားရေးအကျပ်အတည်းကို ဦးတည်သွားစေသည်။

၂၀၀၃[ပြင်ဆင်ရန်]

ငွေရေးကြေးရေးအကျပ်အတည်းသည် ထိန်းချုပ်မရသည့်အခြေအနေဖြစ်လာသည်။ အချို့ဘဏ်များကို အစိုးရမှ နောက်ပိုင်းတွင် အရေးယူခဲ့ရသည်။ ဘဏ်များအပြင်ရောက်နေသော မြန်မာငွေများသည် ရုတ်တရက် တန်ဖိုးတက်သွားပြီး တရားမဝင်ငွေလဲလှယ်မှုတွင် မြန်မာငွေဈေးမာသွားသည်အထိ တလွဲအောင်မြင်ခဲ့သည်။

နို- FATF၊ အမေရိကန်နှင့် အီးယူတို့သည် မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုတွင် ကြံရာပါပြုလုပ်သည်ဟု စွပ်စွဲ၍ အရေးယူမှုကို တိုးမြှင့်ခဲ့ပြီး ငွေကြေးအကူးအပြောင်းကို ပိုမိုကန့်သတ်ခဲ့သည်။ အာရှဓနဘဏ်နှင့် မြန်မာမေဖလားဝါးဘဏ်တို့ကို လက်ညိုးအထိုးခံရသည်။ အာရှဓနဘဏ်နှင့် မြန်မာမေဖလားဝါးဘဏ်တို့ ပိတ်သိမ်းခံရပြီးနောက် (နောက်ပိုင်းတွင် မြန်မာယူနီဘာဆယ်ဘဏ်ကို မြန်မာ့စီးပွားရေးဘဏ်ထဲ ဆွဲ့ထည့်ခဲ့သည်။) မြန်မာ့ဘဏ်လုပ်ငန်းအခင်းအကျင်းသည် သိသိသာသာပြောင်းလဲခဲ့ပြီး အခြားဘဏ်များ ခေါင်းထောင်လာကာ ထိပ်ပိုင်းသို့ ရောက်ရှိလာခဲ့သည်။

၂၀၀၅[ပြင်ဆင်ရန်]

နို- မြန်မာနိုင်ငံ၏ မြို့တော်ကို နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သည်။

၂၀၀၆[ပြင်ဆင်ရန်]

ဇွန် ၃- ဗဟိုဘဏ်ကို နေပြည်တော်သို့ ပြောင်းရွေ့ခဲ့သည်။

အောက်- FATF သည် မြန်မာနိုင်ငံကို “မပူးပေါင်း”အဆင့်မှ ဖယ်ရှားပေးခဲ့သည်။

၂၀၀၇[ပြင်ဆင်ရန်]

ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့သည်။ နအဖအစိုးရဘက်မှ ကျားကန်ပေးထားသော စက်သုံးဆီဈေးကို ဖယ်ရှားပေးလိုက်ရာမှ ဆီဈေးသည် ၆၀% ခန့် ရုတ်တရက်တက်သွားပြီး စီအင်ဂျီဈေးသည် တစ်ပတ်အတွင်း ၅ ဆခန့် တက်သွားသောကြောင့် အခြေခံစားကုန်ဈေးဖြစ်သော စားဆီ၊ ဆန်၊ ကြက်ဥတို့ပါ ဈေးလိုက်တက်ကုန်သည်။ အဆိုပါဆန္ဒပြမှုတွင် ကျောင်းသားများ၊ လှုပ်ရှားသူများနှင့် လူထုပါဝင်ခဲ့သော်လည်း ဩဂုတ် ၁၈မှ စတင်ပါဝင်လာခဲ့သော သံဃာများကို အစွဲပြု၍ နာမည်မှည့်ခေါ်ခဲ့သည်။ အဆိုပါလှုပ်ရှားမှုကို ကြမ်းတမ်းစွာ ဖြိုခွင်းခဲ့၍ နိုင်ငံတကာမှ ရှုံ့ချမှုကို ရရှိခဲ့သည်။ အမေရိကန်ကနေဒါဩစတေးလျနှင့် အခြားနိုင်ငံများမှ အတင်းကြပ်ဆုံးသော ပိတ်ဆို့မှုကို ချမှတ်ခဲ့ပြီး အီးယူမှလည်း အရေးယူမှုအရှိန် တိုးမြင့်ခဲ့သည်။

ကျပ်ငွေသည်လည်း တရားမဝင်ငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၀၀ ဈေးပေါက်သွားခဲ့သည်။ (တရားဝင်ငွေလဲနှုန်းသည် ၁ ဒေါ်လာ ၆ ကျပ်နှင့် ခန့်ခန့်ကြီးပင်ဖြစ်နေသေးသည်။)

၂၀၀၈[ပြင်ဆင်ရန်]

မေ ၂- ဒေသစံတော်ချိန် ၁၂နာရီတွင် ဧရာဝတီတိုင်းသို့ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့သည်။ လူတစ်သိန်းကျော် သေဆုံးခဲ့ပြီး မြစ်ဝကျွန်းပေါ်ဒေသနှင့် ဆန်စပါးများကို ဖျက်ဆီးခဲ့သည်။ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ အကူအညီလာရောက်ခဲ့သော်လည်း အကူအညီအဖွဲ့များနှင့် ကယ်ဆယ်ရေးပစ္စည်များကို ဝင်ခွင့်မပေးခဲ့၍ အစိုးရကို နိုင်ငံတကာမှ ဝေဖန်ခဲ့သည်။

မေ ၁၀- တစ်နိုင်ငံလုံးဆန္ဒခံယူပွဲကျင်းပပြီးနောက် (မုန်တိုင်းထိမှန်သောနေရာများကို နောက်ပိုင်းကောက်ခံခဲ့သည်။) ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို အံချီးမကုန်နိုင်ဖွယ်ရာခိုင်နှုန်းဖြင့် ရဟန်းရှင်လူ နတ်ဗြဟ္မာအားလုံးက သောင်းသောင်းဖြဖြ ထောက်ခံခဲ့သည်။ မဲစာရင်း မည်သို့လုပ်လိုက်သည်တော့ မသိပါ။

၂၀၀၉[ပြင်ဆင်ရန်]

အာဆီယံနီးကပ်စွာပူးပေါင်းဖလှယ်ရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ၂၀၁၅ခုနှစ်တွင် မြန်မာနိုင်ငံတွင် ဒေသတွင် ဘဏ်များဖွင့်လှစ်ရန် သဘောတူညီခဲ့သည်။

၂၀၁၁[ပြင်ဆင်ရန်]

မတ် ၃၀- ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည်။ အရပ်သားအစိုးရ တက်ရောက်လာခဲ့သည်။

နိုင်ငံတော်စာရင်းစစ်ချုပ်ဥပဒေ ထုတ်ပြန်ခဲ့သည်။

Myanmar Payment Union ကို ဗဟိုဘဏ်မှ ဦးဆောင်ကာ ATM စက်များကွန်ယက်ချိတ်ပြီး ငွေပေးချေမှု စနစ်ကို မိတ်ဆက်ခဲ့သည်။

အောက်- ပုဂ္ဂလိကဘဏ်များကို နိုင်ငံခြားငွေလဲကောင်တာများ ဖွင့်ခွင့်ပေးလိုက်သည်။

နို ၃၀- အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေကို ပြဌာန်းခဲ့ပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်းများကို စတင်စေခဲ့သည်။ အမြင့်ဆုံးအတိုးနှုန်းထားကို သတ်မှတ်ပေးခဲ့သည်။

၂၀၁၂[ပြင်ဆင်ရန်]

အမေရိကန်၊ ဗြိတိန်နှင့် အီးယူပိတ်ဆို့မှုများ လျော့ချပေးခဲ့သည်။ ကမ္ဘာ့ဘဏ်ဝင်ရောက်လာခဲ့သည်။ Visa, MasterCard နှင့် Western Union တို့ ရောက်ရှိလာခဲ့သည်။

ဧပြီ- နိုင်ငံခြားငွေလဲလှယ်ရေးစီမံခန့်ခွဲမှုဥပဒေ ပေါ်ထွက်လာခြင်းနှင့်အတူ ပို့ကုန်သွင်းကုန် ငွေအကူးအပြောင်းများ ကန့်သတ်မှုလျော့ချခဲ့သည်။

ဩ ၁၀- နိုင်ငံခြားငွေလဲလှယ်ရေးစီမံခန့်ခွဲမှုဥပဒေကြောင့် ဒေါ်လာကို ဈေးကွက်အလိုက်ပြောင်းလဲသည့်စနစ် (Managed Float System)ကို ကျင့်သုံးခဲ့သည်။

နို ၂- နိုင်ငံခြားရင်းနှီးမြုတ်နှံမှုဥပဒေကြောင့် ၅နှစ်အခွန်ကင်းလွတ်ခွင့်နှင့် အခြားကင်းလွတ်ခွင့်များ၊ နိုင်ငံပိုင် မသိမ်းခြင်းနှင့် စီးပွားရေးမပိတ်သိမ်းကြောင်း သဘောတူညီချက်၊ မြေယာအသုံးချခွင့် နှစ် ၇၀ (၅၀+၁၀+၁၀)နှင့် အမြတ်ငွေများနှင့် အရင်းများ ပြန်ပို့ခွင့်တို့ ခွင့်ပြုခဲ့သည်။

၂၀၁၃[ပြင်ဆင်ရန်]

ဇန် ၂၇- ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ အကြွေးအရပ်ရပ် ဒေါ်လာ သန်း ၉၀၀ ကို လျှော်ပေးခဲ့သည်။ သမ္မတကြီးသည် ဖွံ့ဖြိုးမှုနောက်ကျသောနိုင်ငံအဖြစ်မှ လွတ်မြောက်ရာ ပထမခြေလှမ်းဖြစ်သော နောက်ထပ် အကြွေး ၆ဘီလီယံ ကင်းလွတ်ခဲ့ပြီဖြစ်ကြောင်း ကြေငြာသည်။ အဆိုပါအားထုတ်မှုကြောင့် စီးပွားရေးဖွံ့ဖြိုးရေးအတွက် အကူအညီများစတင်ရန် အခြေအနေကောင်းများ ရရှိခဲ့သည်။

မတ် - FEC ဖျက်သိမ်းကြောင်း ကြေငြာသည်။

မေ- ဗဟိုဘဏ်သည် တိုကျိုစတော့အိတ်ချိန်းနှင့် သဘောတူညီမှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံစတော့အိတ်ချိန်းကို ထူထောင်ခဲ့သည်။

ဇူ ၁၂- မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေ (အသစ်)အရ ဗဟိုဘဏ်ကို ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်မှ ခွဲထုတ်ခဲ့ပြီး ငွေရေးကြေးရေးနှင့် နိုင်ငံခြားငွေကြေးဖလှယ်ရေး မူဝါဒများကို လွတ်လပ်စွာ ချမှတ်စေခဲ့သည်။

ဇူ ၃၁- အစုစပ်စာချုပ်အိတ်ချိန်းဥပဒေအရ စတော့အိတ်ချိန်းထူထောင်စေပြီး စတော့ရှယ်ယာရောင်းသော ကုမ္ပဏီများနှင့် အရောင်းနေရာများကို ငွေကြေးများ ဖလှယ်နိုင်ရန် ဖန်တီးပေးခဲပြီး ငွေကြေးဖောင်းပွနိုင်မှုကို ဟန်တားခဲ့သည်။

ဩ ၅- ဘဏ်များအကြား နိုင်ငံခြားငွေဖလှယ်သောဈေးကွက် ဖွင့်လှစ်ခဲ့သည်။

နို- မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေကို ပြန်လည်သုံးသပ်ပြီး ဘဏ်စနစ်ပိုခိုင်မာစေရန် အားပေးခဲ့သည်။

၂၀၁၄[ပြင်ဆင်ရန်]

ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအကြမ်းရေးဆွဲမှု နောက်ဆုံးအဆင့်ကို ရောက်သည်။

အတည်ပြုပြီးလျှင် နိုင်ငံခြားဘဏ် ၅ခုမှ ၁၀ ခုထိ နှစ်အကုန်တွင် ဖွင့်လှစ်ရန် ရည်ရွယ်သည်။

၂၀၁၅[ပြင်ဆင်ရန်]

အာဆီယံလွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှုစာချုပ်ကြောင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဆက်သွယ်ခွင့် ရခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းဖွင့်လှစ်သည်။

ရွေးကောက်ပွဲကျင်းပသည်။[၁]

ရည်ညွှန်း[ပြင်ဆင်ရန်]

Sean Turnell’s Fiery Dragons: Banks, Moneylenders and Microfinance in Burma (2009)

https://www.mmtimes.com/special-features/194-your-money-2014/11014-how-we-got-here-a-timeline-of-myanmar-s-financial-history-1861-2015.html

  1. Sean Turnell’s Fiery Dragons: Banks, Moneylenders and Microfinance in Burma (2009)