တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဤဆောင်းပါးသည် မြန်မာ့တပ်မတော်မှ ရာထူးတာဝန်နှင့် သက်ဆိုင်သောဆောင်းပါးဖြစ်ပြီး၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ကိုယ်စားမပြုပါ။ |
| မြန်မာနိုင်ငံ ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | |
|---|---|
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အလံတော် | |
| အမျိုးအစား | စစ်ဘက်ဆိုင်ရာ ရာထူး |
| အဖွဲ့ဝင် | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) |
| အစီရင်ခံရသူ | နိုင်ငံတော်သမ္မတ |
| စံအိမ် | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေအိမ်၊ စစ်ရုံး၊ နေပြည်တော် |
| ရုံးတည်နေရာ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ရုံး၊ နေပြည်တော် |
| အဆိုပြုသူ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| ခန့်အပ်သူ | နိုင်ငံတော် သမ္မတ (ကာလုံ၏ထောက်ခံချက်ဖြင့်)[၁] |
| ဖွဲ့စည်းပုံ အခြေခံဥပဒေ | ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) |
| ယခင်လူ | ဗမာ့တပ်မတော်စစ်ဆေးရေးအရာရှိချုပ်၊ စစ်မင်းကြီး |
| ဖွဲ့စည်းခြင်း |
|
| ပထမဆုံး ထမ်းဆောင်သူ |
|
| အခြားအမည် | တပ်ချုပ်၊ ကာချုပ် |
| လက်ထောက် | |
| အဆင့် / တံဆိပ် အဆောင်အယောင်များ | |
ဗိုလ်ချုပ်မှူးကြီး | |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (အင်္ဂလိပ်: Commander-in-Chief of Defence Services၊ အတိုကောက် CinCDS) သည် ကြည်း၊ရေ၊လေလက်နက်ကိုင်တပ်ပေါင်းစုံဖွဲ့စည်းထားသည့် မြန်မာ့တပ်မတော် တစ်ခုလုံး၏ အကြီးအကဲဖြစ်သည်။ ရှေးအသုံးအနှုန်းဖြင့် စစ်သေနာပတိဟူ၍လည်း ခေါ်ဆိုနိုင်သည်။ ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲဖြစ်သည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၀ (ဂ) တွင် ပြဋ္ဌာန်း ထားသည်။[၂] ပြည်ထောင်စုအစိုးရ၏ တရားဝင်ထုတ်ပြန်ထားသော ပြည်ထောင်စုအင်္ဂါစဉ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဆင့် ၈ တွင် ရှိသော်လည်း ၂၀၂၀ ရွေးကောက်ပွဲကာလတွင် တပ်မတော်မှ ၎င်းသည် ဒုတိယသမ္မတ အဆင့်ရှိသူဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။[၃]
၁၉၇၃ ခုနှစ် ကာကွယ်ရေးဌာနကောင်စီ (ကကနကောင်စီ) ညွှန်ကြားလွှာ ၁၈/၇၃ အရ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရသောသူသည် မိမိအားတပ်မတော်မှ ဆက်လက်ထမ်းဆောင်ရန် လိုအပ်သည့်ကာလပတ်လုံး ထမ်းဆောင်နိုင်သည်။ ၂၀၁၄ ခုနှစ်တွင် ကကနကောင်စီညွှန်ကြားလွှာ ၄/၂၀၁၄ ကို ထုတ်ပြန်ခဲ့၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ သက်တမ်းကို ၆၅ နှစ်အထိသတ်မှတ်လိုက်သည်။[၄] သို့သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ထမ်းဆောင်စဉ်က ၂၀၂၁ ဖေဖော်ဝါရီတွင် နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး ကကနကောင်စီညွှန်ကြားလွှာ ၁/၂၀၂၁ ကို ထုတ်ပြန်ခဲ့ရာ ယခင်ကကန့်သတ်ထားသည့် တာဝန်သက်တမ်းကို ပယ်ဖျက်ခဲ့သည်။[၅]
လုပ်ပိုင်ခွင့်နှင့်အာဏာ
တပ်မတော်၏ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှာ ယခင်ဖွဲ့စည်းပုံက ကာကွယ်ရေးဦးစီးချုပ်ထက် အလွန်မြင့်သည်။ ယခင်က ကာကွယ်ရေးဝန်ကြီးဌာန၏လက်အောက်တွင် တပ်မတော်၏ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များကို ညှိနှိုင်းကွပ်ကဲနိုင်ရန် ကာကွယ်ရေးဦးစီးချုပ်ကို ထားရှိရာ ပြည်ထောင်စုအင်္ဂါစဉ်အရ ၎င်းရာထူးသည် အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဆင့်နှင့် ညီမျှသည်ဟုဆိုနိုင်သည်။ ပြောင်းလဲခဲ့သော ဖွဲ့စည်းပုံအသစ်တွင်မူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်၏ အာဏာအရပ်ရပ်ကိုရရှိထားပြီး ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် အခြားဝန်ကြီးဌာနအချို့၏ ပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်ရန် အဆိုပြုနိုင်သည်။ ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အောက်တွင်ရှိသည်။ ၂၀၀၅ ခုနှစ်တွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဟူသော ရာထူးအသစ်ကို တိုးချဲ့ဖန်တီးခဲ့ရာ ယခုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးသည် ပြည်ထောင်စုအင်္ဂါစဉ် အဆင့် ၈ တွင်ရှိပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုဝန်ကြီးများကဲ့သို့အဆင့်ထက် မြင့်သည် (သို့မဟုတ်) ဝန်ကြီးအဆင့်ရှိသည်ဟု ဆိုနိုင်သည်။[၃]
အုပ်ချုပ်ရေး
စစ်ဘက်အုပ်ချုပ်ရေးတွင် အမိန့်ပေးစနစ်နှင့် အုပ်ချုပ်မှုအာဏာသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ ဆင်းသက်လာသည်။ သို့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုမူ ၎င်းနှင့် ၎င်းခန့်အပ်ထားသည့် အဖွဲ့ဝင် ၆ ဦးပါဝင်သော အဖွဲ့ဝင်စုစုပေါင်း ၁၁ ဦးရှိသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့်သာ ခန့်အပ်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။ သို့ဖြစ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ၎င်းရာထူးမှဖယ်ရှားရန် (သို့မဟုတ်) ၎င်းရာထူးနေရာ၌အသစ်ပြောင်းလဲခန့်အပ်ရန် ၎င်းမှတစ်ပါး မည်သူမျှအာဏာမရှိပေ။ စစ်ဘက်ရာထူးခန့်အပ်မှုတွင်လည်း စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ၊ စစ်ရာထူးခန့်ချုပ် အစရှိသည်တို့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသာ အလွယ်တကူ ခန့်အပ်/ပြောင်းရွှေ့/ဖယ်ရှားနိုင်သဖြင့် စစ်ဘက်အုပ်ချုပ်ရေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အကြွင်းမဲ့အာဏာရရှိထားသည်ဟု ဆိုနိုင်သည်။
တရားစီရင်ရေး
စစ်ဘက်တရားစီရင်ရေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးပြတ်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ စစ်ဘက်တရားစီရင်ရေးတွင် ပြန်တမ်းဝင်အရာရှိတစ်ဦးအားစီရင်ရာ၌ စစ်တရားရုံးများတွင် ၎င်းအဆင့်ထက်မနိမ့်သူပါဝင်ရမည်ဖြစ်ပြီး ထိုစစ်တရားရုံးကို စီရင်ခံမည့်သူထက် အဆင့်မြင့်သောအရာရှိက ဖွဲ့စည်းပေးရသည်။ သို့ဖြစ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စစ်ဖက်ဥပဒေဖြင့် အရေးယူနိုင်ခြင်းမရှိပေ။
ဥပဒေပြုရေး
စစ်ဘက်ဥပဒေများကို အရပ်ဖက်ဥပဒေများကဲ့သို့ ပြည်ထောင်စုလွှတ်တော်၏ အာဏာဖြင့် ပြင်ဆင်/ပြဋ္ဌာန်းသည်။ သို့ရာတွင် အရေးပေါ်ကာလ၌မူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၎င်းကိုယ်တိုင်ဖြစ်စေ၊ ၎င်းဖွဲ့စည်းထားသောအဖွဲ့ကဖြစ်စေ ဥပဒေပြဋ္ဌာန်းနိုင်သည့်အာဏာရှိသည်။ သာမန်အခြေအနေတွင်လည်း တပ်မတော်၏ လုပ်ထုံးလုပ်နည်း၊ ကန့်သတ်ချက်များကို ပြုပြင်ဆောင်ရွက်နိုင်သော ကာကွယ်ရေးဌာနကောင်စီ (ကကန) ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆုပ်ကိုင်ထားရာ စစ်ဘက်ဥပဒေပြုရေးတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာရရှိထားသည်။
ခန့်အပ်သည့်အလေ့အထ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ခေတ်အဆက်ဆက်၌ တပ်မတော် (ကြည်း) မှ ဗိုလ်ချုပ်အဆင့်ထက် မနိမ့်သော အရာရှိကိုသာ ခန့်အပ်ခဲ့ကြသည်။[၆] အကြောင်းမှာ တိုင်းမှူးများ၊ အရာရှိချုပ်များ၏ အဆင့်သည် အမြင့်ဆုံး ဒုတိယဗိုလ်ချုပ်ကြီး (သို့မဟုတ်) ဗိုလ်ချုပ်အဆင့်၌သာရှိသဖြင့် ၎င်းအဆင့်များထက် စီနီယာကျစေရန် ဖြစ်သည်။ ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ၎င်းနှင့်အတူ ထိပ်သီးအရာရှိကြီးများကိုပါ အနားပေးလေ့ရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသောအရာရှိမှာ ဗိုလ်ချုပ်မှူးကြီးအဆင့်သို့ ပြန်တမ်းဝင်အရာရှိရာထူးတိုးမြှင့်သည့် လုပ်ထုံးလုပ်နည်းနှင့်အညီ တစ်နှစ်လျှင် တစ်ဆင့်နှုန်းဖြင့် တိုးမြှင့်ခံရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ၎င်းယုံကြည်ရသည့် ပုဂ္ဂိုလ်ကိုသာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ခန့်အပ်လေ့ရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို နိုင်ငံရေးကျွမ်းကျင်သူ၊ တစ်နည်းအားဖြင့် နိုင်ငံရေးသမားဟူသော နေရာအဖြစ်တင်စားကြပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုမူ စစ်ရေးကျွမ်းကျင်သူ၊ တစ်နည်းအားဖြင့် တိုက်ခိုက်ရေးသမားဟူသော နေရာအဖြစ်တင်စားကြသည်။ အကြောင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကို စစ်ရေးကျွမ်းကျင်သူ၊ အနေအေးသူ၊ ၎င်းအပေါ်အပြိုင်အဆိုင်မရှိသူ၊ နိုင်ငံရေးမကျွမ်းကျင်သူကိုသာ ခန့်အပ်လေ့ရှိသောကြောင့် ဖြစ်သည်။
သမိုင်းကြောင်း
၁၉၄၇ခုနှစ် မေလ ၁ရက်နေ့ တွင် ဗမာ့တပ်မတော်စစ်ဆေးရေးအရာရှိချုပ်စစ်မင်းကြီး (Inspector General, Burma Army) ဗိုလ်ချုပ် အလ် စီ သောမတ်စ် (Lechmere Cay Thomas) ကို ဗမာ့တပ်မတော်စစ်ဦးစီးချုပ် (General Officer Commanding, Burma Army) အဖြစ်စတင်ခန့်အပ်ခဲ့သည်။[၇]:၁၅၅[၈]:၈၃
၁၉၄၈ခုနှစ် မေလတွင် စစ်ရုံးဖွဲ့စည်းပြီးသောအခါ စစ်ဦးစီးချုပ်သည် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များအားလုံး၏အကြီးအမှူးဖြစ်လာခဲ့သည်။[၈]:၈၅ ထိုသို့ကြီးကြပ်ရာတွင်လည်းကောင်း၊ စစ်အုပ်ချုပ်ရေးအရအုပ်ချုပ်ရာတွင်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံလက်နက်ကိုင်တပ်ပေါင်းစုံစစ်သေနာပတိချုပ် ဟူသော ရာထူးအခေါ်အဝေါ်ကိုသုံးစွဲခဲ့သည်။[၉][၁၀][၁၁]
၁၉၅၅ခုနှစ်တွင် ဗမာ့တပ်မတော်၊[မှတ်စု ၁] ဗမာ့ရေတပ်မတော်နှင် မြန်မာ့လေတပ်မတော်[မှတ်စု ၂]:၁၈၇ တို့ကို တပ်မတော် (Defense Services) အဖြစ် ပေါင်းစည်းခဲ့ရာ စစ်သေနာပတိချုပ်ရာထူးကို ၁၉၅၅ခုနှစ် နိုဝင်ဘာလ ၂၈ရက်နေ့မှ စ၍ ကာကွယ်ရေးဦးစီးချုပ် (Chief of Staff, Defence Services) အဖြစ်အမည်ပြောင်းခဲ့ပြီး စစ်ဦးစီးချုပ်၊ ရေတပ်ဦးစီးချုပ် နှင့် လေတပ်ဦးစီးချုပ်တို့၏လုပ်ပိုင်ခွင့်အာဏာအားလုံးကိုပေးအပ်ခဲ့သည်။[၈]:၁၂၈
၁၉၈၉ခုနှစ် မေလ ၁၀ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (Commander-in-Chief of Defence Services) ဟု ထပ်မံပြောင်းလဲခဲ့သည်။[၁၂]
စစ်ဦးစီးချုပ်/တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များစာရင်း
| စဉ် | ဓာတ်ပုံ | ပြန်တမ်းဝင်အမှတ် | ရာထူးအဆင့်နှင့်အမည် | တာဝန်သက်တမ်း | မှတ်ချက် | ကိုးကား |
|---|---|---|---|---|---|---|
| ဗမာ့တပ်မတော်စစ်ဦးစီးချုပ် | ||||||
| * | 12601 | ဗိုလ်ချုပ် အလ် စီ သောမတ်စ် | ၁ မေ ၁၉၄၇ – ၄ ဇန်နဝါရီ ၁၉၄၈ | စစ်ဆေးရေးအရာရှိချုပ်စစ်မင်းကြီးအဖြစ်မှ တိုးမြှင့်ခန့်ထားခြင်းခံရသည်။ ဗမာ့တပ်မတော်၏စစ်ဦးစီးချုပ်အဖြစ်ခန့်အပ်ခံရခြင်းကို မှတ်တမ်းတင်ထားသော်လည်း လွတ်လပ်ရေးမရမီထမ်းဆောင်ခဲ့သူဖြစ်သဖြင့် ကာကွယ်ရေးဦးစီးချုပ်များစာရင်းတွင်ထည့်သွင်းဖော်ပြခြင်းမခံရပါ။ | [၇][၈][၁၃] | |
| ဗမာ့တပ်မတော်စစ်ဦးစီးချုပ်/ ပြည်ထောင်စုမြန်မာနိုင်ငံလက်နက်ကိုင်တပ်ပေါင်းစုံစစ်သေနာပတိချုပ် | ||||||
| ၁။ | BC 5106 | ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း | ၄ ဇန်နဝါရီ ၁၉၄၈ – ၃၁ ဇန်နဝါရီ ၁၉၄၉ | ကရင်လူမျိုးဖြစ်ပြီး ကရင်ပြည်တွင်းစစ်ကြောင့် အငြိမ်းစားပေးခံခဲ့ရသည်။ ဒုတိယမြောက်စစ်ဦးစီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော်လည်း ပထမဆုံးကာကွယ်ရေးဦးစီးချုပ်အဖြစ်ဖော်ပြခြင်းခံရသည်။ | [၁၄][၁၅][၁၆] | |
| ၂။ | BC 3502 | ဗိုလ်ချုပ် နေဝင်း | ၁ ဖေဖော်ဝါရီ ၁၉၄၉ – ၂၈ စက်တင်ဘာ ၁၉၅၅[၁၇] | တပ်မတော် (ကြည်း၊ ရေ၊ လေ) ပေါင်းစည်းရေးမူအရ ၁၉၅၅ မှစ၍ တပ်မတော်၏ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့သုံးရပ်လုံး၏ ကာကွယ်ရေးဦးစီးချုပ် (Chief of Staff, Defence Services) ဖြစ်လာခဲ့သည်။ | [၁၄][၁၅][၁၆] | |
| ကာကွယ်ရေးဦးစီးချုပ် | ||||||
| (၂) | BC 3502 | ဗိုလ်ချုပ်ကြီး နေဝင်း | ၂၈ စက်တင်ဘာ ၁၉၅၅ – ၂၀ ဧပြီ ၁၉၇၂ | နောက်ပိုင်းတွင်နိုင်ငံတော်သမ္မတနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ | [၁၄][၁၅][၁၆] | |
| ၃။ | BC 3569 | ဗိုလ်ချုပ်ကြီး စန်းယု | ၂၀ ဧပြီ ၁၉၇၂ – ၁ မတ် ၁၉၇၄ | အရပ်ဘက်နိုင်ငံရေးကိစ္စများ ဆောင်ရွက်ရန် အငြိမ်းစားယူခဲ့သည်။ နောက်ပိုင်းတွင်နိုင်ငံတော်သမ္မတဖြစ်လာခဲ့သည်။ | [၁၄][၁၅][၁၆] | |
| ၄။ | BC 3561 | ဗိုလ်ချုပ်ကြီး သူရ တင်ဦး | ၁ မတ် ၁၉၇၄ – ၆ မတ် ၁၉၇၆ | သမ္မတဦးနေဝင်းနှင့် ဆက်ဆံရေးတင်းမာမှုများကြောင့် နုတ်ထွက်ခဲ့ရသည်။ နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ | [၁၄][၁၅][၁၆] | |
| ၅။ | BC 5322 | ဗိုလ်ချုပ်ကြီး သူရကျော်ထင် | ၆ မတ် ၁၉၇၆ – ၃ နိုဝင်ဘာ ၁၉၈၅ | အသက် ၆၀ တွင် အငြိမ်းစားယူခဲ့သည်။ | [၁၄][၁၅][၁၆] | |
| ၆။ | BC 6187 | ဗိုလ်ချုပ်ကြီး စောမောင် | ၄ နိုဝင်ဘာ ၁၉၈၅ – ၁၀ မေ ၁၉၈၉ | ၁၉၈၈ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်း၍အာဏာသိမ်းယူခဲ့သည်။ ရာထူးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် သတ်မှတ်ခဲ့သည်။ | [၁၄][၁၅][၁၆] | |
| တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | ||||||
| (၆) | BC 6187 | ဗိုလ်ချုပ်မှူးကြီး စောမောင် | ၁၀ မေ ၁၉၈၉ – ၂၂ ဧပြီ ၁၉၉၂ | ၁၉၉၀ တွင် မိမိကိုယ်ကို ဗိုလ်ချုပ်မှူးကြီးအဆင့်သို့ ရာထူးတိုးမြှင့်ခဲ့သည်။ ၁၉၉၂ တွင် ကျန်းမာရေးကြောင့် အငြိမ်းစားယူခဲ့ရသည်။ | [၁၄][၁၅][၁၆] | |
| ၇။ | ကြည်း ၆၇၁၀ | ဗိုလ်ချုပ်မှူးကြီး သန်းရွှေ | ၂၂ ဧပြီ ၁၉၉၂ – ၃၀ မတ် ၂၀၁၁ | နဝတမှ ပြန်လည်ဖွဲ့စည်းလိုက်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဋ္ဌဖြစ်သည်။ ၂၀၁၁ တွင် အငြိမ်းစားယူခဲ့သည်။ | [၁၄][၁၅][၁၆] | |
| ၈။ | ကြည်း ၁၄၂၃၂ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် | ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၂၆ | ၂၀၂၁ တွင် အာဏာသိမ်းပိုက်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌဖြစ်ပြီး ဝန်ကြီးချုပ်၊ ယာယီသမ္မတရာထူးနှင့် လက်ရှိ သမ္မတရာထူးတို့ကို အဆင့်ဆင့်ရယူခဲ့သည်။ | [၁၄][၁၅][၁၆] | |
| ၉။ | ကြည်း ၂၁၄၄၀ | ဗိုလ်ချုပ်ကြီး ရဲဝင်းဦး | ၃၀ မတ် ၂၀၂၆ – လက်ရှိ | [၁၄][၁၅][၁၆] | ||
အခြားသမိုင်းဝင်စစ်သေနာပတိချုပ်များ
ဗမာနိုင်ငံတော်
| စဉ် | ဓာတ်ပုံ | ပြန်တမ်းဝင်အမှတ် | ရာထူးအဆင့်နှင့်အမည် | တာဝန်သက်တမ်း | ထမ်းဆောင်သည့်တပ်ဖွဲ့ | မှတ်ချက် |
|---|---|---|---|---|---|---|
| လက်နက်ကိုင်ဗမာစစ်တပ်များအားလုံး၏စစ်သေနာပတိချုပ် | ||||||
| ၁။ | (အရပ်သား) | ဒေါက်တာ ဘမော် | ၁ ဩဂုတ် ၁၉၄၅ – ၁၅ ဩဂုတ် ၁၉၄၅ | တစ်ယောက်တည်းသော အရပ်သားစစ်သေနာပတိချုပ်ဖြစ်သည်။ | ||
မျိုးချစ်ဗမာ့တပ်မတော်
| စဉ် | ဓာတ်ပုံ | ပြန်တမ်းဝင်အမှတ် | ရာထူးအဆင့်နှင့်အမည် | တာဝန်သက်တမ်း | ထမ်းဆောင်သည့်တပ်ဖွဲ့ | မှတ်ချက် |
|---|---|---|---|---|---|---|
| မျိုးချစ်ဗမာ့တပ်မတော်စစ်သေနာပတိချုပ် | ||||||
| ၁။ | - | ဗိုလ်ချုပ် အောင်ဆန်း | ၂၇ မတ် ၁၉၄၅ – ၂၉ ဒီဇင်ဘာ ၁၉၄၅ | ခေတ်သစ်မြန်မာ့တပ်မတော် တည်ထောင်သူ၊ ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်လည်းဖြစ်သည်။ ဂျပန်ခေတ် ဗမာ့ကာကွယ်ရေးတပ်မတော်တွင် စစ်ဦးစီးချုပ်ဖြစ်ခဲ့သည်။ စစ်ပြီးကာလတွင် ကာကွယ်ရေးဝန်ကြီး အဖြစ်ဆောင်ရွက်ခဲ့သည်။ | ||
ဗမာ့တပ်မတော်
| စဉ် | ဓာတ်ပုံ | ပြန်တမ်းဝင်အမှတ် | ရာထူးအဆင့်နှင့်အမည် | တာဝန်သက်တမ်း | ထမ်းဆောင်သည့်တပ်ဖွဲ့ | မှတ်ချက် |
|---|---|---|---|---|---|---|
| ဗမာ့တပ်မတော်စစ်ဆေးရေးအရာရှိချုပ်၊ စစ်မင်းကြီး | ||||||
| ၁။ | 12601 | ဗိုလ်ချုပ် အလ် စီ သောမတ်စ် | ၂၉ ဩဂုတ် ၁၉၄၅ – ၁ မေ ၁၉၄၇ | ဗမာ့တပ်မတော် | ၁၉၄၇တွင် ဗမာ့တပ်မတော်၏ ပထမဆုံး စစ်ဦးစီးချုပ်အဖြစ် ခန့်ထားခြင်းခံရသည်။ | |
ကာကွယ်ရေးဌာန
| စဉ် | ဓာတ်ပုံ | ပြန်တမ်းဝင်အမှတ် | ရာထူးအဆင့်နှင့်အမည် | တာဝန်သက်တမ်း | ထမ်းဆောင်သည့်တပ်ဖွဲ့ | မှတ်ချက် |
|---|---|---|---|---|---|---|
| ဘုရင်ခံ၏ကာကွယ်ရေးဌာနအတိုင်ပင်ခံအရာရှိ | ||||||
| ၁။ | - | ဗိုလ်ချုပ် အောင်ဆန်း | ၂၈ စက်တင်ဘာ ၁၉၄၆ – ၁၉ ဇူလိုင် ၁၉၄၇ | ကာကွယ်ရေးဌာန | ||
| ၂။ | BC 3501 | ဗိုလ်မှူးချုပ် လက်ျာ | ၁၉ ဇူလိုင် ၁၉၄၇ – ၈ မေ ၁၉၄၈ | ကာကွယ်ရေးဌာန | ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်ပြီး မျိုးချစ်မော့တပ်မတော်၏ဒုတိယခေါင်းဆောင်ဖြစ်ကာ တပ်မတော်ကို အာဏာလွှဲခြင်းနှင့်ပက်သက်သည့် လက်ျာ-ဖရီးမင်း စာချုပ်ကို ချုပ်ဆိုခဲ့သူလည်းဖြစ်သည်။ ၁၉၄၈ခုနှစ် စစ်ရုံးဖွဲ့စည်းပြီးနောက်တွင် ဝန်ကြီးအဖြစ် လပိုင်းခန့်ဆက်လက်ထမ်းဆောင်ခဲ့သည်။ | |
ဆက်စပ်ကြည့်ရှုရန်
မှတ်စုများ
- ↑ ကြည်းတပ်ကို ၁၉၅၅ခုနှစ်မတိုင်မီက "ဗမာ့တပ်မတော်" ဟုသာခေါ်ဆိုခဲ့သည်။ "ကြည်း" ဟု အမည်မတပ်ခဲ့ပါ။
- ↑ "Burma"ကို မြန်မာဘာသာပြန်ရာတွင် ကြည်းတပ်နှင့်ရေတပ်က "ဗမာ့"ဟုသုံးစွဲခဲ့သော်လည်း လေတပ်က "မြန်မာ့"ဟုသုံးစွဲခဲ့သည်။
- ↑ ဗမာ့အမျိုးသားတပ်မတော်နှင့်ရေတပ်မတော်တို့ပါဝင်သည်။
- ↑ ဖက်ဆစ်တော်လှန်ရေးအစတွင်အသုံးပြုခဲ့သော်လည်းဗြိတိသျှတို့ကဤအမည်ကိုအသိအမှတ်မပြုခဲ့ပါ
ကိုးကား
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)
- ↑ ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း (၂၇ ဖေဖော်ဝါရီ ၂၀၂၀)။ ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲအဖြစ် ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ (ဂ) အား ပယ်ဖျက်ခြင်းမပြုသင့်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး။ Eleven Media Group။ ၆ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- 1 2 စိုင်းဝဏ္ဏ (၅ နိုဝင်ဘာ ၂၀၂၀)။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒုတိယသမ္မတအဆင့်ရှိသူဟု တပ်မတော်ထုတ်ပြန်။ မြန်မာတိုင်း(မ်)။ 13 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၆ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ "တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့ အသက် ၆၅ နှစ်ထိ တာဝန်ထမ်းနိုင်ပြီး စစ်အရာရှိများ၏ တာဝန်သက်တမ်း ကန့်သတ်ဟုဆို"၊ The Irrawaddy၊ 20 July 2016။
- ↑ "တပ်ချုပ်နှင့် ဒုတပ်ချုပ်တာဝန်ထမ်းဆောင်ခွင့် အသက် ၆၅ နှစ် ကန့်သတ်ချက်ပယ်ဖျက်"၊ The Irrawaddy၊ 20 May 2021။
- ↑ "ပြိုကွဲနေသည့် စစ်တပ်နှင့် ကာချုပ်အပြောင်းအလဲ"၊ DVB၊ 30 January 2024။
- 1 2 တပ်မတော်သမိုင်း တတိယတွဲ [လင့်ခ်သေ]
- 1 2 3 4 တပ်မတော်သမိုင်း စတုတ္ထတွဲ [လင့်ခ်သေ]
- ↑ ၁၉၅၂ခုနှစ်၊ ရှမ်းပြည်နယ်၌ စစ်ဥပဒေခေတ္တထုတ်ပြန်ကျေညာမှုအက်ဥပဒေ။ [လင့်ခ်သေ]
- ↑ စစ်သေနာပတိချုပ်၏အမိန့်ကြော်ငြာစာအမှတ် ၃၃ [လင့်ခ်သေ]
- ↑ ၁၉၅၄ ခုနှစ်၊ ကင်းလွတ်ချမ်းသာခွင့်နှင့် တည်မြဲရေးအက်ဥပဒေ။ [လင့်ခ်သေ]
- ↑ ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ [The Law Amending the Defence Services Act, 1959]; (မြန်မာဘာသာဖြင့်[လင့်ခ်သေ]) (အင်္ဂလိပ်ဘာသာပြန်[လင့်ခ်သေ])
- ↑ British Army Officers 1939-1945 (August 2005)။ 26 April 2026 တွင် ပြန်စစ်ပြီး။
- 1 2 3 4 5 6 7 8 9 10 11 DSMuseum (30 March 2026)။ ကာကွယ်ရေးဦးစီးချုပ်/ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူများ (in my)။ Defence Services (Army, Navy, Air Force) News Techonlogy Department။ 22 April 2026 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- 1 2 3 4 5 6 7 8 9 10 11 news bulletin။ "(၇၆)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင် ခဲ့ကြသည့် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား) များ၏ အမှတ်တရရုပ်တုများ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်" (in my)၊ Ministry of Information, Government of the Republic of the Union of Myanmar၊ 25 March 2021။
- 1 2 3 4 5 6 7 8 9 10 11 Myoe၊ Maung Aung (2009)။ "Appendix (6)"။ Building the Tatmadaw: Myanmar Armed Forces Since 1948။ ISEAS–Yusof Ishak Institute။ 22 April 2026 တွင် ပြန်စစ်ပြီး။
- ↑ Sabry၊ Fouad (2024-05-30)။ Military Staff: Strategizing the Nexus, Command, Coordination, and 21st Century Warfare (အင်္ဂလိပ်ဘာသာစကားဖြင့်)။ One Billion Knowledgeable။