သီဟသူရ (အင်းဝ)

ဝီကီပီးဒီးယား မှ
(ပြည်စုန်သီဟသူ မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
သီဟသူရ အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် သီဟသူရ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
သီဟသူရ (အင်းဝ)
အင်းဝဘုရင်
နန်းသက်၂၄ ဇူလိုင် ၁၄၆၈ – ဩဂုတ် ၁၄၈၀
ရှေ့မင်းဆက်နရပတိ
Successorဒုတိယ မင်းခေါင်
မွေးဖွား၁ မေ ၁၄၁၃
မြန်မာသက္ကရာဇ် ၇၉၃၊ ကဆုန်လဆန်း ၅ ရက်၊ အင်္ဂါနေ့[note ၁]
ပြည်
ကွယ်လွန်ဩဂုတ် ၁၄၈၀ (အသက် ၄၉) [၁]
အင်းဝ
ကြင်ရာတော်အမိတ္တသီရိ မဟာဓမ္မဒေဝီ
သားသမီးများဒုတိယ မင်းခေါင်
မင်းရဲကျော်စွာ
စံအိမ်မိုးညှင်း
ခမည်းတော်နရပတိ
မယ်တော်အတုလ သီရိ မဟာရာဇ ဒေဝီ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

သီဟသူရ (အင်းဝ) (မဟာ သီဟသူရ ခေါ် ပြည်စုန်သီဟသူ၊ ၁၄၃၁–၁၄၈၀) သည် ၁၄၆၈ ခုနှစ်မှ ၁၄၈၀ ခုနှစ်အထိ အင်းဝထီးနန်းကို စိုးစံခဲ့သော ဘုရင်တစ်ပါး ဖြစ်သည်။ မိုးညှင်းမင်းတရားမြေး၊ နရပတိမင်း၏ သားတော်ဖြစ်သည်။ ခမည်းတော်လက်ထက် အိမ်ရှေ့စံရသည်။ ၈၃ဝ ပြည့်နှစ်တွင် ခမည်းတော် နရပတိမင်းကြီးသည် သီဟသူ၏သားတော် သတိုးကျော်လုပ်ကြံသည့် အနာနှင့် နတ်ရွာစံသည်တွင် သီဟသူနန်းတက်သည်။ ဘုရင် မဟာသီဟသူရ ဟူသောဘွဲ့ကိုလည်းခံယူသည်။ မိဖုရားကား အမိတ္တသီရိ မဟာဓမ္မဒေဝီ ဟူသောအမည်နှင့် အဘိသိက်ခံသည်။

သားတော်အကြီးနော်ရထာကို မဟာသီဟသူရ ဟူသောဘွဲ့နှင့် အိမ်ရှေ့နှင်းတော်မူသည်။ သားတော်လတ် သတိုးကျော်ကို သတိုးဓမ္မရာဇာဟူသောဘွဲ့ဖြင့် စကု၊ စလင်း၊ ဖောင်းလင်း၊ လယ်ကိုင်း၊ မြို့သစ်၊ တိုင်တား၊ မင်းတုန်း၊ သရက်၊ မြေထဲ၊ ကညင်မြောင်တို့ကိုလည်းပေးတော်မူသည်။ သားတော် အငယ်ကို သီရိဓမ္မာသောက ဟူသောဘွဲ့ဖြင့်မြေတူးမြို့ကိုလည်း ကျွေးပေးတော်မူသည်။ နောက် နော်ရထာအမည်နှင့် ရမည်းသင်း၊ ဝတီး၊ ယင်းတော်၊ လှိုင်းတက်ညောင်ရမ်း၊ ပေါက်မြိုင်မြို့များကိုလည်း ပေးတော်မူသည်။ သမီးတော် ဘိုးတော် ရှင်မယ်ကို မိုးညှင်းမင်းတရားတူတော် မြောက်ဘက် နော်ရထာနှင့် စုံဖက်တော်မူ၍ မြေတူးနှင့်ပေါက်သစ်ကို ပေးတော်မူသည်။ မင်းတရားကြီးတွင် ဤသားတော် သမီးတော်များအပြင် သမီးလတ်ဘိုးတော်ရှင်ဘွား၊ သမီးအငယ် နတ်ရှင်နှမတော်တို့လည်း ရှိသေးသည်။ သီဟသူမင်း နန်းတက်သောအခါ တောင်ငူစားသည် မခန့်မညားနေ၍ ဆက်မြဲကပ်မြဲကို မဆက်ကပ်ဘဲနေရာ သီဟသူအမျက်တော်ရှိ၍ ၈၃၂ ခုနှစ်တွင် သားတော်အိမ်ရှေ့မင်း၊ သားတော်သတိုး ဓမ္မရာဇာ တို့ကို တောင်ငူသို့အလုံးအရင်းနှင့်ချီစေသည်။ တောင်ငူစား မခံနိုင်၍ အညံ့ခံရလေသည်။

မြေးတော်သတိုးကျော်လုပ်ကြံ၍ ဘိုးတော်နရပတိမင်း နတ်ရွာစံရသဖြင့် သတိုးကျော်နှင့်ခမည်းတော် သီဟ သူတို့ အပေါ်မယ်တော် အတုလသီရိမဟာရာဇာဒေဝီနှင့်တကွ ညီတော် ပြည်မင်း၊ သာယာဝတီမင်း ဦးရီးတော်များက စိတ်တော်ခု၍ မချေမငံရိုင်းပြကြသည်ကိုသိသဖြင့် သီဟသူမင်းကြီးသည် ၈၃၄ ခုနှစ်တွင် ရေအားကြည်းအားအများ စီရင်တော်မူ၍ မိဖုရားနှင့်တကွ ပြည်သို့ချီတော်မူကာ သာယာချေငံသော စကားဖြင့် သိမ်းမြန်းပိုက်ထုပ်တော်မူသည်။ ဖိုးဦးတောင်၌ သစ္စာတော်ပေး၍ စားမြဲ ကျေးရွာစည်းစိမ်ကို မရှုတ်မချ စားစေသည်။ ယင်းသို့ပြည်မြို့သို့စုန်၍ ဆွေတော် မျိုးတော် များကို သိမ်းမြန်းပိုက်ထုပ်ရသောကြောင့် ပြည်စုန်သီဟသူဟု တွင်သည်။ သက္ကရာဇ် ၈၃၆ ခုနှစ်တွင် ညောင်ရွှေ၊ နောင်မွန်၊ ရပ်စောက်စားတို့ မကျိုးမနွံပြုသဖြင့် အုန်းပေါင်စော်ဘွား စစ်ကူတောင်းသဖြင့် ဆင်မြင်းအလုံးအရင်းနှင့်ပို့ရာ မြို့လုံးပျက်၍ စော်ဘွားနှင့်တကွ သားမယားများကိုသုံ့ပန်းအဖြစ် ဖမ်းခဲ့နိုင်သည်။ မြို့စားသုံးဦးကိုသစ္စာပေး၍ အုန်းပေါင်စော်ဘွားနှင့် တစ်ချက်တစ်ပေါင်းတည်း ဖြစ်စေသည်။ သက္ကရာဇ် ၈၃၇ ခုနှစ်တွင် မွန်ကျေးကောလိယတွင်သော သစ်တိန်ညင်သို့ တောင်ငူ စည်သူကျော်ထင်အား ဗိုလ်မှူးခန့်၍ အလုံးအရင်းနှင့်လုပ်ကြံစေရာ မွန်တို့ပျက်၍ ကောလိယမြို့ကို သိမ်းပိုက်မိသည်။

သက္ကရာဇ် ၈၃၈ ခုနှစ်တွင် မိုးညှင်းနှင့် မိုးကောင်း စော်ဘွားတို့ စစ်ဖြစ်ရာ နှစ်မြို့လုံးက စစ်ကူတောင်းသဖြင့် ကိုယ်တော်တိုင်ရေအားကြည်းအားအလုံးအရင်းနှင့် ချီတော်မူသည်။ မိုးညှင်းသို့ရောက်တော်မူလျှင် မိုးညှင်းနှင့်မိုးကောင်း စော်ဘွားတို့က မခံဝံ့သဖြင့် လက်ဆောင် လက်နက်များနှင့်ဝင်လှာသည်။ မိုးညှင်းစော်ဘွားကို ယူတော်မူခဲ့၍ တကောင်း မြို့ကိုပေးကာ မိုးညှင်းမြို့ကိုမူ မိုးကောင်းစော်ဘွားကြီးအား ပေးတော်မူသည်။ တစ်ခါသော် မွန်သူရဲကောင်းသမိန်ဗရမ်း (မင်းညီတုံး) သည် ခန္တီးမြို့ကျေးစပ်တိုင်အောင် ချီတက်ကာ မြေခြား သံတိုင်စိုက်၍ ပြန်အလာတွင် သီဟသူလည်း ရမည်းသင်းမှ ဆီးကြိုတိုက်ဆင်ရာ သမိန်ဗရမ်းကို အရှင်ရလေသည်။ သမိန်ဗရမ်းကို ရလျှင် သီဟသူသည် မရှုတ်မချ အဝတ်အစား ပေးတော်မူ၍ မြဲစွဲစေ၏။

တရုတ်တို့လည်း နယ်ခြားသံတိုင် စိုက်ကြောင်းကြား သဖြင့် လာရောက်နှုတ်ပစ်သည့်ပြင် မြန်မာတို့စိုက်သည် ထင်မှား၍ ပဏ္ဏာတောင်းလေရာ သီဟသူကငြင်းသော် တရုတ်တို့က သူရဲကောင်းမြင်းတစ်စီး စီးချင်းတိုက်ရန် ဆိုလှာသည်။ သီဟသူလည်း သမိန်ဗရမ်းကို စီးချင်းတိုက်ရန် ရွေးချယ်စေလွှတ်သည်။ စီးချင်းတိုက်ရာတွင် တရုတ် သူရဲကောင်း ဆလုံကျော်ခေါင်ကို သမိန်ဗရမ်းသည် လှံနှင့်ထိုး၍ အကျ၌ ခေါင်းဖြတ်ယူခဲ့နိုင်သည်။ ဘုရင်သီဟသူလည်း အားရတော်မူသဖြင့် သမိန်ဗရမ်းအား သူအလိုရှိသည်အတိုင်း ဟံသာဝတီနေပြည်တော်သို့ အဆောင်အယောင်အခမ်းအနားနှင့် ပြန်ပို့တော်မူသည်။ မွန်မင်းဓမ္မစေတီလည်း အားရတော်မူ၍ ဘုရင်သီဟသူအား အထူးထူးသောထည်မျိုးအုပ် မျိုးများစွာ ပေးသည်။

သက္ကရာဇ် ၈၄၂ ခုနှစ်တွင်အိမ်နိမ့် ၄၂ နှစ်၊ စည်းစိမ် ၁၂ နှစ်၊ သက်တော် ၅၄ နှစ်တွင် သီဟသူ ဘုရင် နတ်ရွာစံသည်။ နတ်ရွာမစံမီ သားတော်များတစ်ဆင့် ကိုတစ်ဆင့် ကြီးစဉ်ငယ်လိုက်ရိုသေရန်၊ စည်းစည်းလုံးလုံး နေထိုင်ရန် ဆုံးမတော်မူခဲ့သည်။ သီဟသူဘုရင်၏ ကောင်းမှုတော်တို့ကား သင်ပန်းအရပ်၌ ပဉ္စမာလိန္ဒရတနာ မြစည်းခုံ နှင့်ရွှေကျောင်းဆောင်၊ ရွှေသိမ်တော်၊ ပုဂံတွင် ဇေတဝန်ကျောင်းတော်၊ ရွှေစည်းခုံအောက်ရန် အောင်မြင် ရွှေကျောင်းတော်၊ ရတနာစေတီတွင်းဝယ် ရွှေကျောင်းတော်၊ ထူပါရုံတွင်းဝယ်ရွှေကျောင်းတော် ၊ဖွားတော်မူသောစစ်ကိုင်းမြို့ တွင်းဝယ်ရွှေကျောင်းတော်၊ ချောင်းပေါက်အရပ်၌ ရတနာ မဉ္ဇူဘုရားနှင့် ရွှေကျောင်းတော်တို့ဖြစ်သည်။

မှတ်စု[ပြင်ဆင်ရန်]

  1. ဇာတာတော်ပုံ ရာဇဝင် တွင် မြန်မာသက္ကရာဇ် ၇၈၈ ကဆုန်လဆန်း ၅ ရက် အင်္ဂါနေ့ ( ၁၄၂၆ ဧပြီ ၂၅၊ ကြာသပတေးနေ့) တွင် မွေးဖွားသည်ဟု ဖော်ပြထားသည်။ သို့သော် မှန်နန်း ရာဇဝင် တွင် ၇၉၂ သို့မဟုတ် ၇၉၃ ဟု ဆိုသည်။ မှန်နန်းရာဇဝင်တွင် ၁၄၆၈ ဇူလိုင် ၂၄ ရက် အသက် ၃၇ တွင် နန်းတက်သည်ဟု ဆိုထားရာ သူ၏ မွေးသက္ကရာဇ်သည် ၇၉၃ ဖြစ်ရမည် ဖြစ်သည်။ အမှန်တကယ် ၇၉၃ ခု၊ ကဆုန်လဆန်း ၅ ရက်သည် ၁၄၁၃ ခုနှစ် မေလ ၁ ရက်၊ အင်္ဂါနေ့ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Hmannan Vol. 2 2003: 110
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)