စစ်ကိုင်းနရပတိစည်သူ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ပုဂံ နရပတိစည်သူ အတွက် နရပတိစည်သူ(ပုဂံ) ကို ကြည့်ပါ။

စလင်း စည်သူကျော်ထင် (၈၅၆-???) သည် အင်းဝ၌ နန်းတက်သော မင်းတစ်ပါး ဖြစ်ခဲ့သည်။ စစ်ကိုင်းနရပတိစည်သူကို စလင်းကို စားရ၍ စလင်းစည်သူကျော်ထင်၊ နောက်ပိုင်း စစ်ကိုင်းကို စားရ၍ စစ်ကိုင်းစည်သူကျော်ထင်ဟုလည်း ခေါ်ကြသေးသည်။ အင်းဝမင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် အမည်ရင်း စည်သူကျော်ထင် ရှိသော နရပတိစည်သူသည် တိုက်ရည်ခိုက်ရည်ကောင်းသည့် သူရဲကောင်းတစ်ဦးဖြစ်သည်။ မူလက စလင်းစားအဖြစ် တစ်ထီးတစ်နန်းနေသူဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၈၅၆ ခုတွင် မွေး၍ ဗုဒ္ဓဟူးသား ဖြစ်သည်။ ဖခင်မှာ စလင်းကို ကျေးစားပေးခံရသော ဒုတိယမင်းခေါင် အထိန်းသား စည်သူ ဖြစ်သည်။[ကိုးကားချက်လိုသည်]

စလင်းကို အမွေရခြင်း[ပြင်ဆင်ရန်]

ယောက်ဖ ပြည် သတိုးမင်းစောကို လုပ်ကြံကာ ညီမ နရပတိမယ်တော်ကို ပြည် နရပတိက စလင်း စည်သူကျော်ထင်ကို ပေးသည်။ သို့ဖြင့် ပြည်နှင့် မိတ်ဖြစ်လာသည်။ ပုဂံမှာလည်း ဘကြီးတော်သူ သတိုးက မင်းမူဆဲဖြစ်၍ အားကောင်းသောအင်အားစု ဖြစ်လာသည်။ ၈၈၈ ခုတွင် အင်းဝ၌ မိုးညှင်းမှ သိုဟံဘွား နန်းတက်လာသည်။ မိုးညှင်းနှင့် ပလဲပနံသင့်သော စလင်းနှင့် ပုဂံမှာ စားမြဲတိုင်း စားရသည်။ သို့ဖြင့် စလင်းကို အမွေရလာသည်။

အင်းဝနန်းကို ရခြင်း[ပြင်ဆင်ရန်]

အင်းဝသို့ ကိုယ်လွတ်ပြေးခြင်း[ပြင်ဆင်ရန်]

၉၀၅ ခု၌ ပြည်ကို တိုက်မည်ဟူ၍ ရှမ်းတို့သွားရာ ဟံသာဝတီမှ စစ်ကူလာ၍ တပ်ပျက်ပြီး ကရောသောပါး ပြေးရသည်။ ဟံသာဝတီမှ မင်းတရားရွှေထီးက အထက်သို့ဆန်ကာ တမြို့ပြီးတပြီး သိမ်းတော့သည်။ သူရသတ္တိနှင့်ပြည့်စုံသော်လည်း ဇရာကိုငဲ့သော စည်သူကျော်ထင်က သား မင်းကြီးရဲတိုင်ကို မြို့စောင့်ထားတာ ရှမ်းတို့နှင့်အတူ အင်းဝတက်ပြေးသည်။

မင်းတရားရွှေထီး ၃ ရက်ရံပြီးနောက် စလင်းကို ရသည်။ သားဖြစ်သူ မင်းကြီးရဲတိုင် သေသည်။ မိဖုရား နရပတိမယ်တော်နှင့် အခြွေအရံများကို မင်းတရားရွှေထီးက ဟံသာဝတီ ခေါ်သွားသည်။ စလင်းစားအဖြစ် မင်းတရားရွှေထီးက အထိန်းသား ရှင်သီဟကို စည်သူကျော်ထင်ဘွဲ့နှင့်ပင် အပ်သည်။

၉၀၆ ခုတွင် လုလင်ကျော်မှူး ခေါင်းဆောင်သော စည်သူကျော်ထင်၏ တပည့်တပန်းများက စည်သူကျော်ထင် ရှင်သီဟကို လုပ်ကြံသည်။ စည်သူကျော်ထင် ရှင်သီဟက ပြည်သို့ ပြန်ပြေးသည်။ ထို့နောက် အင်းဝ၌ စစ်ရှောင်နေသော စည်သူကျော်ထင်ကို ပြန်ခေါ်ကာ တပည့်များက မြို့ကိုအပ်သည်။ မကြာမီပင် စည်သူကျော်ထင် ရှင်သီဟက ဆင်မြင်းအလုံးအရင်းနှင့် ချီလာပြန်၍ ဆင်တစီးနှင့် ကိုယ်ထီးပြေးရသည်။ စလင်း အနောက်မြောက်ဘက် လောင်းရှည်မှာသည် ချင်းတောင်တိုင်အောင် ကြောက်လန့်တကြား ပြေးသည်။ နောက် မုန်ယိုကာ ဆင် တောဝင်သွားသဖြင့် တောထဲ၌ နေနေသည်။ ချင်းများက ဖမ်းကာ မိုးညှင်း စလုံငယ်သို့ အပ်သည်။

မိုးညှင်းစော်ဘွား၏ မြှောက်ပေးမှု =[ပြင်ဆင်ရန်]

မိုးညှင်း စလုံငယ်မှာ အစ်ကို သိုဟံဘွားကို ဗမာများက လုပ်ကြံထားသဖြင့် အင်းဝကို အစာမကျေ။ သို့သော် မင်းကြီးရန်နောင်၏ အကွက်ကျမှုကြောင့် နောက်တက်မင်း အုန်းဘောင် ခုံမှိုင်းမှာ ရှမ်းဖြစ်နေသည်။ လူအား လက်ညှိုးထိုးမရပြီဖြစ်၍ နန်းကို လက်ညှိုးထိုးလိုသော မိုးညှင်း စလုံက ယခင်မိတ်ဖြစ်ဖူးသည့် စလင်းစားကို အင်အားတချို့ပေးကာ စစ်ကိုင်း၌ ဗိုလ်ဝင်ခံစေသည်။ ၉၀၇ ခုတွင် စည်သူကျော်ထင် စစ်ကိုင်း၌ မြို့တည်ကာ လူသူစုသည်။[၁] ထိုနှစ်ပင် ခုံမှိုင်းသေကာ သားကြီး မိုးဗြဲစား နန်းတက်သည်။

အင်းဝ၌ နန်းတက်ခြင်း[ပြင်ဆင်ရန်]

၉၁၃ ခုတွင် အင်းဝကိုတိုက်မည်ဟု စည်သူကျော်ထင် မြစ်ကူးလာသည်။ ဘုရားလောင်း မိုးဗြဲ နရပတိကား အိမ်ကြက်ချင်းခွပ်ရသည်ကို ငြီးငွေ့လွန်း၍ အပင်ပန်းမခံဘဲ ဟံသာဝတီလက်အောက်ခံ ပြည်သို့ ပြေးသည်။ အသက် ၅၁ အရွယ် စည်သူကျော်ထင်မှာ လွယ်လင့်တကူပင် အင်းဝနန်းကို ရလိုက်သည်။ နရပတိစည်သူ ဘွဲ့မည်ခံသည်။

ဟံသာဝတီမှ စစ်ဆင်လာခြင်း[ပြင်ဆင်ရန်]

၉၁၃ ခုတွင် ဟံသာဝတီ ဆင်ဖြူများရှင်က ညီ ၃ ယောက်နှင့် သား ဥပရာဇာကို အင်းဝအား တိုက်ရန် လွှတ်လိုက်သည်။ မိုးဗြဲ နရပတိ ဦးရီး အုန်းဘောင်စော်ဘွားကလည်း ဟံသာဝတီမှ ကူမယ်ဟု စကားခံထားသည်။ တကယ်တမ်း တိုက်ကြသော် အုန်းဘောင်က အင်းဝဘက်မှ ကူသဖြင့် ဟံသာဝတီသားတို့ ဆုတ်ရသည်။

နန်းကျခြင်း[ပြင်ဆင်ရန်]

၉၁၅ ခုတွင် ဥပရာဇာက ဧရာဝတီ အရှေ့ဘက်ကြောင်း၊ ဟံသာဝတီ ဆင်ဖြူများရှင်က အနောက်ဘက်ကြောင်း ချီလာသည်။ ဤတကြိမ်တွင် အုန်းဘောင်စော်ဘွားက နောက်ကျဟန်ပြုသည်။ သို့ဖြင့် အရှေ့ဘက်ခြမ်းမှာ အင်းဝနားတိုင် တောက်လျှောက်ပေါက်လာသည်။ အနောက်ဘက် မိုးညှင်း၊ မိုးကောင်းတို့မှာလည်း စစ်ကိုင်းထိပေါက်လာသော ဟံသာဝတီတပ်ကြောင့် အကူမပေးနိုင်။ သို့ဖြင့် ပြာသိုလဆန်း ၁၀ ရက်တွင် နရပတိစည်သူ နန်းကျသည်။ တပို့တွဲလပြည့်ကျော် ၃ ရက် အင်းဝပျက်သည်။ ဟံသာဝတီ ဆင်ဖြူများရှင်က နရပတိစည်သူကို ဟံသာဝတီခေါ်လာကာ ခေါင်သုံးဆက်အိမ်ဆောက်၍ နေစေသည်။ လုပ်အကျွေး သုံးကျိပ်ဖြင့် ကောင်းမွန်စွာထားသည်။ ဘုရင့်နောင် ယိုးဒယားသို့ချီတက်တိုက်ခိုက်နေစဉ် ဟံသာဝတီရှိ ရှမ်းတို့သည် အကြီးအကဲတစ်ဦးကို "ဗညားကျန်းထော" ဘွဲ့ပေးပြီး ပုန်ကန်တော့သည်။ အင်အားစုစုပေါင်း ၃၀၀၀ဝ ကျော်မျှရှိသည်ဟု ဆိုသည်။ ဟံသာဝတီမြို့စောင့်များဖြစ်ကြသည့် ဗညားအိန္န၊ ဗညားပရံ၊ တရဖျား၊ တာနော၊ ဘယသင်္ကြန်တို့လည်း မည်သို့စီမံရမည်ကို မသိသဖြင့် အင်းဝမှ ဖမ်းဆီးလာကာ အကျယ်ချုပ်ဖြင့်ထားသည့် နန်းကျဘုရင် နရပတိစည်သူကို တိုင်ပင်ကြသည်။ နရပတိစည်သူလည်း သစ္စာခံကာ တိုက်ခိုက်ဖြိုခွင်းသဖြင့် ရှမ်းသူပုန်တို့ တပ်ပျက်ကာ ဒလသို့ ပြေးရသည်။ ဘုရင့်နောင် ဟံသာဝတီပြန်ရောက်ပြီး အကြောင်းစုံသိလျှင် ချီးမွမ်း၍ ကောင်းစွာမြောက်စားပြန်သည်။

ကြင်ဘက်များ[ပြင်ဆင်ရန်]

နရပတိမယ်တော်[ပြင်ဆင်ရန်]

ပြည် ဘုရင်ထွေး သမီးဖြစ်သည်။ စလင်းပျက်သည့်နောက် ဟံသာဝတီသို့ ပါသည်။ မင်းတရားရွှေထီးက ကျော်ထင်နော်ရထာ ညီ (နောက် ပြည် သတိုးဓမ္မရာဇာ ဖြစ်လာမည့်) နန္ဒယောဓာနှင့် လက်ဆက်ပေးသည်။ စလင်း စည်သူကျော်ထင်နှင့် မြင်သည့်သား မင်းကြီးရဲတိုင်မှာ စလင်း၌ ခံစဉ် သေသည်။

စစ်ကိုင်းမှ မိဖုရားခေါင်[ပြင်ဆင်ရန်]

အမျိုးအစဉ် မသိရ။ စစ်ကိုင်း၌ မင်းပြုစဉ် မြှောက်သည့် မိဖုရားဖြစ်သည်။


ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ကုလား(ဦး) မဟာရာဇဝင်တော်ကြီး၊ ဒုတိယအုပ်၊ နှာ-၁၄၂−၁၄၃၊
  • မင်းတရားရွေထီးနှင့်ဘုရင့်နောင်-ကေတုမတီတောင်ငူရာဇဝင်အစအဆုံး
  • မြန်မာမင်းများအရေးတော်ပုံကျမ်း (၆) စောင်တွဲ
  • မင်း၁ဝပါးရာဇဝင်-ဒေါက်တာမတင်ဝင်း