မြန်မာနိုင်ငံရှိ သစ်တောပြုန်းတီးမှု

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့အစည်းမှ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း သစ်တော ၁၉ ရာခိုင်နှုန်း ၇၄၄၅၀၀၀ ဟတ်တာ (၂၈၇၅၀ စတုရန်းမိုင်) ဆုံးရှုံးခဲ့သည်။[၁] လွတ်လပ်ရေးရပြီးချိန်တွင် သစ်တောလွှမ်းခြုံမှု ပမာဏ ၇၀ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်အရ ၄၈ ရာခိုင်နှုန်းမျှသာ ရှိတော့သည်။[၂][၃] မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှု နှစ်စဉ် ၀.၉၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၀.၃ ရာခိုင်နှုန်းသို့ လျော့နည်းသွားခဲ့သော်လည်း အရေးကြီးသော ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။[၄] သစ်တောပြုန်းတီးရခြင်း၏ အဓိကအချက်များမှာ တရားမဝင် သစ်ခုတ်ခြင်း၊ မြေယာကိစ္စ ပြဿနာဖြစ်ခြင်းနှင့် တိုးပွားလာသော စိုက်ပျိုးမွေးမြူရေးတို့ကြောင့်ဖြစ်သည်။[၅]

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အပူပိုင်းသစ်တော အကြီးမားဆုံး ပိုင်ဆိုင်ထားပြီး သမပိုင်း သစ်တောထက် ပိုမိုကြီးမားသည်။[၆] ၂၀၁၀ ခုနှစ်အရ မြန်မာနိုင်ငံတွင် ကာဗွန် မက်ထရစ်တန်ချိန် သိန်းပေါင်း ၁၆၅၄ နှင့်ညီမျှသော သစ်တော biomass ကို ပိုင်ဆိုင်ထားပြီး နိုင်ငံတွင် တွေ့ရလေ့ရှိသော မျိုးစိတ်ပေါင်း ၈၀ ကျော်တို့၏ နားခိုရာဖြစ်သည်။ ဇီဝမျိုးကွဲနှင့် သစ်တော အရွယ်အစား မည်မျှပင်ရှိစေကာမူ ကုန်းမြေ၏ ၆.၃ ရာခိုင်နှုန်းကိုသာ ကာကွယ်ပေးထားပြီး သစ်တောပြုန်းတီးမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။[၇]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကိုလိုနီခေတ်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် သမားရိုးကျအတိုင်း စိုက်ပျိုးမွေးမြူရေးကို နှစ်ထောင်ချီကာ ဆောင်ရွက်ခဲ့သော်လည်း သိသာထင်ရှားသော သစ်တောပြုန်းတီးမှုကို မတွေ့ခဲ့ချေ။[၆] သိသာထင်ရှားသော သစ်တောပြုန်းတီးမှုမှာ ၁၈၀၀ ခုနှစ်များတွင် ဗြိတိသျှတို့က အင်ပါယာအတွက် ကျွန်းပင်များ ထုတ်လုပ်ရာမှ စတင်ခဲ့သည်။[၂][၈] သစ်မာများသည် ရေဒဏ်ကို ခံနိုင်ရည်ရှိပြီး သင်္ဘောများ တည်ဆောက်ရာတွင် အလွန်အရေးပါလှသည်။[၈]

ဗြိတိသျှ ကိုလိုနီတို့သည် ၁၈၅၆ ခုနှစ်တွင် အောက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် သစ်တောဌာနကို တည်ထောင်ခဲ့ပြီး ပဲခူးရိုးမမှ သစ်များကို ဆင်များဖြင့်အသုံးပြုကာ အဓိက ထုတ်ယူခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်မတိုင်ခင် ဗြိတိသျှတို့သည် ကျွန်းသစ် တန်ချိန်ပေါင်း ၄၄၇၀၀၀ ထုတ်ယူခဲ့ကြသည်။[၂]

လွတ်လပ်ရေးခေတ် (၁၉၄၈)[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်များ ထကြွလာပြီး သစ်ခုတ်မှုများ ပေါ်ထွက်လာခဲ့သည်။ သူပုန်အဖွဲ့များသည် မြန်မာနိုင်ငံ သစ်တောအများစုကို ထိန်းချုပ်ခဲ့ကာ သစ်တောဌာနအတွက် အန္တရာယ် ဖြစ်လာခဲ့သည်။[၈] ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် ကျွန်းထုတ်လုပ်မှုကို မြှင့်တင်ခဲ့ရာ ၁၉၅၂ ခုနှစ်တွင် ၄ ရာခိုင်နှုန်းရှိရာမှ ၁၉၈၀ ခုနှစ်များတွင် ၄၂ ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်။[၈] ရလဒ်အနေဖြင့် ၁၉၆၀ ခုနှစ်နှင့် ၁၉၈၀ ခုနှစ်များတွင် သစ်တောလွှမ်းခြုံဧရိယာ စတုရန်းမိုင်ပေါင်း ၄၆၀၀၀ ဆုံးရှုံးခဲ့သည်။ လွတ်လပ်ရေးရချိန်က သစ်တောပမာဏမှာ ၇၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၁၉၈၀ ခုနှစ်များတွင် ၄၆ ရာခိုင်နှုန်းသို့ လျော့နည်းသွားခဲ့သည်။[၂][၆] ၈၈ အရေးတော်ပုံ ဖြစ်ပွားပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးက သစ်တောပြုန်းတီးမှုနှင့် သက်ဆိုင်သော စည်းမျဉ်းများကို အနည်းငယ် ပြောင်းလဲခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်အစိုးရသည် ထိုင်းသစ်ထုတ်လုပ်ရေး ကုမ္ပဏီ ၄၂ ခုနှင့် အပေးအယူပြုလုပ်ခဲ့ပြီး စတုရန်းမိုင်ပေါင်း ၇၀၀၀ နှင့်ညီမျှသော သစ်တောပြုန်းတီးမှုကို ဖြစ်စေခဲ့သည်။[၈] ဥပဒေသစ် ချမှတ်ခဲ့သော်လည်း စည်းကမ်းမဲ့ သစ်ထုတ်လုပ်မှုများ ရှိနေခဲ့ပြီး သစ်တောပြုန်းတီးမှု ဆက်လက်ရှိနေခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Global Forest Resources Assessment 2010 Country Report: Myanmar။ Forestry Department of the Food and Agriculture Organization of the United Nations (2010)။ 3 May 2015 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ Seekins, Donald (21 August 2006). Historical Dictionary of Burma (Myanmar). Lanham, Maryland: Scarecrow Press. ISBN 0810854767 
  3. Myanmar Forest Information and Data။ mongabay.com။ 2 May 2014 တွင် ပြန်စစ်ပြီး။
  4. Leimgruber, Peter (September 2005). "Forest cover change patterns in Myanmar (Burma) 1990−2000". Environmental Conservation 34 (4): 356–364. 
  5. Stokke, Kristian; Vakulchuk, Roman and Indra Overland (2018) Myanmar: A Political Economy Analysis. Norwegian Institute of International Affairs (NUPI). Report commissioned by the Norwegian Ministry of Foreign Affairs.
  6. ၆.၀ ၆.၁ ၆.၂ Bernard, Stéphane (1996). "The Retreat of the Forest in Southeast Asia: A Cartographic Assessment". Singapore Journal of Tropical Geography 17 (1): 1–14. doi:10.1111/j.1467-9493.1996.tb00080.x. 
  7. Webb, Edward (January 2014). "Deforestation in the Ayeyarwady Delta and the conservation implications of an internationally-engaged Myanmar". Global Environmental Change 24: 321–333. doi:10.1016/j.gloenvcha.2013.10.007. 
  8. ၈.၀ ၈.၁ ၈.၂ ၈.၃ ၈.၄ Bryant, Raymond (1996). The Political Ecology of Forestry in Burma. Honolulu, Hawai'i: University of Hawai'i Press။