မြန်မာနိုင်ငံ၏ အလံတော်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအလံတော်
Flag of Myanmar.svg
အသုံးပြုခြင်း နိုင်ငံတော်အလံ နှင့် အရပ်သားသုံးအလံ
အချိုးအစား ၂:၃[၁]
ရွေးချယ်ခြင်း ၂၁ အောက်တိုဘာ ၂၀၁၀; ၁၁ နှစ် အကြာက (၂၀၁၀-၁၀-21)
ဒီဇိုင်း ထောင့်မှန်စတုဂံပုံစံ သုံးရောင်ခြယ်အလံတော်

မြန်မာနိုင်ငံ၏ အလံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ကိုယ်စားပြုသော အလံတော်ဖြစ်သည်။ မြန်မာနိုင်ငံ‌တော်အစိုးရသည် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ် တွင် အလံတော်အသစ်ကို တရားဝင်လွှင့်ထူ သုံးစွဲခဲ့ပြီး ၁၉၇၄ ခုနှစ်မှစ၍ သုံးစွဲခဲ့သည့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အလံကို ဖျက်သိမ်းလိုက်သည်။ နိုင်ငံတော်အလံ ဥပဒေ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေ၊ နိုင်ငံတော်သီချင်း ဥပဒေနှင့် နိုင်ငံတော်အလံ နည်းဥပဒေများ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ၊ နိုင်ငံတော်သီချင်း နည်းဥပဒေများကို တပြိုင်နက်တည်း ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်အလံ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နှင့် နိုင်ငံတော်သီချင်း အသစ်များကို ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၃ ပုဒ်မ ၄၃၇၊ ၄၃၈ နှင့် ၄၃၉ တို့တွင် အသီးသီး ပြဋ္ဌာန်းရေးသားထားသည်။ [၂][၃]

ဖော်ပြချက်[ပြင်ဆင်ရန်]

အလံတော်တွင် အဝါ၊အစိမ်း၊အနီရောင်တို့ အောက်ခံအဖြစ် ပါရှိခြင်းမှာ လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်းက အသုံးပြုခဲ့သော သုံးရောင်ခြယ်အလံကို အလေးမြတ်ပြု ဖော်ညွှန်းခြင်းဖြစ်သည်။

  • အဝါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုရှိခြင်း
  • အစိမ်းရောင်သည် မြေဆီဩဇာကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြည်သည့်နိုင်ငံဖြစ်ခြင်း
  • အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်း
  • ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာတရားပြည့်ဝခြင်းနှင့် စွမ်းအင်နှင့်ပြည့်စုံခြင်း ဟူသောအဓိပ္ပာယ်များကို ဖော်ညွှန်းသည်။[၄]

အရွယ်အစားနှင့် အတိုင်းအတာ[ပြင်ဆင်ရန်]

အလံအတိုင်းအတာဖော်ပြချက်
  • နိုင်ငံတော်အလံ၏ စံပြုအရွယ်အစားမှာ ထောင့်မှန်စတုဂံပုံဖြစ်ပြီး အလျား ၉ ပေ၊ အနံ ၆ ပေဖြစ်သည်။
  • နိုင်ငံတော်အလံ၏အောက်ခံအရောင်ဖြစ်သော အဝါ၊အစိမ်းနှင့် အနီရောင်တို့မှာ အနံ ၆ ပေကို သုံးပုံတစ်ပုံစီဖြစ်၍ တစ်ရောင်လျှင် ၂ ပေ ဖြစ်သည်။
  • ထိုအောက်ခံပေါ်တွင် ရောင်ခြည်လက်တံငါးခုပါသော ကြယ်ဖြူကြီးတစ်လုံးပါရှိသည်။ထိုကြယ်ဖြူကြီး၏ အပေါ်ကြယ်လက်တံသည် အလံတော်အလျား၏ တစ်ဝက်ဖြစ်သော ၄ ပေ ၆ လက်မနှင့် တည့်တည့်နေရာတွင်ရှိပြီး အထက်သို့ မတ်မတ်ညွှန်းရမည်။
  • ကြယ်၏ အပေါ်ထိပ်မှ အဝါရောင်အနားသတ်အထိ အကွာအဝေးနှင့် ကြယ်၏အောက်ဘက်ရှိ ကြယ်လက်တံနှစ်ခုမှ အနီရောင်အနားသတ်အထိ အကွာအဝေးတို့သည် ၁ ပေစီရှိရမည်။
  • ကြယ်လက်တံထိပ်တစ်ခုနှင့် တစ်ခုသည် ၂ ပေ ၇.၂ လက်မစီ အကွာအဝေး တူညီရမည်။[၄]

အရောင်အသွေး[ပြင်ဆင်ရန်]

အရောင် အဝါ အစိမ်း အနီ အဖြူ
သတ်မှတ်ချက် အညွှန်းကိန်း 116 361 1788 Safe
RGB 254-203-0 52-178-51 234-40-57 255-255-255
Hexadecimal #FECB00 #34B233 #EA2839 #FFFFFF
CMYK 0, 20, 100, 0 76, 0, 100, 0 0, 98, 82, 0 0, 0, 0, 0

နိုင်ငံတော်အလံအသုံးပြုခြင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါးများ - နိုင်ငံတော်အလံဥပဒေ နှင့် နိုင်ငံတော်အလံနည်းဥပဒေများ

နိုင်ငံတော်အလံအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ "နိုင်ငံတော်အလံဥပဒေ" နှင့် "နိုင်ငံတော်အလံနည်းဥပဒေများ" ဟူ၍ ဥပဒေနှစ်မျိုးပြဋ္ဌာန်းထားသည်။ သမိုင်းတစ်လျှောက်ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်အလံဥပဒေများမှာ အောက်ပါအတိုင်းဖြစ်ကြသည်။

  1. ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ (၁၉၅၅ တွင် ပြင်ဆင်)
  2. နိုင်ငံတော်အလံဥပဒေ (၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁)
  3. နိုင်ငံတော်အလံဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၈/၂၀၁၀)

သမိုင်းတစ်လျှောက်ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်အလံနည်းဥပဒေများမှာ အောက်ပါအတိုင်းဖြစ်ကြသည်။

  1. ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
  2. နိုင်ငံတော်အလံနည်းဥပဒေများ (၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် နည်းဥပဒေများ အမှတ် ၁) (၁၉၈၉ တွင် ပြင်ဆင်)
  3. နိုင်ငံတော်အလံနည်းဥပဒေများ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ နည်းဥပဒေများအမှတ် ၁/၂၀၁၀)

ယခုတည်ဆဲ နိုင်ငံတော်အလံဥပဒေ နှင့် နိုင်ငံတော်အလံနည်းဥပဒေများအရ နိုင်ငံတော်အလံကို ရုံးဖွင့်ရက်များနှင့် နိုင်ငံတော်အစိုးရအဖွဲ့က သတ်မှတ်ထားသော နေ့ကြီးရက်ကြီးများ၊ အစိုးရအဖွဲ့က အခါအားလျော်စွာ ကြေညာသည့်နေ့ရက်များ၌ လွှင့်ထူရမည်။ နိုင်ငံရေးဆိုင်ရာအဆောက်အအုံ (နိုင်ငံတော်သမ္မတနေအိမ်၊ သံရုံး၊ ကောင်စစ်ဝန်ရုံး စသည်) တို့အပြင် ရုံးအဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် စာသင်ကျောင်းများ၌လည်း ရုံးဖွင့်ရက်အားလုံးတွင် လွှင့်ထူရမည်။ အခမ်းအနားစင်မြင့်ပေါ်၌ ဆင်ယင်လိုလျှင် ကျောဘက်နံရံအမြင့်တွင် အလျားလိုက်သာထားရမည်။ ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများမှ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပြီး ပြစ်မှုထင်ရှားပါက ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ၃ သိန်းဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။ တပ်မတော်တွင်မူ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထား‌သော သီးခြားစည်းကမ်းများအလျောက် နိုင်ငံတော်အလံကိုအသုံးပြုနိုင်သည်။

အလံသမိုင်းကြောင်း[ပြင်ဆင်ရန်]

စွယ်စုံကျမ်းတွင်ပါသော မြန်မာ့အလံများ

မြန်မာ့နိုင်ငံတွင် အလံနှင့်ပတ်သက်သော အစောဆုံးမှတ်တမ်းမှာ အင်းဝခေတ် ဒုတိယမင်းခေါင်လက်ထက်တွင်ဖြစ်သည်။ အင်းဝခေတ် ရဟန်းစာဆို ရှင်မဟာသီလဝံသ၏ ပေါရဏကထာလင်္ကာအရ အောက်ပါအတိုင်း တံခွန်အလံ ၅ မျိုးခွဲခြား အသုံးပြုခဲ့ကြောင်းရှိရသည်။။[၅]

  • အလံ – မင်းပွဲသဘင်၌ စိုက်ထူသောတံခွန်
  • ရဲတံခွန် – စစ်ရထား၌ စိုက်ထူသောတံခွန်
  • ရဲ – လှေ၌ စိုက်ထူသောတံခွန်
  • စစ်တမဲ – ဆင်၌ စိုက်ထူသောတံခွန်
  • မှန်ကင်း – ကျောင်းပြဿဒ်စသည်တို့၏အမိုး၌ တပ်ဆင်သောတံခွန်

ဟံသာဝတီခေတ်အလံ[ပြင်ဆင်ရန်]

ဟံသာဝတီအလံ

ဟံသာဝတီ၏အလံမှာ အစိမ်းရောင်နောက်ခံ၌ ရွှေရောင်ဟင်္သာပုံပါရှိသည်။

ကုန်းဘောင်ခေတ်အလံ[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်တွင် နိုင်ငံတော်အလံ၊ မင်းခမ်းနားသုံးတော်ဝင်အလံများ၊ ဘုရင့်အလံ၊ မင်းညီမင်းသားတို့၏အလံများ၊ သူရဲကြီးအလံများ၊ မင်းမှုထမ်းအစုအဖွဲ့အလိုက်အလံများ၊ စစ်ဖက်အလံများ စသည်ဖြင့် အလံအမျိုးအစားများစွာအသုံးပြု​ခဲ့သည်။

ပန်ချီကားများအရ ကုန်းဘောင်ခေတ်ကာလက နိုင်ငံတော်အလံသည် ကြက်လျှာစွန်းပုံသဏ္ဌာန်ပိတ်ဖြူပေါ်တွင် အစိမ်းရောင်ဒေါင်းပုံပါရှိသည့် အလံဟုယူဆရသည်။ ပထမအင်္ဂလိပ်ကျူးကျော်စစ်အပြီး ၁၈၂၆ ခုနှစ်တွင် ရေးသောမှတ်တမ်းအရ ကုန်းဘောင်ခေတ်နှောင်း နိုင်ငံတော်အလံမှာ အလျား ၉ တောင် အနံ ၆ တောင် ရှိပြီး အဖြူရောင်နောက်ခံ၏ အလယ်တွင် အနီရောင်အဝိုင်းပေါ်၌ အစိမ်းရောင်ဒေါင်းရုပ်ကနေဟန်ဖြစ်ကြောင်း သိရှိရသည်။[၆] ဒေါင်းသည် နေမင်း၏ အထိမ်းအမှတ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ကိုယ်စားပြုသတ္တဝါလည်းဖြစ်သည်။

ကိုလိုနီခေတ်အလံ[ပြင်ဆင်ရန်]

ဗြိတိသျှကိုလိုနီခေတ်တစ်လျှောက်လုံးတွင် နိုင်ငံတော်အဆင့်အလံအဖြစ် ယူနီယံဂျက်အလံကိုသာလွှင့်ထူခဲ့ရသည်။ မြန်မာပြည်ကို အိန္ဒိယပြည်နယ်အဖြစ် သတ်မှတ်ထားသော​ ကိုလိုနီခေတ်ဦးတွင် အိန္ဒိယအင်ပိုင်ယာကို ကိုယ်စားပြုသောအလံနီကို အမျိုးသားအလံအဖြစ်လွှင့်ထူခဲ့ရသည်။ မြန်မာနိုင်ငံသည် အိန္ဒိယမှခွဲထုတ်ခံရကာ သီးခြားကိုလိုနီဖြစ်လာခဲ့ပြီးနောက် ဗြိတိသျှအလံပြာပေါ်၌ ဒေါင်းရုပ်ပါသောအလံကို ဗြိတိသျှဘားမားအလံအဖြစ် ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့၌ ဂျော့ဘုရင်က အတည်ပြုသတ်မှတ်ပေးခဲ့သည်။

၁၉၂၀ ပထမကျောင်းသားသပိတ်တွင် သပိတ်မှောက်ကျောင်းသားတို့သည် ဒေါင်းရုပ်အလံကို ပြန်လည်အသုံးပြုလာခဲ့ကြသည်။

၁၉၃၀ တွင် တို့ဗမာအစည်းအရုံးအသင်းပေါ်ပေါက်လာခဲ့သည်။ တို့ဗမာအစည်းအရုံးသည် ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ်အလံကို ရေးဆွဲခဲ့ပြီး သုံးရောင်ခြယ် သီချင်းလည်း ပေါ်‌ပေါက်လာခဲ့သည်။ အဝါရောင်သည် ဘာသာရေး၊ သာသနာရေးနှင့် ပညာရေး အထိမ်းအမှတ်ဖြစ်သည်။ အစိမ်း‌ရောင်သည် စပါးဆန်ရေ ပေါကြွယ်ဝမှု၊ ရွှေငွေရတနာ အထွက်ကောင်းမှုတို့ကို ကိုယ်စားပြုသည်။ အနီရောင်သည် မြန်မာတို့၏ ရဲ့ရင့်ခြင်းကို ကိုယ်စားပြုသည်။ အမျိုးသားရေးလှုပ်ရှားသူများသည် ယူနီယံဂျက်အလံအစား ထိုသုံးရောင်ခြယ်အလံကို လွှင့်ထူခဲ့ကြသည်။ ၁၉၃၅ တွင် ဒေါင်းရုပ်ကို ထည့်သွင်းခဲ့ပြီး ၁၉၃၈ တွင် အရေးတော်ပုံကြီး ပေါ်‌ပေါက်လာခဲ့ရာ အလုပ်သမားနှင့် လယ်သမားကိုယ်စားပြု တူနှင့်တံစဉ်းတို့ဖြင့် အစားထိုးခဲ့သည်။[၇]

ဂျပန်တို့က မြန်မာနိုင်ငံကို ဗမာနိုင်ငံတော်အဖြစ် လွတ်လပ်ရေးပေးသောအခါ ဝါ၊ စိမ်း၊ နီ သုံးရောင် ခြယ်နှင့်ဒေါင်းရုပ်အလံကို နိုင်ငံတော်အလံအဖြစ်အသုံးပြုခဲ့သည်။ ဂျပန်တို့ကိုတော်လှန်သောအခါ၌ ပိတ်အနီလက်ဝဲဖက်ထောင့်တွင် ကြယ်ဖြူတစ်ပွင့်ပါရှိသော အလံတော်ကို အသုံးပြုခဲ့ကြသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအလံ[ပြင်ဆင်ရန်]

၁၉၄၇-ခုနှစ်တွင် မြန်မာနိုင်ငံသည် လုံးဝအချုပ်အခြာအာဏာပိုင်လွတ်လပ်ရေး ရရှိတော့မည်ဖြစ်၍ နိုင်ငံတော်နှင့်တကွ တမျိုးသားလုံးကို၎င်း၊ နိုင်ငံ၏ အုပ်ချုပ်ရေးအာဏာကို၎င်း ကိုယ်စားပြုသည့် နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော်သီချင်းကို မရှိမဖြစ် လိုအပ်လာတော့သည်။ ထို့ကြောင့် တိုင်းပြည်ပြုလွှတ်တော်သည် နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော်သီချင်းအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီတွင် မူလက သဘာပတိအဖြစ် ဒီးဒုတ်ဦးဘချို ကြီးမှူး၍ အဖွဲ့ဝင်များအဖြစ်

  1. ဦးအောင်ဇံဝေ
  2. ဗိုလ်မှူးအောင်
  3. မွန်ထွန်းရင်
  4. ဗိုလ်အောင်ကြီး
  5. ဒေါ်ခင်လှ
  6. ဆရာလှမင်း
  7. မိုင်းပွန်စော်ဘွား စဝ်စံထွန်း
  8. ဦးဇော်လွန်း
  9. ဦးဝမ်ကိုဟော တို့ပါဝင်ခဲ့သည်။ (နောင်တွင် ဦးဝမ်ကိုဟော နုတ်ထွက်၍ ဦးငွန်းတိုးအား အစားခန့်ထားသည်။)

ထို့နောက် မြန်မာမှုနှင့်အနုပညာဆိုင်ရာ ကျွမ်းကျင်သူများဖြစ်သော ပန်းချီဆရာကြီး ဦးငွေကိုင်နှင့် ဦးအုန်းလွင်၊ ဂီတဆိုင်ရာ ဦးဘသန်းနှင့် ဒဂုန် ဆရာတင်၊ အသံလွှင့်ဌာနမှ ဦးခင်ဇော်နှင့် ဦးထင်ဖတ်တို့ကို ဖြည့်စွက်ခန့်ထားပြီးနောက် အတိုင်ပင်ခံအဖြစ် ဦးသိန်းဟန် (ဆရာဇော်ဂျီ) ကိုလည်း ထည့်သွင်းခဲ့ပေသည်။

ထိုကော်မတီသည် အလံဒီဇိုင်းပြိုင်ပွဲကို ကျင်းပခဲ့၍ ကိုမောင်ဝင်း၏ဒီဇိုင်းသည် ပထမရရှိခဲ့ရာ ထိုဒီဇိုင်းကို အတည်ပြုခဲ့သည်။[၈] လွတ်လပ်ရေးရပြီး ၁၉၄၈ ဇန်နဝါရီလ ၄ ရက်၊ နံနက် ၄ နာရီ ၂၅ မိနစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအလံကို ပထမဆုံးလွှင့်ထူနိုင်ခဲ့သည်။ မြန်မာ့အရေးနှင့်ပက်သက်သော ဆန္ဒပြပွဲများတွင် ထိုအလံကိုအသုံးပြုလေ့ရှိတတ်သည်။[၉]

အတိုင်းအတာများ[ပြင်ဆင်ရန်]

အလံဖော်ပြချက်

အလံတော်သည် အလျား ၉ ပေ၊ အနံ ၅ ပေ၊ ဘယ်ဘက်ထောင့်တွင် အလျား ၄ ပေ၊ အနံ ၂ ပေ ၆ လက်မ ရှိသော အပြာရင့်ရောင်အခန်းပါရှိသည်။ ထိုအပြာခန်းတွင် တော်လှန်ရေးကြယ်ကြီးတစ်လုံးကို ကြယ်ငယ် ၅ လုံးက ဝန်းရံလျက်ရှိသည်။ ကြယ်ကြီး၏ထောင့်စွန်းများကို ဆက်ဆွဲထားသော စက်ဝိုင်း၏အချင်းမှာ ၁၈ လက်မ၊ ကြယ်ငယ်များအတွက် အချင်း ၉ လက်မဖြစ်သည်။[၁၀]

Colours scheme အပြာ အနီ အဖြူ
RGB 32-66-161 218-45-28 255-255-255
Hexadecimal #2042A1 #DA2D1C #FFFFFF
CMYK 80, 59, 0, 37 0, 79, 87, 15 0, 0, 0, 0

အဓိပ္ပာယ်[ပြင်ဆင်ရန်]

ကြယ်အကြီးသည် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ထုတ်ခဲ့‌ကြောင်းကိုကိုယ်စားပြု၍ ကြယ်ငယ်ကလေးများသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိ တိုင်းရင်းသားအားလုံး၏ စည်လုံးညီညွတ်ခြင်းကို ကိုယ်စားပြုသည်။

အနီရောင်သည် ရဲ့ရင့်ခြင်း၊ သတ္တိရှိခြင်း၊ ဇွဲကောင်းခြင်းတို့ကို ကိုယ်စားပြုသည်။ အပြာရောင်သည် ကောင်းကင်၏သဘောဖြစ်သော တည်ငြိမ်အေးချမ်းခြင်း၊ ကြည်လင်ခြင်းတို့ကို ကိုယ်စားပြုသည်။ အဖြူရောင်သည် ဖြူစင်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ တည်ကြည်ခြင်းတို့ကို ကိုယ်စားပြုသည်။ ကြယ်ကိုအသုံးပြုရခြင်းမှာ ခရီးလမ်းတွင် မရပ်မနားသွားတတ်ခြင်း၊ ခရီးသည်တို့၏ လမ်းညွှန်ကဲ့သို့ဖြစ်ခြင်း၊ ကမ္ဘာဦးကာလကတည်းက တည်ရှိနေခဲ့ခြင်းစသော သဘောသဘာဝများကြောင့်ဖြစ်သည်။[၁၁]

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အလံ[ပြင်ဆင်ရန်]

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အလံကို ၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉ဝ အရ နိုင်ငံတော်အလံ၏ အရောင်အသွေး၊ အမှတ်အသား၊ ပုံသဏ္ဌာန်နှင့် အရွယ်အစားကို ပြဋ္ဌာန်းထားသည်။ ထို့ပြင် ၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁ နှင့် ပြည်သူ့လွှတ်တော် နည်းဥပဒေ အမှတ် ၁ တို့အရလည်း ထပ်မံ၍ အသေးစိတ် ပြဋ္ဌာန်းထားသည်။ ထိုဥပဒေများအရ နိုင်ငံတော်အလံမှာ ထောင့်မှန်စတုဂံပုံဖြစ်၍ အောက်ခံအရောင်မှာ အနီရောင်ဖြစ်သည်။ လက်ဝဲဘက် အထက်ထောင့်ရှိ အပြာရောင် အောက်ခံလေးထောင့်ကွက်ပေါ်တွင် အရွယ်တူကြယ်ဖြူ ၁၄ လုံး ဝန်းရံထားသော ပင်နယံနှင့် စပါးနှံနှစ်ခက်ရှိသည်။ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အလံကို လူကြိုက်နည်းလွန်းသဖြင့် ရှစ်လေးလုံးအရေးအခင်း၌ အလံကို အထက်အောက်ပြောင်းပြန်လှည့်၍ ဆန္ဒပြခဲ့ကြသည်။[၁၂]

နိုင်ငံတော်အလံကို လွှင့်ထူရမည့်အဆောက်အဦး၊ နေရာဌာနများနှင့် လွှင့်ထူရမည့် နေ့ကြီးရက်ကြီးများ၊ လိုက်နာရမည့်အချက်များ၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များကိုလည်း ဥပဒေအရတိကျစွာ ပြဋ္ဌာန်းထားသည်။ ၁၉၄၈ ခုနှစ် အခြေခံဥပဒေတွင် အတည်ပြုထားခဲ့သော တော်လှန်ရေးကြယ်ကြီး တစ်လုံးကို ခြံရံထားသည့် ကြယ်ငါးလုံးပါအလံကို ၁၉၇၄ ခုနှစ် အခြေခံဥပဒေဖြင့် ရုပ်သိမ်းခဲ့သည်။[၁၃]

အတိုင်းအတာများ[ပြင်ဆင်ရန်]

အလံဖော်ပြချက်

နိုင်ငံတော်အလံသည် ဒေါင့်မှန်စတုဂံပုံဖြစ်ပြီး အလျား ၉ ပေ (၂၇၄.၃၂ စင်တီမီတာ) နှင့် အနံ ၅ ပေ (၁၅၂.၄ စင်တီမီတာ) ရှိသည်။ အောက်ခံအရောင်မှာ အနီရောင်ဖြစ်ပြီး၊ လက်ဝဲဖက်အထက် ဒေါင့်အလျား ၄ ပေ (၁၂၁.၉၂ စင်တီမီတာ) ခန့်၊ အနံ ၂ ပေ ၆ လက်မ (၇၆.၂ စင်တီမီတာ) ခန့်ရှိ အပြာရင့်ရောင်၊ လေးဒေါင့် ခန်းအောက်ခံ၍ အရွယ်တူကြယ်ဖြူ ၁၄ လုံးဝန်းရံထားသော ပင်နီယံနှင့် စပါးနှံရှိသည်။ ပင်နီယံ၏ဗဟိုချက်မှာ အပြာရင့်ခန်း၏ ဗဟိုချက်ဖြစ်ပြီး၊ ပင်နီယံ၏အတွင်းခွေအနားကို အချင်း ဝက် ၄ လက်မ (၁၀.၁၆ စင်တီမီတာ) ခန့်ဖြင့်လည်းကောင်း အလယ်ခွေအနားကို အချင်းဝက် ၆.၅ လက်မ (၁၆.၅၁ စင်တီမီတာ) ခန့်ဖြင့်လည်းကောင်း၊ အပြင်ခွေအနားကို အချင်းဝက် ၈ လက်မ (၂၀.၃၂ စင်တီမီတာ) ခန့်ဖြင့်လည်းကောင်း အသီးသီးဆွဲသားထားသော စက်ဝန်းများဖြစ်သည်။ ပင်နီယံတွင် တူညီသော စက်သွားစိတ်ပေါင်း ၁၄ စိတ်ရှိသည်။ စက်သွားစိတ်တစိတ်၏ အောက်ခြေ အကျယ်မှာ ၁.၇ လက်မ (၄.၃၂ စင်တီမီတာ) ခန့်ဖြစ်သည်။ စက်သွားစိတ်တစိတ်နှင့်တစိတ် ၏အောက်ခြေအကွာအဝေးမှာ ၁.၂ လက်မ (၃.၀၅ စင်တီမီတာ) ခန့်ဖြစ်သည်။ စက်သွားစိတ်တစိတ်စီ၏ ထိပ်မျက်နှာပြင်အကျယ်သည် ၁.၅ လက်မ (၃.၈၁ စင်တီမီတာ) ခန့်ဖြစ်သည်။ စက်သွားစိတ်တစိတ်စီ၏ အမြင့်မှာ ၁.၅ လက်မ (၃.၈၁ စင်တီမီတာ) ခန့်ဖြစ်သည်။

ပင်နီယံအတွင်း၌ စပါးနှံနှစ်ခက်ရှိသည်။ ယင်းစပါးနှံများတွင် စပါးစေ့ပေါင်း ၃၄ စေ့ရှိသည်။ စပါးနှံများသည် အောက်ဖက်တည့်တည့်သို့ မျက်နှာမူနေသည့် စက်သွားစိတ်မှ အထက်သို့ ထောင်တက် သွားသည်။ လက်ဝဲဖက်စပါးနှံ၏ အဖျားပိုင်းသည် အထက်ဖက်တည့်တည့်တွင် ရှိသောစက်သွားစိတ်နှင့် ယင်း၏လက်ဝဲဖက်ရှိသော စက်သွားစိတ်တို့၏ အကြားသို့ ကိုင်းညွတ်၍ဝင်နေသည်။ လက်ျာဖက်စပါးနှံ ၏အဖျားသည် အထက်တည့်တည့်ရှိစက်သွားစိတ်နှင့် ယင်း၏လက်ျာဖက်ရှိ စက်သွားစိတ်တို့၏အကြား ပင်နီယံဗျက်၏အလယ်ခန့်တွင် လက်ဝဲဖက်သို့ အနည်းငယ်ကိုင်းညွတ်လျက်ရှိသည်။

စပါးနှံများ၏ တဖက်တချက်စီတွင် စပါးရွက်နှစ်ရွက်စီရှိသည်။ လက်ဝဲဖက်အထက်စပါးရွက်သည် စပါးနှံများအခြေခံ ရာစက်သွားစိတ်မှ လက်ဝဲဖက်သို့ ရေတွက်သော် တတိယနှင့်စတုတ္ထ စက်သွားစိတ်အကြားနှင့်တည့်တည့် ရှိသောစပါးစေ့မှ ကပ်လျက် လက်ဝဲဖက်သို့ အနည်းငယ်စောင်းကာတက်သွားသည်။ ထိုစပါးရွက်သည် ထိပ်တည့်တည့်ရှိ စက်သွားစိတ်မှ လက်ဝဲဖက်သို့ ရေတွက်သော်ပထမနှင့်ဒုတိယစက်သွားစိတ်တို့အကြား ပင်နီယံဗျက်၏ အလယ်တွင်စပါးရွက်သည်အောက်ဖက်သို့ ကိုင်းညွတ်ကျဆင်းသွားပြီး ယင်းစပါးရွက် ၏ထိပ်အဖျားသည် လက်ဝဲဖက် တတိယစက်သွားစိတ်၏ အောက်ခြေတွင် ကျရောက်လျက်ရှိသည်။ လက်ဝဲဖက်အောက်စပါးရွက်သည် စပါးနှံအခြေခံရာ စက်သွားစိတ်မှနေ၍ အထက်သို့တက်သွားသည်။ ထိုစပါးရွက်သည် ပင်နီယံအတွင်းခွေ၏ လက်ဝဲဖက်ခြမ်း အလယ်ခန့်မှနေ၍ အောက်သို့ကိုင်းညွတ် ကျဆင်းသွားပြီး ယင်းစပါးရွက်၏ထိပ်အဖျားသည် စပါးနှံများအခြေခံရာစက်သွားစိတ်မှ လက်ဝဲဖက်သို့ရေတွက်သော် ဒုတိယ စက်သွားစိတ်၏ အောက်ခြေအပေါ်ပိုင်းခန့်တွင် ကျရောက်လျက်ရှိသည်။

လက်ျာဖက်အထက်စပါးရွက်သည် ထိပ်တည့်တည့်ရှိစက်သွားစိတ်မှ လက်ျာဖက်သို့ရေတွက်သော် တတိယ စက်သွားစိတ်အောက်ခြေနှင့်တည့်တည့်ရှိသော စပါးစေ့မှကပ်လျက် လက်ျာဖက်သို့ အနည်းငယ်စောင်းကာ တက်သွားသည်။ ထိုစပါးရွက်သည် ထိပ်တည့်တည့်ရှိ စက်သွားစိတ်မှ လက်ျာဖက်သို့ရေတွက်သော် ဒုတိယစက်သွားစိတ်၏ အောက်ခြေပင်နီယံဗျက်၏အလယ်ခန့်မှ အောက်ဘက်သို့ ကိုင်းညွတ်ကျဆင်းသွားပြီး ယင်းစပါးရွက်၏ ထိပ်အဖျားသည် လက်ျာဘက်ရှိ တတိယနှင့် စတုတ္ထစက်သွားစိတ်တို့အကြားတွင် ကျရောက်လျက်ရှိသည်။ လက်ျာဘက်အောက်စပါးရွက်သည် စပါးနှံအခြေခံရာ စက်သွားစိတ်မှနေ၍ အထက်သို့တက်သွားသည်။ ထိုစပါးရွက်သည် ပင်နီယံအတွင်းခွေ၏ လက်ျာဘက်ခြမ်း အလယ်ခန့်မှနေ၍ အောက်သို့ကိုင်းညွတ်ကျဆင်းသွားပြီး ယင်းစပါးရွက်၏ ထိပ်အဖျားသည် စပါးနှံများအခြေခံရာ စက်သွားစိတ်မှ လက်ျာဖက်သို့ ရေတွက်သော် ဒုတိယစက်သွားစိတ်၏ အောက်ခြေအပေါ်ပိုင်းခန့်တွင် ကျရောက်လျက်ရှိသည်။

ကြယ်များသည် စက်သွားစိတ်တခုစီ၏ ထိပ်တည့်တည့်တွင်ရှိသည်။ ကြယ်များ၏ဗဟိုချက်တို့သည် ပင်နီယံ၊ သို့မဟုတ် အပြာရင့်ခန်း၏ ဗဟိုချက်မှ ၁၀.၄ လက်မ (၂၆.၄၂ စင်တီမီတာ) ခန့်အကွာတွင်ရှိ သည်။ ကြယ်တလုံးစီ၏ အချင်းမှာ ၃.၈ လက်မ (၉.၆၅ စင်တီမီတာ) ခန့်ဖြစ်သည်။ ကြယ်တလုံးတွင် ငါးဒေါင့်ရှိပြီး၊ ကြယ်တလုံးစီ၏ ထိပ်ချွန်တခုစီသည် နိုင်ငံတော်အလံ၏အထက်သို့ မူသေမတ်မတ်ထောင်ကာရှိနေသည်။[၁၄]

Colours scheme အပြာ အနီ အဖြူ
RGB 32-66-161 218-45-28 255-255-255
Hexadecimal #2042A1 #DA2D1C #FFFFFF
CMYK 80, 59, 0, 37 0, 79, 87, 15 0, 0, 0, 0

အဓိပ္ပာယ်[ပြင်ဆင်ရန်]

စပါးနှံနှင့် စက်သွားသည် အခြေခံ လူတန်းစားနှစ်ရပ်ဖြစ်သော တောင်သူလယ်သမားများနှင့် အလုပ်သမားများကို ရည်ညွှန်းသည်။ အရွယ်တူကြယ်ဖြူ ၁၄ လုံးသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် ပြည်နယ်ခုနစ်ခုနှင့် စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ မကွေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ခုနစ်တိုင်းတို့၏ တန်းတူညီတူရှိမှုကို ဖော်ဆောင်ထားသည်။

အလံတော်ရှိ အဖြူရောင်သည် သန့်ရှင်းခြင်းနှင့် စင်ကြယ်ခြင်းကို လည်းကောင်း၊ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းကိုလည်းကောင်း ဖော်ဆောင်သည်။ အပြာရောင်မှာ ငြိမ်းချမ်းခြင်းနှင့် တည်ကြည်ခြင်းကို ဖော်ဆောင်သည်။[၁၅]

အလံသစ်အဆိုပြုခြင်း[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် နိုင်ငံရေးပါတီများမှတင်ပြချက်များတွင် နိုင်ငံရေးပါတီလေးခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ရှမ်း တိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်၊ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊အမျိုးသားညီညွတ်သောဒီမို ကရက်တစ်ပါတီတို့မှ နိုင်ငံတော်အလံအသစ်ကို တင်ပြထားကြသည်။[၁၆]

သမိုင်းတလျှောက် မြန်မာ့အလံများ[ပြင်ဆင်ရန်]

စစ်ဖက်သုံးအလံများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ စစ်ဖက်သုံးအလံများမှာ–

အလံလွှင့်ထူထားသောပုံများ[ပြင်ဆင်ရန်]

ဆင်တူအလံများ[ပြင်ဆင်ရန်]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. State Flag Law with State Peace and Development Council Law (8/2010)
  2. ၂၂.၁၀.၂၀၁၀ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ
  3. ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)
  4. ၄.၀ ၄.၁ နိုင်ငံတော်အလံ ဥပဒေနှင့်နည်းဥပဒေများအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
  5. အရှင်စန္ဒောဘာသ(ရွှေဘို) (၁၉၉၅)။ သာသနာ့အလံတော်။ ရွှေပုရပိုက်စာပေ။ p. ၃၂–၃၄။
  6. နတ်မောက်ဘုန်းကျော် (၁၉၆၇)။ ရှေးခေတ်မြန်မာ့တပ်မတော်မှတ်စုများ။ ရန်ကုန်။ p. ၅၂။
  7. ခင်ရီ၊ မြန်မာနိုင်ငံနှင့် တို့ဗမာလှုပ်ရှားမှု (၁၉၃၀–၁၉၃၈) စာအုပ်
  8. နန်းညွန့်ဆွေ၊ သုံးရောင်ခြယ်နှင့် စစ်တွင်း‌ခေတ် လွတ်လပ်ရေးကြိုးပမ်းမှုစာစုများ
  9. In Pictures: Myanmar military seizes power (in en)။
  10. မြန်မာနိုင်ငံ၊ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၃) အထွေထွေဆိုင်ရာပြဋ္ဌာန်းချက်များ။
  11. အေးမောင်၊ ဗိုလ် (စက်တင်ဘာ ၁၉၅၅)။ သိန်းဟန်၊ ဦး (ed.)။ နိုင်ငံတော်အလံနှင့်နေ့ထူးများ။ ပြည်တော်သာစာစဉ်၊ ပြည်ထောင်စု-၁၁၇။ ရန်ကုန်: ဘာသာပြန်စာပေအသင်း။ p. ၈။
  12. ဘိုးလှိုင်။ "အသက် (၈၀)၊ အလံရှစ်ခု အလေးပြု"၊ မြန်မာတိုင်းမ်၊ ၃ မေ ၂၀၁၇။ 
  13. မောင်အုန်းဖေရေးသည့် “ဒီဟာအစ ဒီလိုက” စာအုပ်
  14. ၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် နည်းဥပဒေများ အမှတ် ၁
  15. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)၊ စာ– ၂၉၃၊ ၂၉‌၄
  16. "မြန်မာနိုင်ငံ အလံကိုပြောင်းချင်သူတွေ"၊ ဘီဘီစီ၊ ၁၇ ဇူလိုင် ၂၀၁၉။ 
  17. "မြန်မာအလံကို ထိုင်ဝမ်အလံဟူ၍မှားသုံး" (in English)၊ 25 May 2010။ 15 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 28 May 2010။