မြန်မာနိုင်ငံတော်ဗဟိုဘဏ်
| |||
| ဌာနချုပ် | |||
|---|---|---|---|
| ဖွဲ့စည်းတည်ထောင်ခြင်း | ၁၉၄၈ ဧပြီ ၃၊ ၁၉၄၈ | ||
| ဥက္ကဋ္ဌ | ဒေါက်တာ ခင်နိုင်ဦး | ||
| နိုင်ငံ | မြန်မာနိုင်ငံ | ||
| ငွေကြေး | မြန်မာကျပ်ငွေ MMK (ISO 4217) | ||
| ယခင် | ပြည်ထောင်စု မြန်မာနိုင်ငံဘဏ် ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့ဘဏ် | ||
| ညွှန်ကြားရေးမှူးချုပ်များ | အောင်အောင်၊ တင်မိုးမိုး၊ မျိုးမင်း၊ ခိုင်ရွှေဝါ၊ ရဲအောင် | ||
| ဝက်ဘ်ဆိုဒ် | cbm.gov.mm | ||
မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် အစိုးရပိုင်ဘဏ်ဖြစ်ပြီး မြန်မာငွေစက္ကူများ ရိုက်ထုတ်ခွင့်ရှိသောဘဏ်ဖြစ်သည်။ ရုံးချုပ်သည် နေပြည်တော်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း မူဝါဒများကို ချမှတ်ချုပ်ကိုင်ထားသည်။
နောက်ခံသမိုင်း
[ပြင်ဆင်ရန်]ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ် (၁၉၄၈-၆၇)
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ၏ ဗဟိုဘဏ်လုပ်ငန်းကို ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေအရ ၁၉၄၈ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်မှ ဆောင်ရွက်ခဲ့သည်။ ၎င်းဘဏ်သည် အိန္ဒိယနိုင်ငံ ရီဇက်ဘဏ် (Reserve Bank of India) ၏ ရန်ကုန်ဘဏ်ခွဲ လုပ်ငန်းများကို လွှဲပြောင်းယူခဲ့သည်။ သို့ရာတွင် ၁၉၅၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်ကို ထူထောင်သောအခါမှသာ ဗဟိုဘဏ်လုပ်ငန်းကို အပြည့်အဝ ဆောင်ရွက်လာနိုင်ခဲ့သည်။ ယင်းသို့ဆောင်ရွက်နိုင်ရန် ၁၉၄၆ ခုနှစ် ငွေကြေးအက်ဥပဒေအရ ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ငွေကြေးဘုတ်အဖွဲ့ကို ဖျက်သိမ်းခဲ့သည်။ ထိုဘဏ်ကို ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင် စတင်ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၁၉၅၂ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေအရ ပြည်ထောင်စုဘဏ်၏ ခွင့်ပြုမတည်ငွေရင်းကို ကျပ်သန်း ၄၀ သတ်မှတ်ထားပြီး ငွေကျပ် ၁၀ သန်းကို ပြည်ထောင်စုအစိုးရက ထည့်ဝင်ခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ဘဏ် (၁၉၆၇-၇၅)
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စနစ် ကျင့်သုံးလာသည့် ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ဘဏ်များကို ပြည်သူပိုင်သိမ်းခဲ့သည်။ ၁၉၆၇ ခုနှစ် ဧပြီလ ၂၇ ရက်နေ့၌ ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ဘဏ် အက်ဥပဒေကို ပြဋ္ဌာန်းပြီး ဘဏ်များအား စုပေါင်း၍ တစ်ခုတည်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ဘဏ်ကို ဖွဲ့စည်းခဲ့သည်။ ၎င်းဘဏ်ကို နိုင်ငံတော်က အပြည့်အဝထည့်ဝင်သော မူလမတည်ရင်းနှီးငွေ ကျပ် ၂၀၀ သန်းဖြင့် တည်ထောင်ခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံဘဏ် (၁၉၇၅-၁၉၉၀)
[ပြင်ဆင်ရန်]၁၉၇၂ ခုနှစ်တွင် နိုင်ငံတော်အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးနောက် ၁၉၇၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော်က ဘဏ်ဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ ပြည်သူ့ဘဏ်ကို ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့စိုက်ပျိုးရေးဘဏ် ဟူသော နိုင်ငံပိုင်ဘဏ် လေးဘဏ်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၅ ခုနှစ် ဘဏ်ဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်၏ မူလမတည်ငွေရင်းသည် ကျပ်သန်း ၂၀၀ ဖြစ်ပြီး နိုင်ငံတော်က အပြည့်အဝ ထည့်ဝင်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (၁၉၉၀-လက်ရှိ)
[ပြင်ဆင်ရန်]၁၉၈၈ ခုနှစ်မှစ၍ မြန်မာ့စီးပွားရေးစနစ်ကို စီမံကိန်းစီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲခဲ့သည်။ ဈေးကွက်စီးပွားရေးမူဝါဒများနှင့်အညီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်က ချမှတ်ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးနှင့် ကိုက်ညီသည့် ငွေရေးကြေးရေးစနစ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ငွေရေးကြေးရေးလုပ်ငန်း စွမ်းဆောင်မှုအရည်အသွေး မြင့်မားလာစေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကို ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုမတည်ငွေရင်း ကျပ်သန်း ၅၀၀ အနက် ကျပ်သန်း ၂၀၀ ကို နိုင်ငံတော်က ထည့်ဝင်ခဲ့သည်။[၁]
လုပ်ငန်းတာဝန်များ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်မှာ ပြည်တွင်းပြည်ပတွင် မြန်မာကျပ်ငွေတန်ဖိုး တည်တံ့ခိုင်မြဲစေရန် ဖြစ်သည်။ ထို့အပြင် ဗဟိုဘဏ်သည် ထိရောက်သော ငွေပေးချေမှုစနစ်များ၊ ငွေကြေးလွယ်ကူမှုနှင့် ကြွေးမြီပေးဆပ်နိုင်မှုတို့ ကောင်းမွန်သည့် ခိုင်မာသော ငွေရေးကြေးရေးစနစ်တစ်ရပ်ကို တည်ဆောက်ရန် ရည်ရွယ်သည်။ ၎င်းရည်မှန်းချက်များဖြင့် စနစ်တကျ၊ ဟန်ချက်ညီညီ၊ ရှင်သန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေး၊ ချေးငွေနှင့် ငွေရေးကြေးရေးအခြေအနေများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အဓိကလုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။[၁]
- ငွေကြေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
- နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒကို ဆုံးဖြတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊
- အစိုးရအား နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်နှင့်စပ်လျဉ်း၍ အကြံပြုခြင်း၊
- နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊
- ပြည်တွင်းသုံးစွဲငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊
- ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်စစ်ဆေးခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊
- ဘဏ်များ၏ နောက်ဆုံးအားထားရာ ငွေချေးသူအဖြစ် ဆောင်ရွက်ခြင်း၊
- ဘဏ်လုပ်ငန်း ချေးငွေနှင့် ငွေကြေးနယ်ပယ်ရှိ အစိုးရအချင်းချင်းကြား ထူထောင်ထားသော အဖွဲ့အစည်းများတွင် နိုင်ငံတော်၏ပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသော အပေးအယူ ပြုလုပ်မှုများကို ဆောင်ရွက်ခြင်းနှင့် တာဝန်ဝတ္တရားအားလုံးကို အစိုးရအမည်ဖြင့် တာဝန်ခံ ဆောင်ရွက်ခြင်း၊ အစိုးရကိုယ်စား အဆိုပါအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ဝန်ထမ်းအင်အားနှင့် ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်တွင် ၁၉၇၆ ခုနှစ် ဧပြီလ ၁ ရက်နေ့၌ အရာထမ်း ၈၅ ဦးနှင့် အမှုထမ်း ၈၄၅ ဦး၊ စုစုပေါင်း ဝန်ထမ်း ၉၃၀ ဦး ရှိခဲ့သည်။ ၁၉၈၁ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် နိုင်ငံတော်ကောင်စီက ဖွဲ့စည်းပုံကို တိုးချဲ့ပေးခဲ့ရာ အရာထမ်း ၁၀၀ ဦး၊ အမှုထမ်း ၁၂၃၃ ဦး၊ စုစုပေါင်း ဝန်ထမ်း ၁၃၃၃ ဦးအထိ တိုးမြှင့်ခဲ့သည်။ လုပ်ငန်းများ ပိုမိုများပြားလာသည့်အတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အရာထမ်း ၁၅၁ ဦး၊ အမှုထမ်း ၁၅၀၅ ဦး၊ စုစုပေါင်း ဝန်ထမ်း ၁၆၅၆ ဦးရှိ ဖွဲ့စည်းပုံကို ခွင့်ပြုခဲ့သည်။ ထိုအချိန်မှစ၍ ဘဏ်လုပ်ငန်းများကို စီမံခန့်ခွဲရေးဌာန၊ ငွေကြေးဌာန၊ စာရင်းဌာန၊ ဘဏ်တွင်းစာရင်းစစ်နှင့် ဘဏ်လုပ်ငန်းများ ကြီးကြပ်စစ်ဆေးရေးဌာန၊ သုတေသနနှင့် အလုပ်သင်ကြားရေးဌာနနှင့် လုံခြုံရေးဌာနဟူသော ဌာနကြီးခြခုဖြင့် ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်တွင် နိုင်ငံပိုင်ကဏ္ဍသာမက ပုဂ္ဂလိကကဏ္ဍမှ နိုင်ငံခြားသုံးငွေသုံးစွဲမှုများကိုပါ စီမံခန့်ခွဲရန် လိုအပ်လာသောကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ ခွင့်ပြုချက်အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနကို ဖွင့်လှစ်ခဲ့သည်။ ၎င်းဌာနသည် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ထံမှ နိုင်ငံခြားငွေ စီမံခန့်ခွဲမှုလုပ်ငန်းများကို လွှဲပြောင်းလက်ခံ ဆောင်ရွက်ခဲ့သည်။
၁၉၉၆ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗဟိုဘဏ်ရုံးချုပ်အား ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ စက်မှုလမ်းအမှတ် (၂၆) သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးသော နိုင်ငံများရှိ ဗဟိုဘဏ်များကဲ့သို့ပင် ဘဏ်လုပ်ငန်းဆိုင်ရာ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများကို စိစစ်ချမှတ်သည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ တာဝန်ပေးအပ်ချက်အရ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘဏ်လုပ်ငန်းစိစစ်ရေးဌာနကို ဖွင့်လှစ်ခဲ့သည်။
နေပြည်တော်သို့ ပြောင်းရွှေ့ခြင်းနှင့် ဖွဲ့စည်းပုံအသစ်
[ပြင်ဆင်ရန်]၂၀၀၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးချုပ်အား နေပြည်တော်ရှိ ရုံးအမှတ် (၂၆) နေရာသို့ ယာယီပြောင်းရွှေ့ခဲ့သည်။ ထိုသို့ပြောင်းရွှေ့ပြီးနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဖွဲ့စည်းပုံကို နေပြည်တော် ရုံးချုပ်၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်တွင် အရာထမ်း ၁၈၁ ဦး၊ အမှုထမ်း ၁၃၄၁ ဦး၊ စုစုပေါင်း ဝန်ထမ်းအင်အား ၁၅၂၂ ဦးဖြင့် ဖွဲ့စည်းပုံကို တိုးချဲ့ပြင်ဆင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးချုပ်အား ရုံးအမှတ် (၅၅) သို့ ထပ်မံပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ပြောင်းလဲလာသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းမှုနှင့် လိုက်လျောညီထွေဖြစ်စေရန်၊ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှုဖြင့် နိုင်ငံတော်အစိုးရက ချမှတ်ကျင့်သုံးမည့် စီးပွားရေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒများကို အထောက်အကူပြုနိုင်သော ငွေကြေးမူဝါဒများကို အချိန်နှင့်တစ်ပြေးညီ ဖော်ဆောင်ကျင့်သုံးနိုင်ရန်၊ ဈေးကွက်စီးပွားရေးစနစ်နှင့်လျော်ညီစွာ လွတ်လပ်သော ဗဟိုဘဏ်အဖြစ် သီးခြားရပ်တည်နိုင်ရန်နှင့် နိုင်ငံတကာဗဟိုဘဏ်များနည်းတူ ငွေရေးကြေးရေးတည်ငြိမ်မှုအား အဓိကတာဝန်ယူ ဆောင်ရွက်နိုင်ရန်၊ ဌာနများတိုးချဲ့ဖွဲ့စည်းရန် လိုအပ်လာခြင်းတို့ကြောင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဖွဲ့စည်းပုံကို ပြင်ဆင်ခဲ့သည်။ ထိုပြင်ဆင်မှုအရ အရာထမ်း ၄၉၄ ဦးနှင့် အမှုထမ်း ၂၀၃၁ ဦး၊ စုစုပေါင်း ဝန်ထမ်း ၂၅၂၅ ဦး ရှိသော ဌာနကြီး ၁၅ ခုဖြင့် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခဲ့သည်။[၁]
|
|
|
လက်ရှိဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဖွဲ့စည်းပုံကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၎င်းပြင်ဆင်ဖွဲ့စည်းမှုအရ မူလဖွဲ့စည်းပုံအင်အား ပြောင်းလဲမှုမရှိဘဲ အရာထမ်းရာထူး ၈၁၉ နေရာနှင့် အမှုထမ်းရာထူး ၂၈၀၃ နေရာ၊ စုစုပေါင်း ရာထူး ၃၆၂၂ နေရာတို့ဖြင့် ဌာနများ တိုးချဲ့၍ ဌာနကြီး ၇ ခုဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။[၁] ဌာနကြီးတိုင်းအား ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူက ကြီးကြပ်တာဝန်ခံသည်။[၂] ဌာနကြီးများမှာ အောက်ပါအတိုင်းဖြစ်သည်။[၃] [၄]
- ဥက္ကဋ္ဌရုံး
- စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနကြီး
- ငွေကြေးမူဝါဒရေးရာ၊ သုတေသန၊ နိုင်ငံတကာဆက်ဆံရေးနှင့် သင်တန်းဌာနကြီး
- ဘဏ်လုပ်ငန်းစည်းမျဉ်းနှင့် ကြီးကြပ်စစ်ဆေးရေးဌာနကြီး
- ငွေရေးကြေးရေးဈေးကွက်၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုဌာနကြီး
- နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီး
- ငွေကြေးစီမံခန့်ခွဲမှုဌာနကြီး
ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူများ
[ပြင်ဆင်ရန်]| စဉ် | အမည် | ရာထူး | တာဝန်သက်တမ်း | ||
|---|---|---|---|---|---|
| စတင် | ပြီးဆုံး | သက်တမ်း (နှစ် နှင့် ရက်) | |||
| ၁ | ဦးကျော်ငြိမ်း | ဗဟိုဘဏ်ဥက္ကဋ္ဌ | ၁ ဇူလိုင် ၁၉၅၄ | ၂၅ မတ် ၁၉၆၈ | ၁၃ နှစ်၊ ၂၆၈ ရက် |
| ၂ | ဦးကျော်ညွှန့် | ၁၈ ဒီဇင်ဘာ ၁၉၇၁ | ၃၁ ဇူလိုင် ၁၉၇၅ | ၃ နှစ်၊ ၂၂၅ ရက် | |
| ၃ | ဒေါက်တာဦးအေးလှိုင် | ၈ ဩဂုတ် ၁၉၇၅ | ၁၂ ဩဂုတ် ၁၉၈၁ | ၆ နှစ်၊ ၄ ရက် | |
| ၄ | ဦးအောင်ဆင့် | ၅ စက်တင်ဘာ ၁၉၈၁ | ၂၂ မတ် ၁၉၈၅ | ၃ နှစ်၊ ၁၉၈ ရက် | |
| ၅ | ဦးကျော်မြင့် | ၁၅ ဇူလိုင် ၁၉၈၅ | ၁၁ ဧပြီ ၁၉၈၆ | ၂၇၀ ရက် | |
| ၆ | ဦးမောင်မောင်လှ | ၁၁ ဧပြီ ၁၉၈၆ | ၁၅ အောက်တိုဘာ ၁၉၈၇ | ၁ နှစ်၊ ၁၈၇ ရက် | |
| ၇ | ဦးမောင်မောင်ဟန် | ၁၁ ဇန်နဝါရီ ၁၉၈၈ | ၂၇ ဒီဇင်ဘာ ၁၉၉၂ | ၄ နှစ်၊ ၃၅၁ ရက် | |
| ၈ | ဦးကြည်အေး | ၃၁ ဒီဇင်ဘာ ၁၉၉၂ | ၂ နိုဝင်ဘာ ၁၉၉၇ | ၄ နှစ်၊ ၃၀၆ ရက် | |
| ၉ | ဦးကျော်ကျော်မောင် | ၂၀ နိုဝင်ဘာ ၁၉၉၇ | ၁၁ ဧပြီ ၂၀၀၇ | ၉ နှစ်၊ ၁၄၂ ရက် | |
| ၁၀ | ဦးသန်းညိန်း | ၁၂ ဧပြီ ၂၀၀၇ | ၃၁ ဇူလိုင် ၂၀၁၃ | ၆ နှစ်၊ ၁၁၀ ရက် | |
| ၁၁ | ဦးကျော်ကျော်မောင် | ၁ ဩဂုတ် ၂၀၁၃ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၇ နှစ်၊ ၁၈၄ ရက် | |
| ၁၂ | ဦးသန်းညိန်း | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၉ ဩဂုတ် ၂၀၂၂ | ၁ နှစ်၊ ၁၉၉ ရက် | |
| ၁၃ | ဒေါ်သန်းသန်းဆွေ [၅] | ၁၉ ဩဂုတ် ၂၀၂၂ | ၁၀ ဧပြီ ၂၀၂၆ | ၃ နှစ်၊ ၂၃၄ ရက် | |
| ၁၄ | ဒေါက်တာ ခင်နိုင်ဦး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၆၆ ရက် | |
လက်ရှ်ိ ဒါရိုက်တာအဖွဲ့ဝင်များ
[ပြင်ဆင်ရန်]| စဉ် | ရာထူး | အမည် | စတင်ရက် | ပြီးဆုံးရက် | တာဝန်သက်တမ်း | မှတ်ချက် |
|---|---|---|---|---|---|---|
| ၁ | ဗဟိုဘဏ်ဥက္ကဋ္ဌ | ဒေါက်တာ ခင်နိုင်ဦး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၆၆ ရက် | ယခင်-စာရင်းစစ်ချုပ် |
| ၂ | ဒုတိယဥက္ကဋ္ဌများ | ဦးဇော်မြင့်နိုင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၆၆ ရက် | |
| ၃ | ဦးသက်ထွန်းအောင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၆၆ ရက် | ||
| ၄ | ဒေါက်တာ စန္ဒာဦး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၆၆ ရက် | ||
| ၅ | အဖွဲ့ဝင်များ | ဒေါက်တာရီအေး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၆၆ ရက် | |
| ၆ | ဦးတင်မြင့် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၆၆ ရက် | ||
| ၇ | ဒေါက်တာလှညွန့် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၆၆ ရက် | ||
| ၈ | ဒေါက်တာဇော်ဦး | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၆၆ ရက် | ||
| ၉ | ဒေါက်တာဖြူဖြူအိ | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၆၆ ရက် |
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခေတ်အဆက်ဆက် ဒါရိုက်တာအဖွဲ့ဝင်များ
[ပြင်ဆင်ရန်]- ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ် ၈/၂၀၂၁ ဖြင့် ဦးသန်းညိန်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။[၆]
- ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ် ၈/၂၀၂၁ ဖြင့် ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
- ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ် ၄၆/၂၀၂၁ ဖြင့် ဒေါက်တာ ခင်နိုင်ဦးနှင့် ဦးအောင်ကျော်သန်း တို့အား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။[၇]
- ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ် ၇၃/၂၀၂၁ ဖြင့် ဦးကျော်ဝင်းနှင့် ဒေါက်တာလင်းအောင်တို့အား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။[၈]
- ၂၀၂၁ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ် ၁၃၂/၂၀၂၁ ဖြင့် ဦးရဲမြင့် အား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
- ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ် ၅၈/၂၀၂၂ ဖြင့် ဦးဇော်မြင့်နိုင် အား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။[၉]
- ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ် ၇၈/၂၀၂၃ ဖြင့် ဒေါက်တာရီအေး၊ ဦးတင်မြင့်နှင့် ဒေါက်တာလှညွန့်တို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။[၁၀]
| စဉ် | အမည် | ရာထူး | တာဝန်ယူသည့်ရက် | ကိုးကား |
|---|---|---|---|---|
| ၁။ | ဒေါ်သန်းသန်းဆွေ | ဥက္ကဋ္ဌ | ဩဂုတ် ၁၉၊ ၂၀၂၂ | |
| ၂။ | ဦးဇော်မြင့်နိုင် | ဒုတိယဥက္ကဋ္ဌ | ၁၉ ဩဂုတ် ၂၀၂၂ - ယနေ့အထိ | နစက အမိန့်အမှတ်၊ ၅၈ / ၂၀၂၂ |
| ၃။ | ဒေါက်တာလင်းအောင် | ဒါရိုက်တာအဖွဲ့ဝင် | ၁၈ ဖေဖော်ဝါရီ ၂၀၂၁ - ယနေ့အထိ | |
| ၄။ | ဒေါက်တာခင်နိုင်ဦး | ဖေဖော်ဝါရီ ၁၀၊ ၂၀၂၁ | နစက အမိန့်အမှတ် (၄၆/၂၀၂၁) | |
| ၅။ | ဦးအောင်ကျော်သန်း | |||
| ၆။ | ဒေါက်တာရီအေး | ဩဂုတ် ၂၆၊ ၂၀၂၃ | နစက အမိန့်အမှတ် ၇၈/၂၀၂၃ | |
| ၇။ | ဦးတင်မြင့် | |||
| ၈။ | ဒေါက်တာလှညွန့် | |||
| ၉။ | ဒေါက်တာဇော်ဦး | မေ ၄၊ ၂၀၂၅ | နစက အမိန့်အမှတ် ၃၆/၂၀၂၅ |
- ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ)အရ အရ အမိန့်အမှတ် ၉/၂၀၂၅ ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခဲ့သည်။ ခန့်အပ်မှုတွင် ဒုတိယဥက္ကဋ္ဌ ရာထူးကို (၃) နေရာ ပေးအပ်ခဲ့ပြီး၊ ယခင်ဒါရိုက်တာအဖွဲ့ဝင်များဖြစ်သော ဒေါက်တာခင်နိုင်ဦးနှင့် ဦးအောင်ကျော်သန်းတို့ မပါဝင်ခဲ့ပေ။ အဖွဲ့ဝင်သစ်အဖြစ် ဦးသက်ထွန်းအောင်ကို ဒုတိယဥက္ကဋ္ဌ အဖြစ် ခန်အပ်ခံရသည်။
- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ အမိန့်အမှတ် ၈/၂၀၂၆ ဖြင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် အား ကျန်းမာရေးအရ အနာယူးခွင့်ပြုပြီး၊ အမိန့်အမှတ် ၉/၂၀၂၆ ဖြင့် ဒေါက်တာစန္ဒာဦးအား အစားထိုး ခန့်အပ်ခဲ့သည်။[၁၁][၁၂]
| စဉ် | အမည် | ရာထူး | တာဝန်ကာလ |
|---|---|---|---|
| ၁။ | ဒေါ်သန်းသန်းဆွေ | ဥက္ကဋ္ဌ | ၁၉ ဩဂုတ် ၂၀၂၂ - ယနေ့အထိ |
| ၂။ | ဦးဇော်မြင့်နိုင် | ဒုတိယဥက္ကဋ္ဌ | ၁၉ ဩဂုတ် ၂၀၂၂ - ယနေ့အထိ |
| ၃။ | ဒေါက်တာစန္ဒာဦး | ဒုတိယဥက္ကဋ္ဌ | ၁၀ မတ် ၂၀၂၆[၁၃] - ယနေ့အထိ |
| ၄။ | ဦးသက်ထွန်းအောင် | ဒုတိယဥက္ကဋ္ဌ | ၃၁ ဇူလိုင် ၂၀၂၅ - ယနေ့အထိ |
| ၅။ | ဒေါက်တာရီအေး | ဒါရိုက်တာအဖွဲ့ဝင် | ဖေဖော်ဝါရီ ၁၀၊ ၂၀၂၁ |
| ၆။ | ဦးတင်မြင့် | ဩဂုတ် ၂၆၊ ၂၀၂၃ | |
| ၇။ | ဒေါက်တာလှညွန့် | ||
| ၈။ | ဒေါက်တာဇော်ဦး | မေ ၄၊ ၂၀၂၅ | |
| - | ဒေါက်တာလင်းအောင် | ဒုတိယဥက္ကဋ္ဌ | ၁၈ ဖေဖော်ဝါရီ ၂၀၂၁ - ၁၀/၃/၂၀၂၆ |
ငွေစက္ကူထုတ်ဝေမှု
[ပြင်ဆင်ရန်]ငွေအကြွေနှင့် ငွေစက္ကူကိုင်တွယ်သုံးစွဲရာတွင် အဆင်ပြေလွယ်ကူစေရန် မြန်မာနိုင်ငံတော်ဗဟို ဘဏ်သည် ၁၉၉ဝ ခုနှစ် မှ ၂ဝဝဝ ပြည့်နှစ်အထိ ၁ဝပြား၊ ၂၅ပြား၊ ၅ဝပြား၊ ၁ဝိ/-၊ ၅ဝိ/-၊ ၁ဝိ/- တန် ငွေအကြွေများ၊ ၅ဝိ/-တန်နှင့် ၁ဝဝိ/-တန်ငွေဒင်္ဂါးများကိုလည်းကောင်း၊ ငွေစက္ကူများနှင့် ပတ်သက်၍ ဗိုလ်ချုပ်ပုံပါ ၁ဝိ/-တန်ကိုလည်းကောင်း၊ မြန်မာ့တူရိယာစောင်းရုပ်ပုံပါ ၅ဝ ပြားတန်ငွေစက္ကူနှင့် ကေသရာဇာခြင်္သေ့မင်းရုပ်ပုံပါ ၁ဝိ/-၊ ၅ဝိ/-၊ ၁ဝိ/-၊ ၂ဝိ/-၊ ၅ဝိ/-၊ ၁ဝဝိ/-၊ ၂ဝဝိ/-၊ ၅ဝဝိ/- နှင့် ၁ဝဝဝိ/-တန် တို့ကိုလည်းကောင်း၊ ဆင်ဖြူတော်ရုပ်ပုံပါ ၅ဝဝဝိ/-တန် ငွေစက္ကူသစ်ကို ၁-၁ဝ-၂ဝဝ၉ ရက်နေ့တွင်လည်းကောင်း၊မြန်မာနိုင်ငံမြေပုံ၊ ၎င်းကို ဝန်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ပုံပါ ၁ဝဝဝဝိ/-တန် ငွေစက္ကူအသစ်အား (၁၅-၆-၂၀၁၂) ရက်နေ့တွင် လည်းကောင်း နိုင်ငံတကာအဆင့်မီ ထုတ်ဝေခဲ့သည်။
ပြည်တွင်း၌လှည့်လှည်သုံးစွဲရန် မသင့်တော်သော ဟောင်းနွမ်း၊ စုတ်ပြဲ၊ ချို့ယွင်းငွေစက္ကူများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပြန်လည်သိမ်းဆည်းပြီး၊ ချို့ယွင်းငွေစက္ကူများအား ကုန်ကြမ်းအဖြစ် အသုံးပြု၍ စက္ကူထုတ်လုပ်ရန်အတွက် စက္ကူစက်ရုံကို ပလိပ်မြို့၌ ၂၄-၃-၂ဝဝ၂ ရက်နေ့တွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန်၌ ၂၅-၁၂-၂ဝဝ၃ ရက်နေ့တွင်လည်းကောင်း တည်ဆောက်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်း၌ နိုင်ငံခြားငွေကိုင်တွယ်သုံးစွဲမှု အဆင်ပြေစေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော ကမ္ဘာလှည့် ခရီးသည်များ အလွယ်တကူ သုံးစွဲနိုင်ရန် ရည်ရွယ်၍ ၄-၂-၁၉၉၃ ရက်နေ့တွင် နိုင်ငံခြားငွေ လက်မှတ် (Foreign Exchange Certificate) ၁ ယူနစ်၊ ၅ ယူနစ်၊ ၁ဝ ယူနစ်နှင့် ၁၉၉၆ ခုနှစ်တွင် ၂ဝ ယူနစ် နိုင်ငံခြားငွေလက်မှတ်များ ထုတ်ဝေခဲ့သည်။ နိုင်ငံခြားငွေ လက်မှတ်ကို မည်သူမဆို ကိုင်တွယ် အသုံးပြုနိုင်ပြီး နိုင်ငံခြား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် နိုင်ငံပိုင်ဘဏ်များတွင်လည်း နိုင်ငံခြားငွေလက်မှတ်ဖြင့် နိုင်ငံခြား သုံးငွေစာရင်း ဖွင့်ခွင့် ရှိသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁၅-၁-၁၉၉၁ ရက်နေ့မှစတင်၍ ရွှေဒင်္ဂါးများအား တစ်ကျပ် သား၊ ငါးမူးသား၊ တစ်မတ်သားတို့ဖြင့်လည်းကောင်း၊ ၂၁-၉-၂ဝဝ၅ ရက်နေ့မှ စတင်၍ တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား တို့ဖြင့် လည်းကောင်း၊ ၈-၁၁-၂ဝ၁ဝ ရက်နေ့မှ စတင်၍ ငါးကျပ်သား၊ တစ်ဆယ် ကျပ်သား၊ နှစ်ဆယ် ကျပ်သား တို့ဖြင့် လည်းကောင်း ထုတ်ဝေခဲ့ပြီး နေ့စဉ် ရွှေဈေးနှုန်းအပေါ် မူတည်၍ မြန်မာကျပ်ငွေဖြင့် သတ်မှတ် ရောင်းချခဲ့သည်။[၁]
ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးမှု
[ပြင်ဆင်ရန်](၁၉၉၂) ခုနှစ်မှ စ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေအရ ဘဏ်လုပ်ငန်းလိုင်စင်များကို စိစစ်ထုတ်ပေးခဲ့ရာ (၂ဝဝ၄) ခုနှစ်တွင် ပြည်တွင်းပုဂ္ဂလိကဘဏ် (၂၃)ဘဏ်ရှိလာခဲ့သည်။ (၂၀၁၂) ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့အထိ ပြည်တွင်းပုဂ္ဂလိကဘဏ်(၁၉)ဘဏ်သို့ လိုင်စင်ထုတ်ပေးထားပြီး ၎င်းဘဏ်များအနေဖြင့် ပြည်တွင်းကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။ ဘဏ်ခွဲစုစုပေါင်း(၄၃၃)ဘဏ်ကို ဖွင့်လှစ်ထားပြီးဖြစ်သည်။ (၂၀၁၂) ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ စာရင်းအရ မြန်မာနိုင်ငံတွင် ငွေရေးကြေးရေးကုမ္ပဏီ (၁)ခုရှိသည်။
၁၉၉၃ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုခဲ့သော နိုင်ငံခြားဘဏ်များ၏ ကိုယ်စားလှယ်ရုံးပေါင်း ၅ဝ ရုံးရှိခဲ့သည်။ ၁၉၉၇ ခုနှစ် အာရှ ငွေရေးကြေးရေး အကျပ်အတည်း ဖြစ်ပေါ်ခဲ့ပြီးနောက် နိုင်ငံခြားဘဏ် ၃၈ ဘဏ်သည် ကိုယ်စားလှယ်ရုံးများ ပိတ်သိမ်းခဲ့သည်။ (၂၀၁၂) ခုနှစ် နိုဝင်ဘာလကုန်အထိ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံမှ (၄)ဘဏ်စီ၊ ဂျပန်နိုင်ငံမှ (၃)ဘဏ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ များမှ (၂)ဘဏ်စီ၊ ဘရူနိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ (၁)ဘဏ်စီဖြင့် စုစုပေါင်းနိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး (၂၃)ရုံး လာရောက် ဖွင့်လှစ်ထားပြီးဖြစ်သည်။ ထို့အပြင် ဂျပန်နိုင်ငံမှ ငွေရေးကြေးရေးကုမ္ပဏီကိုယ်စားလှယ်ရုံး (၁)ရုံးလည်း ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ်များ ငွေရေးကြေးရေး ခိုင်မာမှုရှိစေရန် ကြီးကြပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ကိုလည်း စိစစ်ဆောင်ရွက်လျက် ရှိသည်။ ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ ၏ နေ့စဉ် စာရင်းဇယားများ ကို ပေးပို့စေ၍ ဘဏ်များ၏ နေ့စဉ် ဘဏ္ဍာရေးအခြေအနေနှင့် အပတ်စဉ်၊ လစဉ် ဘဏ္ဍာရေး အခြေအနေများ ကို ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနသို့ တင်ပြလျက်ရှိသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် သည် ၂ဝဝ၂ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည် တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ဘဏ်များက ထိရောက်စွာ လိုက်နာ ဆောင်ရွက်နိုင်စေရန် စည်းမျဉ်းများ၊ လမ်းညွှန်ချက်များနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ခဲ့သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ စည်းမျဉ်းများတွင် ဘဏ်ဖောက်သည်၏ သတင်း အချက်အလက်များအား ဝီရိယပြု ရယူ စိစစ်ခြင်း၊ မှတ်တမ်းပြုစု ထိန်းသိမ်းခြင်း နှင့် သံသယဖြစ်ဖွယ်ငွေကြေး လွှဲပြောင်းမှုများ နှင့် သတ်မှတ် ပမာဏ နှင့် အထက် ကျော်လွန်သည့် ငွေကြေး လွှဲပြောင်းမှု သတင်းပေးပို့ခြင်း လိုအပ်ချက်တို့ အကျုံးဝင်သည်။
မြန်မာနိုင်ငံသည် အကြမ်းဖက်သမားများ အား ငွေကြေးထောက်ပံ့မှု ဆောင်ရွက်ချက်များ ကာကွယ် ထိန်းချုပ်မှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ နှင့် ၁၃၇၃ အား အကောင်အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ကုလသမဂ္ဂ မှ ထုတ်ပြန်သည့် စာရင်းဝင်များနှင့် ရရန်ပိုင်ခွင့်များကို ထိန်းချုပ်ထားရန်နှင့် သံသယရှိသော အကြမ်းဖက်သမားများနှင့် အကြမ်းဖက် အဖွဲ့အစည်း၏ စာရင်းလွှဲပြောင်းမှုများကို တားမြစ်ရန်၊ ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများသို့ ညွှန်ကြားချက်များ ထုတ်ပြန်လျက်ရှိသည်။
အတိုးနှုန်း
[ပြင်ဆင်ရန်]၁၉၆၁ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ဗဟိုဘဏ်အတိုးနှုန်းကို ၄ရာခိုင်နှုန်းသတ်မှတ်ခဲ့ရာမှ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလာသည့်အခါ အတိုးနှုန်းများကို နိုင်ငံတော် ၏ စီးပွားရေး အခြေ အနေနှင့် လိုက်လျောညီထွေရှိစေရန် ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ တိုးမြှင့်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လက်ရှိအတိုးနှုန်းမှ တစ်နှစ်လျှင် (၁၀%) ဖြစ်ပြီး၊ အပ်ငွေအဖြစ် အနည်းဆုံးအတိုးနှုန်းမှာ တစ်နှစ်လျှင် (၈%) နှင့် ချေးငွေအပေါ် အများဆုံးအတိုးနှုန်းမှာ တစ်နှစ်လျှင် (၁၃ %) သတ်မှတ်ထားရှိသည်။[၁]
အစိုးရငွေတိုက်စာချုပ်များ ထုတ်ဝေမှု
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်သူများ ငွေကြေး စုဆောင်းမှု အခွင့်အလမ်းများ ပိုမိုရရှိလာပြီး အရင်းအနှီး ဈေးကွက် ပေါ်ထွန်းလာရေး အတွက် အစိုးရ ကိုယ်စား ၃ နှစ်နှင့် ၅ နှစ်သက်တမ်းရှိ ကျပ်တစ်သောင်းတန်နှင့် ကျပ်တစ်သိန်းတန် အစိုးရ ငွေတိုက်စာချုပ်များကို ရန်ကုန်မြို့တွင် ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ လည်းကောင်း၊ မန္တလေးမြို့တွင် ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ လည်းကောင်း ထုတ်ဝေ ရောင်းချခဲ့သည်။ ၃ နှစ် သက်တမ်းရှိ ကျပ်တစ်သန်းတန် အစိုးရငွေတိုက် စာချုပ်များကို ၁၉၉၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စ၍ လည်းကောင်း၊ ၅ နှစ် သက်တမ်း ရှိ ကျပ် တစ်သန်းတန် အစိုးရငွေတိုက်စာချုပ်ကို ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်းကောင်း ထုတ်ဝေ ရောင်းချခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ၂ နှစ် သက်တမ်းရှိ အစိုးရ ငွေတိုက်စာချုပ်များ နှင့် ကျပ် ၁ဝသန်းတန် ငွေတိုက် စာချုပ်များကို တိုးချဲ့ထုတ်ဝေ ရောင်းချခဲ့သည်။ ၂ နှစ်ငွေတိုက် စာချုပ်၊ ၃ နှစ်ငွေတိုက်စာချုပ်၊ ၅ နှစ်ငွေတိုက်စာချုပ်တို့အပေါ်ပေးသည့် အတိုးနှုန်းများမှာ ၁ နှစ်လျှင် ၁ဝ.၅%၊ ၁၁%နှင့် ၁၁.၅% အသီးသီးဖြစ်သည်။ ၂ဝ၁ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ အစိုးရငွေတိုက် စာချုပ် စုစုပေါင်း ကျပ်သန်းပေါင်း ၁,၄၈၃,၅၃၃.၄၈သန်း ထုတ်ဝေရောင်းချခဲ့သည်။[၁]
ပူးပေါင်းဆောင်ရွက်မှုများ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ သည် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှစ၍ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၏ အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီးနောက် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ နှင့် အတူ အာဆီယံ အဖွဲ့၏ ညီညွတ်မှု၊ စီးပွားရေး နှင့် နိုင်ငံရေး တည်ငြိမ်မှုအတွက် လည်းကောင်း၊ ငွေရေးကြေးရေး ကဏ္ဍတွင်လည်းကောင်း ပူးပေါင်း ပါဝင် ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် အာဆီယံဗဟိုဘဏ်များ ဆွေးနွေးမှုဖိုရမ် အဖွဲ့ (ASEAN Central Bank Forum) တွင် ပါဝင်ခဲ့သည်။
နိုင်ငံတော်ကို ထူထောင်ရာတွင် အဓိကကျသောလယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍတို့ကို ဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံတော်က ချမှတ် ဆောင်ရွက်လျက် ရှိသည့် မူဝါဒ လမ်းညွှန်ချက်များကို အထောက်အကူ ပြုနိုင်ရန် ပြည်တွင်းပြည်ပတွင် မြန်မာကျပ်ငွေတန်ဖိုး ပိုမို တည်တံ့ ခိုင်မာရေး အတွက် ချမှတ်ထားသော မူဝါဒဘောင် အတွင်းမှ ဘဏ်များအချင်းချင်း ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန် ဘဏ်တစ်ခုနှင့်တစ်ခု ကူညီ ရိုင်းပင်းရန်၊ ဘဏ်များ၏ အကျိုးကို ပံ့ပိုးဆောင်ရွက်ပေးရေးကို ဦးဆောင်မှုပေးရန်နှင့် ပြည်သူများက ဘဏ်များနှင့် ဘဏ်ဝန်ဆောင်မှုများကို အားကိုး သည့် အလေ့အထများ ပေါ်ထွန်းလာစေရန် ၁၉၉၉ ခုနှစ်၊ ဧပြီလ၁ရက်နေ့တွင် ကုန်သွယ်မှုမူဝါဒကောင်စီ အစည်းအဝေး အမှတ်စဉ် ၄/၉၉ ဆုံးဖြတ်ချက် အရ မြန်မာနိုင်ငံ ဘဏ်များအသင်းကို စတင် တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံဘဏ်များ အသင်းသည် လစဉ် ပုံမှန်အစည်းအဝေးများကျင်းပရန် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းပြီး လိုအပ်ပါက အရေးပေါ်အစည်းအဝေးများ ကျင်းပ သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် နှင့် နိုင်ငံခြား ဘဏ်လုပ်ငန်း လုပ်ကိုင်ရသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်ရောင်းဝယ်ရေးဘဏ်၊ မြန်မာ့ စီးပွားရေးဘဏ် တို့နှင့် ပြည်ပရှိ နိုင်ငံခြားဘဏ်များအကြား နိုင်ငံခြားငွေစာရင်းများ လွှဲပြောင်းပေးပို့ရာတွင် ၂ဝဝ၄ခုနှစ် မတ်လ မှ စတင်၍ Society For Worldwide Interbank Financial Telecommunication (SWIFT) စနစ်သုံး၍ ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၏ ရုံးချုပ်များအကြား ဘဏ်လုပ်ငန်း ဆက်သွယ်ရေးကွန်ယက်ကို ၂ဝဝ၈ခုနှစ်၊ ဇန်နဝါရီ လ မှ စ၍ အဆင့်ဆင့် တည်ဆောက်ခဲ့သည်။ အဆိုပါ ဘဏ်ဆက်သွယ်ရေးကွန်ယက်ဖြင့် Banking Network အဖွဲ့ဘဏ်များအကြား ရုံးစာ နှင့် စာရင်းများကို On-line ဖြင့်အပြန်အလှန် ပေးပို့ ဆောင်ရွက်ခဲ့သည်။ အဆိုပါကွန်ယက်ကို အသုံးပြု၍ ဘဏ်များ၏ ငွေရေး ကြေးရေး တည်ငြိမ်မှု ကို ဗဟိုဘဏ်မှ စောင့်ကြည့်ပြီး ကြိုတင်သတိပေးစနစ် (Early Warning System) လုပ်ငန်းကိုလည်းကောင်း၊ အီလက်ထရောနစ် နည်းပညာ ဖြင့် ဘဏ်အချင်းချင်း ငွေလွှဲများကို ပြောင်းခြင်း (Electronic Fund Transfer) လုပ်ငန်းကိုလည်းကောင်း၊ ဗဟိုဘဏ်နှင့် ဘဏ်များ အကြား အလိုအလျောက်ချက်လက်မှတ်များ စာရင်းရှင်းလင်းခြင်း လုပ်ငန်းကိုလည်းကောင်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော် ငွေပေးချေမှု စနစ် တွင် လုံခြုံစိတ်ချ မြန်ဆန်မြင့်မားစေရန် Certified Cheque ကို ၂ဝဝ၈ခုနှစ်ဇန်နဝါရီလမှ စတင် အသုံးပြုစေခဲ့သည်။
ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးဦးဆောင်သော အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ၁-၇-၂ဝဝ၈ ရက်နေ့တွင် လည်းကောင်း၊ ပြည်တွင်း ငွေချေးစာချုပ် ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ၊ အများနှင့် သက်ဆိုင်သောကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ၊ ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ စည်းမျဉ်းစည်းကမ်းများ ပြုစုရေးဆပ်ကော်မတီ၊ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းရေး ဆပ်ကော်မတီ၊ လေ့ကျင့် ပညာပေးရေး နှင့် ပြန်ကြားရေး ဆပ်ကော်မတီ၊ စာရင်းကိုင် နှင့် စာရင်းစစ်များဆိုင်ရာ ဆပ်ကော်မတီဟူသော ဆပ်ကော်မတီ ၆ခု ကို ၁၉-၈-၂ဝဝ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
မြန်မာနိုင်ငံတွင် အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးရေး အတွက် လမ်းပြမြေပုံ ချမှတ်ပြီး အဆင့်၃ဆင့်ဖြင့် ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် ငွေတိုက် စာချုပ်များကို ဗဟိုဘဏ်ကိုယ်စား မြန်မာ့စီးပွားရေးဘဏ် နှင့် မြန်မာ့ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီတို့အား ရောင်းချစေခဲ့သည်။ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေပြဋ္ဌာန်းနိုင်ရန်အတွက် မူကြမ်းရေးဆွဲကာ အဆင့်ဆင့်တင်ပြခဲ့ပြီး အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ရရှိပြီးဖြစ်၍ ပြည်သူ့လွှတ်တော်သို့ တင်ပြထားဆဲဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းများ ပေါင်းစည်းခြင်း (Exchange Rate Unification-ERU) အဖြစ် (၁.၄.၂၀၁၂) ရက်နေ့မှ စတင်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်အား SDR နှင့် ချိတ်ဆက်ထားသည့်စနစ်မှ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်သစ် (Managed Floating Exchange Rate Regime) သို့ ပြောင်းလဲကျင့်သုံးလျက်ရှိသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မှုနှုန်းများကို လိုက်လျောညီထွေ ဖြစ်စေမည့် ငွေကြေးမူဝါဒကိုချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယခုလက်ရှိ ကာလတွင် ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဓိကငွေကြေးမူဝါဒများအဖြစ် သီးသန့်ငွေလိုအပ်ချက်၊ အတိုးနှုန်းမူဝါဒနှင့် ငွေကြေးဈေးကွက်တွင် ငွေချေးစာချုပ်များကို ရောင်းဝယ်ခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းအတွက် Exchange Rate တွက်ချက် သတ်မှတ်ပေးခြင်းနှင့် ပြည်တွင်းဘဏ်များ၏ နိုင်ငံခြားငွေ ရောင်းဝယ်လိုခြင်းများအတွက် နေ့စဉ် Auction ဆောင်ရွက်၍ ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေ (Foreign Exchange Reserve) အား စီမံခန့်ခွဲခြင်း စသော နည်းလမ်းများကို အသုံးပြုကာ၊ မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော ဈေးကွက်စီးပွားရေးစနစ်နှင့် ကိုက်ညီသည့် ငွေရေးကြေးရေးကဏ္ဍကို တည်ငြိမ်စေလျက် ဈေးနှုန်းများ တည်ငြိမ်ရေးကို ထိန်းသိမ်းရန်နှင့် မြန်မာကျပ်ငွေတန်ဖိုး ခိုင်ခံ့တည်မြဲစေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။[၁]
တည်နေရာများ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား အောက်ဖော်ပြပါ လိပ်စာများအတိုင်း ဆက်သွယ် ဆောင်ရွက်နိုင်သည်။[၁၄]
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်(နေပြည်တော်) သည် ရုံးအမှတ် (၅၅)၊ နေပြည်တော်တွင် တည်ရှိသည်။
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ရန်ကုန်) သည် ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေး) သည် ၂၆ လမ်း နှင့် ၈၂ လမ်းထောင့် အောင်မြေသာစံမြို့နယ် မန္တလေးမြို့တွင် တည်ရှိသည်။
ကြေညာချက်များ
[ပြင်ဆင်ရန်]- ၁၂ ဇွန် - ဗဟိုဘဏ်က USDT အပါအဝင် နိုင်ငံခြားငွေကြေးဈေးကွက်ကို ထိခိုက်စေရန် ရည်ရွယ်၍ အွန်လိုင်းမှ ဈေးကစားခြင်း၊ သတင်းအမှားဖြန့်ဝေခြင်းများ ပြုလုပ်သူများကို ထိထိရောက်ရောက် တရားစွဲဆို အရေးယူနေသည်ဟု ထုတ်ပြန်ခဲ့သည်။[၁၅]
- ၂၄ ဇွန် - ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး (Central Bank Digital Currency-CBDC) ထုတ်ဝေရန် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌအပါဝင် အဖွဲ့ဝင် ၁၃ ဦးပါဝင်သည့် ကော်မတီတစ်ရပ် စစ်ကောင်စီခွင့်ပြုချက်ဖြင့် ဖွဲ့စည်းကြောင်း ပြီးခဲ့သည့် ဇွန် ၂၄ ရက်စွဲဖြင့် ဗဟိုဘဏ်က အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့သည်။ [၁၆]
- ၃၀ ဇွန် - ဗဟိုဘဏ်၏ စိစစ်ချက်အရ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ကုမ္ပဏီ ၁၉၇ ခုသည် ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိနေသေးသည်။ ယင်းကုမ္ပဏီများသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်းများနှင့် အမိန့်ကြော်ငြာစာပါ သတ်မှတ်ချက်များကို လိုက်နာခြင်းမရှိသည့်အတွက် အဆိုပါကုမ္ပဏီများနှင့် ၎င်းတို့၏ ဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်းစာရင်း (Blacklist) ထည့်သွင်းလိုက်ကြောင်း ဗဟိုဘဏ်က ကြေညာခဲ့သည်။[၁၇][၁၈]
၂၀၂၆
[ပြင်ဆင်ရန်]- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် စစ်ဆေးတွေ့ရှိချက်အရ (၁-၁-၂၀၂၁) မှ (၃၁-၃-၂၀၂၅) ရက်နေ့အထိ ကာလအတွင်း ပို့ကုန်များ တင်ပို့ပြီးဖြစ်သော်လည်း ပို့ကုန်ရငွေ ပြန်လည်မဝင်ရောက်သေးသည့် ကုမ္ပဏီပေါင်း (၂၈၇) ခုသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်းများနှင့် အမိန့်ကြော်ငြာစာများပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမရှိသောကြောင့် အဆိုပါကုမ္ပဏီများနှင့် ၎င်းတို့၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာသည်။[၁၉]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 4 5 6 7 မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ နောက်ခံသမိုင်း။ 2 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇ ၊ ၂၀၁၄ တွင် ပြန်စစ်ပြီး။အောက်တိုဘာ ၂၀၁၄ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၄ခုနှစ်၊ဧပြီလ၂၆ရက်နေ့ထုတ်၊မြန်မာနိုင်ငံတော်ပြန်တမ်းပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာ(၁၁/၂၀၂၄) ဌာနများပြောင်းလဲ၍ အမည်ပြင်ဆင်သတ်မှတ်ခြင်း။ မြန်မာနိုင်ငံတော်ပြန်တမ်းစာစောင် (၁၅ မတ် ၂၀၂၄)။ ၁ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများပြောင်းရွှေ့ခန့်ထားခြင်း။ MOI Myanmar (၂၇ ဧပြီ ၂၀၂၄)။ ၁ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း။ MOI Myanmar (၁၃ ဧပြီ ၂၀၂၄)။ ၁ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဥက္ကဋ္ဌကြီးများ။ CBM Myanmar။ ၁ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဗဟိုဘဏ်ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း။ MOI။ 1 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၄၆/ ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် ဗဟိုဘဏ် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးခြင်း။ MWD Webportal။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဗဟိုဘဏ်အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေး။ MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း။ MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေး ၊ အမိန့်အမှတ် ၇၈/၂၀၂၃။ MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-03-11 တွင် ပြန်စစ်ပြီး။
- ↑ တာဝန်မှ အနားယူခွင့်ပြုခြင်း | Ministry Of Information (in en)။ 2026-03-11 တွင် ပြန်စစ်ပြီး။
- ↑ Journal၊ Popular (2026-03-10)။ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အပြောင်းအလဲ ဖြစ် (in en-US)။ 2026-03-11 တွင် ပြန်စစ်ပြီး။
- ↑ ဆက်သွယ်ရန်လိပ်စာ။ ၂၁ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။ဖေဖော်ဝါရီ ၂၀၁၂ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံခြားငွေဈေးမတည်ငြိမ်ရန် လူမှုကွန်ရက်များတွင် လှုံ့ဆော်နေသူများကို စောင့်ကြည့်အရေးယူနေပြီးတရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်း ဆောင်ရွက်နေသူများကို အရေးယူနိုင်ရေး အရှိန်မြှင့်မည်ဟု ဗဟိုဘဏ်ထုတ်ပြန်။ Eleven Media။ ၂၀၂၅-၇-၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီ၏ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေကြေးထုတ်ဝေရန် စီစဉ်။ Myanmar Now။ ၂၀၂၅-၇-၄ တွင် ပြန်စစ်ပြီး။
- ↑ အမည်မည်းစာရင်းကြေညာခြင်း။ Ministry of Information။ 2025-7-1 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ(၁၉၇)ခု အား အမည်မည်းစာရင်း ကြေညာခြင်း။ Central Bank of Myanmar (2025-6-30)။ 2025-7-1 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-7-1 တွင် ပြန်စစ်ပြီး။
- ↑ Journal၊ Popular (2026-04-04)။ ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့်ကုမ္ပဏီ (၂၈၇) ခု၏ ကုမ္ပဏီနှင့်ကုမ္ပဏီ၏ ဒါရို-က်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း ဗဟိုဘဏ်က ထုတ်ပြန် (in en-US)။ 2026-04-04 တွင် ပြန်စစ်ပြီး။