ဒုတိယ မင်းခေါင်

ဝီကီပီးဒီးယား မှ

ဒုတိယ မင်းခေါင် (9 October 1446 – 7 April 1501) သည် မင်းခေါင်ကြီး၏နောက် နှစ်ပေါင်း ၅၉ နှစ်အလွန် ၈၄၂ ခုနှစ် (၁၄၈၀) တွင် အင်းဝနန်းကိုစံမြန်း သည်။ ဒုတိယမင်းခေါင်သည် မိုးညှင်းမင်းတရား၏ သားတော်အငယ် နရပတိ၏ သားတော် ပြည်စုန်မင်းသီဟသူ၏ သားတော်ဖြစ်၏။ ဒုတိယမင်းခေါင် လက်ထက်တွင် ညီတော် စလင်းမင်း၊ ရမည်းသင်းမင်း၊ ဘထွေးတော် ပြည်မင်းတို့ ခြားနားကြသည်။ မြောက်ဘက်၌ မြေဒူး၊ ငရနဲကို ရှမ်းတို့ အထိအပါး များသည်။ သားတော်ကို သီဟသူအမည်နှင့် မင်းမြှောက်သည်။ နန်းတစ်ခုတည်းပေါ်တွင် မင်း ၂ ပါး ထီးဖြူဆောင်း၍ မင်းပြိုင် အုပ်စိုးသည်။ သီဟသူသည် သက္ကရာဇ် ၈၆၂ ခုနှစ် (၁၅၀၁) တွင် အနိစ္စရောက်သည်။

မြင်းစီးကောင်းသော ဒုတိယမင်းခေါင်[ပြင်ဆင်ရန်]

အင်းဝ ဒုတိယမင်းခေါင် (၈၄၂-၈၆၃)သည် သီလ ၊ သမာဓိ ၊ ပညာနှင့် ပြည့်စုံ၍ အတတ် ၁၈ ပါးကို တတ်တော်မူသည်။ အထူးသဖြင့် လေးအတတ်နှင့် မြင်းစီးအတတ်ကို ပိုမို၍ တတ်တော်မူ၏။

ဤမင်းသည် မြင်းစီးခြင်း ၁၇ ပါး တတ်သည်ဟု ကျော်စော၏။

( ၁) မြင်းပြေးစဉ်တွင် ခြေစုံရပ်၍ စီးခြင်း၊

(၂) မြင်းပြေးစဉ်တွင် ခြေတစ်ဖက်သာ ရပ်၍ စီးခြင်း၊

( ၃) မြင်းပြေးစဉ်တွင် မှောက်ခုံ ၊ အလျား ၊ က တွင် ဝပ်၍ ကဦး ၊ ကညောင်း ပြောင်းခြင်း (ကဦး = ကုန်းရှေ့ ၊ ကညောင်း = ကုန်းနောက်)

( ၄) မြင်းပြေးစဉ်တွင် က ၌ လက်တစ်ဖက်ပြု၍ ဘယ်ညာပြောင်းခြင်း၊

( ၅) မြင်းပြေးစဉ်တွင် ချပ်ဝတ်ခြင်း ၊ ဓား လှံ လဲလှယ်ဖယ်ခြင်း၊

( ၆) မြင်းပြေးစဉ်တွင် အသူရာ တည်ဟန်ပြု၍ ခြေကို မိုးမြှောက် ခေါင်းဦးစောက်ပြုခြင်း၊

( ၇) မြင်းပြေးစဉ်တွင် လက်နှစ်ဖက်ဖြင့် က ကို ကိုင်၍ မြင်းနံတောင်းသို့ ကိုယ်ကို တံခွန် လွှားဟန်ပြုခြင်း၊

( ၈) မြင်းပြေးစဉ်တွင် ထက်ဝယ်ဖွဲ့၍ စီးခြင်း၊

( ၉) မြင်းပြေးစဉ်တွင် မြင်းမိုရ်တောင်ကို နဂါးပတ်ဟန်ပြု၍ မြင်းလည်ကို ဦးခေါင်းဖြင့်လျှိုလျက် ခရုပတ်လှည့်ပြီးလျှင် တစ်ဖက်ကသည် တစ်ဖက်သို့ လည်၍ရောက်ခြင်း၊

(၁၀) မြင်းပြေးစဉ်တွင် မြင်းခုံ၌ ရပ်၍စီးခြင်း၊

(၁၁) မြင်းပြေးစဉ်တွင် မြင်းမှ သက်၍ တစ်ဖန် ကုန်းထက်သို့ ရောက်ပြန်မိခြင်း၊

(၁၂) မြင်းပြေးစဉ်တွင် ဆံဖြတ်ဟန်၊ မျောက်မြေစမ်းဟန်၊ ကောင်းကင်သို့ ကသိုဏ်းရှုဟန်၊ ခြင်္သေ့ စံပယ်ဟန် စီးခြင်း၊

(၁၃) မြင်းပြေးစဉ်တွင် မြေသို့ သက်၍ လက်ဝဲမှ လက်ယာ ၊ လက်ယာမှ လက်ဝဲ ခုန်တက်၍ ခြေရာမတိမ်း ကျခြင်း၊

(၁၄) လျင်ခြင်းကို မျှစေခြင်း၊

(၁၅) လျင်ခြင်းကို လွန်စေခြင်း၊

(၁၆) မြင်းပြေးစဉ်တွင် ဘီလူးဖမ်းဟန် စီးခြင်း၊

(၁၇) မြင်းပြေးစဉ်တွင် အသူရာတည်ဟန် စီးခြင်း။

ဤသို့ စီးခြင်း ၁၇ ပါးကို ပြတော်မူနိုင်၏။ ဆင်အတတ်ကိုလည်း တတ်၏။ ရေးမှု ၊ သားမှု ၊ ပွတ်မှု စသော ပညာ အထွေထွေ အပြားပြား တတ်၏။ ဉာဏ်ပညာ လျင်မြန်၏။ ပညာရှိကို မြတ်နိုး၍ ချီးမြှောက်၏။ သို့ကြောင့်လည်း ထိုမင်းလက်ထက်၌ ပညာရှိ ပေါများ၍ တိုင်းပြည် ချမ်းသာ၏။[၁]

ဒုတိယမင်းခေါင်သည် တောင်ငူ မင်းကြီးညို အား မဟာ သီရိဇေယျသူဘွဲ့နှင့် ထီးဖြူဆောင်းစေသည်။ ဒုတိယ မင်းခေါင်သည် ပညာရှိတို့ကို မြတ်နိုး၍ ချီးမြှောက်တော်မူသည်။ ဤမင်းလက်ထက်တွင် ကန်တော်မင်းကျောင်းဆရာတော်ရှင်မဟာသီလဝံသရှင်မဟာရဋ္ဌသာရရှင်ဥတ္တမကျော်အဂ္ဂသမာဓိ၊ သျှင် စသော ပုဂ္ဂိုလ်ကျော်များ ပေါ်ပေါက်ကာ ပျို့၊ လင်္ကာကဗျာများ အထူးတလည် စည်ပင်တိုးပွားသည်။ ဒုတိယ မင်းခေါင်သည် စာသဘင်များ ကျင်းပကာ ရှင်မဟာ သီလဝံသနှင့် ရှင်မဟာ ရဋ္ဌသာရတို့၏ ပျို့၊ လင်္ကာများကို ယှဉ်ပြိုင်ကြားနာသည်ဟူ၏။ ဆရာတော်နှစ်ပါးကို များစွာကြည်ညိုလျက် မင်းဆရာအဖြစ် ချီးမြှောက်လေသည်။ ဒုတိယ မင်းခေါင်သည် မင်းသားတို့ တတ်အပ်သော အတတ်များကို ကောင်းစွာတတ်မြောက်ကာ အထူးသဖြင့် မြင်းစီးခြင်းအတတ်၊ လေးအတတ်တို့တွင် ကျွမ်းကျင်သည် ဆို၏။ ဒုတိယ မင်းခေါင်သည် သက္ကရာဇ် ၈၆၂ ခုနှစ် (၁၅၀၁) တွင် လွန်တော်မူသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့ဂုဏ်ရည်ရာဇဝင်ဖတ်စာ (ဦးဖိုးကျား)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)