မြန်မာနိုင်ငံ၏ ပညာရေး

ဝီကီပီးဒီးယား မှ
(မြန်မာနိုင်ငံ ပညာရေးစနစ် မှ ပြန်ညွှန်းထားသည်)
မြန်မာနိုင်ငံ ပညာရေး
ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဒေါက်တာ ညွန့်ဖေ
National education budget (၂၀၁၄–၁၅)
Budget~US$၁၁၅၂ မီလီယံ[၁]
General details
Primary languagesမြန်မာအင်္ဂလိပ်
System typeအမျိုးသားပညာရေး
တည်ထောင်၁၉၁၀
Literacy (၂၉၁၄)
Total၈၉.၅%[၂]
Male၉၂.၆%[၂]
Female၈၆.၉%[၂]
Enrollment
Total၁၇,၆၀၆,၂၂၃[၃]
Primary၄,၇၆၆,၈၀၆[၄]
Secondary၆,၁၉၄,၈၅၁[၅]
Post secondary၄,၈၃၁,၆၂၄[၆]

မြန်မာနိုင်ငံ ပညာရေးစနစ်သည် မြန်မာရိုးရာပညာရေးစနစ်မှသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပညာရေးစနစ်အထိ အပြောင်းအလဲအမျိုးမျိုးဖြင့် ပြုပြင် အကောင်အထည်ဖော်ခဲ့ကြသည်။

မြန်မာရိုးရာပညာရေး[ပြင်ဆင်ရန်]

မြန်မာမင်းများ လက်ထက်တော်က မြန်မာ့ ပညာရေးသည် ထိုခေတ် မြန်မာ့လူနေမှုစနစ်နှင့် ကိုက်ညီသော ပညာရေးပင် ဖြစ်သည်။ ထိုခေတ်တွင် ကျေးရွာသည် မြန်မာ့ လူနေမှုစနစ်၏ အခြေခံအုပ်စုဖြစ်၍ ဘုန်းကြီးကျောင်းသည် ရပ်ရေးရွာရေးကိစ္စ အဝဝအတွက် စုဝေးရာ ဗဟိုဌာနဖြစ်လေသည်။ ရွာတိုင်းတွင်ပင် ကလေးများသည် ရွာကျောင်း၌ အခြေခံပညာကို သင်ကြားကြသည်။

ခရစ်နှစ် ၁၅၆၉ ခုတွင် မြန်မာနိုင်ငံသို့ ရောက်လာခဲ့သော ရပ်ဖစ်ချသည် ကလေးများအား ရွာကျောင်းသို့ ပို့သော ဓလေ့ကို တွေ့ရှိရကြောင်း မှတ်တမ်းတင်ခဲ့သည်။ ၁၇၈၃ ခုနှစ်မှ ၁၈ဝ၆ ခုနှစ်အထိ မြန်မာနိုင်ငံတွင် နေထိုင်သွားသော ဗရင်ဂျီခင်ကြီးဆင်ဂါမနောကလည်း အမြို့မြို့အရွာရွာတွင် ဘုန်းကြီးကျောင်းများရှိခြင်းနှင့် ထိုကျောင်းများတွင် မြို့ရွာရှိ ကလေးများ စာသင်ကြခြင်းကို ရေးသားထားခဲ့သည်။ ဘုန်းကြီးကျောင်းများတွင် သင်ကြားပုံကား ရှေးခေတ်နှင့် ယခုခေတ် မကွာခြားလှချေ။ သင်ပုန်းကြီး၊ မင်္ဂလသုပ်၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်၊ သဒ္ဒါ၊ သဂြုဟ် စသည်တို့ကို သင်ကြားပေးသည်။ နေ့စဉ် ဘုရား ရှိခိုး သီလခံယူခြင်း၊ ပရိတ်ကြီး ရွတ်ဖတ်ကာ တရားဒေသနာ နာကြားခြင်းဖြင့် ရတနာသုံးပါး အကြောင်းမှတ်သားစေသည်။ ထို့ပြင် စာပေပို့ချသော ဘုန်းတော်ကြီး၏ ဝသီတော်အလျောက် လောကနီတိ၊ပုတ္တောဝါဒစသော ဆုံးမစာ လင်္ကာများကိုလည်း သင်ကြားရသည်။ အချို့ကျောင်းများ၌ ဂဏန်းပညာ၊ နက္ခတ်ပညာ၊ ဗေဒင်ပညာ၊ ရာဇဝင်ပုံပြင်ပညာ၊ ရာဇသတ် ဓမ္မသတ်ပညာ၊ ဆေးအတတ်ပညာ စသည်တို့ကိုလည်း သင်ကြားပေးလေသည်။

အနောက်တိုင်းပညာရေးအစ[ပြင်ဆင်ရန်]

အနောက်တိုင်းပညာရေးသည် မြန်မာနိုင်ငံတွင် ၁၆ ရာစုနှစ်ခန့်က စတင်ခဲ့သော်လည်း စနစ်တကျရှိသည်ဟု မဆိုသာချေ။ မြန်မာနိုင်ငံတွင် ခရစ်ယန်သာသနာပြု လုပ်ငန်းနှင့်စပ်လျဉ်း၍ ရှေးအကျဆုံး ရည်ညွှန်းချက်မှာ ၁၅၄၈ ခုနှစ်တွင် စိန်ဖရန်စစ် ဇေးဗီးယားက ရာမညတိုင်းသို့ သာသနာပြုအဖွဲ့ စေလွှန်ရန် ဖားသားရောဒရစ်အား ပန်ကြားခြင်းပေတည်း။ ၁၆ ရာစုနှင့် ၁ရ ရာစုနှစ်များတွင် သာသနာပြု လုပ်ငန်းများသည် ယေဘုယျအားဖြင့် တိုင်းရင်းသားများထက် ပေါ်တူဂီလူမျိုးနှင့် ဗရင်ဂျီဂိုဏ်းဝင်များ အတွက်သာ ဖြစ်ကြောင်းတွေ့ရှိရသည်။

၁၇၂၁ ခုနှစ်တွင် ဗာနဗိုက်ဂိုဏ်းဝင် ဘုန်းကြီး ဖားသားဆစ်ဂဆစ်စမန် ကာလချီတို့ ရောက်လာသည်မှစ၍ မြန်မာ နိုင်ငံ၌ အနောက်တိုင်း ပညာသင်ကြားရေးစနစ် အခန်းသစ်ဖွင့်ခဲ့သည်ဟု ဆိုရပေမည်။ ယင်းတို့နောက် သာသနာဖြန့်အဖွဲ့ ဘုန်းကြီးများ (၁၈၂၉-၁၈၄ဝ)၊ တျူရင်မြို့၊ အိုဗလိတ်များ (၁၈၄ဝ-၁၈၅၅) နှင့် ပါရစ်မြို့၊ အာဂန္တုမစ်ရှင် (၁၈၅၅ ခုနှစ်မှ နောက်ပိုင်း)စသော ဂိုဏ်းအဖွဲ့အစည်းများ ရောက်ရှိလာကာ အနောက်တိုင်း ပညာရေးစနစ်ကို ပျိုးထောင် ခဲ့ကြသည်။ သို့သော် ၁၈၂၄ ခုနှစ်လောက်အထိ ယင်းသာသနာပြု အဖွဲ့ဝင်များသည် ခုနစ်ဦးထက်မပိုဘဲ အင်းဝ၊ ရန်ကုန်၊ စစ်ကိုင်းနှင့် ရွှေဘိုဒေသရှိ ဗရင်ဂျီကျေးရွာများတွင် စခန်းချလေ့ရှိ၏။ ယင်းတို့ သင်ပေးသော ပညာမှာ အရေး၊ အဖတ်၊ အတွက်နှင့် ခရစ်ယန်ဘုရားရှိခိုးတို့သာ ဖြစ်သည်။

၁၈၁၃ ခုနှစ်တွင် ဆရာယုဒသန်ဟု ထင်ရှားသော ဒေါက်တာ ဂျပ်ဆင်ဇနီးမောင်နှံတို့သည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော်လည်း အမေရိကန် နှစ်ခြင်းသာသနာပြုအဖွဲ့၏ လုပ်ငန်းကို အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင်မှ စတင်ဆောင်ရွက်ခဲ့သည်။


မစ္စစ်ဂျပ်ဆင်သည် ၁၈၂၆ ခုနှစ်တွင်မှ ကျိုက္ခမီမြို့၌ သာသနာပြုကျောင်းကို တည်ထောင်ဖွင့်လှစ်သည်။ ချပ်ချ အော့ အင်္ဂလန်(အင်္ဂလီကန်) ဂိုဏ်း၏ သာသနာပြုကျောင်း လုပ်ငန်းများသည် ၁၈၅၅ ခုနှစ်တွင်မှ စတင်ခဲ့ပြီးလျှင်၊ ကျန်ခရစ်ယန် သာသနာပြုဂိုဏ်းများကမူ ၂ဝ ရာစုနှစ် အတွင်း၌သာ လုပ်ငန်း စနိုင်ခဲ့သည်။

ပထမဆုံးဖွင့်သော အင်္ဂလိပ်ကျောင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်ခဲ့သော အင်္ဂလိပ်ကျောင်းမှာ ဘကြီးတော်မင်း လက်ထက် အင်းဝမြို့တော်ရှိ ဒေါက်တာပရိုက်၏ ကျောင်းပင်ဖြစ်သည်။ အစ ပထမတွင် ကျောင်းသားလေးဦးသာရှိ၍ နောင်တွင် ခုနစ်ဦးအထိ တိုင်းလာပြီးလျှင် နေ့စဉ် နံနက် ကိုးနာရီမှ ညနေ သုံးနာရီအထိ အင်္ဂလိပ်ဘာသာ၊ ပထဝီဝင်၊ နက္ခတ္တဗေဒ၊ ခရီးသွားလာမှု ပညာနှင့် သိပ္ပံပညာတို့ကို သင်ကြားပေးသည်။ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် ကျောင်းများကိုမှု အောက်မြန်မာပြည်တွင် ပထမ ဖွင့်ဖြစ်လေသည်။

မြန်မာပြည်ကို ခေတ်နောက်ကျမှုမှ လွတ်မြေက်စေရန် ခေတ်မီပညာရေးကို ပေးရမည်ဟူသော အယူအဆမျိုးကို အင်္ဂလိပ်တို့သည် အောက်မြန်မာပြည်ကို သိမ်းပြီးစတွင် ပြောဆိုကြကြောင်း မှတ်တမ်းများတွင် တွေ့ရှိရ၏။ သို့သော် အင်္ဂလိပ်အစိုးရသည် တိုင်းပြည်အုပ်ချုပ်ရန် အင်္ဂလိပ်စာတတ် အမှုထမ်းများလည်း လိုအပ်လေရာ တချက်ခုတ် နှစ်ချက်ပြတ် သဘောဖြင့် အင်္ဂလိပ် -မြန်မာ နှစ်ဘာသာသင်ကျောင်းများကို မော်လမြိုင် (၁၈၃၅ခုနှစ်)၊ ကျောက်ဖြူ (၁၈၃ရခုနှစ်)နှင့် စစ်တွေ (၁၈၄၄ခုနှစ်) မြိုတို့တွင် စတင်ဖွင့်လှစ်ခဲ့လေသည်။

မကောလေး မှတ်တမ်းနှင့် ဝု စာချွန်တော်[ပြင်ဆင်ရန်]

ထိုအချိန်လောက်တွင် အိန္ဒိယပြည်၌ ပညာရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းဘာသာ ရိုးရာလေ့လာမှုကို အားပေးရန်နှင့် အင်္ဂလိပ်ဘာသာကို ထိထိရောက်ရောက် သင်ကြား၍ တိုင်းရင်းသားထဲမှ အင်္ဂလိပ်စာတတ် လူတန်းစားတစ်ရပ် မွေးထုတ်ရန် ဟူသော အယူအဆနှစ်မျိုး ထွန်းကားနေ၏။ ၁၈၃၅ခုနှစ်တွင် အိန္ဒိယအစိုးရဥပဒေတာဝန်ခံ လော့မကောလေးသည် ပညာရေးမှတ်တမ်းတစ်စောင် ထုတ်ပြန်လိုက်ရာ၊ ဒုတိယ အယူအဆမှာ အထက်စီး ရသွားတော့သည်။ မကောလေး၏ မှတ်တမ်းသည် အိန္ဒိယပြည်အတွက် ရည်စူးခြင်း မှန်သော်လည်း မြန်မာပြည်သည် ထိုစဉ်က အိန္ဒိယပြည်၏ တစ်စိတ်တစ်ဒေသ ဖြစ်နေပေရာ မြန်မာပြည်နှင့်လည်း အလိုအလျောက် သက်ဆိုင်နေလေသည်။

မကောလေး၏ အယူအဆမှာ ယေဘုယျအားဖြင့်(၁)အရှေ့တိုင်းပညာ လေ့လာမှုအစား အင်္ဂလိပ်ဘာသာစာပေကိုသာ လေ့လာဖို့အားပေးရန်၊ (၂) အင်္ဂလိပ် ဘာသာကိုသာ သင်ကြားမှု မဏ္ဍိုင်အဖြစ် အသုံးပြုရန်နှင့် (၃) အသားအရောင်အားဖြင့် ညိုသော်လည်း အင်္ဂလိပ်ဘာသာ တတ်ကျွမ်း၍ အင်္ဂလိပ်လို တွေးခေါ်ကာ အင်္ဂလိပ်စိတ် ပေါက်နေသော လူတန်းစားတစ်ရပ် မွေးထုတ်ပြီးနောက် ယင်းတို့ကိုတိုင်းရင်း လူမျိုးများနှင့် အုပ်ချုပ်သူအကြားတွင် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက် စေရန်တို့ ဖြစ်၏။

ဤသို့ အယူအဆရှိနေချိန်တွင် ၁၈၅၄ ခုနှစ်၌ အင်္ဂလိပ်ဘာသာ သင်ကြားရေးကို အဓိက အားပေးရန် ချားစဝု စာချွန်တော်ကို အရှေ့အိန္ဒိယ ကုမ္ပဏီက ထပ်မံ ကြေညာလိုက်ပြန်ရာ အင်္ဂလိပ်ပညာ သင်ကြားရေးသည် ပို၍ အခြေမြဲသွားတော့သည်။

၁၈၆၆ ခုနှစ်တွင် ဗြိတိသျှ အစိုးရသည် မြန်မာပြည်၌ ပညာရေးဌာန ဖွင့်လှစ်၍ ပထမဆုံး ပညာမင်းကြီး အဖြစ်နှစ်ခြင်း ခရစ်ယန်ဂိုဏ်း သာသနာပြုတစ်ဦး ဖြစ်သူ ဆရာဟောက်အား ခန့်ထားလိုက်၏။ ၁၈၆၅ ခုနှစ်တွင် ဝန်ရှင်တော် မင်းကြီး ဆာအာသာဖယ်ယာက ဗုဒ္ဓဝါဒီ ဘုန်းတော်ကြီးကျောင်းများကို အာခြေပြုကာ မြန်မာဘာသာ ပညာရေးကို တည်ဆောက်သွားရန် စဉ်းစား ခဲ့သော်လည်း၊ ခန့်အပ်စ ပညာမင်းကြီး၏ စိတ်ပါ ဝင်စားခြင်း မရှိမှုနှင့် မကောလေးမှတ်တမ်း နှင့် ချားစဝု စာချွန်တော်တို့မှ ပြန့်ပွားလာသော အယူအဆတို့ကြောင့် ဖယ်ယာစီမံကိန်းသည် လုံးဝ မစမ်းသပ်လိုက်ခဲ့ဘဲ အဖျားရှူးသွားလေသည်။

ပညာရေး လမ်းသုံးသွယ်[ပြင်ဆင်ရန်]

၁၈၆၉ ခုနှစ်တွင် ဆူးအက်တူးမြောင်း တူးဖော်ဖွင့်လှစ်ခဲ့ရာ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာမှုကြောင့် အင်္ဂလိပ် ပညာတတ် စာရေးစာချီ အမြောက်အမြား လိုအပ်လာသော အစိုးရအက်ဥပဒေများနှင့် အရပ်ရပ် စာမေးပွဲများ အောင်မြင်ရေး အတွက် အင်္ဂလိပ်ဘာသာသည် ပို၍လိုအပ်လာသည်နှင့်အမျှ တစ်နေ့တစ်ခြား ကြီးပွား တိုးတက်လာပြီးလျှင်၊ မြန်မာဘာသာ အနှိမ်ခံဘာသာအဖြစ် မှေးမှိန်လာခဲ့လေတော့သည်။

အထက်မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးသည့် နောက်ပိုင်းတွင်မူ အင်္ဂလိပ်ဘာသာ ပညာရေးသည် ပိုမို အခြေမြဲသွားပြီးလျှင် အဓိကအားဖြင့် အစိုးရကျောင်းများနှင့် အစိုးရအထောက်အပံ့ခံ ခရစ်ယန်သာသနာပြု ကျောင်းများက သင်ကြား ပေးလေသည်။

သို့ဖြင့် ဘုန်းကြီးကျောင်းများမှ စခဲ့သော မြန်မာ့ ရိုးရာပညာရေးနှင့် ခရစ်ယန် သာသနာပြု ကျောင်းများမှ စခဲ့သော အနောက်တိုင်း ပညာရေးသည် ၂ဝ ရာစုနှစ် အဝင်၌မှု မြန်မာပြည်တွင် လမ်းသုံးသွယ်ဖြစ်နေသည်။ ယင်းတို့ကား -


(၁) တိုင်းရင်းဘာသာသင်ကျောင်းများ


(၂) အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် ကျောင်များနှင့်


(၃) အင်္ဂလိပ် ဘာသာသင်ကျောင်းများ ဖြစ်ကြ၏။


အများစု သင်ကြားကြသော တိုင်းရင်းဘာသာ သင်ကျောင်းများကား အနာဂတ် အလားအလာ ကင်းမဲ့သော ကျောင်းများသာ ဖြစ်၏။ ယင်းကျောင်းထွက်များသည် မြန်မာဆရာဖြစ်၊ မြေတိုင်းစာရေးနှင့် ကျောက်ထိုးဆရာ အလုပ်တို့သာ လုပ်နိုင်ကြလေသည်။

ဒုတိယ ကမ္ဘာစစ်ကြိုခေတ် ပညာရေးကို ပညာရေးအစီရင်ခံစာတစောင်က မြေ|ာ်မှန်းချက်ကင်းမဲခြင်း၊ အဆက်အသွယ် မရှိသော စင်ပြိုင်ကျောင်းများ တည်ထောင်ခြင်း၊ တလမ်းသွား ပညာရေးဖြစ်ခြင်း၊ စာမေးပွဲနှင့် စာအုပ် လေ့လာမှုကိုသာ အဓိကထားသော ပညာရေးဖြစ်နေခြင်း၊ နိုင်ငံခြား ဘာသာကို သင်ကြားမှု မဏ္ဍိုင်အဖြစ် အသုံးပြုခြင်း၊ မှတ်စုကိုသာ အဓိက ထားစေခြင်း၊ လက်တွေ့စိုက်ပျိုးရေးကို ဂရုမမူခဲ့သောကြောင့် လူငယ်များ ကျေးလက်ကိုစွန့်၍ မြို့ခိုစေခြင်း၊ ပညာရေး အဟောသိကံဖြစ်ခြင်း၊ ပညာတတ် အလုပ်လက်မဲ့များ တစ်နေ့တစ်ခြား ပေါများလာခြင်း၊ ဆရာလစာ နည်းပါးခြင်း၊ အလုပ်၏ သိက္ခာကို တန်ဖိုးမထားစေခြင်းနှင့် စက်မှု လက်မှုပညာရေး လိုအပ်ခြင်းစသော အင်္ဂါရပ်များ ရှိသည်ဟု မှတ်တမ်းတင်ခဲ့၏။

ပညာရေး စုံစမ်းမှု ကော်မတီများ[ပြင်ဆင်ရန်]

မြန်မာပြည် ပညာရေးသည် သခင်ပညာကို မပေး၊ ကျွန်ပညာကိုသာ ပေးသည်ဟု ယူဆကာ မကျေနပ်မှုများ စစ်ကြို ခေတ်တစ်လျှောက်လုံးတွင် ရှိခဲ့လေသည်။ ပညာရေး စုံစမ်းမှု ကော်မီတီများလည်း အမြောက်အမြား ဖွဲ့ခဲ့ရာ အရေး ကြီးသော ကော်မတီများမှာ တိုင်းရင်းဘာသာပညာရေး ကော်မတီ (၁၉၂၄)၊ စက်မှုလက်မှုပညာနှင့် သက်မွေးဝမ်းကျောင်း ပညာရေး ကော်မီတီ(၁၉၂၇)နှင့် တိုင်းရင်းဘာသာပညာနှင့် သက်မွးဝမ်းကျောင်းပညာရေး ပြုပြင်စီမံမှု ကော်မီတီ(၁၉၃၅)တို့ဖြစ်ကြသည်။

၁၉၃၅ ခုနှစ် ကော်မီတီ၏ အစီရင်ခံစာကို ယင်း၏ ဥက္ကဋ္ဌအား အစွဲပြု၍ ကင်းဗဲအစီရင်ခံစာဟု ခေါ်တွင်၏။ ထိုအစီရင်ခံစာတွင် တက္ကသိုလ်မတိုင်မီ ပညာရေးလုပ်ငန်း အရပ်ရပ်၊ ကဏ္ဍအသီးသီးကို အသေးစိတ် လေ့လာထားလေသည်။ သို့သော် ကင်းဗဲအစီရင်ခံစာပါ ထောက်ခံချက်များကိုမှု အကြောင်း အမျိုးမျိုးကြောင့် တိုင်းပြည်က အပြည့်အဝ လက်မခံ နိုင်ခဲ့ချေ။ တိုင်းပြည်က လက်ခံသော အချက် အလက် အချို့ကိုလည်း ဒုတိယကမ္ဘာစစ်မီးကြောင့် အကောင်အထည် မဖော်ဖြစ်ခဲ့ချေ။

ရန်ကုန်တက္ကသိုလ် တည်ထောင်ခြင်း[ပြင်ဆင်ရန်]

မြန်မာမင်းများလက်ထက်တွင် ဘုန်းတော်ကြီးကျောင်း များသည် မြန်မာ့ တက္ကသိုလ်များပင် ဖြစ်ကြသည်။ အနောက်တိုင်း အယူအဆအတိုင်း သင်ကြားပို့ချအပ်သော တက္ကသိုလ်ပညာရေးသည်ကား ၁၈၇၈ ခုနှစ်တွင် စတင်ခဲ့သည်ဟု ယူဆရပေမည်။ ထိုနှစ်တွင် ရန်ကုန်မြို့ရှိ အစိုးရ အထက်တန်းကျောင်း၌ ကာလကတ္တား တက္ကသိုလ်၏ ဥပစာတန်းစာမေးပွဲ အတွက် ပထမဆုံး စတင်သင်ကြား ခဲ့လေသည်။

၁၈၈၄-၈၅ ခုနှစ် ရောက်သောအခါတွင်မူ ရန်ကုန်မြို့ အစိုးရအထက်တန်းကျောင်း(ယခု အ.ထ.က ၁ လသာ)၌ ရန်ကုန်ကောလိပ်ဟူ၍ ဌာနသီးသန့် ဖွင့်လှစ်ကာ ယင်းကို မြန်မာပြည် ပညာရေးဆင်ဒီကိတ်အဖွဲ့က ကွပ်ကဲ အုပ်ချုပ်လေသည်။ ၁၉ဝ၄ ခုနှစ်တွင် ရန်ကုန်ကောလိပ်ကို အစိုးရကတာဝန်ယူလိုက်ကာ ထိုနှစ်မှစ၍ ရန်ကုန်မြို့ အစိုးရကောလိပ်ဟု ခေါ်တွင်၏။ ၁၉၂ဝ ပြည့်နှစ် တွင်မူ တက္ကသိုလ်ကောလိပ် (ယူနီဗာစီတီကောလိပ်) ဟူ၍ ဖြစ်လာလေသည်။ ရန်ကုန်ကောလိပ်နှင့် ခေတ်ပြိုင် ပေါ်ပေါက်လာသော ကောလိပ်ကား ဂျပ်ဆင်ကောလိပ်ဟု နောင်တွင် အမည်တွင် လာသော ဗက်ပတစ်ကောလိပ်ဖြစ်၏။ အမေရိကန် နှစ်ခြင်းသာသနာအဖွဲ့သည် ၁၈၇၂ ခုနှစ်တွင် ကူရှင် ကျောင်းကို တည်ထောင်ကြကာ၊ ထိုကျောင်းတွင် ၁၈၉၄ ခုနှစ်၌ ကာလကတ္တား တက္ကသိုလ် ဥပမာစာတန်း စာမေးပွဲအတွက် စတင် သင်ကြား ပေးခဲ့လေသည်။ ထိုသို့ သင်ကြားပေးမှုမှ အမေရိကန် ဗက်ပတစ်ကောလိပ် ပေါက်ဖွားလာကာ ၁၉၈၁ ခုနှစ်တွင် အမေရိကန် သာသနာပြုဆရာကြီး ဒေါက်တာ ဂျပ်ဆင်အား ဂုဏ်ပြုသောအားဖြင့် ဂျပ်ဆင်ကောလိပ်ဟု အမည် ပြောင်းလိုက်ခြင်း ဖြစ်သည်။ ၁၉၂၁ ပြည့်နှစ်တွင် ထိုကောလိပ် နှစ်ခုကို စုစည်းကာ ရန်ကုန်တက္ကသိုလ်ဟူ၍ ဖွဲ့စည်း တည်ထောင်ခဲ့လေသည်။ ရန်ကုန် တက္ကသိုလ် ဥပဒေကြမ်းကို ၁၉၂ဝ ပြည့်နှစ် စက်တင်ဘာလတွင် မြန်မာပြည် ဥပဒေပြုကောင်စီက အတည်ပြုလိုက်၍ ထိုနှစ် အောက်တိုဘာလ၂၄ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ်၏ အတည်ပြုချက်ကို ရရှိခဲ့၏။ အဆိုပါ အတည်ပြုချက်များအရ ရန်ကုန်တက္ကသိုလ်သည် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပေါက်ဖွားလာသည်။


တည်ထောင်စ တက္ကသိုလ်[ပြင်ဆင်ရန်]

အက်ဥပဒေအရ တက္ကသိုလ်၏ အကြီးအကဲသည် တက္ကသိုလ် အဓိပတိဖြစ်၍၊ မြန်မာပြည် ဒုတိယဘုရင်ခံသည် ရာထူးအရ တက္ကသိုလ်အဓိပတိဖြစ်သည်။ တက္ကသိုလ်၏ အုပ်ချုပ်ရေးကိုမူ ဒုတိယအဓိပတိက ကြီးကြပ်ကွပ်ကဲ၏။ တက္ကသိုလ်၏ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့မှာ တက္ကသိုလ်ကောင်စီဖြစ်ကာ၊ ယင်းအဖွဲ့၏ အမှုဆောင်အာဏာကို ကောင်စီ အမှုဆောင် ကော်မတီက ကျင့်သုံးလေသည်။ ပညာရေးအာဏာပိုင်အဖွဲ့မှာ ပါမောက္ခအဖွဲ့ဖြစ်၍ ယင်းအဖွဲ့၏ အမှုဆောင် အာဏာကို ပါမောက္ခအဖွဲ့ အမြဲတမ်း ကော်မတီက ကျင့်သုံးလေသည်။ တက္ကသိုလ် ကောလိပ်ကို ယင်းကောလိပ်၏ အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ပြီးလျှင် ဂျပ်ဆင်ကောလိပ်ကိုမူ အမေရိကန် သာသနာပြုအဖွဲ့က ခန့်အပ်သော ဂေါပကအဖွဲ့က အုပ်ချုပ်၏။ ကောလိပ်နှစ်ခုစလုံးတွင် အကြီးအကဲမှာ ကျောင်းအုပ်ကြီးများ ဖြစ်ကြလေသည်။ နောင်တွင် အက်ဥပဒေ ပြင်ဆင်ချက်များအရ အုပ်ချုပ်ရေးတွင် ပြောင်းလဲမှုများရှိခဲ့သည်။ ၁၉၂ဝ ပြည့်နှစ် မတိုင်မီ ခေတ်တွင် အင်္ဂလိပ်စာ၊ သချသ္မာ၊ ပါဠိ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ တက္ကဗေဒ (ယုတ္တိဗေဒ)နှင့် သဘာဝတ္ထဗေဒ (ဒဿနိကဗေဒ) ဘာသာရပ်တို့ကိုသာ ကာလကတ္တား တက္ကသိုလ် စာမေးပွဲအတွက် ကောလိပ်နှစ်ခုတွင် သင်ကြားနိုင်ခဲ့သော်လည်း၊ ရန်ကုန်တက္ကသိုလ် တည်ထောင်းပြီး၍ များမကြာမီပင် အဆိုပါ ဘာသာရပ်များ အပြင် မြန်မာ ဘာသာနှင့် စာပေ၊ ရာဇဝင်သမိုင်း၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ ဘူမိဗေဒ၊ သစ်တောသိပ္ပံ၊ ပညာရေး၊ ဆေးပညာနှင့် အင်ဂျင်နီယာ သိပ္ပံပညာများကိုပါ သင်ကြားလာနိုင်ခဲ့၏။ တက္ကသိုလ် ဖွင့်စတွင် တက္ကသိုလ်ကောလိပ်၌ ကျောင်းသား ၆၉၂ ယောက်၊ ဂျပ်ဆင် ကောလိပ်တွင် ၁၃ရ ယောက် ရှိရာ၊ တက္ကသိုလ် တစ်ခုလုံးတွင် ကျောင်းသား စုစုပေါင်း ၈၂၉ ယေက် ရှိခဲ့လေသည်။

ကျောင်းသားသပိတ်နှင့် အမျိုးသားပညာရေး[ပြင်ဆင်ရန်]

မြန်မာလူထုသည် ရန်ကုန်တက္ကသိုလ်ဟူ၍ သီးခြားတက္ကသိုလ်တစ်ရပ်ကို လိုလားတောင့်တ တောင်းဆိုခဲ့ ကြသော်လည်း တက္ကသိုလ် အက်ဥပဒေကြမ်း ပေါ်ထွက်လာသော အခါတွင်မူ ပြဋ္ဌာန်းချက် အချို့ကို မကျေနပ်ကြချေ။ အထူးသဖြင့် တက္ကသိုလ် ပညာရေးကို ပြန့်ပွားအောင် ပြုလုပ်ရမည့်အစား ပိုမိုပါးရှားအောင် အဟန့်အတားများပင် ပြုလုပ်ထားသည်ဟု ယူဆကြ၍ တက္ကသိုလ် ဥပဒေကို ပြင်ဆင်ပေးရန် အနှံ့အပြား တောင်ဆို ကြလေသည်။ ထိုတောင်းဆိုမှုများကို အစိုးရက မလိုက်လျောသောကြောင့် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့)တွင် မြန်မာပြည်၏ ပထမဆုံး တက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်လာလေသည်။ ထိုသို့ ကျောင်းသားသပိတ် မှောက်စဉ်အတွင်း ပညာသင်မပျက်စေခြင်းငှာ ရန်ကုန်မြို့ဗဟန်းရပ်ကွက်တွင် အမျိုးသား ကောလိပ်တစ်ကျောင်းကို ပညာရေးစိတ်ထက်သန်သူများနှင့် သပိတ်မှောက် ကျောင်းသားများက ဦးစီးတည်ထောင်ကြ၏။ နောင်တွင် သပိတ်လှန်သော်လည်း သပိတ်မှောက်ကျောင်းသားများပင် ကျွန်ပညာကို ဆက်လက် မသင်လိုတော့ပြီဟု ဆုံးဖြတ်ကာ တိုင်းပြည်အနှံ့ မြို့မကျောင်း အစရှိသော အမျိုးသားကျောင်း ၉၃ကျောင်း တည်ထောင်ခဲ့၏။ မြို့မကျောင်း သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ ဗဟန်း မြို့နယ်တွင် စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။

အမျိုးသား ကောလိပ်သည် သက်ဆိုး မရှည်ရှာသော်လည်း အမျိုးသားကျောင်းများကား မျိုးချစ်စိတ် သွင်းပေးရာ၊ ဌာန ကြီးများ ဖြစ်ခဲ့ပေသည်။ ယင်း အမျိုးသားကျောင်းများကို အမျိုးသား ပညာရေးကောင်စီက အုပ်ချုပ်လေသည်။ ပထမ ကျောင်းသားသပိတ်သည် ပညာရေးကိစ္စကြောင့် စတင်မှောက်ခဲ့ရသော ကျောင်းသားသပိတ် ဖြစ်သော်လည်း၊ ပညာရေးထက် နိုင်ငံရေး အနှစ်သာရ ပို၍ရှိ၏။ ခေတ်ပညာတတ်များက မိမိတို့အတွက် လက်တစ်လှမ်းတွင် သာရှိသော ရာထူးရာခံများကို မမက်မော၊ ကိုယ်ကျိုးစီးပွားကို လုံးဝစွန့်လွှတ်ကာ သပိတ်မှောက်လိုက်ခြင်းဖြင့် အုပ်ချုပ်သူ ဗြိတိသျှ အစိုးရအား တော်လှန်ခြင်းဖြစ်ရာ တိုင်းပြည်အား နိုင်ငံရေးမျက်စိ ဖွင့်ပေးလိုက်သကဲ့သို့ ရှိလေသည်။ ထိုကြောင့်ပင် ဂျီ-စီ-ဘီ-အေ ခေါ် မြန်မာအသင်းချုပ်၏ နဝမကွန်ဖရင့်တွင် တန်တောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်လေသည်။


၁၉၃၆ ခုနှစ်တွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုနုနှင့် သမဂ္ဂ၏အာဘော် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းတို့ကို ကျောင်းမှ ထုတ်လိုက် သောကြောင့် ဒုတိယ ကျောင်းသားသပိတ် ပေါ်ပြန်လေသည်။ တတိယ ကျောင်းသား သပိတ်ကား ၁၉၃၈ ခုနှစ် ဒီဇင်ဘာလတွင် ရေနံမြေသပိတ်ကို ထောက်ခံရန် သွားသော တက္ကသိုလ် သမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့ကို မကွေးမြို့တွင် ဖမ်းဆီးရာမှ ပေါ်ပေါက်ခဲ့ပြန်သည်။

စစ်ကြိုခေတ် တက္ကသိုလ်၏ တိုးတက်မှုများ[ပြင်ဆင်ရန်]

စစ်ကြိုခေတ်တွင် ရန်ကုန် တက္ကသိုလ်၏ တိုးတက်မှုများအနက် မှတ်တမ်းတင်ဖွယ် တရပ်ကား တက္ကသိုလ် မတည် ရန်ပုံငွေတစ်ရပ် စုဆောင်းပျိုးထောင်ခဲ့ခြင်းဖြစ်၏။ ၁၉၂၇ ခုနှစ်တွင် တက္ကသိုလ်အဓိပတိ ဆာဟားကုတ်ဗတ္တလာ ကြီးမှူး၍ ကောက်ခံခဲ့ရာ ငွေ ၄၈ သိန်းနှင့် အင်ဂျင်နီယာ သတ္တုတွင်းတူး ပညာသင် အဆောက်အအုံတစ်ခု ရရှိလိုက်၏။ တက္ကသိုလ်သည် တစ်စတစ်စနှင့် ပညာရပ်များ တိုးချဲ့ သင်ကြားလာသည်နှင့်အမျှ ဌာနများလည်း တိုးပွားလာ၏။ ၁၉၃ဝ ပြည့်နှစ်တွင် တက္ကသိုလ်ကောင်စီသည် စတက်တျု ဥပဒေအရ ဆရာဖြစ်သင်ကောလိပ်နှင့် ဆေးအတတ်သင် ကောလိပ်တို့ကို ဖွဲ့စည်းခဲ့၏။ ၁၉၂၅ ခုနှစ်တွင် မန္တလေးမြို့၌ ဥပစာကောလိပ်ကျောင်း တစ်ကျောင်း ဖွင့်လှစ်ခဲ့ကာ၊ ၁၉၃၆ ခုနှစ်တွင် မန္တလေးမြို့၌ပင် ဒီဂရီအဆင့် သင်ကြားသော စိုက်ပျိုးရေး ကောလိပ်ဖွင့်လှစ်ခဲ့သည်။ ထိုကြောင့် မြန်မာပြည်သို့ ဒုတိယ ကမ္ဘာစစ်ကြီး ကူးစက်လာချိန်တွင် ရန်ကုန် တက္ကသိုလ်၌ တက္ကသိုလ်ကောလိပ်၊ ဂျပ်ဆင်ကောလိပ်၊ ဆရာဖြစ်သင် ကောလိပ်၊ ဆေးအတတ်သင်ကောလိပ်၊ စိုက်ပျိုးရေးကောလိပ်နှင့်မန္တလေး ဥပစာကောလိပ်ဟူ၍ ကောလိပ်ခြောက်ခုရှိလေသည်။ မန္တလေးဥပစာကောလိပ်သည် တက္ကသိုလ်ကစီမံကွပ်ကဲသော ကောလိပ်ဖြစ်၍ ကျန်ကောလိပ်များကား တက္ကသိုလ်၏ အပေါင်းပါကောလိပ်များ ဖြစ်ကြသည်။ ၁၉၂ဝ ပြည့်နှစ်တွင် တက္ကသိုလ် တည်ထောင်ပြီးခဲ့ချိန်မှစ၍ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ၁၉၂၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၃၉ ခုနှစ်တွင် နှစ်ကြိမ် ပေါင်းသုံးကြိမ် စစ်ကြိုခေတ်တွင် ပြင်ဆင်ခဲ့၏။ ၁၉၃၉ ခုနှစ်ပထမ ပြင်ဆင်ချက် အက်ဥပဒေအရ တက္ကသိုလ် အဓိပတိ၊ ဒုတိယအဓိပတိ ရာထူးများသည် ရွေးကောက် တင်မြေ|ာက်ရသော ရာထူးများ ဖြစ်လာကာ၊ ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန အတွင်းဝန် ဦးတင်ထွဋ်နှင့် ရန်ကုန် မျူနီစီပယ်မင်းကြီး ဦးဆက်တို့သည် အဓိပတိနှင့် ဒုတိယ အဓိပတိအဖြစ် အသီးသီး ရွေးကောက် တင်မြေ|ာက်ခြင်း ခံခဲ့ရလေသည်။

ဒုတိယ ကမ္ဘာစစ်အတွင်း အခြေအနေ[ပြင်ဆင်ရန်]

ဒုတိယ ကမ္ဘာစစ်မီး မြန်မာပြည်သို့ ကူးစက်ရောက်ရှိလာသောအခါတွင်မူ ပညာရေး လုပ်ငန်းများ အားလုံးပင် ရပ်ဆိုင်းသွားကြသည်။ ရန်ကုန်တက္ကသိုလ်ကို ၁၉၄၂ ခုနှစ် ဇန္နဝါရီလ ၁၅ ရက်နေ့မှစ၍ ရပ်စဲလိုက်ကာ အခြားကျောင်းများ ကိုလည်း ပိတ်လိုက်ရ၏။ ဗြိတိသျှ အစိုးရသည်လည်း အိန္ဒိယပြည်သို့ ဆုတ်ခွာသွားလေသည်။ ဗြိတိသျှအစိုးရတို့ မြန်မာပြည်မှ ဆုတ်ခွာခြင်းမှာ ၁၉၄၂ ခုနှစ် မေလ လောက်တွင် ပြီးဆုံး၍၊ အောက်တိုဘာလတွင် ဂျပန် စစ်အစိုးရ၏ သဘောတူညီချက်အရ မြန်မာနိုင်ငံတော် အစိုးရက မူလတန်းကျောင်း ၁ဝဝဝ၊ အလယ်တန်းကျောင်း ၃ဝဝနှင့် အထက်တန်းကျောင်း ၁ဝဝ ဖြင့် ရှေးဦးစွာ စတင်ဖွင့်လှစ်ခဲ့၏။ စစ်ကြိုခေတ်ကဲ့သို့ ကျောင်းအမျိုးအစား သုံးခုမခွဲ တော့ဘဲ၊ သင်ရိုးတစ်မျိုးတည်းကိုသာ သင်ကြားသော ကျောင်းတမျိုးတည်းသာ ရှိ၍၊ သင်ရိုးမဏ္ဍိုင်အဖြစ်လည်း မြန်မာဘာသာ ကိုသာ အသုံးပြုလေသည်။ ဦးစွာ၌ အင်္ဂလိပ် ဘာသာကို နိုင်ငံခြား ဘာသာအဖြစ် ကျောင်းများတွင် သင်ကြားသော်လည်း၊ ဂျပန်အစိုးရ၏ ကန့်ကွက်မှုကြောင့် နောက်ဆုံးတွင် နိုင်ငံတော် အစိုးရကျောင်းများ၌ ဂျပန်ဘာသာကိုလည်းကောင်း၊ အင်္ဂလိပ်ဘာသာကို လည်းကောင်း မသင်ကြားရန် ဆုံးဖြတ် ကြလေသည်။ သင်ရိုးညွှန်းတမ်းသစ်ကိုလည်း ရေးဆွဲကြကာ၊ ကျောင်းသုံးစာအုပ် သစ်များကို ပညာရေးဌာနခွဲ၏ စာပေနှင့် စာကြည့်တိုက် ဌာနစိတ်က ထုတ်လုပ်လေသည်။ စစ်အတွင်း ဖွင့်လှစ်ခဲ့သော အခြားကျောင်းများကား နိုင်ငံတော် ဆရာဖြစ်သင်ကျောင်း၊ နိုင်ငံတော် ဂီတပညာသင် ကျောင်းနှင့် နိုင်ငံတော် ပန်ချီးပညာသင်ကျောင်းတို့ ဖြစ်ကြ သည်။ နိုင်ငံတော် တက္ကသိုလ်ကိုလည်း တက္ကသိုလ်ကောလိပ် ကျောင်းအုပ်ဟောင်း ဆရာကြီး ဦးဖေမောင်တင်အား ကျောင်းအုပ်ကြီးအဖြစ် ခန့်ထားကာ ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့လေသည်။

စစ်အတွင်း နောက်ပိုင်း ကာလတွင်ကား မဟာမိတ် ဗုံးဒဏ်များ ပြင်းထန်လာပြီးလျှင်၊ စစ်တလင်း ဖြစ်လာပြန် သည်နှင့်အမျှ ကျောင်းများ ပျက်စီးရပြန်လေသည်။ ဆက်လက် ဖွင့်လှစ်နိုင်သေးသော ကျောင်းများတွင်လည်း ကျောင်းဆရာ များသည် ကျပ်တည်းလာသော စီးပွားရေးအခြေအနေကြောင့် အလုပ်မှ နုတ်ထွက်သူ ပိုမိုများပြားလာသည်။ ပညာရေးကား မတည်ငြိမ်၊ ဖရိုဖရဲ ဖြစ်ရပြန်လေသည်။

သို့သော် စစ်အတွင်း ပြောင်းလဲမှုများကြောင့် မြန်မာပညာရေးသည် အရှုံးချည်း မဟုတ်ဘဲ အမြတ် ရတန်သရွေ့ ရလိုက်ခဲ့သေး၏။ ယင်းတို့ကား အတန်းအစား ခွဲခြားမှုပပျောက်ကာ ကျောင်းတမျိုးတစားတည်း တည်ထောင်နိုင်ခဲ့ခြင်း၊ မြန်မာ ဘာသာကို သင်ကြားမှု မဏ္ဍိုင်အဖြစ် အသုံးပြုခဲ့ခြင်း၊ မြန်မာဘာသာကို အမျိုးသာဘာာ အဖြစ် ပိုမို ဖွံ့ဖြိုးတိုးတက် အောင် ကြိုးပမ်းနိုင်ခဲ့ခြင်း၊ ဘဝနှင့် ပိုမိုနီးစပ်သော သင်ရိုးညွှန်းတမ်းကို စတင်ကြံဆ တီထွင်နိုင်ခဲ့ခြင်းနှင့် ကျောင်းသုံးစာအုပ် ကောင်းများ ထုတ်လုပ်နိုင်ခဲ့ခြင်းတို့ပင် ဖြစ်လေသည်။

ဆင်းမလားစီမံကိန်း[ပြင်ဆင်ရန်]

စစ်ကာလအတွင်း အိန္ဒိယပြည် ဆင်းမလာမြို့၌ အခြေစိုက်သော မြန်မာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ်ဒေါ်မန်စမစ် ဦးဆောင်သည့် စစ်ပြေးအစိုးရသည် ၁၉၄၂ ခုနှစ်နောက်ပိုင်းတွင် ပညာရေးကို စတင်စဉ်းစားလာသည်ကို တွေ့ရှိ၈သည်။ ပညာရေး ပြန်လည်တည်ဆောက်မှု အရာရှိအဖြစ် တာဝန် ပေးခြင်းခံရသူ စစ်ကြိုခေတ် ပညာ မင်းကြီး ဒုဗိုလ်မှူးကြီး အယ်လက်ဇန္ဒာကင်းဗဲသည် သူကိုယ်တိုင် ဥက္ကဋ္ဌ ပြုလုပ်ခဲ့သော ကော်မတီ၏ ၁၉၃၆ ခုနှစ် အစီရင်ခံစာကို မှီငြမ်းပြုကာ မြန်မာပြည် ပညာရေးစနစ် ပြန်လည် တည်ဆောက်ရေး စာတမ်း ကို ၁၉၄၂ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့တွင် တင်သွင်းလေသည်။ ထိုစာတမ်းတွင် စာပိုဒ်ပေါင်း ၆၉ ပိုဒ်ပါရှိသည့် အနက် တက္ကသိုလ်နှင့် စပ်ဆိုင်သော စာပိုဒ် ၁၂ ပိုဒ် ပါရှိလေသည်။ ကင်းဗဲ၏ စာတမ်းနှင့် ယင်းစာတမ်းအပေါ် ရေးသားထားသော ပုဂ္ဂိုလ် အသီးအသီး၏ မှတ်ချက်များကို စိစစ်ရန် စစ်ပြေးအစိုးရသည် ဆာ ထွန်းအောင်ကျော် ဥက္ကဋ္ဌပြုလုပ်သော ပညာရေး ပြန်လည်တည်ဆောက်မှု ကော်မီတီ တစ်ရပ် ဖွဲ့စည်းခဲ့လေသည်။ ထိုကော်မတီသည် ကင်းဗဲစာတမ်းပါ ထောက်ခံချက်များကို လက်ခံခဲ့၍၊ နောင်တွင် ဆင်းမလား ပညာရေး စီမံကိန်းဟု ခေါ်ဝေါ်ကြသော စစ်ပြေးအစိုးရ၏ ပညာရေးစီမံကိန်း ရေးဆွဲရာတွင် ထိုစာတမ်းသည် အခြေခံ ဖြစ်ခဲ့လေသည်။ ထိုစီမံကိန်း၏ အဓိက အရေးကြီးသော အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။


၁။ အစိုးရက ဦးဆောင်သော အခမဲ့ မသင်မနေရ မူလတန်း ပညာရေးစနစ် တည်ထောင်ရန်။


၂။ စစ်ကြိုခေတ် ကျောင်းအမျိုးအစား သုံးခုကို တစ်မျိုးတည်းအဖြစ် ပေါင်းပစ်ရန်။


၃။ အထောက်အပံ့ခံ ကျောင်းများစနစ် ပယ်ဖျက်ရန်။


၄။ ကျောင်းများကို အောက်ပါအတိုင်း ခွဲခြားရန်။


(က) အသက်ခြောက်နှစ်မှ ၁၁ နှစ်အရွယ် ကလေးများ (ပထမတန်းမှ ပဉ္စမတန်းအထိ)အတွက် မူလတန်းကျောင်း။


(ခ) အသက် ၁၁ နှစ်မှ ၁၅ နှစ်ရွယ်ကလေးများ (ဆဋ္ဌမတန်းမှ နဝမတန်းအထိ)အတွက် မူလတန်းလွန်ကျောင်း။


(ဂ) အသက် ၁၅ နှစ်မှ ၁၈ နှစ်ရွယ် ကလေးများ (ဒသမနှင့် ဧကဒသမတန်း)အတွက် အကြို တက္ကသိုလ် ကျောင်းများဖြစ်၏။


၅။ မူလတန်းနှင့် မူလတန်းလွန် ကျောင်းများတွင် ကျောင်းလခ လွတ်ငြိမ်းခွင့် ပြုရန်။


၆။ မူလတန်းနှင့် မူလတန်းလွန် ကျောင်းများတွင် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာကို တန်းတူတန်ဖိုးထားကာ နှစ်ဘာသာစလုံးကိုပင် ပထမတန်းမှ စ၍ သင်ကြားရန်။


၇။ စာမေးပွဲကို အအောင် အရှုံးစနစ်ဖြင့် မဟုတ်ဘဲ မှတ်တမ်းစနစ် တီထွင် အစားထိုးရန်။


၈။ ပညာရေးကို ဗဟိုအားဏာပိုင်အဖွဲ့က ကြီးကြပ်ရန်။


ထိုစီမံကိန်းအရ တက္ကသိုလ်နှင့် စပ်လျဉ်း၍မူကား ကောလိပ်ကျောင်းများကို ပယ်ဖျက်ပြီးလျှင် မဟာဌာနများဖွဲ့ကာ ယင်းတို့ကို မဟာဌာနမှူးများက အုပ်ချုပ်သော ယူနစ်ထရီစနစ်ဖြင့် တက္ကသိုလ်ကို ပြန်လည်တည်ထောင်ဆောက်ရန်၊ ဥပစာတန်းကို ပယ်ဖျက်ပြီးသော် ပထမနှစ်ကို ကျောင်းနှင့်တွဲ၍ ဒုတိယနှစ်ကို ဒီဂရီသင်တန်းနှင့် တွဲထားရန်၊ တက္ကသိုလ်က မိမိကိုယ်ပိုင် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပရန်၊ အဖွဲ့ဝင် ဦးရေမများလှသော တက္ကသိုလ်ကောင်စီနှင့် ပါမောက္ခအဖွဲ့တို့က အုပ်ချုပ်ရေးနှင့် ပညာရေးကို အသီးအသီးကွပ်ကဲရန်၊ အချိန်ပြည့် ဒုတိယ အဓိပတိ ခန့်ရန် စသည်ဖြင့် ထောက်ခံခဲ့လေသည်။ အိန္ဒိယပြည် ဆင်းမလားမြို့တွင် ကျောင်းပညာရေးနှင့် စပ်လျဉ်း၍ နောက်ထပ်ကော်မီတီဖွဲ့စည်းမှု မရှိသော်လည်း၊ တက္ကသိုလ်ပညာရေးနှင့် စပ်လျဉ်း၍မူကား ထပ်မံအသေးစိတ် စဉ်းစားရန် ကြားဖြတ် တက္ကသိုလ်ကော်မတီနှင့် ကြားဖြတ် တက္ကသိုလ် ယာယီကော်မတီဟူ၍ ထပ်မံဖွဲ့စည်းခဲ့သေးသည်။

ဗြိတိသျှ စစ်အုပ်ချုပ်ရေး ခေတ်ပညာရေး အခြေအနေ[ပြင်ဆင်ရန်]

ဗြိတိသျှစစ်တပ်များ မြန်မာပြည်ကို ပြန်လည် သိမ်းပိုက်ပြီးသည့်နောက် စစ်အုပ်ချုပ်ရေး ထူထောင်ခဲ့ရာ၊ ၁၉၄၅ ခုနှစ် ဇူလိုင်လတွင် စစ်အုပ်ချုပ်ရေးအဖွဲ့၏ ပညာရေးဌာနကို ဖွဲ့စည်းခဲ့လေသည်။ စစ်အုပ်ချုပ်ရေး အဖွဲ့မှ ဆင်းမလား စီမံကိန်းတိုင်း မူလတန်းလွန်ကျောင်း ၄၂ ကျောင်းနှင့် မူလတန်းကျောင်း ၂ဝ၆ဝ ဖွင့်လှစ်ခဲ့လေသည်။ ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးအဖွဲ့ ရုပ်သိမ်းသောအခါ၌ စစ်ပြေးဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ်၏ အစိုးရအဖွဲ့ကဆက်ခံကာ ကျောင်းသစ်အနည်းငယ် ထပ်မံ ဖွင့်လှစ်ခဲ့လေသည်။ ဗြိတိသျှ စစ်အစိုးရသည် ကြားဖြတ်တက္ကိသိုလ် မတည်ထောင် နိုင်သေးမီ အတွင်း၊ တက္ကသိုလ်ပညာ ဆည်းပူးနိုင်ရန် မဂိုလမ်း (ယခု ရွှေဘုံသာလမ်း)တွင် အရေးပေါ် တက္ကသိုလ်သင်တန်းတစ်ရပ်ကို ယခင်စစ်ကြိုခေတ် ဆရာဖြစ်သင် ကောလိပ်ကျောင်းအုပ်ဟောင်း ဦးဘအား အုပ်ချုပ်ရေးမှူး ခန့်ကာဖွင့်လှစ်ခဲ့၏။ သို့သော် ကျောင်း အဆောက်အအုံနှင့် ဆရာများ လုံလောက်အောင် မပေးနိုင်မှုကြောင့် ဆင်းမလားပညာရေး စီမံကိန်းကို ပြည်သူတို့က မကျေနပ်ကြချေ။ ကျောင်းများကို တစ်မျိုးတစ်စားတည်း ပူးပေါင်းလိုက်နိုင်သော်လည်း ကျောင်းဆရာ အနေဖြင့်မူ စစ်ကြိုခေတ်အတိုင်း အမျိုးမျိုး ကွဲပြားခြားနားကာ လစာမမျှမတ ဖြစ်နေသေးခြင်းကိုလည်း မကျေနပ်ကြချေ။ တက္ကသိုလ် ပညာရေးတွင်လည်း ဆင်းမလား စီမံကိန်းကို အမျိုးမျိုး ဝေဖန်လျက်ရှိကြပေရာ၊ အစိုးရသည် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလတွင် ပညာရေးစနစ် စုံစမ်းမှု ကော်မတီကိုလည်းကောင်း၊၁၉၄၆ ခုနှစ် ဩဂုတ်လတွင် တက္ကသိုလ်ဖွဲ့စည်းပုံ ကော်မတီကိုလည်းကောင်း ခန့်အပ်ဖွဲ့စည်းခဲ့သည်။ ပညာရေးစနစ် စုံစမ်းမှုကော်မတီသည် ထိုနှစ် ဩဂုတ်လတွင်လည်းကောင်း၊ တက္ကသိုလ် ဖွဲ့စည်းပုံကော်မီတီသည် ၁၉၄၇ ခုနှစ် နှစ်ဦးတွင်လည်းကောင်း အသီးအသီး အစီရခင်ခံစာ တင်သွင်းခဲ့ကြ၏။ သို့သော် ထိုအချိန်သည် လွတ်လပ်ရေးတိုက်ပွဲ၏ ဒီရေ အမြင့်ဆုံးကာလ ဖြစ်ပေရာ၊ ပညာရေး အစီရင်ခံစာများ၊ ထောက်ခံချက်များကို အလေးပေး စဉ်းစားနေချိန်မဟုတ်တော့ချေ။

ပြည်ထောင်စုအစိုးရ၏ ပညာရေးဝါဒ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံကို လွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စု နိုင်ငံအဖြစ် ၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့တွင် ကြေညာခဲ့၏။ ထိုနှစ်တွင်ပင် ပြည်ထောင်စုအစိုးရသည် အရပ်ရပ် ပညာရေးအစီရခံစာများကို လေ့လာပြီးနောက် အစိုးရ၏ ပညာရေးဝါဒကို ကြေညာခဲ့ လေသည်။ သို့သော် ပြည်တွင်း ဆူပူသောင်းကျန်းမှု သည်လည်း လွတ်လပ်ရေးနှင့် အတူ ထပ်ချပ်မကွာ ပေါ်ပေါက်လာခဲ့ရာ ၁၉၅ဝ ပြည်နှစ် ဇွန်လ ၁ ရက်နေ့ကျမှသာ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပညာရေး ဝါဒကို စတင်အကောင်အထည် ဖောနိုင်ခဲ့လေသည်။ ထိုပညာရေး ဝါဒ၏ အဓိက အချက်များမှာ -


(၁) ကြားဖြတ်သဘော စမ်းသပ်သည့်အနေဖြင့် ပညာရေးကို ဗဟိုမှ ကွပ်ကဲအုပ်ချုပ်ရေး။


(၂) အထောက်အပံ့စနစ် ပယ်ဖျက်ကာ၊ ယင်းအစားနိုင်ငံတော် အစိုးရကျောင်းများသာ ရှိသော စနစ် တည်ထောင်ရေး။


(၃) မသင်မနေရ မူလတန်း ပညာရေးကို စမ်းသပ် တီထွင်ရေး။


(၄) ကျောင်းအဆင့်ခွဲရေးကို ပြန်ပြင်ဆင်ရေး။


(၅) အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှု ပညာသင်ကြားနိုင်ခွင့် တိုးမြှင့်ရေး။

(၆) မြန်မာ ဘာသာကို သင်ကြားမှု မဏ္ဍိုင်အဖြစ် သတ်မှတ်ရေးတို့ ဖြစ်ကြ၏။


ထိုဝါဒအရ ပြည်ထောင်စုအစိုးရသည် ရန်ကုန်မြို့တော် မျူနီစီပယ်အဖွဲ့က ဖွင့်လှစ်ထားသော မူလတန်းကျောင်းများမှ အပ ကျန် ကျောင်းများကို ဗဟိုပညာရေးဌာနက ချုပ်ကိုင်စေခဲ့သည်။ အထောက်အပံ့ခံ ကျောင်းများ မရှိတော့သောကြောင့် ကျောင်းများ တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်မြို့ ဆင်ခြေဖုံးတစ်ဝိုက်တွင် မသင်မနေရ ပညာရေးစနစ်ကို စမ်းသပ်တီထွင်ခဲ့သည်။ ကျောင်းများကိုလည်း သူငယ်တန်းမှ စတုတ္ထတန်းအထိ မူလတန်းကျောင်း၊ သူငယ်တန်းမှ သတ္တမတန်းအထိ အလယ် တန်းကျောင်း၊ သူငယ်တန်းမှ နဝမတန်းအထိ အထက်တန်းကျောင်းဟူ၍ ပြင်ဆင်သတ်မှတ်လိုက်၏။ အင်္ဂလိပ်ဘာသာကို ပဉ္စမတန်းမှစ၍ မသင်မနေရ နိုင်ငံခြားဘာသာအဖြစ် သတ်မှတ်ကာ၊ ကျောင်းသုံးစာအုပ်များ ဘာသာပြန်ဆို ထုတ်လုပ်နိုင်ရေး အတွက်လည်း စီစဉ်ခဲ့လေသည်။

ပညာရေးမစ်ရှင်နှင့် ကော်မတီများ[ပြင်ဆင်ရန်]

၁၉၅ဝ ပြည့်နှစ် နောက်ပိုင်းတွင် ပညာရေးသည် ပိုမိုအသက်ဝင်လာလေသည်။ ယူနက်စကို အဖွဲ့ကလည်း ပညာရေး ပါရဂူသုံးဦး ပါဝင်သော အဖွဲ့တစ်ရပ်ကို မြန်မာနိုင်ငံ၏ အခြေခံနှင့် သက်ကြီးပညာရေး၊ မသင်မနေရ ပညာရေး၊ မူလတန်းလွန်ကျောင်း ပညာရေး၊ ကျောင်းဆရာများ ထုတ်လုပ်ရေး၊ အထက်ပါကိစ္စလေးရပ်နှင့် သက်ဆိုင်သည့် အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေး ပြဿနာများကို လေ့လာရန် စေလွှတ်ခဲ့သည်။ ယူနက်စကို မစ်ရှင်အဖွဲ့သည် ၁၉၅ဝ ပြည်နှစ် ဒီဇင်ဘာလတွင် ဆိုက်ရောက်လာကာ အဖွဲ့အစီရင်ခံစာကို ၁၉၅၁ ခုနှစ် မေလတွင် တင်သွင်းခဲ့သည်။ ၁၉၅၁ ခုနှစ် နိုဝင်ဘာလတွင် ပြည်ထောင်စု အစိုးရသည် ပညာမင်းကြီး ဦးကောင်း ခေါင်းဆောင်လျက် ပုဂ္ဂိုလ် ခြောက်ဦးပါဝင်သည့် ပညာရေးလေ့လာမှုအဖွဲ့ကို ခြောက်လ ကြာမျှ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကို၊ ကနေဒါနှင့် ပါကစ္စတန်နိုင်ငံတို့ကို စေလွှတ်ခဲ့၏။ ထိုအဖွဲ့သည် မြန်မာနိုင်ငံသို့ ၁၉၅၂ ခုနှစ် မေလတွင် ပြန်လည် ဆိုက်ရောက်လာလေသည်။ လေ့လာမှုအဖွဲ့ ပြန်လည်ဆိုက်ရောက်လာသေအခါ ပြည်ထောင်စုအစိုးရသည် ယင်းအဖွဲ့ဝင် ပုဂ္ဂိုလ်ခြောက်ဦး အပါအဝင် ပုဂ္ဂိုလ် ၂၁ ဦးပါသော ပညာရေး ပြန်လည်ဖွဲ့စည်းမှု ကော်မတီကို ပြည်တော်သာ ပညာရေးစီမံကိန်း ရေးဆွဲရန် တာဝန်ပေးအပ်ခဲ့လေသည်။ ဤသို့ရေးဆွဲရာ၌ နိုင်ငံ၏ အချုပ်အချာအာဏာနှင့် ကိုက်ညီ၍၊ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုကို ထပ်ဟပ်ကာ၊ ပြည်ပနိုင်ငံများ၏ ခေတ်သစ်ပညာရေး တိုးတက်မှုများကို ထည့်သွင်းစဉ်းစားသည့်အပြင်၊နိုင်ငံ၏လိုအင်ကိုလည်း ဖြည့်စွမ်းနိုင်သည့် ပညာရေး စီမံကိန်း ဖြစ်စေရန် ညွှန်ကြားခဲ့၏။

ပြည်တော်သာ ဘဝသစ် ဖန်တီးမှု ပညာရေးစီမံကိန်း[ပြင်ဆင်ရန်]

အထက်ပါ ညွှန်ကြားချက်များအရ ရေးဆွဲအပ်သော ပြည်တော်သာ ဘဝသစ်ဖန်တီးမှု ပညာရေး စီမံကိန်းကို ၁၉၅၂ ခုနှစ် ဩဂုတ်လတွင် ပြည်တောသာ ညီလာခံ၌ အတည်ပြုခဲ့လေသည်။

ပြည်တော်သာ စီမံကိန်း

ဤစီမံကိန်း၏ အခြေခံမူများကား အောက်ပါအတိုင်းဖြစ်သည်။ (၁) ပြည်ထောင်စုသား မှန်သမျှ အနည်းဆုံး အရေး၊ အဖတ် နားလည်းသူများ ဖြစ်လာစေရန်။


(၂) ဘဝသစ်ဖန်တီးရေးအတွက် လိုနေသော စက်မှုလက်မှုလုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်ပေးနိုင်မည့်တိုင်းရင်းသားများ လုံလုံလောက်လောက် ပေါ်ပေါက်လာစေရန်။


(၃) ပြည်ထောင်စု တာဝန် အသီးအသီးကို ကျွမ်းကျင်စွာ ထမ်းဆောင်နိုင်မည့် အရည်အချင်း ပြည့်ဝသူများ လုံလောက်စွာ ပေါ်လာစေရန်။


(၄) ပြည်ထောင်စုထဲတွင် ဖိုးသုညများ နည်းပါး သွားပြီးလျှင်၊ ဗလငါးတန်နှင့် ပြည့်သော ပြည်ထောင်စုသားများ တိုးတက် ပေါများလာစေရန်။


(၅) ပြည်ထောင်စု အတွင်း၌ ဒီမိုရေစီ ဝါဒကြီး တည်တံ့ ခိုင်မြဲစေရန်။


ဤအခြေခံမူများအရ ရေးဆွဲအပ်သော စီမံကိန်းကို ပြည်ထောင်စုအစိုးရသည် အောက်ပါ လုပ်ငန်းများဖြင့် အကောင်အထည်ဖော်ခဲ့လေသည်။ ယင်းတို့မှာ ပညာရေး အယူအဆသစ်နှင့် လျော်ညီသော သင်ရိုးညွှန်းတမ်းများ ပြုပြင် ရေးဆွဲခြင်း၊ သင်ရိုးညွှန်းတမ်းသစ်နှင့် ကိုက်ညီသော ကျောင်းသုံးစာအုပ်များ ပြုစုထုတ်လုပ်ခြင်း၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ဆရာဖြစ်သင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ အရေးပေါ်ကာလတို ဆရာဖြစ် သင်တန်းများ ဖွင့်လှစ်ခြင်း၊ သင်ရိုးတွင် သက်မွးဝမ်းကျောင်းပညာများ ထည့်သွင်းလာခြင်း၊ စိုက်ပျိုးရေးနှင့် စက်မှုလက်မှု ပညာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်ခြင်းတို့ ဖြစ်လေသည်။ လုပ်ငန်းများ ပိုမိုအောင်မြင်စေရန်လည်း ပညာမင်းကြီး ဌနာအပြင်၊ ဆရာအတတ်သင်ညွှန် ကြားရေးဝန်နှင့် ကျောင်းသုံးစာအုပ် ပြုစုထုတ်လုပ်ရေး ညွှန်ကြားရေးဝန်ဟူ၍ ဌာနသစ် နှစ်ဌာနကိုလည်း ၁၉၅၂ ခုနှစ် နောက်ပိုင်းမှစ၍ တီထွင်ခန့်အပ်ခဲ့သည်။ စက်မှုပညာ အတတ်သင် ညွှန်ကြား ရေးဝန်ဌာနကိုလည်း ပညာရေးဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းခဲ့လေသည်။ ကျောင်းသုံး စာအုပ် ငှားရမ်းရေး အစီအစဉ်ကိုလည်း တီထွင်ခဲ့လေသည်။ ၁၉၅၄ ခုနှစ် ဇွန်လမှစ၍ တိုင်းအလိုက် ခန့်အပ်ထားသော ပညာဝန်များအား ကြီးကြပ်ရေး၊ ကျောင်းစစ်ဆေးရေး လုပ်ငန်းများ လုပ်နိုင်စေခြင်းငှာ၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေး တာဝန်များကို အသစ်တီထွင် ခန့်အပ်သော ခရိုင်ပညာဝန် ၃၄ ဦးအား ခွဲဝေပေးစေခဲ့လေသည်။

ဒုတိယပညာရေး လေးနှစ်စီမံကိန်း[ပြင်ဆင်ရန်]

ပြည်တော်သာ စီမံကိန်းသည် ရှစ်နှစ် စီမံကိန်း ဖြစ်သော်လည်း ၁၉၅၆ ခုနှစ်တွင် ပြောင်းလဲလာသော စီးပွားရေး အခြေအနေကြောင့် ပြန်လည်စိစစ်ခဲ့ရလေသည်။ ထိုကြောင့် ၁၉၅၂ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့သော ပြည်တော်သာ ပညာရေး လုပ်ငန်းများကို ပထမ ပညာရေးလေးနှစ်စီမံကိန်း လုပ်ငန်းများဟူ၍ သတ်မှတ်ခဲ့လေသည်။ ၁၉၅၆ ခုနှစ်တွင် ကုန်လွန်ခဲ့သော လေးနှစ်တာ လုပ်ငန်းမျာကို စိစစ်ပြီးနောက် ၁၉၅၆-၆ဝအတွက် ဒုတိယပညာရေး လေးနှစ်စီမံကိန်းကို ရေးဆွဲခဲ့လေသည်။ ဒုတိယလေးနှစ် စီမံကိန်း၏ အဓိကအချက်များကား အောက်ပါတို့ပင်ဖြစ်သည်။

(၁) ပညာရေး စနစ်တရပ် ထိရောက် အောင်မြင်ရေးသည် အရည်အချင်းပြည့် ဆရာများ အလုံအလောက် ရရှိရေးပေါ်တွင် မူတည်သည်ကို သိနားလည်သောကြောင့် အရည်အချင်းပြည့် ဆရာများ အလုံအလောက် မွေးထုတ်ရေးကို ဦးတည် ကြိုးစား ရန်။


(၂) သင်ရိုးညွှန်းတမ်းကို နိုင်ငံတော်ဝါဒနှင့် ပြောင်းလဲနေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် လျော်ညီအောင် ပြုပြင်ရန်။


(၃) ကျောင်းသား သူငယ်၏ အသက်အရွယ်၊ အရည်အသွေး၊ သင်ရိုးညွှန်းတမ်းတို့နှင့် ကိုက်ညီသော ကျောင်းသုံး စာအုပ်များ ထုတ်လုပ်ရန်။


(၄) ကျောင်းစည်းကမ်း ပိုမို ကောင်းမွန်လာရန်နှင့် ဆရာများ၏ ဂုဏ်ကျက်သရေ ပိုမိုမြင့်မား လာစေရန်နည်းလမ်း များ ရှာဖွေရန်။


(၅) ဘဏ္ဍာရေး ခွင့်ပြုသလောက် ကျောင်းသစ်များ ဆောက်လုပ်၍ ကျောင်းသုံး ပစ္စည်းများ ထောက်ပံ့ရန်။


(၆) ပညာသင်ကြားမှု အခွင့် အရေးများကို ပိုမိုပျံ့နှံ့စွာ ခံစားနိုင်စေရန် မူချမှတ်ရန်။


(ရ) နိုင်ငံ၏ စီးပွားရေး အဆောက်အအုံနှင့် ပိုမို ကိုက်ညီလာစေရန် အတွက် ရှိရင်းစွဲ တက္ကသိုလ် တလမ်းသွား စနစ်မှ စက်မှုလက်မှု၊ စိုက်ပျိုးရေးနှင့် သက်မွေး ဝမ်းကျောင်း ပညာရေးများ ပိုမို ထိရောက်စွာဖြာထွက်နိုင်မည့် နည်းလမ်းများကို ဆောင်ရွက်ရန်။

စစ်ပြီးခေတ် တက္ကသိုလ်၏ တိုးတက်ပြောင်းလဲမှုများ[ပြင်ဆင်ရန်]

စစ်ပြီးသောအခါ ရန်ကုန် တက္ကသိုလ်ကို ကြားဖြတ် တက္ကသိုလ်အဖြစ် ၁၉၄၆ ခုနှစ်တွင် ပြန်လည် တည်ထောင် ဖွင့်လှစ်ခဲ့လေသည်။ အုပ်ချုပ်ရေး အနေဖြင့်ကား ကြားဖြတ် တက္ကသိုလ်သည် ယခင်စစ်ကြိုခေတ်ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသော သီးခြားအဖွဲ့အစည်း မဟုတ်တော့ဘဲ၊ ပညာရေး ဝန်ကြီးဌာန လက်အောက် တိုက်ရိုက်အုပ်ချုပ်သော တက္ကသိုလ် ဖြစ်လာလေသည်။ သို့သော် သီးခြားလွတ်လပ်ပိုင်ခွင့် ရနိုင်သရွှေ့ ရစေရန် တက္ကသိုလ် ဂေါပကအဖွဲ့ဟူ၍ အစိုးရက ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် သီးခြားဖွဲ့ပေးခဲ့၏။ ထိုဂေါပကအဖွဲ့ကို ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် တက္ကသိုလ် ကောင်စီဟူ၍ ပြောင်းလဲဖွဲ့စည်းလိုက်သည်။ တစ်ချိန်တည်း၌ပင် ပညာရေးကို ကွပ်ကဲရန် ပါမောက္ခအဖွဲ့ တစ်ရပ်လည်း ဖွဲ့စည်းခဲ့လေသည်။ တက္ကသိုလ်၏ ကြားဖြတ်ကာလကို ၁၉၄၈ ခုနှစ်အထိ သတ်မှတ်ခဲ့လေသည်။ စစ်ပြီးခေတ် တက္ကသိုလ်သည် စစ်ကြိုခေတ်ကဲ့သို့ ကောလိပ်များဖြင့် ဖွဲ့စည်းထားသော ဖယ်ဒရယ်စနစ် မဟုတ် တော့ဘဲ၊ မဟာဌာနများ ခွဲထားသော ယူနစ်ထရီစနစ် ဖြစ်လေသည်။ ထိုစနစ်အရ တာဝန်ခံအုပ်ချုပ်သူမှာ တက္ကသိုလ် အုပ်ချုပ်ရေး အရာရှိဖြစ်ပြီးလျှင် ထိုရာထူးကို ၁၉၅၁ ခုနှစ်မှ စ၍ ပါမောက္ခချုပ်ဟု ပြောင်းလဲ ခေါ်တွင်ခဲ့၏။ တက္ကသိုလ် ကောင်စီ၌လည်း စစ်မဖြစ်မိကထက် အဖွဲ့ဝင်ဦးရေ လျော့နည်းကာ ယင်းသည်သာလျှင် အဓိက အုပ်ချုပ်ရေးအဖွဲ့ ဖြစ်လာ၏။ စစ်ကြိုခေတ် ကောင်စီ အမှုဆောင်ကော်မတီနှင့် ပါမောက္ခအဖွဲ့ အမြဲတမ်းကော်မတီလည်း မရှိတော့ချေ။ စစ်ပြီးခေတ် ပထမ နှစ်တွင်ဖွင့်လှစ်ခဲ့သော မဟာဌာနများကား ဆေးပညာ မဟာဌာန၊ အင်ဂျင်နီယာမဟာဌာန၊ ပညာရေး မဟာဌာန၊ ဝိဇ္ဇာ မဟာဌာန၊ သိပ္ပံမဟာဌာနနှင့် ဥပဒေ မဟာဌာနတို့ ဖြစ်ကြသည်။ ၁၉၄၉ ခုနှစ် တက္ကသိုလ် ပြင်ဆင်ချက် အက်ဥပဒေအရ ရန်ကုန်တက္ကသိုလ် အက်ဥပဒေဟောင်းကို ပြင်ဆင်မှုများဖြင့် ပြန်လည်အသက်သွင်းပေးခဲ့ရာ၊ ထိုနှစ်မှ စ၍ ရန်ကုန်တက္ကသိုလ်သည် သီးခြား ကိုယ်ပိုင်အုပ်ချုပ်ရေးရသော အဖွဲ့အစည်း ဖြစ်လာပြန်လေသည်။ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ၁၉၅၁ ခုနှစ်၊ ၁၉၅၃ ခုနှစ်နှင့် ၁၉၅၉ ခုနှစ်တို့တွင် ထပ်မံ ပြင်ဆင်ခဲ့သေးသည်။ ပြောင်းလဲလာသော အခြေအနေများကြောင့် စစ်ပြီးခေတ်တစ်လျှောက်လုံးတွင် ရန်ကုန်တက္ကသိုလ်သည် အထူးပင် တိုးတက်ကြီးထွားလာခဲ့လေသည်။ ၁၉၄၆-၄၇ ခုနှစ်တွင် ကျောင်းသားဦးရေ ၂…ဝဝ၃ ယောက်သာ ရှိခဲ့သော်လည်း ၁၉၆၁-၆၂ ခုနှစ်တွင် ၁၄…၇၉၉ ယောက် အထိတိုးတက်လာခဲ့၏။ ရန်ကုန်မြို့တွင်သာမကဘဲ ၁၉၅၃ ခုနှစ်တွင် မော်လမြိုင်မြို၌ လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် ကျောက်ဖြူမြို၌ လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် ရန်ကင်းမြို့သစ်နှင့် ကြည့်မြင်တိုင် ထီးတန်းရပ်ကွက်တို့၌ လည်းကောင်း၊၁၉၅၅ ခုနှစ်တွင် မကွေးမြို့၌ လည်းကောင်း၊၁၉၅ဝ ခုနှစ်တွင် ပုသိမ်မြို့၌ လည်းကောင်း ဥပစာကောလိပ်များ အသစ်ဖွင့်လှစ်ခဲ့လေသည်။ ၁၉၂၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သော မန္တလေး ဥပစာကောလိပ်ကို ၁၉၄၇ ခုနှစ်တွင် သီးခြားတက္ကသိုလ် ဖြစ်လာလေသည်။ မကွေး ဥပစာကောလိပ်သည် မန္တလေး သီးခြားတက္ကသိုလ် လက်အောက်ခံ ဖြစ်လာပြီးလျှင်၊ ၁၉၆ဝ ပြည့်နှစ်တွင် မန္တလေးတက္ကသိုလ် လက်အောက်တွင် တောင်ကြီး ဥပစာကောလိပ်ထပ်မံ ဖွင့်လှစ်ခဲ့ လေသည်။


စစ်ပြီးခေတ်တွင် နိုင်ငံရေးမျက်စိ ပွင့်လာမှုကြောင့်သာမက လွတ်လပ်ရေးကြောင့် အခွင့်အလမ်းများ တိုးပွားလာရာ ရန်ကုန်တက္ကသိုလ်၌လည်း ယခင်က ဌာနခွဲများ၊ ဘာသာစိတ်များသည် ယခုအခါ သီးခြားဌာနများ၊ သီးခြား ဘာသာရပ်များ ဖြစ်လာလေသည်။ စစ်ပြီးခေတ်တွင် ပထမဆုံး ခွဲခြားလိုက်သော ဌာနမှာ ပထဝီဝင်နှင့် ဘူမိဗေဒဌာနဖြစ်၏။ ထိုနောက် ဇီဝဗေဒဌာနမှ ရုက္ခဗေဒနှင့် ပါဏဗေဒဌာနများ၊ ရာဇဝင်ဌာနမှ အနောက်တိုင်း ရာဇဝင်နှင့် မြန်မာရာဇဝင် ဌာနများ၏ သဘာဝတ္ထ ဗေဒဌာနမှ စိတ္တဗေဒဌာနသစ်၊ ဘောဂဗေဒ ဌာနမှ ဝါဏိဇ္ဇဗေဒနှင့် စာရင်းအင်းစုပညာ ဌာနသစ်များ ပေါ်ပေါက် လာလေသည်။ ဌာနသီးသန့်မရှိသော်လည်း ဂျာမန် ဘာသာနှင့် ပြင်သစ်ဘာသာကို ခေတ်သစ် ဥရောပဘာသာ စာပေဌာနက လည်ကောင်း၊ ဗုဒ္ဓကျမ်းစာနှင့် အဘိဓမ္မာကို ပါဠိဘာသာ ဌာနကလည်းကောင်း၊ စိုက်ပျိုးရေး ဘာသာကို ရုက္ခဗေဒဌာနက လည်းကောင်း၊ လူမှုရေးရာပညာကို မနုဿဗေဒဌာနက လည်းကောင်း အသီးအသီး သင်ကြားကြ၏။ ဝါဏိဇ္ဇဗေဒ ဌာန အနေဖြင့်မူ ဝါဏိဇ္ဇဗေဒကို အထွေထွေဘွဲ့၊ အုပ်ချုပ်ရေးဘွဲ့၊ စာရင်းကိုင်ဘွဲ့များဟူ၍ သုံးမျိုးခွဲခြားသင်ကြားသည့် အပြင် ဘွဲ့လွန်သင်တန်း အဖြစ်လည်း အုပ်ချုပ်ရေးဒီပလိုမာ သင်တန်းကို သီးခြား ဖွင့်လှစ်ခဲ့လေသည်။ အင်ဂျင်နီယာ မဟာဌနာတွင်လည်း မြို့ပြ အင်ဂျင်နီယာအပြင် စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျီနီယာ၊ ဓာတု အင်ဂျီနီယာ၊ သတ္တုတွင်း အင်ဂျင်နီယာ၊ သတ္တုကျို အင်ဂျင်နီယာ၊ ရက်ကန်း အင်ဂျင်နီယာ၊ ဗိသုကာ ပညာစသည်ဖြင့် သင်တန်းသစ်များ တိုးတက်လာ၏။ ပညာရေးမဟာဌာနတွင်လည်း ဝိဇ္ဇ(ပညာရေး) ဒီဂရီ (ဘီအေ အီးဒီ) သင်တန်းများ အသစ်တီထွင် ဖွင့်လှစ်ခဲ့၏။ မန္တလေး တက္ကသိုလ်တွင်မူ ဝိဇ္ဇာ၊ သိပ္ပံ၊ ဆေးပညာနှင့် စိုက်ပျိုးရေး မဟာဌာနများသာ ရှိကာ အင်ဂျင်နီယာ၊ ပညာရေးနှင့် ဥပဒေပညာ သင်တန်းများ မရှိချေ။ သင်တန်းများနှင့် စပ်လျဉ်း၍ ၁၉၄၁ ခုနှစ်တွင် ဒီဂရီလေးနှစ်သင်တန်းကို သုံးနှစ်သင်တန်းအဖြစ် ပြောင်းလဲကာ၊ ဥပစာတန်း ပထမနှစ် သင်တန်းကို တန်းမြင့်ကျောင်းများနှင့် ပူးတွဲထားရန် ဆုံးဖြတ်ခဲ့လေသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လိုက်သောကြောင့် ဤဆုံးဖြတ်ချက် အကောင်အထည် မဖော်ဖြစ်တော့ချေ။ စစ်အတွင်း အိန္ဒိယပြည် ဆင်းမလားမြို့တွင် ရေးဆွဲခဲ့သော ကင်းဗဲ ပညာရေးစီမံကိန်းတွင် ဤယူဆချက်ကို ပြန်လည် လက်ခံထား၍ ၁ဝ တန်းနှင့် ၁၁ တန်းပါသော အကြိုတက္ကသိုလ်ကျောင်းများ ဖွင့်လှစ်ရန်နှင့် တက္ကသိုလ်တွင် ဒီဂရီ သုံးနှစ်သင်တန်းသာ ထားရှိရန် လျာထားခဲ့ကြသေးသည်။ ၁၉၄၅ ခုနှစ်တွင် ဗြိတိသျှ စစ်အုပ်ချုပ်ရေး တည်ထောင်သောအခါ ဤစီမံကိန်းအတိုင်း အကြို တက္ကသိုလ်ကျောင်း များကိုဖွင့်လှစ်ခဲ့လေသည်။ သို့သော် အကြိုတက္ကသိုလ်ကျောင်းများကို တိုင်းပြည်က လက်မခံသည့် အပြင် တက္ကသိုလ်ကလည်း ယခင်ကအတိုင်း လေးနှစ်သင်တန်းသာ ဆက်လက်ထားလိုသောကြောင့် ၁၉၄၆ ခုနှစ်တွင် အကြိုတက္ကသိုလ် ကျောင်းများကို ဖျက်သိမ်းလိုက်၏။ တက္ကသိုလ် ဒီဂရီသင်တန်းများသည်လည်း ယခင်ကအတိုင်း လေးနှစ်သင်တန်းများ ပြန်ဖြစ်သွားလေသည်။

ပညာရေးစုံစမ်းမှု ကော်မီတီ[ပြင်ဆင်ရန်]

စစ်ပြီးခေတ်တွင် ပညာရေးသည် စစ်ကြိုခေတ်ထက် အဆပေါင်းများစွာ တိုးတက်လာခဲ့သော်လည်း ပညာရေးမကျေ နပ်မှုများသည် သေးသိမ်သွားသည်ဟု မရှိခဲ့ချေ။ ပညာရေး လောကသည်လည်း တည်ငြိမ်မှုမရှိခဲ့ချေ။ အကြောင်းကြောင်း ကြောင့် တိုးတက်များပြားလာသော ကျောင်းသားဦးရေအတွက် ကျောင်းများ အလုံအလောက် ဖွင့်မပေးနိုင်ခဲ့ခြင်း၊ ဖွင့်ပြီးကျောင်းများ အတွက်လည်း ဘဏ္ဍာရေးအခက်အခဲကြောင့် ကျောင်း အဆောက်အအုံများ အတွက် ဆရာအများအပြား လိုလေရာ အရည် အချင်း မပြည့်သော ဆရာများ အများအပြား ခန့်ခဲ့ရခြင်း၊ အရည်အချင်း မပြည့်ဝသော ဆရာမျာနှင့် ကျောင်းသား ဆရာအချိုး မမျှတမှုကြောင့် ပညာရေးအဆင့် အတန်းများ နိမ့်ကျလာခြင်း၊ ပညာရေးလောကတွင်းသို့ နိုင်ငံရေး ဝင်ရောက်မှုနှင့် ဆရာများ၏ ဦးဆောင်မှု လျော့လာသည်နှင့်အမျှ ကျောင်းသား စည်းကမ်း သေဝပ်မှု သိမ်ဖျင်းလာခြင်း၊ လွတ်လပ်ရေးခေတ်ဦးပိုင်းတွင် လုပ်ငန်းခွင်တာ များပြေားသောကြောင့် ပြဿနာမပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပညာတတ် အလုပ်လက်မဲ့ပြဿနာ ကြီးထွားလာခြင်း စသည်ဖြင့် ပညာရေး ပြဿနာများသည် တစ်မျိုးပြီး တစ်မျိုးသာ ပေါ်ပေါက်နေခဲ့လေသည်။ ထိုကြောင့် နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုသည် ၁၉၅၇ ခုနှစ်တွင် ရှိရင်းစွဲ လေးနှစ်စီမံကိန်း ပညာရေးကော်မီတီကို တိုးချဲ့ကာ အဖွဲ့ဝင် ၂၃ ဦးပါဝင်၍ မိမိကိုယ်တိုင် ဥက္ကဋ္ဌပြုလုပ်သော ပညာရေးစုံစမ်းမှု ကော်မတီကို ဖွဲ့စည်းခဲ့လေသည်။ ထိုကော်မတီသည် ကိုးနိုင်ငံမှ ပညာရေးပါရဂူ ၁၃ ဦးကို ဖိတ်ခေါ်၍ အကြံပေးစေခဲ့ကာ၊ နိုင်ငံတွင်းသို့လည်း အဖွဲ့သုံးဖွဲ့ခွဲ၍ ဆန္ဒယူစေခဲ့၏။ စုံစမ်းမှု ကော်မတီမှ တင်သွင်းခဲ့သော ကြားဖြတ် အစီရင်ခံစာများအရ မြန်မာဘာသာကို တက္ကသိုလ်အတွက် သင်ကြားမှု မဏ္ဍိုင်အဖြစ် သတ်မှတ်ခြင်း၊ တန်းမြင့်ကျောင်းထွက်နှင့် တက္ကသိုလ်ဝင် စာမေးပွဲများကို ခွဲခြား စစ်ဆေးခြင်း၊ တက္ကသိုလ် နောက်ဆက်တွဲ စာမေးပွဲများ ပယ်ဖျက်ခြင်း၊ ကျောင်းလခ ကောက်ခံရေး၊ ဆရာများအား အရည်အချင်း ထောက်ပံ့ကြေး ပေးရေးစသော အချက်များကို ထောက်ခံခဲ့လေသည်။ သို့သော်လည်း နိုင်ငံရေး အပြောင်းအလဲများကြောင့် အပြီးသတ်အစီရင်ခံစာကိုကား မတင်သွင်းဖြစ်ခဲ့ချေ။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပညာရေးဝါဒ[ပြင်ဆင်ရန်]

နိုင်ငံရေး အပြောင်းအလဲ အမျိုးမျိုး ဖြစ်ခဲ့ပြီးနောက် ၁၉၆ဝ ပြည့်နှစ်တွင် ဦးနုခေါင်းဆောင်သော ပြည်ထောင်စုပါတီ အစိုးရ တက်လာသောအခါ လုပ်ငန်းစဉ် ၁၂ မျိုးပါသော ၁၉၆၁-၆၅ ခုနှစ်အတွက် တတိယ ပညာရေး လေးနှစ်စီမံကိန်းကို ရေးဆွဲပြန်လေသည်။ သို့သော် ထိုစီမံကိန်း စတင်အကောင်အထည် ဖော်စတွင်ပင် အစိုးရ အပြောင်းအလဲဖြစ်ခဲ့ပြန်သည်။ ၁၉၆၂ခုနှစ် မတ်လ၂ရက်နေ့တွင် ဗိုလ်ချုပ်ကြီး နေဝင်းဦးစီးသော ဗမာ့တပ်မတော်က တိုင်းပြည် အုပ်ချုပ်မှုအာဏာကို သိမ်းယူကာ တိုင်းပြည်ကိုအုပ်ချုပ်ရန် နိုင်ငံတော် တော်လှန်ရေးကောင်စီနှင့် တော်လှန်ရေး အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့လေသည်။ နိုင်ငံတော် တော်လှန်ရေးကောင်စီသည် မိမိ၏ဝါဒသဘောထားကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဟူ၍ ၁၉၆၂ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ၊ ပညာရေးစနစ်နှင့် စပ်လျဉ်း၍ ဖော်ပြထားချက်မှာ အောက်ပါအတိုင်းဖြစ်၏။

အပိုဒ် ၁၇ (က)။ ပညာရေး[ပြင်ဆင်ရန်]

အသက်မွေးဝမ်းကျောင်းမှုတွင် အထောက်အကူ မဖြစ်သော လက်ရှိပညာရေး စနစ်ကို ပြုပြင်ပြောင်းလဲသွားရမည်ဟု နိုင်ငံတော် တော်လှန်ရေးကောင်စီက ယုံကြည်သည်။ သို့ဖြစ်၍ အသက်မွေး ဝမ်းကျောင်းမှုကို အထောက်အကူပြု၍ စာရိတ္တမြင့်မားမှုကို အခြေခံသော ပညာရေးစနစ်သစ်ကို တည်ထောင်သွားမည်။ အထူးသဖြင့် သိပ္ပံပညာကို ဦးစားပေးမည်။ ကျွန်ုပ်တို့၏ ပညာရေး ရည်မှန်းချက် ပန်းတိုင်မှာ အခြေခံပညာကို လူတိုင်း သင်ယူနိ်ုင်ခွင့် ရရှိစေရန်ပင် ဖြစ်သည်။ အထက်တန်း ပညာကိုလည်း ဉာဏ်ပညာ ထက်မြက်ခြင်းရှိ၍ အထက်တန်းကို မှီအောင်လိုက်နိုင်မည့် ကြိုးစားမှုရှိသူများကိုသာ အထူးအားပေး၍ သင်ကြားခွင့် ပြုစေမည်။ဒေါက်တာ ဦးညီညီ အမှောင်ခွင်း၍ အလင်းဆောင်အံ့ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းသည် တိုင်းရင်းသား လူတန်းစား အသီအသီးတို့အား အသိပညာအလင်းကို ပေးရန် ဖွဲ့စည်း တည်ထောင်သော အဖွဲ့အစည်းဖြစ်သည်။ ဘာသာပြန်စာပေအသင်းဟု ဆိုသော်လည်း ဘာသာပြန်ဆိုခြင်းသည် အသင်း၏လုပ်ငန်း အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။ အခြားလုပ်ငန်းများမှာ မြန်မာယဉ်ကျေးမှု အရပ်ရပ်တို့ကို အားပေးခြီးမြေ|ာက်ခြင်း၊ စာအုပ်စာတမ်းများ ပုံနှိပ်ထုတ်ဝေခြင်း၊ စာရေးကိရိယာနှင့် စာအုပ်များ ရောင်းချခြင်း စသည်တို့ဖြစ်သည်။ အထူးသဖြင့် ၁၄ တွဲရှိ သရုပ်ပြ မြန်မာစွယ်စုံကျမ်းကို ပြုစုဝေခြင်းအားဖြင့် အာရှအရှေ့ပိုင်းတွင် မြန်မာနိ်ုင်ငံသည် တိုင်းရင်းဘာသာဖြင့် စွယ်စုံကျမ်း ထုတ်ဝေရေး၌ ရှေ့ပြေးလျက်ရှိပေသည်။[၇]


အခြားဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Military spending still dwarfs education and health။ 18 November 2014 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ The Union Report: Census Report Volume 2။ The 2014 Myanmar Population and Housing Census။ Nay Pyi Taw: Ministry of Immigration and Population။ 2015။ p. 12။
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 13 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 June 2021 တွင် ပြန်စစ်ပြီး။
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 13 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 June 2021 တွင် ပြန်စစ်ပြီး။
  5. မော်ကွန်းတင်ပြီးမိတ္တူ။ 13 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 June 2021 တွင် ပြန်စစ်ပြီး။
  6. မော်ကွန်းတင်ပြီးမိတ္တူ။ 13 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 June 2021 တွင် ပြန်စစ်ပြီး။
  7. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)