သာလွန်မင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
မင်းရဲအောင်တင်နတ် (ခေါ်) သာလွန်မင်း

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

သတိုးဓမ္မရာဇာဘွဲ့ဖြင့် နန်းတက်သည်တိုင် သာလွန်မင်း(၁၆၃၂-၁၆၄၈)ဟုခေါ်ကြခြင်းမှာ “တိုင်းကားပြည်ရွာ အသာလွန်သောကြောင့်လည်းကောင်း၊ ရွှေနန်းတော်ထက်တွင် သာယာစွာ လွန်ရသောကြောင့်လည်းကောင်း သာလွန်မင်း ဟုခေါ်ခြင်းဖြစ်သည်”ဟု ဆိုသည်။

တိုင်းပြည်တည်ငြိမ်ရေး ဆောင်ရွက်ခြင်း[ပြင်ဆင်ရန်]

သာလွန်မင်းသည် နောင်တော် အနောက်ဖက်လွန်မင်းအား တူတော် မင်းရဲဒိဗ္ဗက လုပ်ကြံနန်းတက်သည်ကို နှိမ်နှင်းပြီးနောက် နန်းတက်သည်။ နန်းတက်စတွင် ဘိသက်ခံကာ ဘုရင်အဖြစ်ရယူခြင်းမရှိပဲ လေးနှစ်(၁၆၂၈ မှ ၁၆၃၃ထိ)တိုင် တိုင်းပြည်စည်းရုံးရေးကို ဆောင်ရွက်ခဲ့သည်။

ဟံသာဝတီနန်းတော်သို့ရောက်လျှင် မင်းရဲဒိဗ္ဗ၏ကျွန်များ အနက်အပြစ်ရှိသူများကို ထိုက်သင့်သည့် အပြစ်ဒဏ်များပေးသည်။ ချီးမြှောက်သင့်သူများကို ချီမြင့်မြှောက်စားသည်။ ရခိုင်မှ သံတမန်များကို လက်ခံတွေ့ဆုံသည်။ မြန်မာသံအမတ်များကိုလည်း ရခိုင်သို့ စေလွှတ်သည်။ ထိုနောက် ဇင်းမယ်သို့ တဖန်သွားရောက်ကာ ပုန်ကန်မှုများကို နှိမ်နှင်းသည်။ ထိုနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများ နှင့်ဇင်းမယ်တစ်ဝိုက်တွင် ငြိမ်ဝပ်ပိပြားစေရန် ဆောင်ရွက်သည်။

ဘိသက်ခံယူခြင်းနှင့် ပုန်ကန်မှုများကို နှိမ်နှင်းခြင်း[ပြင်ဆင်ရန်]

ခရစ်နှစ် ၁၆၃၃၊ဒီဇင်ဘာ ၊ ၁၄တွင်မှ ဟံသာဝတီနန်းတွင် ဘိသက်ခံကာ မင်းအဖြစ်ခံယူသည်။ ဘိသက်ဥကင်ဖွင့် အခမ်းအနားတွင် မြန်မာအမတ်၊ မွန်အမတ်၊ ယွန်းအမတ် များခြံရံကာ ဆင်ယင်ကျင်းပခဲ့သည်။ ထိုနောက် ယိုးဒယားသို့ သံစေလွှတ်သည်။ သို့သော် ဟံသာဝတီတွင် နန်းတက်၍ မကြာမှီတွင် ပုန်ကန်မှုများနှင့် ရင်ဆိုင်ရသည်။ ပုန်ကန်သူများ မော်လမြိုင်သို့ ပြေးသည်ကို လိုက်လံနှိမ်နှင်းရသေးသည်။

အင်းဝသို့ နန်းရွှေ့ခြင်း[ပြင်ဆင်ရန်]

၁၆၃၄တွင် သာလွန်မင်းသည် မင်းနေပြည်တော်ကို ဟံသာဝတီမှ အင်းဝသို့ တဖန်ပြန်လည်ပြောင်းရွှေ့စံမြန်းသည်။ နန်းတော်၏ အစီအရင်များ စီရင်ပြီး၁၆၃၅တွင်မှ အင်းဝနန်းကို သိမ်းပိုက်စိုးစံသည်။ ညီတော်မင်းရဲကျော်စွာကို အိမ်ရှေ့အရာပေးကာ မှုးမတ်များကို ဘွဲ့အမည်နှင့်တကွ ချီးမြှင့်လေသည်။ ၁၆၃၆တွင် ကောင်းမှုတော် ရာဇစူဠာမဏိစေတီ(စစ်ကိုင်းကောင်းမှုတော်)ကို အုတ်မြစ်ချသည်။

နန်းတွင်းပုန်ကန်မှု[ပြင်ဆင်ရန်]

အင်း၀သို့ရောက်ပြီး ကုသိုလ်ကောင်းမှုများ ဆောင်ရွက်နေစဉ် ညီတော်အိမ်ရှေ့မင်း မင်းရဲကျော်စွာ ကွယ်လွန်သဖြင့် သားတော် ပင်းတလဲမင်းသားအား အိမ်ရှေ့အရာပေးသည်။ ထိုအခါ နန်းရရန် မျှော်မှန်းသည့် အမြင့်စားရှင်တရုတ်က လူသူစုဆောင်းကာ ပုန်ကန်သည်။ သာလွန်မင်းလည်း အငိုက်မိကာ အားမတန်သဖြင့် လေးထပ်ကျောင်းသို့ဝင်ရောက်ခိုလှုံသည်။ သို့သော် လေးထပ်ကျောင်းဆရာတော်ကြီးက လောကီနှင့် လောကုတ္တရာ မရောယှက်လိုသဖြင့် ခိုလှုံခွင့်မပေးချေ။ ထို့ကြောင့် စံကျောင်းသို့ပြောင်းရွှေ့ခိုလှုံရသည်။ စံကျောင်းဆရာတော်မှာ လောကီဆန်သည့် ပွဲကျောင်းဆရာတော်ဖြစ်သည့် အတွက်နောက်ပါရဟန်းများကို စုစည်းကာ တုတ်ဓါးလက်နက်များဖြင့် သာလွန်မင်းနှင့် မှုးမတ်များကို စောင့်ရှောက်ပေးသည်။ မြို့တွင်းတွင်ကျန်ရှိနေခဲ့သည် မှုးမတ်များလည်း အမြင့်စားကိုကြောက်ရွံသဖြင့် နေကြရသော်လည်း မင်းတရားကြီးကို သစ္စာခံကြောင်း တိတ်တဆိတ်လျှောက်တင်ကြသည်။ ထိုပုန်ကန်မှုကို မှုးမတ်များရွတ်ရွတ်ချွံချွံ ထမ်းဆောင်နှိမ်နှင်းသဖြင့် ရှင်တရုတ်ကျဆုံးပြီး အောင်မြင်သည်။ ထို့နောက် လေးထပ်ကျောင်းနှင့် စံကျောင်းတို့တွင် အလှုကြီးများပေးကာ လေးထပ်ကျောင်းဆရာတော်ကို သံသရာဆရာတော် ၊ စံကျောင်းဆရာတော်ကို ပစ္စုပ္ပန်ဆရာတော်ဟူ၍ ခေါ်ဝေါ်ချီးကျူးလေသည်။

ထိုပုန်ကန်မှုပြီးနောက် မြောက်ပိုင်းမှ ကသည်းလူမျိုးတို့ ကျူးကျော်လာသည်ကို တိုက်ခိုက်နှိမ်နှင်းရသေးသည်။ သို့သော် အလွယ်တကူသာ တိုက်ယူလိုက်ရပြီး အောင်နိုင်သည်။

နတ်ရွာစံခြင်း[ပြင်ဆင်ရန်]

ထိုပုန်ကန်မှုအပြီး တစ်နှစ်အကြာ ၁၆၄၈တွင် သာလွန်မင်း အင်း၀နန်းတော်တွင် နတ်ရွာစံသည်။ နန်းသက် ၁၉နှစ်၊ သက်တော် ၆၅နှစ် အဝင်တွင်ဖြစ်သည်။ နတ်ရွာစံလျှင် သားတော် အိမ်ရှေ့မင်း ပင်းတလဲမင်းက နန်းဆက်ခံသည်။

သာလွန်မင်း၏ ဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သာလွန်မင်းလက်ထက် အမိန့်ပြန်တမ်းများ

သာလွန်မင်းလက်ထက် ၁၆၃၇တွင် ပထမဆုံးသော သမိုင်းဝင် လူဦးရေ နှင့် မြေယာစစ်တမ်းများကို စတင်ကောက်ယူခဲ့သည်။ ထို့ပြင် အမှုထမ်းအရာထမ်းများ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို အမိန့်ပြန်တမ်းများဖြင့် တိကျစွာ ထုတ်ပြန်ကြေညာပေးခဲ့သည်။ ထို့ပြင်စစ်သည်စုစောင်းရေးနှင့် ပတ်သက်၍လည်း တိကျသည့် အချိုးအစားနှင့် လက်နက်အမျိုးအစားတို့ကို သတ်မှတ်ပြဌာန်းပေးသည်။ ထင်ရှားသည့် ပြန်တမ်းပါ အမိန့်များမှာ

  • “ငှက်သည် အသီးရှိကာသာအပင်တွင် နားသကဲ့သို့ အခွန်ခံသောရွာကိုသွား၍ ပြန်မကြည့် ငှက်ကဲ့သို့ မရှိစေနှင့်။ စားဟန်သာတတ်စေ။ ရွာပြည်ကိုမပြု၊ စားရသောက်ရအောင်သာ စီရင်သော် ကွပ်မည်။” ဟူ၍လည်းကောင်း
  • “ပြည်တွင်းတိုင်းရေးစသော ဆင်းရဲသားတို့ကို ညှဉ်းပန်းနှိပ်စက်၍ မြို့ရွာတွင် မနေဝံ့ ထွက်သွားသည်များကို ရွှေနားတော်ကြားလျှင် ဝန်တို့နှစ်ခွန်းချေရမည်မမှတ်နှင့်။ ကြီးစွာသော ရာဇဝတ်တော်ကို ခံရလိမ့်မည်။”ဟူ၍လည်းကောင်း ပါရှိခဲ့သည်ကိုတွေ့ကြရသည်။

ကျောက်ဆည်ဒေသတွင် လယ်ယာလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် အားထုတ်ဆောင်ရွက်ပေးသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း စစ်တမ်းများကောက်ယူပြီး ကျောက်ဆည်နယ်ကို ဗဟိုပြုကာ လုပ်ကိုင်စားသောက်ရန် နေရာချထားပေးသည်။ ထိုမျှမက ဝေးလံသည့် ဒေသများမှ လူအများကို အင်းဝနှင့် ကျောက်ဆည်ဒေသတစ်ဝိုက်တွင် အတည်တကျနေထိုင်စေသည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]