မဟာဓမ္မရာဇာဓိပတိ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိဘွဲ့ခံမင်း(၁၇၃၃-၁၇၅၂)သည် သမိုင်းတွင် ဟံသာဝတီရောက်မင်း ဟူ၍လည်းကောင်း၊ လောကသရဖူဒါယကာမင်း ဟူ၍လည်းကောင်း ကျော်ကြားလေသည်။ တနင်္ဂနွေမင်းလွန်ချိန်က ညီတော် သရက်စားမင်းသားမှာ အုပ်ချုပ်နိုင်သည့် အရည်အချင်းရှိသူအဖြစ် အများကလက်ခံပြီး လိုလားခဲ့ကြသည်။ သို့သော် သီရီဇေယျနော်ရထာဘွဲ့ခံ နန်းရင်းဝန်ကြီး ဦးပုကဦးဆောင်ကာ အသက်၁၆နှစ်အရွယ် မင်းသားငယ်ကို ဝိုင်းဝန်းနန်းတင်လိုက်ရာမှ မဟာဓမ္မရာဇာဓိပတိဘွဲ့ဖြင့် ၂၃၊ နိုဝင်ဘာ၊ ၁၇၃၃တွင် အင်းဝနန်းကို စိုးစံရသည်။

ဖခင်ဖြစ်သူလက်ထက်က ပျက်စီးနေသော လယ်ယာစိုက်ပျိုးရေး နှင့်ပြည်ပ ကျူးကျော်နှောင့်ယှက်မှုများကို ဖြေရှင်းရန်တာဝန်ရှိသော်လည်း ငယ်ရွယ်သူဖြစ်သည့်အတွက် ဝါသနာပါရာ ဗေဒင်ကိန်းခန်းနှင့် ဇာတာခွင်စစ်ဆေးခြင်း အလုပ်များတွင်သာ အာရုံထားပြီး တိုင်းပြည်တာဝန်ကို လှစ်လျှုရှုမြဲ ရှုနေခဲ့သည်။ သဘင်ကြီးစွာခံကာ ဧရာဝတီမြစ်ရိုးတစ်လျှောက် နောက်လိုက်များဖြင့် ခရီးထွက်ပျော်ပါးနေခဲ့သည်။ ထို့ပြင် ဗေဒင်ကိန်းခန်း အလိုအရဟုဆိုကာ အင်းဝအနောက်တောင်ဖက်ရှိ ဆင်တဲအရပ်တွင် သစ်နန်းတည်ကာ နန်းစံနေခဲ့သည်။

အဆိုးဆုံးသောအမှားမှာ မိမိငယ်ဆရာ ရွှေဖြိုးကို နန္ဒမိတ်ကျော် ဘွဲ့ဖြင့်အပါးတွင်ခစားစေခြင်း၊ ထိုသူနှင့် အပေါင်းအပါများကသွေးထိုးသည်ကြောင့် နန်းရင်ဝန်ဦးပုအပါအဝင်၊ ရွှေတိုက်စိုး၊ အသည်ဝန်၊ သက်တော်ရှည်အမတ်ကြီး နှင့် ဝန်တစ်ပါး အပါအဝင် အရေးပါသည့် လူငါးဦးလုံးကို ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။ ကွပ်မျက်ရန်အမိန့်ချစဉ် ဦးပုက “သေမယ့်အရေးထက် တိုင်းပြည်ပျက်မယ့်အရေးကို တွေးကြောက်မိတယ်။”ဟုပင် ညီးဆိုသွားခဲ့သေးသည်။

ထိုသို့ အင်းဝတွင် အားထားလောက်သည့် အမှုးအမတ်များမရှိတော့ကြောင်းကြားလျှင် ဟံသာဝတီမှအဝေးမြို့ဝန် အဖြစ်ရှိနေသည့် ဦးသာအောင်က မွန်လူမျိုးတို့ကို အတင်းအကျပ်စုဆောင်းကာ ပုန်ကန်သည်။ အင်းဝမှ တပ်တစ်တပ်လွတ်ကာ နှိမ်နှင်းသည်။ သို့သော် ဟံသာဝတီရှိမွန်တို့က သူတို့မလိုလားသည့် ဦးသာအောင်ကို လုပ်ကြံလိုက်သဖြင့် ပုန်ကန်မှုချုပ်ငြိမ်းသည်။ ထိုပုန်ကန်မှုကို စစ်ဆေးရန် တာဝန်ပေးသည့် သန်လျင်မြို့ဝန်မင်းရဲအောင်နိုင်က ကောင်းစွာစစ်ဆေးခြင်းမရှိပဲ သေဒဏ်များချမှတ်ရာမှ ဒုတိယအကြိမ်ပုန်ကန်ကြသည်။ ပုန်ကန်မှုကို ဦးဆောင်ရန်အတွက် ပုဂံစားမင်းသားမှ ဆင်းသက်သည့် ဦးသာလှဆိုသူကို သမိန်ထောဗုဒ္ဓကိတ္တိဘွဲ့ဖြင့် အကြီးအမှုးတင်မြောက်ကြသည်။ ထိုစဉ်က အင်းဝမှ မဟာဓမ္မရာဇာဓိပတိမင်းလည်း အင်အားနည်းလှပြီဖြစ်၍ တပ်များစေလွှတ်နှိမ်နှင်းနိုင်ခြင်းမရှိတော့ပေ။

ထိုသို့ မရည်ရွယ်ပဲ မင်းဖြစ်လာသည့် သမိန်ထောဗုဒ္ဓကိတ္တိမှာ မင်းဖြစ်လောက်သည့် အရည်အသွေးမရှိပေ။ အချိန်ရှိသရွေ့ ဆင်ကျော့(ဆင်ဖမ်း)၍သာနေသဖြင့် ဟံသာဝတီနန်းတွင်း၌ပင် မနေဟုဆိုသည်။ ထို့ကြောင့် ယေက္ခမဖြစ်သူ ဗညားဒလဘွဲ့ခံ ဆင်ဝန်ဦးအောင်လှက တောတွင်းသို့လိုက်ခေါ်သော်လည်း ပုန်ကန်သည်အမှတ်ဖြင့် ဇင်းမယ်သို့ပြေးသည်။ သို့ဖြင့် အချိန်တိုအတွင်းတွင် ဟံသာဝတီ၌ ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ဖြင့် နန်းတက်တော့သည်။

ဗြမိုင်းဓိရာဇာမှာ မြန်မာမဟုတ်ပေ။ ဇင်းမယ်ဇာတိ လင်ဇင်းရှမ်းအနွယ်ဖြစ်သည်။ ဆင်မှုကျွမ်းကျင်သဖြင့် အင်းဝမင်းက ပဲခူးတွင် ဆင်ဝန်ခန့်ထားသူဖြစ်သည်။ နန်းတက်သည်နှင့် ညီတော်အကြီးကို ဥပရာဇာဘွဲ့ဖြင့် အိမ်ရှေ့ထားကာ ကျန်ညီတော်အငယ်ကို ဗညားဒလဘွဲ့ပင်ပေး၍ စစ်ပြင်လေသည်။ ထိုနောက် အင်အားကြီးမားစွာဖြင့် အင်းဝကိုတိုက်ရာ ၂၁၊ မတ်၊ ၁၇၅၂ တွင် အင်းဝကျကာ မဟာဓမ္မရာဇာဓိပတိမင်းလည်း ဆွေတော်မျိုးတော်များနှင့် တကွ ဟံသာဝတီသို့ အကျယ်ချုပ်ဖြင့် ပါကာ ညောင်ရမ်းမင်းဆက် ပြတ်လေတော့သည်။

နောက်ဆက်တွဲ နှင့် ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

အင်းဝမင်း ဟံသာဝတီသို့ပါလျှင် မုဆိုးဘိုရွာသူကြီး ဦအောင်ဇေယျသည် မုဆိုးဘိုနှင့် အနီးအပါးမှ လူစွမ်းကောင်းများကို စုစည်းကာ အင်းဝအစောင့်နေသည့် မွန်စစ်သူကြီး တလပန်းအား ရင်ဆိုင်ကာတိုက်ခိုက်သည်။ ဗြမိုင်းဓိရာဇာ၏ မှုးမတ်များ ကုန်းတိုက်သည်ကြောင့်လည်းကောင်း၊ တောင်ပိုင်းတနင်္သာရီဒေသကို ယိုးဒယားတို့ ထိပါးသည်ကြောင့်လည်းကောင်း မုဆိုးဘိုကို ရင်ဆိုင်ဆဲမှာပင် တလပန်းအား ဟံသာဝတီသို့ပြန်ခေါ်ကာ အင်းဝတွင် ငွေခွန်ဝန်မှုးဆိုသူကို အကြီးအကဲခန့်ကာ မုဆိုးဘိုကို ဆက်လက်တိုက်ခိုက်စေသည်။ နောင်တွင် ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် ကုန်းဘောင်မင်းဆက်ကိုတည်ထောင်သည်။

ဟံသာဝတီတွင် အကျယ်ချုပ်ဖြင့်နေထိုင်သော မဟာဓမ္မရာဇာဓိပတိလည်း တစ်ရက်တွင် ငါးလင်ပန်းဆားနယ်တစ်ကောင်သည် ခေါင်းကလျောကျပုပ်ပွကာသေဆုံးနေသော်လည်း အမြှီးပိုင်းမှာ ဖျက်ဖျက်ခုန်ကာလှုပ်လျက်ရှိသည်ဟူသော အဖြစ်ထူးကို သိလျှင် ဝါသနာအလျောက် နိမိတ်ဖတ်လေသည်။ “ငါးကို ငါတို့ဗမာ(မြန်မာ)ဟုယူရမည်။ ခေါင်းသေနေပြီဆိုသဖြင့် အကြီးအကဲဖြစ်သော ငါ့မှာရန်သူမွန်မင်း လက်တွင်းတွင်နေရသည်။ သို့သော်ကိုယ်အမြှီးမှာ လှုပ်ရှားရှင်သန်နေသည်ကို ထောက်လျှင် မိမိတို့ဗမာအမျိုးသားတို့မှာ ခေါင်းဆောင်ကောင်းနှင့်တွေ့လျှင် ပြန်လည်ထူထောင်နိုင်မည့်နိမိတ်ပင်ဖြစ်သည်။” ဟုရေရွတ်နိမိတ်ဖတ်လေသည်။ ထိုအကြောင်းကိုကြားသည်ကြောင့်တစ်ကြောင်း၊ ဟံသာဝတီရှိ မြန်မာလူမျိုးများနှင့် မြန်မာမင်းဆွေမင်းမျိုးတို့က မဟာဓမ္မရာဇာကို နန်းတင်ရန် ကြိုးပမ်းသည်ဟု သိရသဖြင့်လည်းကောင်း ဗြမိုင်းဓိရာဇာလည်း နောက်ရန်အေးစေရန် “နောင်တော် အဝမင်းတရားကို နတ်ပြည်သို့ပြောင်းရွှေ့စံမြန်းစေ။” ဟုမိန့်ကာသတ်စေသည်။ သို့ဖြင့် ဟံသာဝတီအနီး ချောင်းတစ်ချောင်းတွင် ၁၃၊အောက်တိုဘာ၊ ၁၇၅၄ ညနေ၌ အဆွေအမျိုးများနှင့် တကွရေချကာ ကွပ်မျက်ခဲ့သည်။

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]